← Chapters

အခန်း (၂၄၆)

Vol. 18 Ch. 246

အခန်း (၂၄၆)

Vol. 18 Ch. 246

ခရိုင်အုပ်ချုပ်ရေးမှူး ကျန်းချုံးသည် ဤနေရာဆီသို့ ရောက်ရှိလာခဲ့ပြီလား။ နုရှောင့်မြို့၏ ဆိပ်ကမ်းတွင်တော့ ခေါင်းဆောင် ဖန်ဝမ်ရှန်းသည် ကြောက်လန့်မှုများကို ဖိနှိပ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဗိုက်ထဲတွင် ရှိနေသည့် အဆိပ်ဓာတ်သည် တဖြည်းဖြည်းနှင့် အစွမ်းပြလာသကဲ့သို့ ခံစားနေရသောကြောင့်ပင်။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ပြီး ခေါင်းတစ်ခုလုံး မူးနောက်နောက်ပင် ခံစားနေမိ၏။ မတ်မတ် ရပ်နိုင်စွမ်း မရှိတော့သလိုပင်။

ခေါင်းဆောင်အနည်းငယ်ထဲတွင် သူသည် တော်ဝင်မျိုးနွယ်အဖြစ် မွေးဖွားလာခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်၏။ ဟုတ်ပေ၏။ သူသည် မည်သည့်စစ်တပ်၊ မည်သည့်လယ်ယာမြေကိုမှ ပိုင်ဆိုင်ခြင်းမရှိသည့် တော်ဝင်မျိုးနွယ်မျိုးပင်။ သူ့၌ အမွေဆက်ခံရမည့် အခွင့်အရေးလည်း မရှိချေ။ သူ၏ဘဝသက်တမ်း တလျှောက်လုံး သာမန် တပ်မခေါင်းဆောင်တစ်ယောက်အနေဖြင့်သာ နေထိုင် ကုန်ဆုံးသွားရမည့် အခြေအနေမျိုး ဖြစ်၏။

ဒုံး .... ဒုံး .... ဒုံး ...။

ပင်လယ်ပြင်ထက်ဆီမှ စည်သံကြီးများ ထွက်ပေါ်လာခဲ့၏။ ရွက်သင်္ဘောတစ်စင်းသည် အရှိန်အဟုန် ကြီးမားစွာဖြင့် ပေါ်ပေါက်လာခဲ့၏။ မမှားနိုင်ချေ။ ကျိန်းသေပေါက် ကျန်းချုံး ဦးဆောင်လာသည့် ရွက်သင်္ဘောများပင် ဖြစ်သည်။

ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “ခင်ဗျားအလှည့်ပဲ”

ဖန်ဝမ်ရှန်းသည် အားတင်းကာဖြင့် အော်ဟစ်လိုက်သည်။ “ခရိုင်အုပ်ချုပ်ရေးမှူး... ကျုပ်တို့ နုရှောင့်မြို့ကို ခင်ဗျားအတွက် သိမ်းဆည်းခဲ့ပါပြီ။ အုပ်ချုပ်ရေးမှူး .... ကျုပ်တို့ နုရှောင့်မြို့ကို ခင်ဗျားအတွက် သိမ်းဆည်းခဲ့ပါပြီ။ ဂုဏ်ယူပါတယ် အုပ်ချုပ်ရေးမှူး ... နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ခဲ့ပြီ။ တကယ့်ကို ကြီးမြတ်တဲ့ ဂုဏ်သိက္ခာတစ်ခုကို ဖန်တီးနိုင်ခဲ့ပါပြီ။ ဂုဏ်ယူပါတယ် အုပ်ချုပ်ရေးမှူး... မကြာခင် ခင်ဗျားက နယ်စားဘွဲ့ကိုတောင်မှ ရရှိနိုင်ပါတော့မယ်”

