← Chapters

အခန်း (၂၄၅)

Vol. 18 Ch. 245

အခန်း (၂၄၅)

Vol. 18 Ch. 245

နုရှောင့်မြို့၏ အဓိက ရဲတိုက်အတွင်းမှာတော့ …

ကျန်းကျင်း၏ စစ်တပ်အဖွဲ့မှ ခေါင်းဆောင် လေးယောက်တို့သည် ရှမ့်လန်၏ရှေ့တွင် ဒူးထောက်ကာ ထိုင်လျက် ရှိနေ၏။ ခေါင်းဆောင်ခြောက်ယောက်ထဲမှ နှစ်ယောက်သည် အစောကြီးတည်းက သေဆုံးနှင့်နေပြီဖြစ်၏။

အဘယ်သို့ သေခဲ့သနည်း။ ချောင်ယောင်းအာ ပြေးလာသည့်အချိန်တွင် ထိုစစ်သည်တော်ခေါင်းဆောင် နှစ်ယောက်တို့သည် လှုပ်ရှား တုံ့ပြန်ရန် နှေးကွေးလွန်းခဲ့၏။ ထို့ကြောင့် အပိုင်းပိုင်း အစစအဖြစ် ခုတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ထိုသူတို့၏ ခန္ဓာကိုယ်များအား တစ်စစီစု၍ ပြန်ကောက်မည်ဆိုလျှင်တောင်မှ ပြည့်စုံသည့် ခန္ဓာကိုယ် အဖြစ် ရရှိတော့မည် မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ပြည်နယ်အုပ်ချုပ်ရေးမှူး ကျန်းချုံးကို မြားခေါ်ဖို့အတွက် ဒီက ခေါင်းဆောင် တစ်ယောက်ကို အသုံးပြုချင်တယ်။ ဘယ်သူ ဒါကို လိုလိုချင်ချင်နဲ့ လုပ်ချင်လဲ”

ခေါင်းဆောင်လေးယောက်တို့သည် ခေါင်းကို ငုံ့ထား၏။ သူတို့သည် မည်သည့်အရာကိုမှ မကြားသလို ဟန်ဆောင်လျက် ရှိနေကြ၏။ သူတို့သည် ကျန်းချုံးကို လေးစားကြသူများဖြစ်သည်။ ယခုအချိန်တွင် ရှမ့်လန်သည် ကျန်းချုံးကို ထိခိုက်နာကျင်အောင် ပြုလုပ်ရန် တောင်းဆိုလျက် ရှိနေ၏။ ထို့ကြောင့် သူတို့ ထိုအရာကို မလုပ်ချင်ပေ။

ရှမ့်လန်သည် ခေါင်းဆောင်များထဲမှ တစ်ယောက်စီသို့ အသာလျှောက်သွားပြီး မေးမြန်းလိုက်သည်။ “ခင်ဗျား လုပ်ချင်လား”

ထိုခေါင်းဆောင်၏ အသံက တုန်ယင်သွားခဲ့၏။ “ရှမ့်လန်... ငါတို့ကို အနိုင်ယူနိုင်ခဲ့တာ ချောင်ယောင်းအာပဲ။ မင်း မဟုတ်ဘူး။ ဒါ မမျှတတဲ့ အောင်ပွဲတစ်ခုပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က သူ့ကို အနိုင်ယူခဲ့တာလေ။ သူ့ အနိုင်ယူခဲ့ပြီ ဆိုမှတော့ ကျုပ်အနိုင် ရသလိုပေါ့။ ဘာကွာခြားလို့လဲ။ ခင်ဗျားကို ကျုပ် မေးချင်တယ်။ ခင်ဗျား ဆိပ်ကမ်းကို လိုလိုချင်ချင်နဲ့ သွားပြီး ကျန်းချုံးကို မြားခေါ်ပေးဖို့ စိတ်ကူးရှိလား”

ထိုခေါင်းဆောင်သည် ပြန်လည်ကာ ပြောဆိုလိုက်၏။ “မရှိဘူး။ လုံးဝ မရှိဘူး။ ကျုပ်က စစ်တပ်ရဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။ မင်းက ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော်တစ်ယောက်လေ။ မင်းက ငါ့ကို သတ်ချင်တာလား”

ရွှီ...

