အခန်း (၂၄၃)
Vol. 18 Ch. 243
“စုဖေ့ဖေ့... ဒါက အရမ်းကို အန္တရာယ်များတယ်။ ခင်ဗျား ဓားသိုင်းတွေ မှတ်မိသေးရဲ့လား”
စကားတစ်ခွန်းမှ မဆိုချေ။ သူမ၏ ဓားသည် စုကျန့်ထင်ဆီသို့ ရောက်ရှိသွားခဲ့၏။ သုံးချက်တိတိ တိုက်ခိုက်၏။ စုဖေ့ဖေ့၏ သိုင်းပညာက မည်မျှမြင့်သနည်း။ ယခင်တုန်းက သူမသည် ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရမည်ဟု ကြွေးကြော်ခဲ့ဖူး၏။ ဤအရာက အမှန်ပင် ဖြစ်သည်။ ဖြစ်နိုင်လောက်သည့် ပါရမီကို ပိုင်ဆိုင်ခဲ့သည်။
သူမသည် လက်ထပ်ပြီးနောက် ပျင်းရိလေးကန်စွာဖြင့် ဓားသိုင်းကျင့်ခြင်းကို ရပ်တန့်ခဲ့သည်သာ မဟုတ်ပါက ကျိန်းသေပေါက် သိုင်းပညာကျွမ်းကျင်သူများထဲမှာ တစ်ယောက်ဖြစ်လာမှာ သေချာ၏။ ထိုသို့ဆိုလျှင်တောင်မှ သူမ၏ သိုင်းပညာသည် မူလန်ထက်ပိုမိုကာ သာလွန်လျက်ရှိနေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပဲ စုဖေ့ဖေ့နှင့် စုကျန့်ထင်တို့သည် တိုက်ကွက်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ပထမဦးဆုံး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သူတို့ထုတ်ဖော်တိုက်ခိုက်နေသည့် ဓားကွက်များကလည်း အဆင့်အတန်း မြင့်မားလွန်းသည်။
ဤအချိန်မှာတော့ ရှောင်ပင်းသည် ထွက်မပြေးသေးကြောင်း စုဖေ့ဖေ့က သတိပြုမိလိုက်သည်။ တိုက်ပွဲတည်နေရာနားတွင် ရပ်နေတုန်းပင်။
“ကောင်မလေး ... ပြေးလေ” စုဖေ့ဖေ့က အော်ဟစ်လိုက်၏။
ရှောင်ပင်းသည် အခွင့်အရေးကို အရယူနိုင်၏။ ထို့ကြောင့် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူမသည် လက်ထဲတွင် ရှိနေသည့် လက်နက်ကို ထုတ်ကာဖြင့် ရုတ်တရက် ခလုတ်ကို နှိပ်လိုက်သည်။
ဆွစ် ဆွစ်
များပြားလွန်းသည့် အဆိပ်အပ်များက ထွက်ပေါ်လာခဲ့၏။ စုကျန့်ထင် ခေါ်ဆောင်လာခဲ့သည့် ကျွမ်းကျင်သူ သုံးယောက်တို့သည် ရှမ့်လန်၏ အဆိပ်အောက်တွင် သေဆုံးသွားခဲ့ကြ၏။
“ဒီမိန်းကလေးကို သတ်စမ်း” စုကျန့်ထင်က အော်ဟစ်လိုက်သည်။
စုကလန်ဆီမှ ကျွမ်းကျင်သူများသည် ရုတ်တရက် ရှောင်ပင်းဆီသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့ကြ၏။ လက်ထဲတွင်ရှိနေသော ထက်ရှသည့် ဓားကို အသုံးပြုကာဖြင့် သူမ၏ လည်ပင်းကို ထိုးခွင်းလိုက်၏။
“မလုပ်နဲ့... မလုပ်နဲ့” စုဖေ့ဖေ့သည် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူမသည် စုကျန့်ထင်ကို အနောက်သို့ ဆုတ်အောင် အားသုံးတိုက်ခိုက်ပြီး ရှောင်ပင်းဆီသို့ ပြေးလိုက်၏။ ဤမိန်းကလေးသည် သူမအတွက် သမီးတစ်ယောက် ကဲ့သို့ပင်။
ဆွစ်
ရုတ်တရက် သူမ၏ နောက်ကျောဆီမှ နာကျင်မှုကို ခံစားလိုက်ရ၏။
ရက်စက်ကောက်ကျစ်လွန်းသည့် စုကျန့်ထင်သည် အခွင့်အရေးကိုအရယူပြီး စုဖေ့ဖေ့ကို ဓားနှင့် ခုတ်ပိုင်းခဲ့ခြင်း ဖြစ်၏။ စုဖေ့ဖေ့သည် အလွန်လျင်မြန်စွာ ရှောင်လိုက်၏။ သို့ပေမည့် သူမ၏နောက်ကျောသည် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ သွေးများ ထွက်လာသည်။
စုမိသားစုမှ ကျွမ်းကျင်သူသည် သူ၏လက်ထဲတွင်ရှိနေသည့် ဓားကြီးဖြင့် ထပ်မံကာ ခုတ်ပိုင်းလိုက်၏။ ရှောင်ပင်းသည် သေဆုံးပေတော့မည်။ သို့ပေမည့် နောက်တစ်စက္ကန့်တွင်မှာပဲ လေထဲတွင်ရှိသော သူ၏ဓားက ရပ်တန့်သွားခဲ့၏။ သူ၏လည်ပင်းနှင့် မျက်နှာသွင်ပြင်တစ်ခုလုံးသည် အဆိပ်အပ်များဖြင့် ပျံ့နှံ့သွားခဲ့၏။
