အခန်း (၂၄၈)
Vol. 18 Ch. 248
ဟွမ်တုံသည် ဉာဏ်ကောင်းသည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်သည် သူ၏ စိတ်ထဲတွင် ရှိနေသည့် အကြောင်းအရာများကို ဖုံးကွယ်မထားတော့ချေ။
ဟွမ်ဖန်မှာမူ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်မိ၏။ သူမသည် ရှမ့်လန်၏ သက်တော်စောင့် ဖြစ်လာခဲ့ပြီးနောက် မိမိ၏နားကိုပင် ထိုးဖောက်ချင်စိတ်ပေါက်သည်အထိ ခံစားနေမိ၏။
ဟွမ်တုံက ပြောလိုက်သည်။ “အင်း… ဖြစ်နိုင်တာက မိန်းကလေး ချောင်ယောင်းအာ ကြောင့် ဖြစ်လိမ့်မယ်”
“အင်း”
သူ နားလည်ပြီ ဖြစ်၏။ ဤနေရာရှိ စီးပွားရေးသမားများသည် ရှမ့်လန်မှာ ချောင်ယောင်းအာနှင့် ပတ်သက်ဆက်နွယ်နေသည့် လူဖြစ်ကြောင်း သိရှိပြီးဖြစ်ကြ၏။ ထို့ကြောင့် ရှမ့်လန်ဆီ မိန်းမလှလေးများ မပေးပို့ခဲ့ခြင်း ဖြစ်၏။
မဟုတ်ပါက နတ်ဆိုးမသည် သဝန်တိုစွာဖြင့် သူတို့၏ မိသားစုတစ်ခုလုံးကို လာရောက်ကာ သတ်ဖြတ်လျှင် မည်သို့ လုပ်မည်နည်း။
“ဟင်း”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့ လူတွေ အကုန်လုံးက တလွဲတွေးနေတာပဲ။ ကျုပ်က နတ်ဆိုးမ နဲ့ ဘာဆိုင်တာမလို့”
ဟွမ်တုံက ကြောင်အသွားခဲ့၏။ ချောင်ယောင်းအာသည် ကိုယ်ဝန်ပင် လွယ်ထားရသည်။ သို့ပေမည့် သမက်တော်သည် ဘာမှမသက်ဆိုင်သလို အဘယ့်ကြောင့် ပြောဆိုနေရသနည်း။
ရှမ့်လန်က ပြောလိုက်၏။ “ဥပမာအားဖြင့် ခင်ဗျား ဆောင်ကြာမြိုင် သွားဖူးလား”
ဟွမ်တုံသည် အနည်းငယ် ကြောင်သွား၏။ သူ၏ညီမက ဤနေရာတွင် ရှိ၏။ ထိုအကြောင်းနှင့် ပတ်သက်၍ သူ မည်သို့ ပြောရမည်နည်း။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်နဲ့ ချောင်ယောင်းအာကြား အခြေအနေက ဆောင်ကြာမြိုင်သွားခဲ့တာနဲ့ တူတူပဲ”
ဟွမ်တုံက ကြောင်အသွား၏။ “ခင်ဗျား ဆိုလိုတာ ခင်ဗျား သူနဲ့ အိပ်ခဲ့ရုံပဲပေါ့”
“မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “သူက ကျုပ်နဲ့ အိပ်ခဲ့တာ”
ဝမ်းနည်းစရာ ဇာတ်ကြောင်းတစ်ခုပင် ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်က ကျုပ်နဲ့ အိပ်ခဲ့တဲ့အတွက် ကျုပ် ဂုဏ်ယူသင့်တယ်။ ဟုတ်တယ် မဟုတ်လား။ ခင်ဗျား ဘယ်လိုထင်လဲ”