ရှမ့်လန်သည် လက်ကို မြှောက်လိုက်၏။ သူ၏ လက်ထဲတွင် ဓားမော့က ရောက်ရှိနေ၏။ ထိုခေါင်းဆောင်၏ ဦးခေါင်းသည် မြေပေါ်သို့ လိမ့်ဆင်းသွားခဲ့သည်။

ရှမ့်လန်သည် ဒုတိယမြောက် ခေါင်းဆောင်ကို ကြည့်ရှုကာဖြင့် မေးလိုက်၏။ “ခင်ဗျားရော ဆိပ်ကမ်းကို သွားပြီး ကျန်းချုံးကို မြားခေါ်ပေးဖို့ စိတ်ဆန္ဒရှိလား”

ထိုခေါင်းဆောင်သည် တုန်ယင်သွားခဲ့၏။ သို့ပေမည့် သူ၏ ပါးစပ်ကို တင်းတင်းပိတ်ထား၏။ သူပြုလုပ်၍ မဖြစ်ချေ။ သူသည် စစ်တပ်မိသားစုမှ မွေးဖွားလာခဲ့သူ တစ်ယောက်ဖြစ်၏။ သူသည် ချမ်းသာသည့် မိသားစုမှ မွေးဖွားလာခဲ့သူ တစ်ယောက် မဟုတ်လျှင်တောင် ရွှဲ့ပြည်နယ်ပေါ် မျိုးရိုးစဉ်ဆက် သစ္စာရှိခဲ့သူ တစ်ယောက် ဖြစ်၏။ ရှမ့်လန်၏ တောင်းဆိုမှုကို သဘောတူညီလိုက်သည်နှင့် သူ၏မိသားစုတစ်ခုလုံးသည် သုတ်သင် ရှင်းလင်းခြင်း ခံရပေမည်။

ရွှီ...

ရှမ့်လန်က ဓားမော့ကို မြှောက်လိုက်၏။ နောက်ထပ် ခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်လိုက်ပြီ ဖြစ်၏။

သို့နောက် ရှမ့်လန်သည် တတိယမြောက်ခေါင်းဆောင်ဆီသို့ လှမ်းလျှောက်ရင်း မေးမြန်းလိုက်သည်။ “ခင်ဗျားရော လုပ်ချင်လား”

ထိုခေါင်းဆောင်သည် တုန်ယင်လျက် ရှိနေလေ၏။ ဒူးထောက်ကာဖြင့် ဦးတိုက်၍ ပြောဆိုလိုက်၏။ “လုပ်ချင်ပါတယ်”

အဘယ်ကြောင့်ဆိုသော် သူ မလုပ်လျှင် သေဆုံးရမည် မဟုတ်ပါလား။

“ခင်ဗျားပါးစပ် ဟ” ရှမ့်လန်က ပြောလိုက်၏။

ရှမ့်ဆယ့်သုံးသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ထိုခေါင်းဆောင်၏ ပါးစပ်ကို ဆွဲဟလိုက်သည်။

ရှမ့်လန်သည် ထိုလူ၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးကို ပစ်ထည့်လိုက်၏။ ချက်ချင်းပဲ ထိုခေါင်းဆောင်သည် သူ၏ ဝမ်းဗိုက်ဆီမှ စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ ခဏလောက်ကြာပြီးနောက် သူ၏ အမြင်အာရုံတစ်ခုလုံး က မဲမှောင်သွားခဲ့၏။

“ဒါက အဆိပ်ဆေးတစ်ခုပဲ။ ခင်ဗျား ဖြေဆေးမရဘူးဆိုရင် တစ်ခါတည်း သေသွားလိမ့်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီတော့ အသက်ရှင်နိုင်ဖို့အတွက် ကောင်းကောင်းမွန်မွန်နဲ့ သရုပ်ဆောင်ပြီး အလုပ်လုပ်ကြပါ”