ရှောင်ပင်းသည် သေးထွက်ကျလုမတတ် ကြောက်လန့်လျက်ရှိနေ၏။ စုမိသားစု၏ ကျွမ်းကျင်သူသည် မျက်လုံး အပြူးသားဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။
“ချီးတဲ့မှ.. ဒီအဆိပ်ပြင်းတဲ့ မိန်းမ... လက်နက်ပုန်းကို ဘယ်ကနေ ယူလာတာလဲ”
စုကျန့်ထင်သည် ထိုအရာကို မြင်သည့်အချိန်မှာတော့ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “သတ်... သတ်... သတ်စမ်း။ ခန်းမမှာရှိတဲ့ လူတွေ အကုန်လုံး ယောက်ျား၊ မိန်းမ၊ ကြီးကြီးငယ်ငယ် အကုန်သတ်”
သူ၏အမိန့်ပေးမှုအောက်တွင် ရှိနေသည့် ကျွမ်းကျင်သူများသည် ရူးသွပ်သွားသူများကဲ့သို့ပင်။ ချက်ချင်းဆိုသလိုပဲ လူအများအပြားတို့ကို လိုက်လံကာ သတ်ဖြတ်တော့သည်။
သို့ပေမည့် နောက်တစ်စက္ကန့်တွင်မှာပဲ သူတို့၏ အရှေ့တွင် လူတစ်ယောက် ပေါ်ပေါက်လာခဲ့၏။
“စုကျန့်ထင်... ငါ မင်းကို မှတ်မိသလိုပဲ။ ရှမ့်လန်ရော ဘယ်မှာလဲ” သိုင်းရူး ထန်ယင်က လျှောက်ဝင်လာခဲ့သည်။
“ကလေးငယ်တွေ၊ လူအို၊ လူငယ်တွေ အကုန်လုံးကို သတ်နေတာလား။ ဒါက မဟုတ်သေးဘူး” ထန်ယင်သည် သူ၏ ဓားကို ဆွဲထုတ်လိုက်၏။ ရင်းနှီးနေသည့် မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာခဲ့၏။
ဓားတစ်ချက်၊ နှစ်ချက်၊ သုံးချက် ....။
မျက်စိတစ်မှိတ်အတွင်းမှာပဲ စုကျန့်ထင် ခေါ်ဆောင်လာခဲ့သည့် ကျွမ်းကျင်သူ လေးငါးယောက်တို့သည် သေဆုံးသွားခဲ့ကြ၏။ စုကျန့်ထင်၏ နှလုံးခုန်နှုန်းများသည် မြန်ဆန်လာခဲ့သည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ထန်ယင်သည် အတွင်းအားနှင့် သိုင်းပညာတွင် သူလောက် မကောင်းလှချေ။ ထန်ယင်ကို သူ မကြောက်ရွံ့ချေ။ သို့ပေမည့် ဤသိုင်းရူးသည် ကောင်းကင်က ငြင်းပယ်ရသည့် ဓားပညာကို တတ်ကျွမ်းလျက်ရှိနေ၏။ ကြက်ကြွေဓားသိုင်းသာ မရှိပါက သူသည် တစ်ဖက်လူကို မြန်မြန်ဆန်ဆန် သုတ်သင်နိုင်စွမ်းရှိ၏။ သို့ပေမည့် ဤသိုင်းရူးက ရောက်ရှိလာခဲ့ပြီ။ ကြက်ကြွေဓားသိုင်းကို ထုတ်သုံးပါက သူပင် သေဆုံးသွားပေမည်။ စုဖေ့ဖေ့ကို သတ်ဖြတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ အခြေအနေတစ်ခုလုံးက ပြောင်းလဲ သွားခဲ့၏။
“သွား... သွား... သွားကြတော့”
စုကျန့်ထင်သည် ချက်ချင်းပဲ နောက်ဆုတ်ရန် ပြင်ဆင်လိုက်၏။ သူသည် သူ မီးရှို့ချင်သည့် အရာကို မီးရှို့ပြီးခဲ့ပြီဖြစ်၏။ ကျွမ်းကျင်သူ သုံး၊ လေးယောက်တို့၏ အသက်ကို ပေးအပ်ပြီးနောက် စုကျန့်ထင်သည် လူငါးယောက်ကို ခေါ်ဆောင်ကာဖြင့် နောက်သို့ ဆုတ်ခွာနိုင်ခဲ့၏။ ပြီးနောက် ညအမှောင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
စုဖေ့ဖေ့သည် မြေပြင်ပေါ်တွင် ရှိနေသည့် အလောင်းများကို ကြည့်ရှုလိုက်၏။ ၂၀ ကျော်ခန့်ရှိ၏။ တကယ့်ကို သစ္စာရှိလှသည့် ကျေးကျွန်များလည်း ဖြစ်၏။ သူမ အန္တရာယ်ကြုံသည့်အချိန်တွင် ဘာတစ်ခုမှ တတ်မြောက်ခြင်း မရှိသည့် ထိုလူများသည် အရှေ့ဆီသို့ ပြေးဝင်ပြီး သူမအတွက် အသက်ပေးသွားခဲ့ကြ၏။
“စုကျန့်ထင်... စုနန်... ကျန်းယွမ်နယ်စားအိမ်တော်... မင်းတို့စောင့်နေလိုက်။ လန်အာပြန်လာပြီဆိုတာနဲ့ သူ့ရဲ့ ပစ်မှတ်က မင်းတို့ဖြစ်လိမ့်မယ်။ မင်းတို့မိသားစုတစ်ခုလုံး ဆိုးဆိုးရွားရွား သေဆုံးအောင် သူလုပ်လိမ့်မယ်။ အားလုံး သေရမယ်”
.........