ဤဖန်ဝမ်ရှန်းသည် တော်ဝင်မျိုးနွယ်ဆီမှ မွေးဖွားလာခဲ့သူတစ်ယောက် ပီသ၏။ သူ၏ သရုပ်ဆောင်စွမ်းရည်သည် တကယ့်ကို ကောင်းမွန်လွန်းလှသည်။ အသံ၌ ဂုဏ်ယူဝင့်ကြွားမှုများနှင့် ပြည့်နှက်လျက် ရှိနေပြီး စိတ်အား တက်ကြွမှုများလည်း ပါဝင်လျက် ရှိနေ၏။ ကြီးမားလွန်းသည့် အောင်ပွဲကြီးတစ်ခုကို တိုက်ခိုက်အနိုင်ယူခဲ့သည့် လူတစ်ယောက်ကဲ့သို့ပင် ထင်မှားရ၏။

ရွက်သင်္ဘောသည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ ဖန်ဝမ်ရှန်းက အော်ဟစ်လိုက်သည်။ “အားလုံးပဲ ... အလံတွေကို ဝှေ့။ ပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးကို ကြိုဆိုကြ”

ဆိပ်ကမ်းတွင် ရှိနေသည့် စစ်သည်တော် ၁၀၀ ကျော်တို့သည် သူတို့၏ ဓားများကို ဝှေ့ယမ်း၊ သူတို့၏လက်ထဲတွင် ရှိနေသည့် အလံများကို ဝှေ့ယမ်းလိုက်ကြ၏။ ချက်ချင်းပင် ဆိပ်ကမ်းတစ်ခုလုံးသည် စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်ပြီး သောင်းသောင်းဖျဖျနှင့့် လူစည်ကားစွာဖြင့် ကြိုဆိုလျက်ရှိ၏။

ရွက်သင်္ဘောသည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ ဖန်ဝမ်ရှန်းသည် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်၏။ သူ၏ဘေးတစ်ဖက်တွင် ရှိနေသည့် စစ်သည်အားလုံးကလည်း ညီညီညာညာနှင့် ဒူးတစ်ဖက် ထောက်ကာ ထိုင်ချလိုက်ကြသည်။

“ကြိုဆိုပါတယ် .... လုံးဝကို ကြိုဆိုပါတယ် .... အုပ်ချုပ်ရေးမှူး။ ကျုပ်တို့ နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ခဲ့ပြီ။ ဒါက အုပ်ချုပ်ရေးမှူးရဲ့ စွမ်းရည်ကြောင့်ပါပဲ။ အသက်ရှည်ကျန်းမာပါစေ ဘုရင်မင်းမြတ်။ အသက်ရှည်ကျန်းမာပါစေ အုပ်ချုပ်ရေးမှူး” ဖန်ဝမ်ရှန်းသည် အစွမ်းကုန်ထုတ်ကာဖြင့် သရုပ်ဆောင်ခြင်းကို ပြုမူလျက် ရှိနေ၏။

ချပ်ဝတ်များကို ဝတ်ဆင်ကာ လူအုပ်ကြားထဲတွင် ရှိနေသည့် ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့သည် တကယ်ပင် စိုးရွံ့လျက် ရှိနေကြ၏။ ဆိပ်ကမ်း၏နှစ်ဖက်နှစ်ချက်တွင် ရှိနေသည့် အိမ်များထဲတွင် ချောင်ယောင်းအာနှင့် ရှမ့်လန်၏ စစ်တပ်များက ပုန်းအောင်း စောင့်ဆိုင်းနေကြသည်။

ကျန်းချုံး၏စစ်တပ်သည်သာ ဆိပ်ကမ်းဆီသို့ ရောက်ရှိလာခဲ့ပါက နှစ်ဖက်နှစ်ချက်ဆီမှ စစ်သည်များသည် ချက်ချင်း ထွက်ပေါ်လာပြီး ကျန်းချုံးနှင့် ချောင်ဟောင်၏ စစ်တပ်များကို သုတ်သင်ပစ်မှာ သေချာ၏။

‘ဘာတစ်ခုမှ မမှားနိုင်ဘူး။ ဘာတစ်ခုမှ မှားလို့ မဖြစ်ဘူး’ ကျင်းဟွေ့သည် စိတ်လှုပ်ရှားစွာဖြင့် နှလုံးခုန်နှုန်းများပင် မြန်ဆန်လာခဲ့သည်။

..........