ဟွမ်တုံ၏ ကျောရိုးမကြီးသည် စိမ့်တက်သွားခဲ့၏။ သူ ခေါင်းညိတ်ရမလား၊ မညိတ်ရမလား ဆိုသည်ကို ဝေခွဲမရချေ။ သူ ဟွမ်တုံသည် တကယ့်ကို စကားပြော ညက်ညောလွန်းသူဖြစ်ပြီး နှုတ်သွက်သူလည်း ဖြစ်၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ တကယ်ပင် စကားလုံးများက ပျောက်ဆုံးလို့နေ၏။
“ကောင်းပြီ။ ကျုပ် လုပ်စရာတွေ ရှိသေးတယ်။ ဒီတော့ အရင်သွားတော့မယ်” ဟွမ်တုံက ပြောလိုက်သည်။
ဟုတ်ပေ၏။ ဤကဲ့သို့ ထွက်ခွာသွားခြင်းက မယဉ်ကျေးသည့်အပြုအမူပင်။ သို့ပေမည့် ရှမ့်လန် ထပ်ပြီး ပြောမည့် စကားလုံးများသည် ရှက်ရွံ့စရာဖြစ်ပြီး အနာဂတ်တွင် သူ့အား နောင်တရစရာများပါ ဖြစ်စေနိုင်သည့် အကြောင်းအရာဆိုပါက မည်သို့လုပ်မည်နည်း။ ထို့အတူ စကားပြော မှားပြီး သူ့ကို ရန်ငြိုးဖွဲ့ပါက မည်သို့လုပ်မည်နည်း။ ဤသခင်လေးရှမ့် နဲ့ သူ ရန်သူ မဖြစ်ချင်ပေ။
ဟွမ်တုံသည် တံခါး၏ အပြင်ဘက်ဆီသို့လျှောက်ထွက်ပြီး သူ၏ ညီမကို လှမ်းကာ ကြည့်ရှုလိုက်၏။ ‘အင်း... ဒီညီမက ရုပ်ဆိုးတယ်ဆိုတော့ ကံကောင်းတာပဲ။ မဟုတ်ရင် ရှမ့်လန်က ငါ့ညီမလေးကို လက်လွှတ်ပေးမှာ မဟုတ်ဘူး’
ဟွမ်တုံက သက်ပြင်းချလိုက်သည်။
ဟွမ်ဖန်သည် သူမ၏အစ်ကိုကို တစ်ချက် လှမ်းကြည့်ကာဖြင့် မျက်နှာရိပ်၊ မျက်နှာကဲဖြင့် လှမ်းကာ ပြောလိုက်သည်။ ‘ကျွန်မကို ရုပ်ဆိုးတယ်လို့ ထင်နေတာလား။ ရှင့်အဖေ၊ အမေကို အပြစ်သွားပြောလေ’
ဤမောင်နှမနှစ်ယောက်သည် တကယ့်ကို စိတ်ချင်းဆက်နွယ်လျက် ရှိနေ၏။ တစ်ချက်ကြည့်ရှုသည့် အမူအရာနှင့်ပင်လျှင် ဘာကိုဆိုလိုကြောင်း တစ်ယောက်နှင့်တစ်ယောက် သိရှိနေကြ၏။
............
ရဲတိုက်ကြီး၏ အကောင်းမွန်ဆုံးသော စာကြည့်ခန်းထဲမှာတော့ အန်းစိုက်ထျန်းသည် နံရံကို ဆေးပန်းချီ ဆွဲလျက် ရှိနေ၏။ နံရံ၏ တစ်ဖက်ခြမ်းအား အဖြူရောင် ရေးခြယ်ပြီးသား ဖြစ်၏။ ဤနံရံကြီး၏ မျက်နှာပြင် တည်နေရာကြီးက ကြီးမားလွန်းပြီး ရန်သူပေါင်းများစွာတို့၏ နာမည်ကို ရေးသားနိုင်စွမ်း ရှိသည်။
ကျန်းချုံးသည် သဘက်ခါ လာရောက်ကာ ညှိနှိုင်းဆွေးနွေးပေလိမ့်မည်။ ကျင်းမိသားစုနှင့် ကျန်းချုံးတို့၏ တိုက်ပွဲက အချိန်အတိုင်းအတာတစ်ခုအတွင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ဆက်လက်ညှိနှိုင်းမည့် ကိစ္စရပ်များ၌လည်း အနိုင်ရရှိသူ၊ ရှုံးနိမ့်သူဟူ၍ ပေါ်ပေါက်နှင့်ပြီးဖြစ်၏။