ဟုတ်ပေ၏။ ဤအရာကသည် တကယ်တော့ အဆိပ် မဟုတ်ချေ။ မည်သည့် အဆိပ်ဖြေဆေးမှလည်း မလိုအပ်ချေ။ သို့ပေမည့် ခြောက်လှန့်ရန်အတွက်တော့ လုံလောက်သည့် အရာတစ်ခု ဖြစ်၏။ ထိုခေါင်းဆောင် သည် သူ၏တပည့်ကို အသာဖေးကိုင်ကာဖြင့် တုန်ယင်နေသည့် အသံဖြင့် ပြန်ပြောလိုက်၏။ “ကောင်းပါပြီ ဆရာ”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားရဲ့နာမည်က ဘယ်လိုလဲ”

ထိုခေါင်းဆောင်က ပြန်လည်ကာ ဖြေဆို၏။ “ဖန်ဝမ်ရှန်းပါ”

“အင်း နာမည်ကောင်းတစ်ခုပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “သွား... လန်းလန်းဆန်းဆန်း ဖြစ်အောင်နေ။ ပြီးတော့ ခင်ဗျားတို့ ဒီပွဲကို နိုင်တဲ့ ပုံစံမျိုး သရုပ်ဆောင်။ ခင်ဗျားတို့က နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ခဲ့ပြီဆိုတဲ့အကြောင်း ကျန်းချုံး မြင်အောင် ပြသရမယ်”

ပြီးနောက် ထိုခေါင်းဆောင်နှင့် သူ၏ နောက်လိုက်၊ နောက်ပါ ၁၀၀ ကျော်တို့သည် နုရှောင့်မြို့၏ ဆိပ်ကမ်းဆီသို့ ရောက်ရှိသွားခဲ့ကြ၏။ သူတို့သည် စိတ်အားတက်ကြွသည့် ဟန်ပန်အမူအရာမျိုးနှင့် မတ်မတ်ရပ်လျက် ရှိနေကြပြီး ကျန်းချုံးကို ကြိုဆိုနေ၏။

ဟုတ်ပေ၏။ ကျန်သည့် စစ်သည်တော် ရာကျော်တို့မှာတော့ ရွှမ်ဝူအိမ်တော်မှ လူများ ဖြစ်၏။ သူတို့သည် နုရှောင့်မြို့ပင်လယ်ဆိပ်ကမ်းစစ်တပ်၏ ချပ်ဝတ်နှင့် အလံများကို ကိုင်စွဲကာ ရပ်နေကြခြင်းဖြစ်သည်။ ကျန်းချုံး၏ စစ်တပ် နုရှောင့်မြို့ဆီသို့ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ရှမ့်လန်နှင့် ချောင်ယောင်းအာတို့၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရပေမည်။

............

ချောင်ယောင်းအာ၏ အဖြူရောင်ရဲတိုက်အတွင်းမှာတော့ .....

ထိုအချိန်မှာတော့ သူမသည် မတူညီသည့် လူသားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အမျိုးသမီးတစ်ယောက်၏ ပုံပန်းသွင်ပြင်သည် ပျောက်ကွယ်သွားခဲ့ပြီး ပျင်းရိလေးကန်နေသည့် အမျိုးသမီးတစ်ယောက်၏ အသွင်က ပြောင်းလဲရောက်ရှိနေသည်။ သူမသည် ပြတင်းပေါက်မှတစ်ဆင့် အရှေ့ဘက်ပင်လယ်ပြင်ဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုနေ၏။

ကျန်းကျင်းသည် အခန်းထဲတွင် ဒူးထောက်လျက် ရှိနေ၏။ ရှစ်ချင်းချင်းသည် ထိုင်ခုံတစ်ခုတွင် ထိုင်လျက် ရှိနေ၏။ ရှစ်ချင်းချင်းသည် မြေပေါ်တွင် ဒူးထောက်ကာ ထိုင်လျက်ရှိနေသည့် ထိုလူကို အလွန်ရှုပ်ထွေးသည့် အကြည့်များနှင့် ကြည့်ရှုမိ၏။ ရန်သူ ပြီးတော့ စေ့စပ်ခဲ့သူ .... ။

ဤလူသည် သူမ၏အိမ်မက်ထဲမှာပင် သတ်ဖြတ်ချင်သည်အထိ နာကြည်းမှုများနှင့် ပြည့်နှက်စေခဲ့သည့်လူ ဖြစ်၏။