အချက်အလက်အားဖြင့် ရွှမ်ဝူသည် ကျင်းချန်ကျွန်းကို သွားရောက်သိမ်းပိုက်ရန် မလိုအပ်တော့ချေ။ ဝမ်ကျားကျွန်း တိုက်ပွဲကို အနိုင်ယူတိုက်ခိုက်ခဲ့ပြီး နုရှောင့်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဆိုပါက ကျင်းချန်ကျွန်းကို ရယူဖို့ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်တော့ချေ။ သို့ပေမည့် သူသည် ရှေးရိုးစွဲ လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ထိုအရာကို လက်လွှတ်မထားနိုင်ခဲ့ချေ။
ကျင်းချန်ကျွန်းကို တာဝန်ယူထားသည့်လူသည် ချောင်ထျန်းဝေ၏ မွေးစားသား ချောင်ဟောင်ပင် ဖြစ်၏။ ၎င်းသည် ကျော်ကြားလွန်းသည့် ဦးစီးသူတစ်ယောက် မဟုတ်ချေ။ သို့ပေမည့် လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်ဖို့ ဆိုသည်မှာတော့ ခက်ခဲလွန်းသူပင်။ ထို့ပြင် ကျွန်းပေါ်တွင် အစောင့်အရှောက် အနေနှင့် စစ်သည်ပေါင်း ၅၀၀၀ ကျော် တည်ရှိနေသေး၏။
ရွှမ်ဝူသည် ပင်လယ်ဓားပြ ရွက်လှေပေါင်း ၁၀၀ ကျော်နှင့် လူ ၄၀၀၀ ကျော်တို့ ပိုင်ဆိုင်သည်ဆိုလျှင်တောင်မှ လူ ၅၀၀ အောက်ကသာလျှင် စစ်ပွဲအတွေ့အကြုံရှိသူများဖြစ်ပြီး ကျန်လူများသည် ယခုမှ ခေါ်ယူထားခဲ့သည့် စစ်သည်အသစ်များ သို့မဟုတ် မိုင်းတွင်းလုပ်သားများပင် ဖြစ်၏။ ထို့ကြောင့် ကျင်းချန်ကျွန်း တိုက်ပွဲကို အနိုင်ရရှိနိုင်ရန် ၈၀ ရာခိုင်နှုန်း အခွင့်အရေးမရှိဘဲ သူတိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
သို့ပေမည့် ထန်လွမ်သာ ရှိသည်ဆိုပါက လွယ်ကူလွန်းသည်။ ရှေးရိုးစွဲ ရွှမ်ဝူသည် လူပေါင်း တစ်ထောင်ကျော်တို့အား ကျင်းမိသားစု၏ ကိုယ်ပိုင် ဆိပ်ကမ်းဆီသို့ မောင်းနှင်သွားရန် စေခိုင်းလိုက်၏။ ဤအချိန်မှာတော့ လူပေါင်း ၃၀၀၀ ကျော်တို့သည် ကျင်းချန်ကျွန်းကို ထွက်ခွာသွားခဲ့၏။
ရွက်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ထန်လွမ်က ရှိနေ၏။ သူက ပြောလိုက်သည်။ “အစ်ကိုတော် ကျင်းကျိုး... အနိုင်ယူနိုင်ခဲ့ပြီ။ ဘယ်လိုဖြစ်ပြီး ခင်ဗျားရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုမှ မရှိရတာလဲ”
ဟုတ်ပေ၏။ ကျင်းကျိုးသည် ရှမ့်လန်၏ လုံခြုံရေးအတွက် စိုးရိမ်နေခြင်း ဖြစ်၏။ နုရှောင့်မြို့တိုက်ပွဲသည် စတင်နေပြီ ဖြစ်၏။ ထိုတိုက်ပွဲသည် မိသားစု၏အနာဂတ်အတွက်အလွန်အရေးကြီးသည့်အရာပင် ဖြစ်၏။ နုရှောင့်မြို့တိုက်ပွဲအား အနိုင်ရရှိပါက ကျင်းမိသားစုတစ်ခုလုံးသည် ကြီးမားသည့် ကံကြမ္မာကောင်းကျိုးကို ခံစားရမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက ဝမ်ကျားကျွန်း မဟာဗျူဟာ အောင်မြင်ခဲ့လျှင်တောင်မှ အသုံးဝင်တော့မည် မဟုတ်ချေ။ သို့ပေမည့် ဤအရာကို ထန်လွမ်အား ပြောပြလိမ့်မည် မဟုတ်ချေ။