ပြီးနောက် ဘုရင်မင်းမြတ်နှင့် နိုင်ငံရေးရာ ကစားပွဲတစ်ခုကို ကစားရပေလိမ့်မည်။ ကျန်းချုံးသည်သာ လုံလောက်အောင် အောင်မြင်စွာ ညှိနှိုင်းနိုင်ပါက ကျင်းမိသားစုနှင့် ဘုရင်မင်းမြတ်၏ကြား ကစားပွဲသည် ရိုးရှင်းသွားပေလိမ့်မည်။
ဆရာလန်သည် နံရံပြောင်ကြီးကို လှမ်းကာ ကြည့်ရှု၏။ သူ၏ ရန်သူတော်တော်များများတို့က သေဆုံးသွားခဲ့ပြီဖြစ်၏။ သူ လောကကြီးထဲသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ဝက်သာ ကြာမြင့်သေး၏။ သူ ရန်သူ မည်မျှကို ဖန်တီးခဲ့သနည်း။
ဟင်း.. မတတ်နိုင်ချေ။ အလွန်ထူးချွန်သည့်လူများသည် ရန်သူပေါများသည်။ သို့ပေမည့် သူ မထင်မှတ်ခဲ့ချေ။ နှစ်ဝက်အတွင်း သူ ရန်သူပေါင်းများစွာကို သတ်ဖြတ်ပစ်ခဲ့ပြီးဖြစ်၏။ ထျန်းဟန်၊ ရှစ်ကွမ်းယွမ်၊ ဝမ်လျှံ၊ လင်းဝူ၊ လင်းကျိုး၊ ကျူးလန်ထင်၊ ကျန်းကျင်း စသည်ဖြင့် ...။
သို့ပေမည့် အဘယ့်ကြောင့် ရန်သူများက ထပ်ကာ ပေါ်လာရသနည်း။
ထိုရန်သူများ၏ နာမည်ကို နံရံတွင် ရေးထိုးရန် ဆိုသည်မှာ မလွယ်ကူချေ။ အဘယ့်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်၊ အိမ်ရှေ့စံ၊ တတိယမင်းသား၊ စတုတ္ထမင်းသား။ ဤလူများ၏ နာမည်ကို ရေးသား၍ မဖြစ်ချေ။ ခဏလောက် တွေးတောပြီးနောက် ရှမ့်လန်သည် နံရံထက်တွင် စာလုံးကို ရေးသားလိုက်၏။
စုမိသားစု၊ ရွှယ်မိသားစု။ ကျန်းယွမ်နယ်စားအိမ်တော်၏ စုမိသားစုနှင့် ဝူအန်းမြို့စားအိမ်တော်ဆီမှ ရွှယ်မိသားစု။
ဤမိသားစုနှစ်ခုတို့သည် လက်စားချေရန်အတွက် အကောင်းဆုံးပစ်မှတ်ပင် ဖြစ်၏။ ရွှယ်မိသားစုသည် ဘိုးဘေးကြီး ကျင်းကျုးဆီမှ ကြင်နာမှုကို လက်ခံရရှိခဲ့၏။ နှစ် ၂၀ ကြာပြီးနောက်မှာတော့ ကျင်းယုမြို့စားကြီးကို သစ္စာဖောက်ပြီး စစ်သည်တော်ပေါင်း တစ်သောင်းကျော်ကို တစ်ဖက်လူ၏ လက်ထဲသို့ ထိုးကျွေးစေခဲ့၏။
မကြာသေးခင်က ရွှယ်ဖန်သည် စေ့စပ်ပွဲကို လာရောက်ကာ ဖျက်သိမ်းခဲ့ပြီး ရွှယ်မိသားစု၏ ဆက်ခံသူ တစ်ယောက်အနေနှင့် အကြွေးများကိုပင် ဖိအားပေးကာ လာရောက်ကာ တောင်းခံခဲ့သေး၏။ ယင်ယွမ် အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး ဒုက္ခပေးရန် ကြံစည်ခဲ့ခြင်းပင်။
စုမိသားစု ပြုလုပ်ခဲ့သည့် ပြစ်မှုများမှာတော့ ကျိန်းသေပေါက် များပြားလွန်း၏။ စုကျန့်ထင်သည် မူလန်နှင့် စေ့စပ်ခဲ့၏။ ထိုအရာတစ်ခုနှင့်ပင် တစ်ဖက်လူသည် သေဆုံးရန် ထိုက်တန်နေပြီ ဖြစ်၏။