ထိုအချိန် ပင်လယ်ပြင်၏ ရွက်သင်္ဘောပေါ်မှာတော့ ကျန်းချုံး မရှိချေ။ လူနှစ်ယောက်ကသာလျှင် ထို ရွက်သင်္ဘော၏ ထိပ်တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ကျင်းချွင်းဟွာနှင့် ချောင်ဟောင်တို့ပင် ဖြစ်၏။

ဆိပ်ကမ်းတွင်ရှိနေသည့် အလံများကို ကြည့်ရှုပြီး ချောင်ဟောင်၏ အမူအရာသည် စိတ်ရှုပ်ထွေးလျက် ရှိနေသည်။ “တကယ်ကို အောင်မြင်သွားခဲ့တာပဲ။ ခင်ဗျားတို့ နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ခဲ့တာပဲ”

ကျန်းချွင်းဟွာသည် မျက်လုံးအပြုးသားဖြင့် ဆိပ်ကမ်းတွင်ရှိနေသည့် အရာအားလုံးကို လှမ်းကာစူးစိုက် ကြည့်ရှုနေ၏။

ချောင်ယောင်းအာက ပြောလိုက်သည်။ “ဒီနတ်ဆိုးမ ချောင်ယောင်းအာက တကယ်ပဲ ရှုံးခဲ့တာလား။ သူမ သေသွားပြီလား။ လောကကြီးက ဘာတွေဖြစ်နေတာလဲ”

ချောင်ယောင်းအာသည် တကယ့်ကို ပြိုင်ဘက်ကင်းပင် ဖြစ်၏။ အဘယ်ကြောင့် ရှုံးနိမ့်ရသနည်း။ ချောင်ယောင်းအာသာ မရှုံးနိမ့်ပါက ကျန်းကျင်းသည် ကျိန်းသေပေါက် နုရှောင့်မြို့ကို သိမ်းဆည်းနိုင်လိမ့်မည် မဟုတ်ချေ။

ချောင်ယောင်းအာက ပြောလိုက်၏။ “ခင်ဗျားတို့ ဘာဆက်လုပ်မယ် စီစဉ်ထားလဲ။ ခင်ဗျားတို့ စကား တည်သင့်တယ်နော်။”

ကျင်းချွင်းဟွာက မဖြေချေ။

ချောင်ယောင်းအာက အော်ဟစ်လိုက်သည်။ “စစ်သည်တို့.. နုရှောင့်မြို့ကို ဆင်းသက်ဖို့ ပြင်ဆင်တော့”

“ကောင်းပါပြီ ဆရာ”

ကျန်းကျင်းသည် နုရှောင့်မြို့ကို သိမ်းဆည်းသွားခဲ့ပြီ ဖြစ်သောကြောင့် နှစ်ဖက်နှစ်ချက် ကြားတွင် ရှိနေသည့် တည်နေရာသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ချောင်ဟောင်သည် အကောင်းဆုံး အလုပ်အကြွေးပြုရန် လိုအပ်၏။ ထိုမှသာလျှင် သူ့၌ အနာဂတ်ရှိပေမည်။

ရွက်သင်္ဘောများသည် အစီအစဉ်အတိုင်း ပြောင်းလဲပြီး နုရှောင့်မြို့၏ဆိပ်ကမ်းဆီသို့ ဆင်းသက်ရန် ပြင်ဆင်လျက် ရှိနေ၏။