ထန်လွမ်က ပြောလိုက်၏။ “အစ်ကိုတော် ကျင်းကျိုး... ခင်ဗျား ကျုပ်နဲ့ ရင်ဆိုင်တဲ့အချိန်မှာ ခင်ဗျားရဲ့ မျက်လုံးထဲမှာ ဘာလို့ အမုန်းတရားတွေ မရှိရတာလဲ”
ကျင်းကျိုးက ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ ရန်ငြိုးဆိုတာ ကျုပ်တို့ရဲ့ ဘိုးဘေးအစဉ်အဆက်ကနေ လက်ဆင့် ကမ်းပြီး ရောက်လာခဲ့တာ။ ကျုပ်တို့ကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့အရာမျိုး မဟုတ်ဘူး။ ဘာကြောင့် ကျုပ်က ခင်ဗျားကို မုန်းတီးနေရမှာလဲ”
ထန်လွမ်သည် မည်သို့မျှ မနေနိုင်ဘဲ ကြောင်အသွားခဲ့မိ၏။ ကျင်းကျိုးသည် သူ့ကို မမုန်းတီးချေ။ သို့ပေမည့် သူကတော့ ကျင်းကျိုးကို အလွန်ပင် မုန်းတီးခဲ့၏။ အသက်ရှင်လျက်ပင် အရေခွံခွာရန် စဉ်းစားခဲ့မိ၏။
ကျင်းကျိုးသည် လူအနည်းငယ်ကိုသာ မုန်းတီးခဲ့ဖူး၏။ အုပ်ချုပ်ရေးမှူး ကျန်းချုံး ဆိုလျှင်တောင်မှ သူသည် စိတ်ထဲတွင် ကြီးမားသည့် အမုန်းတရား ဟူ၍ မရှိချေ။ သူ လောကတွင် အမုန်းဆုံးသော လူများလည်း ရှိ၏။ ထိုသူများသည် နယ်စားကြီး စုနန်နှင့် ဝူအန်းမြို့စား အိမ်တော်ဆီမှ ရွှယ်ကလန်တို့ပင်။
ဤမိသားစု နှစ်ခုသည် သူတို့နှင့် အမျိုးအဆွေများ တော်စပ်ခဲ့၏။ သို့ပေမည့် အဆုံးသတ်မှာတော့ သူတို့ကို ထိခိုက်နာကျင်အောင် အပြုလုပ်ဆုံးသော လူများဖြစ်ခဲ့ပြီး ကျင်းမိသားစုအား သင်္ချိုင်းဆီသို့ တွန်းပို့နေကြသူများလည်း ဖြစ်သည်။
ရွှမ်ဝူကျင်းကျိုးသည် လူများကို လေးလေးနက်နက်နှင့် အလုံးစုံ ကြင်နာစွာ ဆက်ဆံတတ်သည့် လူတစ်ယောက် ဖြစ်၏။ စုမိသားစုသည် ပထမမင်းသား နင်ယွမ်ဝူကို မှီခိုရန် ရည်ရွယ်ခဲ့၏။ ထို့အပြင် သူ၏အဖေ ကျင်းယုဆီသို့ လျှို့ဝှက်စာ ရေးပို့ပြီး ဆွဲဆောင်ခဲ့သည်။
နင်ယွမ်ရှန်း နန်းပလ္လင်ကို ဆက်ခံခဲ့ပြီးနောက် ဤလျှို့ဝှက်စာသည် စုမိသားစုအတွက် အကြီးမားဆုံးသော အားနည်းချက်တစ်ခု ဖြစ်ခဲ့၏။ ပြောရမည်ဆိုလျှင် ကျင်းမိသားစုသည် ထိုလျှို့ဝှက်စာကို ရရှိထားခဲ့၏။ ထို့ကြောင့် စုမိသားစုကို သူတို့ လုပ်ချင်တိုင်း လုပ်၍ရ၏။ သို့ပေမည့် ကျင်းကျိုးသည် ဘာတစ်ခုမှ ခြိမ်းခြောက်ခြင်း ၊ အပြစ်တင်ခြင်း မရှိခဲ့ချေ။ ဘာတစ်ခုမှ မရှိခဲ့သလို မျက်စိမှိတ်နေထိုင်ပေးခဲ့သည်။
စုဖေ့ဖေ့ နှင့် လက်ထပ်ပြီးပြီးချင်းမှာပဲ သူသည် သူ၏မိန်းမရှေ့၌ စာကို ထုတ်ပြကာ မီးရှို့ပေးခဲ့သည်။ တစ်ဖက်သားအား ခြိမ်းခြောက်ရန် ဤစာရွက်ကို သူဘယ်သောအခါမှ အသုံးပြုလိမ့်မည် မဟုတ်ချေ။