ထိုတင်သာမကသေးချေ။ ခမည်းခမက်များအနေနှင့် စုမိသားစုသည် ထန်းလွမ် အနိုင်ရရှိရန်အတွက် တိတ်တဆိတ် ကူညီခဲ့သေး၏။ ဥပမာအားဖြင့် ကျင်းချန်ကျွန်း တိုက်ပွဲမျိုးတွင် ဖြစ်သည်။
ဤအချိန်မှာတော့ ရှမ့်လန်သည် စုကျန့်ထင် ရွှမ်ဝူအိမ်တော်ကို တိတ်တဆိတ်ဝင်ကာ တိုက်ခိုက်ခဲ့ကြောင်း မသိသေးချေ။ သူသည် အလုံးစုံသော အကြောင်းအရာများကို ကြိုတင် စဉ်းစားနိုင်လောက်အောင် နတ်ဘုရား မဟုတ်သောကြောင့်ပင်။ ထို့ကြောင့် စုကျန့်ထင်၏ လှုပ်ရှားမှုကို သူ တစ်ချက်ကလေးမှ မတွေးတောမိခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် လျှို့ဝှက်စာကို မီးရှို့ခဲ့ပြီးဖြစ်ကြောင်း သူ၏ ယောက္ခထီးက သေသေချာချာ ရှင်းပြခဲ့ပြီး မြို့စားကြီး စုနန်ကလည်း ယုံကြည်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့၏။ ဤလျှို့ဝှက်စာကို မီးရှို့ခဲ့ခြင်းအားဖြင့် စုမိသားစုနှင့် ကျင်းမိသားစုတို့ကြားတွင် သံသယအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။ အိမ်တော်ထဲဝင်ပြီး လျှို့ဝှက်စာကို လာလုစရာအကြောင်းအရင်း မရှိတော့ချေ။
ကျင်းမိသားစုသည် လက်ထဲတွင် ရှိနေသော လျှို့ဝှက်စာကို မီးမရှို့ခဲ့ကြောင်း သတင်းကို မည်သူက ပေးခဲ့သနည်း။ သေချာပေသည်။ ဤအရာမှာ ဆန်းကြယ်သည့် အရာအဖြစ် ကျန်ရှိခဲ့လေ၏။
မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်သည် လက်ရှိအချိန်၌ ဝေခွဲမရဖြစ်လို့နေသည်။ မည်သည့်မိသားစုကို အရင်ဆုံး လက်စားချေရမည်နည်း။ ရွှယ်မိသားစုလား၊ သို့မဟုတ် စုမိသားစုလား။
ဤအချိန်မှာတော့ ကျင်းဟွေ့သည် ရှေ့ဆီသို့ လှမ်းတက်ကာ ပြောလိုက်၏။ “သခင်လေး... မိန်းကလေး ချောင်ယောင်းအာ ထွက်သွားပါပြီ”
နတ်ဆိုးမ ချောင်ယောင်းအာသည် နုရှောင့်မြို့ထဲတွင် လှည့်လည်ကာ လမ်းလျှောက်လျက် ရှိနေ၏။ သူမ လမ်းလျှောက်သွားသည့် နေရာတိုင်းတွင် လူတစ်ဦးတလေမှ မရှိချေ။ မည်မျှရှုပ်ထွေးသည့် လမ်းမကြီးမဆို သူမ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် ယောက်ျားအားလုံးသည် ချက်ချင်း ထွက်ပြေးကြ၏။ သူမ၏ ၁၀ မီတာ ပတ်လည်အတွင်းတွင် မည်သူမျှ မနေရဲချေ။ အားလုံးတို့သည် သရဲတစ္ဆေကို တွေ့ရသကဲ့သို့ပင် ကြောက်လန့်နေကြသည်။