ထိုအချိန်မှာပဲ ကျန်းချွင်းဟွာက ရုတ်တရက် ပြောလိုက်သည်။ “သွား.. သွား... သွား... မြန်မြန် ပြန်လှည့်ကြ ပြန်လှည့်ကြ။ ဒါထောင်ချောက်ပဲ။ ဒါထောင်ချောက်ပဲ။ ရွက်သင်္ဘောတွေ ချက်ချင်းပဲ နောက်ကို ပြန်လှည့်ကြ”

ချောင်ဟောင်က တုန်လှုပ်သွား၏။ “ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ”

ကျင်းချွင်းဟွာက ပြောလိုက်သည်။ “တကယ်လို့ ကျန်းကျင်းသာ နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ခဲ့တယ်ဆိုရင် သူ့ကိုယ်တိုင် လာပြီးတော့ အဖေ့ကို ကြိုဆိုရမှာ မဟုတ်ဘူးလား။ ပြီးတော့ သူ့ရဲ့သင်္ကေတ ၊ သူ့ရဲ့ အရိပ်အယောင်ဆိုတာ မတွေ့ဘူး။ ပြီးတော့ သူနဲ့အဖေကြားမှာ ရှိနေတဲ့ အလံလွှင့်ထူခြင်း သင်္ကေတကိုလည်း မလုပ်ထားဘူး”

“ကျွန်မတို့ ရှုံးခဲ့ပြီ။ ကျွန်မတို့ ရှုံးခဲ့ပြီ။ မြန်မြန် ... မြန်မြန်... ရှမ့်လန်နိုင်သွားပြီ။ ဒါရှမ့်လန် ဖန်တီးထားတဲ့ ထောင်ချောက်ပဲ ဖြစ်မယ်”

ပြောနေတုန်းမှာပဲ ကျန်းချွင်းဟွာသည် မျက်ရည်များ စီးကျလာခဲ့၏။ သူမ၏ မျက်ရည်များသည် အကာအကွယ် အတားအဆီးမရှိ ကျဆင်းလာခဲ့၏။ “ဘာကြောင့်လဲ။ ဘာကြောင့်လဲ။ ဘာကြောင့် ရှမ့်လန်က ထပ်ပြီး နိုင်သွားပြန်ရတာလဲ။ အစ်ကို ကျန်းကျင်း”

ကျန်းချွင်းဟွာသည် ဆိပ်ကမ်းဆီသို့ လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။ “ရှမ့်လန်... ကျွန်မ အစ်ကိုကို မသတ်ပါနဲ့။ ကျွန်မ အစ်ကိုကို မသတ်ပါနဲ့ ရှမ့်လန်။ ကျွန်မ အစ်ကိုကို အသက်ရှင်လျက် ထားပါအုံး။ ရှမ့်လန်... ရှင့် ကျွန်မကို ကြည့်နေတယ်ဆိုတာ သိတယ်။ ကျေးဇူးပြုပြီး သူ့ကို မသတ်ပါနဲ့”

ဤမြေခွေးစိတ်ဝိညာဉ်ကို ပိုင်ဆိုင်သော ကျန်းချွင်းဟွာသည် ရွက်သင်္ဘော၏ပဲ့တွင် ဒူးထောက်ကာ ထိုင်ချလျက် ရှိနေပြီး ဦးတိုက်ကာဖြင့် တောင်းပန် အော်ဟစ်နေလေ၏။

...........