သူမ သူ့ကို ချစ်ခဲ့သည်လား။ ကျိန်းသေပေါက် မဟုတ်ချေ။ ထိုအချိန်တုန်းက ကုန်သည်တစ်ယောက်၏ သမီးဖြစ်သည်မို့ သူ .. ရှစ်ချင်းချင်းသည် ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ အကန့်အသတ်ဖြင့် ထိန်းချုပ်ထား ခဲ့၏။ မိသားစု နောက်တစ်ဆင့်ဆီသို့ တိုးတက်နိုင်ရန်အလို့ငှာ သူမသည် ဩဇာအာဏာကို လိုချင်သည်။

အခြားတစ်ဖက်တွင် ရှိနေသည့် ကျန်းကျင်းမှာတော့ ငွေကြေးဥစ္စာကို လိုချင်၏။

သူမသည် ကျန်းကျင်းကို လက်ထပ်ယူရန် စဉ်းစားဆုံးဖြတ်ခဲ့၏။ ထိုအရာကို မနှစ်သက်ဘူးဆိုလျှင်တောင်မှ ကျိန်းသေပေါက် ပြုလုပ်ရပေလိမ့်မည်။

ထို့အပြင် ကျန်းကျင်းသည် သူမကို စိတ်ပျက်စေခဲ့၏။ ဥပမာအားဖြင့် ရှမ့်လန်၏ မာယာမျဉ်းပြိုင်စာအုပ် ထွက်ပေါ်လာချိန်တွင် ကျန်းကျင်းသည် အရှက်ခွဲခံရသလို ခံစားရပြီး သူမကို ပါးပိတ်ရိုက်ခဲ့၏။ ထိုအချိန်တုန်းက ရှစ်ချင်းချင်းက တကယ်ကို စိတ်ပျက်ခဲ့မိ၏။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ရှစ်ချင်းချင်းသည် မုန်းတီးမှုများနှင့် အသက်ရှင်နေထိုင်ခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတိုင်ကြီးတစ်ခုကဲ့သို့ပင် ဒေါသမီးများနှင့် အချိန်တိုင်း တောက်လောင်လျက် ရှိခဲ့၏။ သူမသည် အိမ်မက်ထဲတွင်တောင်မှ ကျန်းကျင်းကို အစိတ်စိတ် အမွှာမွှာဖြင့် ခုတ်ဖြတ်ချင်မိသည်။

အချိန်သည် ဤကဲ့သို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့မည်ကို သူ မထင်မှတ်ခဲ့ချေ။ လအနည်းငယ်အတွင်းမှာပဲ ကျန်းကျင်းသည် သူမ၏ရှေ့တွင် ဒူးထောက်လျက် ရှိနေ၏။ ဤအရာအတွက် မည်သူ့ကို ကျေးဇူးတင်ရမည်နည်း။ ချောင်ယောင်းအာ လား။ သို့မဟုတ် ရှမ့်လန် လား။ မည်သူပဲဖြစ်ဖြစ် ကိစ္စမရှိချေ။ သူမအနေနှင့် လက်စားချေနိုင်ပြီ ဖြစ်၏။

“ဘာကြောင့်လဲ”

ရှစ်ချင်းချင်းက ခြောက်ကပ်ကပ် မေးလိုက်သည်။ “ရှင် စေ့စပ်ပွဲကို ဖျက်သိမ်းလို့ရတယ်။ ဘာကြောင့် ကျွန်မတို့ မိသားစုကို သတ်ပစ်ရတာလဲ”

ကျန်းကျင်း၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့၏။ သူ၏ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းမှ ထိုးထွက်သွားသည့် အတိုင်းပင်။ သူ ကြောက်လန့်နေသည်လား။ အနည်းငယ်တော့ ကြောက်လန့်၏။ သို့ပေမည့် ကြောက်လန့်မှု ဆိုသည်ထက် နာကျင်မှုက ပိုမို၍ သာလွန်၏။ သူ ရှမ့်လန်ကို ထပ်မံကာ ရှုံးနိမ့်ခဲ့၏။ ဤတစ်ကြိမ်တွင် ပြန်လည်၍ တက်လှမ်းနိုင်စွမ်း မရှိသည်အထိ ရှုံးနိမ့်ခဲ့၏။