မထင်မှတ်ထားလောက်အောင်ပဲ ထိုစာရွက်တည်ရှိခြင်းသည် စုမိသားစုကို ထိတ်လန့်တကြား ဖြစ်စေခဲ့သည်။ ဘုရင်မင်းမြတ်သည် ကျင်းမိသားစုနှင့် ပတ်သက်သော သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသသည့် အချိန်တွင် စုမိသားစုက ချက်ချင်းဆိုသလိုပဲ သူတို့မိသားစုနှစ်ခုကြားတွင် ရှိသည့် ပတ်သက်ဆက်နွယ်မှုများကို ရှင်းပစ်လိုက်၏။ ထိုတင်သာမကသေးချေ။ သူတို့သည် ကျင်းမိသားစုကို ထိခိုက်နာကျင်အောင် ပြုမူ ဆောင်ရွက်ခဲ့၏။
သူ၏ မိန်းမ စုဖေ့ဖေ့သည် ဤကိစ္စအား အစဖော်မိတိုင်း သူ့အား လက်ဝါးနှင့် နှစ်ချက်တိတိ ရိုက်နှက်တတ်သည်။ အဘယ့်ကြောင့် ဤမျှညံ့ဖျင်းရသနည်းဟု အပြစ်တင်ခဲ့၏။ လျှို့ဝှက်စာကို အဘယ့်ကြောင့် မီးရှို့ခဲ့ရသနည်း။ မဟုတ်ပါက သူတို့သည် စုမိသားစု တစ်ခုလုံးကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
သို့ပေမည့် ထိုအချိန်တုန်းက သူမက ငယ်ရွယ်ခဲ့၏။ လက်ထပ်ပြီးခါစဖြစ်ပြီး သူမ၏ မိသားစုကိုလည်း ဂရုစိုက်ခဲ့၏။ မိသားစုနှစ်ခုကြားတွင် ရှိသည့် အစစ်အမှန် အရောင်အဆင်းကို သူမက အထင်အမြင်သေးခဲ့မိ၏။ ကျင်းမိသားစုဝင်အဖြစ် သူမ၏ ခန္ဓာကိုယ်နှင့် စိတ်နှလုံးတစ်ခုလုံးကို နက်နက်နဲနဲ ခံယူလိုက်ပြီးချိန်မှာတော့ သူမအမေ၏ မိသားစုနှင့်ပင် ရန်သူများ ဖြစ်လာခဲ့၏။
စုဖေ့ဖေ့သည် ဤကိစ္စ၌ တကယ်ပင် နောင်တရခဲ့၏။ ရှမ့်လန်ကိုပင် အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ဖူး၏။ ရှမ့်လန်သည် ထို့ကြောင့်ပင်လျှင် ဤနှစ်ပိုင်းအတွင်း လျှို့ဝှက်စာကို အတုပြုလုပ်ခဲ့၏။ ထို့အပြင် မိသားစု နှစ်ခုသည် လက်ထပ်ထိမ်းမြားခဲ့ပြီးနောက် အမျိုးအဆွေများ ဖြစ်ခဲ့ဖူး၏။ ထို့ကြောင့်ပင်လျှင် ကျင်းမိသားစု၌ နယ်စားကြီး စုကျန့် ကိုယ်တိုင်ရေးသားထားသည့် စာလွှာ တော်တော်များများ တည်ရှိနေ၏။ ဟုတ်ပေ၏။ ရှမ့်လန်သည် ဤလျှို့ဝှက်စာကို လက်နက်ကြီးအဖြစ် အသုံးပြုရန် အစီအစဉ်မရှိချေ။ ပြင်ဆင်ထားရုံ သက်သက်သာလျှင်။
“သခင်ကြီး.. ကျုပ်တို့ မကြာခင် ကျင်းချန်ကျွန်းကို ရောက်တော့မယ်” ကျင်းကျုံးက လာရောက်ကာ ပြောဆို၏။
မြို့စားကြီး ကျင်းကျိုးက ပြောလိုက်သည်။ “အခြေအနေကို အရင်ဆုံး ကင်းထောက်ကြည့်ရအောင်။ ငါ မတိုက်ခိုက်ချင်ဘူး”
ကျင်းကျုံးက ပြောလိုက်၏။ “ကောင်းပါပြီ”
ကျင်းချန်ကျွန်းဆီသို့ ရွက်သင်္ဘောများ ချဉ်းကပ်မရောက်လာခင်မှာပဲ ကျွန်းပေါ်တွင် ရှိနေသည့် ပင်လယ်ဓားပြများသည် ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်လျက် ရှိနေ၏။ အဘယ့်ကြောင့် ဆိုသော် ဤရွက်သင်္ဘောများ ကို သူတို့ အလွန်ပင် ရင်းနှီး၏။ ဤအရာက ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေ၏ ရွက်သင်္ဘောများပင်။
“ဆရာကြီးရဲ့ ရွက်လှေတွေ ရောက်လာပြီဟေ့”
“ညီအစ်ကိုတို့ ... ဝမ်ကျားကျွန်း တိုက်ပွဲက အဆုံးသတ်သွားပြီပဲ ဖြစ်ရမယ်”