တစ်ချိန်တည်းမှာပဲ ချောင်ယောင်းအာ၏ အဖြူရောင် ရဲတိုက်အတွင်းမှာတော့ ကျန်းကျင်းသည် ပြတင်းပေါက် နားတွင် မတ်တပ်ရပ်ပြီး ပင်လယ်ပြင်တွင်ရှိနေသည့် ရွက်သင်္ဘောဆီသို့ လှမ်းကာ အော်ဟစ်လျက် ရှိနေသည်။ “အဖေ..... မြန်မြန် သွားတော့ သွားတော့။ ဒါထောင်ချောက်ပဲ။ ဒါထောင်ချောက်ပဲ”

မည်သူမှ သူ့ကို မတားဆီးချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ပင်လယ်ပြင်နှင့် အလွန့်အလွန် ဝေးကွာသော နေရာဖြစ်၏။ ဤနေရာမှ ရွက်သင်္ဘောများ ရောက်ရှိလာသည်ကို ကောင်းကောင်းမြင်ရ၏။ သို့ပေမည့် ရွက်သင်္ဘောများသည် ဤနေရာဆီသို့ လှမ်းကာမြင်ရလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ပြတင်းပေါက်လေး တစ်ခုတွင် ရပ်နေသည့် လူတစ်ယောက် မဟုတ်ပါလား။

“အဖေ... သွားတော့ သွားတော့။ ဒီသားက အသုံးမကျဘူး။ ဒီသားက လုံးဝ အသုံးမကျဘူး။ အဖေ့က ကြင်ကြင်နာနာနဲ့ ကျုပ်ကို မွေးဖွားသန့်စင်ပေးခဲ့တယ်။ ကျုပ် နောက်ဘဝမှာ ပြန်ပြီးတော့ ပေးဆပ်ပါ့မယ်။ အဖေ သွားပါတော့”

ပြီးနောက် ကျန်းကျင်းသည် အားကုန်အသုံးပြုပြီး ပြတင်းပေါက်ဆီမှ ခုန်ချလိုက်၏။ သူသည် ၁၀ မီတာကျော် မြင့်သည့် ရဲတိုက်ကြီးမှ အောက်သို့ ပျောက်ကျသွားခဲ့၏။

အသံကျယ်ကြီးထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် သေဆုံးသွားခဲ့၏။ မည်မျှပင် အော်အော်... ပင်လယ်ဘက်တွင် ရှိနေသည့် ရွက်သင်္ဘောများသည် သူ၏အသံကို မကြားရချေ။

သူသည် သူ၏ ခုန်ချမှုဖြင့် သူ၏အဖေကို သတိပေးနိုင်ရန် မျှော်လင့်ခဲ့မိ၏။ တကယ်တမ်းမှာတော့ ချောင်ယောင်းအာသည် သူ့ကို မိမိကိုယ်ကို သတ်သေခြင်းမှ မတားဆီးခဲ့ခြင်းပင် ဖြစ်၏။ အမျိုးသမီး စစ်သည်တော်များသည်လည်း တစ်ချက်ကလေးမှ မတားဆီးခဲ့ချေ။ ထို့အပြင် ရှစ်ချင်းချင်း က ဘာတစ်ခုမှ မပြောသလို ရှမ့်လန်ကလည်း ဘာတစ်ခုမှ မဆိုချေ။ သူတို့သည် တစ်ဖက်လူအား မိမိကိုယ်ကို သတ်သေရန် အတိုင်းသား ခွင့်ပြုပေးခဲ့သည်။

ရှမ့်လန်သည် သူ၏မှန်ဘီလူးကို ထုတ်ယူပြီး ပင်လယ်ပြင်တွင် ရှိနေသည့် ရွက်သင်္ဘောဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ကျန်းချုံးမရှိချေ။ ရွက်သင်္ဘောပေါ်တွင် ချောင်ဟောင်နှင့် ကျင်းချွင်းဟွာတို့သာ ရှိ၏။ ကျင်းချွင်းဟွာ၏ မျက်နှာထက်တွင် မျက်ရည်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူမသည် ဆိပ်ကမ်းတွင် ဒူးထောက် ထိုင်ချရင်း တောင်းပန်လျက် ရှိနေ၏။