အဘယ်ကြောင့်နည်း။ ဘာကို အခြေခံရသနည်း။ ချောင်ယောင်းအာကဲ့သို့ မိန်းမသည် လောကကြီးတွင် ပြိုင်ဘက်ကင်းသည့် မိန်းမတစ်ယောက် ဖြစ်၏။ သူမကို မည်သူမှ အနိုင်မရရှိခဲ့ချေ။ အဘယ်ကြောင့် သူမသည် ရှမ့်လန်အတွက် တိုက်ခိုက်ပေးရသနည်း။

ဟုတ်ပေ၏။ သူမှားယွင်းခဲ့သည်။ ချောင်ယောင်းအာသည် တိုက်ခိုက်ရခြင်းကိုသာ အလိုရှိသည်။ သူမသည် ရှမ့်လန်အတွက် တိုက်ခိုက်ခြင်း မဟုတ်ချေ။ သူမသည် ရှစ်ချင်းချင်းအတွက် တိုက်ခိုက်သည် ဆိုလျှင်တောင် အကြောင်းအရင်းတစ်ခုအဖြစ် ရှိနိုင်ပေဦးမည်။

သူ့အဖေ၏ အနာဂတ်သည် အဆုံးသတ်သွားခဲ့လေပြီလား။ သူ ... ကျန်းကျင်းသည် ကျန်းမိသားစုအတွက် ဆိုးရွားသည့် အပြစ်သားတစ်ယောက် ဖြစ်လာခဲ့လေပြီလား။ သူ ထိုအရာကို လက်သင့်မခံနိုင်ချေ။

အဘယ်ကြောင့် ရှမ့်လန်က အနိုင်ရရှိသွားသနည်း။ နုရှောင့်မြို့ကိုရရှိပြီးနောက် ကျင်းမိသားစုသည် ကောင်းကင်ယံ ထက်သို့ လွင့်တက်သွားပြီ ဖြစ်၏။ ထိုသို့ဆိုလျှင် သူ ... ကျန်းကျင်း၏ ပါရမီသည် ရှမ့်လန်နှင့် အဝေးဆုံးသို့ ရောက်ရှိသွားပြီ မဟုတ်ပါလား။

“ကျန်းကျင်း... ကျွန်မ ရှင့်ကို မေးခွန်းတစ်ခု မေးချင်တယ်”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဘာကြောင့် ကျွန်မတို့ မိသားစုကို သတ်ပစ်ရတာလဲ”

ကျန်းကျင်းသည် ခေါင်းကို မော့လိုက်၏။ ပြီးနောက် ရှစ်ချင်းချင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ အချိန်ခဏကြာပြီးသည့်နောက် သူ၏စိတ်ထဲတွင် နောင်တတရားများ ဖြစ်တည်လာခဲ့၏။ သူက ပြောလိုက်သည်။ “ကျုပ် တောင်းပန်ပါတယ်”

တခြား ဘာမှမပြောတော့ချေ။ ထို့အတူ ဘာတစ်ခုမှ ရှင်းပြခြင်းလည်း မရှိချေ။

ရှစ်ချင်းချင်းက ခြောက်ကပ်ကပ် မေးလိုက်၏။ “ဘာကြောင့်လဲလို့ ကျွန်မ မေးနေတာလေ။ ရှင် စေ့စပ်ပွဲကို ဖျက်သိမ်းလို့ရတာပဲ။ ဘာကြောင့် ကျွန်မတို့ မိသားစုကို သတ်ပစ်ရတာလဲ”

ကျန်းကျင်းက ပြောလိုက်၏။ “မိသားစုရဲ့ ဂုဏ်သိက္ခာဆိုတာ အရမ်း အရေးကြီးတယ်။ ဒီတော့ ဂုဏ်သိက္ခာ မကျအောင် ပြုလုပ်တဲ့နေရာမှာ တခြားသူတွေကို သတ်ဖြတ်ခြင်းကလည်း ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ”