“ဟုတ်တယ်၊ ဟုတ်တယ်”
“လူသုံးသောင်းလောက်ကို ခေါ်ပြီးတော့ လူတစ်ထောင်ကျော်ကို သွားတိုက်ခိုက်တာ ဘယ်လောက်လုပ် အချိန်အကြာကြီး ယူမှာလဲ”
“အဲမှာ ရှိတဲ့ ရွှေတွင်းကြီးက အရမ်းကြီးလား”
ကျွန်းပေါ်တွင် ရှိနေသည့် ပင်လယ်ဓားပြများသည် အားရပါးရနှင့် ကမ်းစပ်ဆီသို့ ပြေးလာခဲ့ကြ၏။
ထိုရွက်သင်္ဘောပေါ်တွင် ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပေါ်ပေါက်လာခဲ့၏။ သူသည် ရွက်သင်္ဘော အောက်ဆီသို့ အသာဆင်းလိုက်သည်။
“ဘယ်လိုဖြစ်ပြီး လူနည်းနည်းလေးပဲ ရှိရတာလဲ”
ထန်လွမ်သည် အံ့အားတသင့်ပင် မေးလိုက်၏။ “ချောင်ဟောင် ဘယ်ရောက်သွားလဲ။ ပြီးတော့ သူ့ရဲ့ ရွက်သင်္ဘောတွေ ရော ဘယ်ရောက်သွားတာလဲ”
ကျွန်းပေါ်ရှိ ပင်လယ်ဓားပြခေါင်းဆောင်သည် တစ်စုံတစ်ခုကို ပြောချင်၏။ သို့ပေမည့် ရပ်တန့်လိုက်၏။ သူတို့၏ ခေါင်းဆောင်သည် ရွက်သင်္ဘောများနှင့်အတူ ထွက်ခွာသွားကြောင်းကို သူပြော၍ မဖြစ်ချေ။ သူတို့ ဆရာကြီး၏ အမိန့်တော်သည် ချောင်ဟောင်ကို ကျင်းချန်ကျွန်းတွင် အခြေချ စောင့်ရှောက်ထားရန်ပင်ဖြစ်သည်။ သို့ပေမည့် ချောင်ဟောင်သည် အဓိက အင်အားစုများကို ခေါ်ဆောင်ကာဖြင့် ထွက်ခွာသွားခဲ့သည်။
“ခေါင်းဆောင် ချောင်ဟောင်က သိပ်ပြီး နေမကောင်းဘူး။ အဖျားကူးစက်ခံနေရတယ်။ တခြားသူတွေ ကူးမှာစိုးလို့ဆိုပြီး လှိုဏ်ဂူတစ်ခုထဲဝင်ပြီး တစ်ယောက်တည်း သီးသန့်နေနေတယ်” ပင်လယ်ဓားပြ ခေါင်းဆောင် တစ်ယောက်သည် အလောတကြီးဖြင့် ဝင်ပြောလိုက်၏။
သူတို့၏ အစ်ကိုကြီး ချောင်ဟောင်သည် ဆရာကြီး၏ အမိန့်ကို ဖီဆန်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် ဝိုင်းဝန်းကာ ဖြေလျှော့ပေးရပေလိမ့်မည်။ ထိုသို့ဆိုလျှင်တောင်မှ သူတို့သည် အစ်ကိုကြီး ချောင်ဟောင်နှင့်အတူ မှန်ကန်သည့် အလုပ်ကို ပြုလုပ်ခဲ့သည်ဟု ခံစားမိ၏။ ကျင်းချန်ကျွန်းသည် လုံခြုံလျက် ရှိနေ၏။ ဤနေရာတွင် လူ ၅၀၀၀ ကို အသုံးပြုကာ စောင့်ကြပ်နေစရာ မလိုအပ်ချေ။ ၁၀၀၀ ဆိုလျှင် လုံလောက်ပေပြီ။
ထန်လွမ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ငါ့ကို အရူးလုပ်ဖို့ စဉ်းစားမနေနဲ့။ မင်းတို့ ဆရာကြီး ရောက်မလာသေးဘူး။ ငါ့ကို အမှန်ပြောစမ်း”
ပြီးနောက် ထန်လွမ်သည် ရွှေဒင်္ဂါးတစ်အိတ်ကို အသာ ပစ်ပေးလိုက်သည်။
ပင်လယ်ဓားပြ ခေါင်းဆောင်က ပြောလိုက်၏။ “အစ်ကိုကြီး ချောင်ဟောင် ဘယ်လိုတွေ တွေးနေလဲတော့ ကျုပ်မသိပါဘူး။ ဒါပေမဲ့ နုရှောင့်မြို့က အန္တရာယ်ရှိတယ်ဆိုပြီး တွေးခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ရွက်သင်္ဘောတွေကို ခေါ်ပြီး အဲကို ထွက်သွားခဲ့တယ်။ တစ်စုံတစ်ယောက်က နုရှောင့်မြို့ကို တိုက်ခိုက်ချင်တယ် ဆိုရင်တောင်မှ သူတို့ လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အဲမှာ ရှိနေတဲ့ နတ်ဆိုးမက တကယ်ကို ပြိုင်ဘက်ကင်းတယ် မဟုတ်လား”