ဟုတ်ပေ၏။ သူမသည် ဆိပ်ကမ်းတွင်ရှိနေသည့် ထောင်ချောက်များကို မြင်ခဲ့ရပြီ ဖြစ်၏။ ရှမ့်လန်အနေနှင့် သူမ အော်ဟစ်နေသည်ကို မကြားရနိုင်သော်လည်း ကျန်းကျင်း၏ အသက်ကို ချမ်းသာပေးနိုင်ရန် မျှော်လင့်တကြီးဖြင့် တောင်းပန်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ကျန်းကျင်း၏ ရဲတိုက်ပေါ်မှ ခုန်ချကာသတ်သေမှုသည် သဲထဲရေသွန် ဖြစ်ခဲ့သကဲ့သို့ပင် ဘာတစ်ခုမှ အသုံးမဝင်ခဲ့ချေ။ သို့ပေမည့် ဤကဲ့သို့သော သေခြင်းတရားမျိုးကလည်း သူ့အတွက် အကောင်းဆုံးသော အရာဖြစ်၏။ သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ သူ၏အဖေအပေါ် သစ္စာရှိစွာနှင့် သေဆုံးသွားခဲ့သည်ဟု ခံစားမိစေ၏။

ရှစ်ချင်းချင်းသည် ပြတင်းပေါက်ဆီသို့သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။ ကျန်းကျင်း၏ ခန္ဓာကိုယ်သည် သွေးအိုင်ထဲတွင် လဲလျက် ရှိနေ၏။ ဤလူက သေဆုံးသွားခဲ့ပြီ ဖြစ်၏။ လောကတွင် သူမ အမုန်းဆုံးလူက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူမ ကိုယ်တိုင်ကိုယ်ကျ သတ်ရန် အခွင့်အရေးရခဲ့၏။ သို့ပေမည့် သူမ မလုပ်ခဲ့ချေ။ ထိုအစား သူရဲကောင်းဆန်သည့် နည်းလမ်းဖြင့် သေဆုံးစေခဲ့သည်။

ရှစ်ချင်းချင်းသည် ရုတ်တရက် ဝမ်းနည်းသလို ခံစားလိုက်မိ၏။ ထို့အတူ အကူအညီမဲ့မှုနှင့် အရာအားလုံး ပျောက်ကွယ်သွားမှုကိုလည်း ခံစားနေ၏။ သူမသည် အလုံးစုံ ပူဆွေးဝမ်းနည်း တမ်းတစွာဖြင့် ငိုကြွေးနေမိ၏။

လက်ရှိ အခြေအနေ၌ သူမသည် တစ်စုံတစ်ယောက်၏ နှစ်သိမ့်ခြင်းကို ခံချင်၏။ ထိုအချိန်မှာပဲ ရှမ့်လန်သည် လက်များကို အသာဖွင့်ဟပေးလိုက်သည်။

ရှစ်ချင်းချင်းသည် အသာပင် ပြေးသွားခဲ့ပြီး ချောင်ယောင်းအာ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားခဲ့၏။ သူမသည် ို အားရပါးရ ငိုခဲ့၏။

ချောင်ယောင်းအာသည် ဘာလုပ်ရမှန်း မသိချေ။ သူမအနေနှင့် ယောက်ျားများ၏ ထိကိုင်ခြင်းကို မကြိုက်ကြောင်း အားလုံးသောလူတိုင်း သိ၏။ ထို့အတူ သူမက မိန်းမများ၏ ထိကိုင်ခြင်းကိုလည်း မကြိုက်ချေ။ အထူးသဖြင့် မိန်းမတစ်ယောက်၏ သူမ၏ ရင်ခွင်ထဲဝင်လာခြင်းပင်။

အဓိကသော့ချက်အားဖြင့် ရှစ်ချင်းချင်းသည် ၁.၆၅ မီတာ ရှည်ပြီး ချောင်ယောင်းအာမှာကတော့ ၁.၉၅ မီတာ ရှည်၏။ ထို့ကြောင့် ရှစ်ချင်းချင်းသည် သူမ၏ ခါးကို အသာသိုင်းဖက်ထားသကဲ့သို့ပင် ဖြစ်နေ၏။ သူမ၏ မျက်နှာ တစ်ခုလုံးသည် ချောင်ယောင်းအာ၏ ရင်နှစ်မွှာကြားထဲတွင် နှစ်မြုပ်လျက် ရှိနေ၏။