သူ၏စကားသည် အရက်စက်ဆုံးသော အမှန်တရားတစ်ခုပင် ဖြစ်၏။ ရှစ်ကွမ်းယွမ်သည် ချမ်းသာသည် ဆိုလျှင်တောင်မှ မည်သည့် ဩဇာအာဏာမှ ရှိသူမဟုတ်ချေ။ ကျန်းမိသားစု၏ ဂုဏ်သိက္ခာအတွက် သူသည် စေ့စပ်ပွဲကို ဖျက်သိမ်းခြင်းထက် တစ်ဖက်လူကို သတ်ဖြတ်လိုက်ခြင်းကိုသာ ပိုမိုကာပြုလုပ်ချင်မိ၏။ ဆိုလိုသည်မှာ ရှစ်မိသားစုတစ်ခုလုံး၏ အသက်များသည် စေ့စပ်ပွဲဖျက်သိမ်းခြင်းအတွက် ဖြစ်တည်လာသည့် ဂုဏ်သိက္ခာထိခိုက်မှုနှင့် နှိုင်းယှဉ်သည် ဆိုပါက ဘာမှမဟုတ်ခြင်းပင်။

ရှစ်ချင်းချင်းသည် သူမ၏ နဖူးကို အသာကိုင်လိုက်၏။ သူမသည် ဤမေးခွန်းအတွက် အဖြေပေါင်းများစွာကို ကြိုတင်ကာ စဉ်းစားခဲ့၏။ သို့ပေမည့် တကယ်တမ်း အဖြေကို သိရှိရသည့်အချိန်မှာတော့ နှိုင်းယှဉ်၍ မရနိုင်သလောက် နာကျင်မှုကို ခံစားရ၏။ သူမသည် ထိုအဖြေကို အစောကြီးတည်းက သိရှိပြီး ဖြစ်၏။ မျက်လုံးထောင့်ဆီမှ ကျဆင်းလာခဲ့သည့် မျက်ရည်များကို သုတ်ပြီး ရှစ်ချင်းချင်းက မေးမြန်းလိုက်၏။

“ဒါဆိုရင် ရှင် ဒီနေ့ နောင်တရပြီလား။ ကျွန်မရဲ့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်တဲ့အတွက် ရှင် နောင်တ ရခဲ့လား”

ကျန်းကျင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ချင်းချင်း.. မင်းအသက်ရှင်နေလိမ့်မယ်လို့ ငါ မထင်မှတ်ခဲ့ဘူး။ ပြီးတော့ မင်း အရမ်းကြီး ပြောင်းလဲသွားခဲ့တယ်။ ဒီဇာတ်လမ်းမှာ မင်းဘယ်နေရာက ဝင်ပြီး သရုပ်ဆောင်ခဲ့တယ်ဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ မင်းအောင်မြင်ခဲ့တယ်။ ပြီးတော့ ငါ့ကို ငရဲဆီ တွန်းပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ ချင်းချင်း.. ငါလုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး”

ထိုအချိန်မှာပဲ ရှမ့်လန်သည် ရုတ်တရက် ဝင်မေးလိုက်၏။ “ကျန်းကျင်း... ခင်ဗျား ရှစ်ချင်းချင်းကို ချစ်ခဲ့သလား”

ရှစ်ချင်းချင်းနှင့် ကျန်းကျင်းတို့သည် တုန်လှုပ်သွားခဲ့၏။ ဤသောက်ရူးသည် အဘယ့်ကြောင့် ပေါက်ပန်းလေးဆယ်များကို ဝင်မေးနေရသနည်း။

ကျန်းကျင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ငါတို့လိုလူတွေက ချစ်ခြင်းမေတ္တာအကြောင်းကို ပြောဖို့ ဘယ်လိုလုပ် အရည်အချင်းပြည့်မီမှာလဲ။ ငါတို့က ငါတို့လုပ်ချင်တဲ့အရာကို လုပ်နိုင်စွမ်းရှိတဲ့လူတွေ မဟုတ်ဘူး။ မင်း ... ရှမ့်လန်လို မဟုတ်ဘူး။ မင်းကတော့ လုပ်ချင်တာကို လုပ်နိုင်စွမ်းရှိတဲ့လူပဲ”

တဆက်တည်းမှာပဲ ကျန်းကျင်းက ပြောလိုက်၏။ “ဒါပေမဲ့ ငါ ရှစ်ချင်းချင်းကို အရမ်းကြိုက်ခဲ့တယ်။ သူက ငါ အနှစ်သက်ဆုံး မိန်းမတွေထဲက တစ်ယောက်ပဲ”