ထန်လွမ်က ပြောလိုက်သည်။ “ပေါက်ကရတွေ မပြောနဲ့။ ငါ့ကို တိုက်ရိုက်ပြောစမ်းပါ။ ကျင်းချန်ကျွန်းပေါ်မှာ လူ ဘယ်လောက် ကျန်သေးလဲ”
“တစ်ထောင်လောက်ပါပဲ” ပင်လယ်ဓားပြခေါင်းဆောင်က ပြောလိုက်၏။
ထန်လွမ်သည် ကျောရိုးမကြီး စိမ့်တက်သွားခဲ့သည်။ ‘တစ်ထောင်၊ တစ်ထောင်တည်းလား’
တခြားစကားအရ ပြောရမည်ဆိုလျှင် ချောင်ဟောင်သည် လူလေးထောင်ကို ခေါ်ဆောင်ပြီး နုရှောင့်မြို့ဆီသို့ သွားရောက်ခဲ့လေသည်လား။ ကျင်းကျိုး၏ ကံတရားသည် ကောင်းသည်လား၊ ဆိုးသည်လား သေသေချာချာ မသိရှိတော့ချေ။
ကျင်းချန်ကျွန်းတွင် လူတစ်ထောင်ကျော်သာ ကျန်ရှိခဲ့သောကြောင့် ကျွန်းကို တိုက်ခိုက်လုယူဖို့ ဆိုသည်မှာ အလွန်ပင် လွယ်ကူပေလိမ့်မည်။ ခက်ခဲမှုနှုန်းထားက အတော်အတန် လျော့ကျသွားခဲ့၏။ သို့ပေမည့် ရှမ့်လန် နုရှောင့်မြို့ကို သိမ်းချင်သည်ဆိုပါက အနောက်ဘက်တွင် ချောင်ဟောင်နှင့် တိုက်ခိုက်ရမည် ဖြစ်ပြီး အရှေ့တွင် ချောင်ယောင်းအာနှင့် တိုက်ခိုက်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် မြှုပ်နှံစရာ အုတ်ဂူပင် မရှိဘဲ သေဆုံးရပေလိမ့်မည်။
သို့ပေမည့် ဤရှမ့်လန်သည် လူချောလေးတစ်ယောက် ဖြစ်၏။ ချောင်ယောင်းအာနှင့် တစ်စုံတစ်ခု ကိစ္စဝိစ္စများ ရှိသည်ဆိုလျှင် မည်သို့ လုပ်မည်နည်း။ ချောင်ယောင်းအာသည် ယောက်ျားများကို မနှစ်သက်ဟု သူကြားခဲ့၏။ သို့ပေမည့် ထိုအရာကို သေချာသည်ဟု မည်သူက ပြောဆိုသနည်း။ ရှမ့်လန် ဆိုသည်မှာ သာမန်လူတစ်ယောက် မဟုတ်ချေ။
ထန်လွမ်၏ တွေးတောမှုသည် တဖြည်းဖြည်းနှင့် ရဲတင်းလာခဲ့၏။ သူ၏ စိတ်ကူးယဉ်မှုသည် တဖြည်းဖြည်း အစစ်အမှန်တရားနှင့်ပင် နီးကပ်လာခဲ့၏။ သို့ပေမည့် သူက သေသေချာချာ မသိရှိချေ။
“လူတစ်ထောင်ပဲ ရှိတာလား။ မင်းတို့ ရူးနေပြီလား။ လူတစ်ထောင်တည်းနဲ့ ကျင်းချန်ကျွန်းကို ဘယ်လို ခုခံကာကွယ်မှာလဲ။ ဒီမှာရှိတဲ့ မိုင်းတွင်းလုပ်သားတွေတင် ထောင်ကျော်ရှိတယ်” ထန်လွမ်သည် ဒေါသတကြီးနှင့် ဆူငေါက်လိုက်၏။
ပင်လယ်ဓားပြခေါင်းဆောင်က ပြောလိုက်သည်။ “မိုင်းလုပ်သားတွေက ဘာကိစ္စ ရှိမှာလဲ။ ရွှမ်ဝူအိမ်တော်က လူတွေဆိုလို့ တစ်ထောင်နှစ်ထောင်လောက်ပဲ ရှိတာ။ ဒါပေမဲ့ သူတို့က အရမ်းကို လိမ္မာကြတယ်။ ကျုပ်တို့ ၇၀၀ လောက်ဆိုရင်ရော ဒီမိုင်းတွင်းလုပ်သား အားလုံးကို စောင့်ကြပ်နေလို့ ရပြီ”
မိုင်းတွင်းထဲတွင် ပင်လယ်ဓားပြ ၇၀၀ ရှိနေသေးသည်လား။ ဆိုလိုသည်မှာ ဤစခန်းကို စောင့်ကြပ်နေသည့် ပင်လယ်ဓားပြမှာ ၃၀၀ သာ ရှိသည်ဟူသော အဓိပ္ပာယ် မဟုတ်ပါလား။ ကျင်းကျိုးအနေနှင့် ဤကျင်းချန်ကျွန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ ဆိုသည်မှာ အလွန်လွယ်ကူသည် မဟုတ်ပါလား။