“ကျေးဇူးပါပဲ။ ကျေးဇူးပါပဲ”

ရှစ်ချင်းချင်းက တောက်လျှောက် ငိုယိုကာ ကျေးဇူးတင်စကားကို ပြောနေ၏။ သူမသည် ချောင်ယောင်းအာကို တကယ်ပင် ကျေးဇူးတင်မိ၏။ မူလအားဖြင့် အမှောင်ထုထဲတွင်သာ တစ်သက်လုံး နေထိုင်သွားရမည်ဟု ထင်မှတ်ခဲ့၏။ သူမသည် လက်စားချေရန် စိတ်ဆန္ဒများနှင့်သာ အသက်ရှင် နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

သို့ပေမည့် ချောင်ယောင်းအာ၏ တည်ရှိမှုသည် သူမကို အလုံးစုံသော စိတ်ဆန္ဒ နှင့် သတ္တိများ ပေးအပ်ခဲ့၏။ ထို့အပြင် သူမ၏နှလုံးသားထဲရှိ အရိပ်မဲကြီးကိုလည်း ဖယ်ရှားပေးခဲ့၏။ လောကကြီးထဲတွင် သူရဲကောင်းဆန်သည့် မိန်းမတစ်ယောက်၊ အပူအပင်ကင်းသည့် မိန်းမတစ်ယောက်ကို လက်ညှိုးထိုး ပြပါဆိုပါက ချောင်ယောင်းအာပင် ဖြစ်ပေလိမ့်မည်။

ဟုတ်ပေ၏။ ကျန်းကျင်းသာ မသေဆုံးခဲ့ပါက ရှစ်ချင်းချင်း၏ နှလုံးသားသည် ဤကဲ့သို့ အရိပ်မဲများနှင့် ပြည့်နှက်ပြီး ဘယ်တော့မှ ပျောက်ကွယ်သွားနိုင်မည် မဟုတ်ချေ။ သို့ပေမည့် လက်ရှိ အခြေအနေ မှာတော့ ကျန်းကျင်း သေဆုံးသွားခဲ့၏။ သူမ၏ လက်စားချေမှုက ပြည့်စုံသွားခဲ့ပြီ ဖြစ်၏။ သူမ ထွက်သွားရပေတော့မည်။

ဟုတ်ပေ၏။ ကျန်းချုံးကတော့ မသေသေးချေ။ သို့ပေမည့် ရှစ်ချင်းချင်းသည် ထပ်မံကာ လက်စားချေရန် စိတ်ဆန္ဒ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကျန်းကျင်း၏ သေဆုံးမှုသည် သူမကို စိတ်သက်သာရာ ရရှိစေပြီ ဖြစ်၏။ သို့ပေမည့် ပျော်ရွှင်မှုမျိုးကိုတော့ မခံစားရချေ။

သူမ၏အဖေ ရှစ်ကွမ်းယွမ် သေဆုံးခဲ့ပြီ။ ရှစ်မိသားစုတစ်ခုလုံးသည်လည်း ပျက်စီးခဲ့၏။ အရာအားလုံး၏ အရင်းအမြစ်သည် ရှစ်ကွမ်းယွမ်၏ လောဘတရားကြောင့်သာ ဖြစ်၏။ ရှစ်မိသားစုသည်သာ ဩဇာအာဏာကို ရရှိလိုသည့်စိတ်ဖြင့် ထိုလှေကားကို မတတ်ခဲ့ပါက အဘယ်သို့ပြုတ်ကျမည်နည်း။