ရှစ်ချင်းချင်းသည် အတိတ်ကို ပြန်လည်ကာ စဉ်းစားလိုက်မိ၏။ သူမသည် ကျန်းကျင်း၏ ဇနီးကောင်းတစ်ယောက် ဖြစ်ရန် ကြိုးစားခဲ့၏။ ထို့အပြင် ကျန်းမိသားစု၏ ချွေးမကောင်းတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားချင်မိ၏။ သူမသည် ဤယောက်ျားကြောင့် ဇနီးကောင်းတစ်ယောက် ဖြစ်ချင်ခဲ့ခြင်းပင်။

ကျန်းကျင်းသည်လည်း ရှစ်ချင်းချင်းအား ဘဝတစ်ခုလုံး ကောင်းမွန်စွာ ဆက်ဆံနေထိုင်သွားရန် ဆုံးဖြတ်ခဲ့ပြီး အိမ်ထောင်ဖက်ကောင်း တစ်ယောက်အဖြစ် ကောင်းမွန်စွာ စောင့်ရှောက်ချင်ခဲ့၏။ အချက်အလက်အားဖြင့် စစ်မှန်သည့် ခံစားချက်များနှင့် ပြုမူနေထိုင်တတ်သည့် ယောက်ျားကောင်းတစ်ယောက်ကဲ့သို့ နေထိုင် အသက်ရှင်ချင်၏။

သို့ပေမည့် ကံဆိုးစွာနှင့်ပင် ရှစ်မိသားစုသည် ပိုက်ဆံသာလျှင် ရှိ၏။ ဩဇာအာဏာဟူ၍ မရှိချေ။ ကျန်းမိသားစု ကတော့ ဩဇာအာဏာရှိ၏။ သို့ပေမည့် ပိုက်ဆံမရှိချေ။ ထို့အပြင် နက်နဲသည့် အခြေခံလည်း မရှိချေ။ နှစ်ဖက်လုံးသည် ရွေးချယ်ခွင့် မရှိချေ။

သို့ပေမည့် ကျန်းကျင်း၏ ရက်စက်သည့် အပြုအမူသည် မည်သည့် စကားလုံးနှင့်မှ ဖယ်ရှား၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ သူသည် စေ့စပ်ပွဲကို မဖျက်သိမ်းဘဲ မိသားစုတစ်ခုလုံးကို သုတ်သင်ရန် ကြိုးစားခဲ့ခြင်းကြောင့်ပင်။

ဒုံ ဒုံ ဒုံ ...

ရုတ်တရက် အပြင်ဘက်ဆီမှ စည်သံကြီးများ ထွက်ပေါ်လာခဲ့၏။ ပင်လယ်ပြင်ဆီမှ နောက်ထပ် ရွက်သင်္ဘော ၁၀ စင်း ရောက်ရှိလာခဲ့ခြင်းပင်။

ရှမ့်လန်က ပြောလိုက်၏။ “ကျန်းကျင်း... ခင်ဗျားရဲ့အဖေ ရောက်လာပြီ”

ကျန်းကျင်းသည် ရုတ်တရက် ထရပ်လိုက်၏။ သူသည် ပြတင်းပေါက်ဆီသို့ ခက်ခက်ခဲခဲဖြင့် လှမ်းကာ ကြည့်ရှု၏။ သူ၏လက်နှင့် ခြေထောက်တွင်ရှိနေသည့် အကြောများသည် ဆွဲထုတ်ခြင်းခံထားရသောကြောင့် သူ၏ သိုင်းပညာတစ်ခုလုံးက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

သေချာ၏။ ပင်လယ်ပြင်၏ မနီးမဝေးတွင် ရွက်သင်္ဘောတစ်သင်း ပေါ်ပေါက်လာခဲ့၏။ ပင်လယ်ဓားပြဘုရင်၏ မွေးစားသား ချောင်ဟောင်၏ ရွက်သင်္ဘောများပင်ဖြစ်သည်။ ထိုရွက်သင်္ဘောများ၏ အလယ်တွင် သူ၏ အဖေ ကျန်းချုံး၏ ရွက်သင်္ဘောပါဝင်လာ၏။

All Chapters