ကျင်းချန်ကျွန်းကို တိုက်ခိုက် အနိုင်ယူပြီးလျှင် သူအိမ်သို့ ပြန်ရပေလိမ့်မည်။ ထန်လွမ်သည် ရှမ့်လန်၏ အမူအကျင့်ကို မယုံရဲချေ။ သို့ပေမည့် ကျင်းကျိုးကိုတော့ ယုံကြည်၏။ သူ့ကို အိမ်သို့ ပြန်ခိုင်းမည်ဟု ပြောဆိုခဲ့သောကြောင့် ကျိန်းသေပေါက် ပြန်ခိုင်းမှာ သေချာ၏။
ထို့ကြောင့် သူသည် တည်ကြည်လေးနက်သည့် မျက်နှာသွင်ပြင်ဖြင့် ဆူငေါက်လိုက်သည်။ “မင်းတို့ ကောင်တွေက လုပ်ချင်တာ လျှောက်လုပ်နေတာပဲ။ ငါဒီမှာ မင်းတို့အတွက် အစားအစာတွေ လာပို့တာပဲ။ ကျွန်းပေါ်မှာ လူတစ်ထောင်လောက်ပဲ ရှိနေမယ်လို့ ငါမထင်ခဲ့မိဘူး။”
ပင်လယ်ဓားပြခေါင်းဆောင်သည် မည်သည့်အရာကိုမှ သိပ်ပြီး မတွေးခဲ့ချေ။ အစားအစာအကြောင်းကို ကြားသည့် အချိန်မှာတော့ ပျော်ရွှင်သွား၏။ “ကျေးဇူးပါပဲ။ ဦးရီးတော်ကျင်းဟိုင်”
.....
သင်္ဘောခန်းထဲသို့ ပြန်ဝင်ပြီးသည့်နောက် ထန်လွမ်က ပြောလိုက်သည်။ “အစ်ကိုကျင်းကျိုး.. ခင်ဗျားရဲ့ ကံတရားကို ကျုပ် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကျင်းချန်ကျွန်းပေါ်မှာ ပင်လယ်ဓားပြ တစ်ထောင်ကျော်ပဲ ရှိတယ်။ သူတို့က နှစ်ဖွဲ့ ကွဲနေသေးတယ်။ ၃၀၀ က ဒီစခန်းမှာ ရှိပြီးတော့ ၇၀၀ က မိုင်းတွင်းထဲမှာပဲ”
ကျင်းကျိုးသည် မပျော်ရွှင်ခဲ့ချေ။ သူသည် စိုးရိမ်စွာ မေးမြန်းလိုက်၏။ “ချောင်ဟောင်ကရော၊ သူနဲ့ ပင်လယ်ဓားပြ ၄၀၀၀ ကျော်က ဘယ်ရောက်သွားလဲ”
ထန်လွမ်က ကြောင်အသွားသည်။ “ချောင်ဟောင်.. ချောင်ဟောင်က နုရှောင့်မြို့ကို သွားတယ်”
ကျင်းကျိုး၏ အမူအရာက ပြောင်းလဲသွားခဲ့၏။
ထန်လွမ်က ပြောလိုက်သည်။ “အစ်ကိုကျင်းကျိုး.. ခင်ဗျားရဲ့ လုပ်ဆောင်မှုကို ကျုပ်ကြည့်နေမှာပါ။ အခု ကျင်းချန်ကျွန်းကို တိုက်ခိုက် အနိုင်ယူဖို့ဆိုတာ လွယ်ကူသွားခဲ့ပြီ။ ခင်ဗျား ကတိစကား တည်သင့်တယ်။ ကျုပ်ကို အိမ်ပြန်ပို့ရမယ်နော်”
ကျင်းကျိုးမြို့စားကြီးသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး။ ကျုပ်တို့ ကျင်းချန်ကျွန်းကို မတိုက်ခိုက်တော့ဘူး။ အားလုံး အဆင့်သင့်ပြင်ထား။ ရွက်သင်္ဘောတွေ အကုန်လုံးဖွင့် ..... နုရှောင့်မြို့ကို အမြန်ဆုံးနှုန်းနဲ့ သွားမယ်”
ထန်လွမ်က တုန်လှုပ်သွားခဲ့မိ၏။ “ကျင်းချန်ကျွန်းကို သိမ်းပိုက်လို့ရနေပြီလေ။ ပါးစပ်ထဲက အစားအစာကို ဘယ်လိုဖြစ်ပြီး အောက်ပစ်ချရတာလဲ။ ခင်ဗျား ဒီလိုပဲ လက်လျှော့ပေးလိုက်မလို့လား”
ကျင်းကျိုးက ထကာ ပြောလိုက်သည် “ကျုပ် သမက်ရဲ့ အသက်နဲ့ ယှဉ်ရင် ကျင်းချန်ကျွန်းဆိုတာ ဘာအဓိပ္ပာယ် ရှိလို့လဲ”