ထို့အပြင် ရှမ့်လန်ကိုသာ ဒုက္ခမပေးမိပါက အဘယ်သို့ စီးပွားပျက်မည်နည်း။ သူတို့သာ စီးပွားမပျက်ခဲ့ပါက ကျန်းမိသားစုသည် သူတို့ကို သတ်ဖြတ်လိမ့်မည် မဟုတ်ချေ။ အရာအားလုံးသည် မိမိ ပြုလုပ်ခဲ့သည့် အရာပေါ်တွင်သာ မူတည်နေခဲ့၏။ သူမသည်သာ ဆက်လက်ကာ လက်စားချေနေပါက ဘာဆက်ဖြစ်မည်နည်း။

“ကျွန်မ လက်စားမချေတော့ဘူး။ ကျွန်မ ထပ်ပြီး လက်စားမချေတော့ဘူး” ရှစ်ချင်းချင်းသည် ချောင်ယောင်းအာကို အသာသိုင်းဖက်ကာ ငိုယိုနေ၏။ အလွန်လျင်မြန်စွာပင် ချောင်ယောင်းအာ၏ ရင်ဘက် တစ်ခုလုံးသည် သူမ၏ မျက်ရည်များနှင့် ပြည့်နှက်သွားခဲ့၏။

ပြီးနောက် ရှမ့်လန်သည် ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်ပြီး သူ၏မှန်ဘီလူးနှင့် ကြည့်ရှုနေသည်။ ကျန်းချွင်းဟွာသည် ဒူးထောက်ကာဖြင့် တရစပ် ဦးတိုက်၍ အော်ဟစ်တောင်းပန်နေသည်။ သူသည် နက်နက်နဲနဲနှင့် သက်ပြင်းချလိုက်မိသည်။ “ကျန်းချုံး.. ခင်ဗျား တကယ်ကို အံ့အားသင့်စရာပဲ”

ကျန်းချွင်းဟွာသည် ပဲ့ဦးထက်တွင် ဒူးထောက်လျက် ရှိနေပြီး နုရှောင့်မြို့ တည်နေရာဆီသို့ လှမ်းကြည့်ကာ ဦးတိုက်နေ၏။ “ရှမ့်လန် ကျေးဇူးပြုပြီး ကျွန်မအစ်ကိုရဲ့ အသက်ကို ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး ကျန်းကျင်းကို မသတ်ပါနဲ့”

ချောင်ဟောင်၏ ရွက်သင်္ဘောများသည် တဖြည်းဖြည်း ဝေးသွားခဲ့၏။ ကျန်းချွင်းဟွာမှာတော့ ဆက်တိုက် ဆိုသလို ဦးတိုက်ကာ တောင်းပန်လျက် ရှိနေတုန်းပင်။ သူမ၏ နဖူးစပ်ဆီမှ သွေးများပင် ကျဆင်းလာခဲ့သည်။

ကျန်းကျင်းသည် အဖြူရောင်ရဲတိုက်ဆီမှ လှမ်းကာ အော်ဟစ်ခဲ့၏။ သို့ပေမည့် မည်သူမှ မကြားခဲ့ချေ။ သူ၏အဖေကို သတိပေးနိုင်ရန် အလို့ငှာ ကျန်းကျင်းသည် ရဲတိုက်အောက်ဆီသို့ ခုန်ချခဲ့၏။ ချောင်ဟောင်၏ ရွက်သင်္ဘောအားလုံးသည် ဤကဲ့သို့ သူ၏သတ်သေမှုကြောင့် သတိပြုမိသွားလိမ့်မည်ဟု မျှော်လင့်ခဲ့၏။ သို့ပေမည့် မည်သူမှ မမြင်ခဲ့ချေ။ သူသည် သူရဲကောင်းဆန်စွာ သေဆုံးခဲ့၏။ သို့ပေမည့် မည်သူမှ မသိသည့် သူရဲကောင်းဆန်သည့် သေဆုံးမှုမျိုးပင်။

……

All Chapters