သူမကတော့ ဂရုမစိုက်ချေ။ ကြီးမားလွန်းသည့် ဓားကြီးကို ကိုင်ဆောင်ပြီး လမ်းလျှောက်လျက်ရှိနေသည်။ သူမ၏ ဘေးတစ်ဖက်တစ်ချက်တွင် မည်သူမှလည်း မရှိချေ။ အသက်ရှစ်နှစ်အရွယ်က သူမသည် ပင်လယ်ပြင်ထက်တွင် လွင့်မျောခဲ့၏။ ထိုအသက်ရှစ်နှစ်အောက် မည်သည့်မှတ်ဉာဏ်မှ သူမ၌ မရှိတော့ချေ။
သူမ မှတ်မိနေသည်မှာ အသံတစ်ခုသာ ဖြစ်၏။ သူမ သေသေချာချာ အလုံးစုံ မှတ်မိခြင်းမျိုး မဟုတ်ချေ။ ခပ်ဝါးဝါး မှတ်မိသလောက်ဆိုလျှင် သူမ အိပ်ပျော်ခါနီးအချိန်တိုင်း ထိုလူသည် သူမကို ဇာတ်လမ်းပုံပြင်များ ပြောပြခဲ့ခြင်းပင်။ ခန့်မှန်း၍မရနိုင်သည့် အသံတစ်ခုဖြစ်ပြီး အသံပိုင်ရှင်သည် သူမ၏ ဘဝအတွက် အရေးကြီးဆုံး လူတစ်ယောက် ဖြစ်လိမ့်မည်။
ဤဘဝကြီးထဲတွင် မည်သူမှသည် သူမ၏နှလုံးသားထဲသို့ ဝင်ရောက်မလာခဲ့ချေ။ သူမကလည်း မည်သူ့ကိုမှ ဂရုမစိုက်ခဲ့ချေ။ သူမ၏ ဆရာဆိုလျှင်တောင်မှ စိတ်ထဲတွင် မထားပေ။
ဘဝတစ်သက်တာလုံးတွင် သူမအတွက် အရေးကြီးသော အရာသည် ထိုအသံပိုင်ရှင် တစ်ယောက်သာလျှင် ဖြစ်၏။ သူမသည် ပင်လယ်ထဲသို့ ပြုတ်ကျစဉ်က ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့၏။ ထို့ကြောင့် မည်သည့်အရာကိုမှ မမှတ်မိတော့ချေ။ သူမ သိသည်မှာ သူမသည် တစ်စုံတစ်ယောက်ကို စောင့်နေခြင်းပင် ဖြစ်၏။ ထိုလူသည် ယောက်ျားလား၊ မိန်းမလား၊ သေသလား၊ ရှင်သလား မသိရှိချေ။
ဤခပ်ဝါးဝါး မှတ်ဉာဏ်များနှင့်သူမ၏ အသက်ကို ချောင်ထျန်းဝေက ကယ်တင်ခဲ့၏။ ပြီးနောက် သူမသည် နှစ် ၂၀ လုံးလုံး နုရှောင့်မြို့ထဲတွင် အခြေချနေထိုင် ကြီးပြင်းခဲ့၏။ ပြီးနောက် ... ပြီးနောက်ဟူ၍ မရှိတော့ချေ။ ယခု သူမသည် နုရှောင့်မြို့ထဲတွင် နေချင်စိတ်မရှိတော့ပေ။
သူမသည် ရွက်သင်္ဘောအားလုံးကို စတင်ကာ စုစည်းစေခဲ့၏။ တိုက်ရိုက် တပည့်ပေါင်း ၂၀၀၀ ကျော်တို့သည် ဆိပ်ကမ်းတွင် စုစည်းနေကြသည်။ ထိုသူတို့ အားလုံးကလည်း အမျိုးသမီးများ ဖြစ်သည်။ အဖြူရောင်ရဲတိုက်ကြီးဆီမှ သနားဖွယ်ကောင်းသော မိန်းကလေးများလည်း ပါဝင်၏။ ထိုသူများက ၁၀၀ ကျော်ခန့် ရှိ၏။ သူမနှင့်အတူ အားလုံးက လိုက်ပါကြပေလိမ့်မည်။
ဟင်း.. သူမသည် ရှမ့်လန်ကို နှုတ်ဆက်စကား မဆိုချေ။ ထို့အတူ ထပ်မံကာ တွေ့ဆုံချင်စိတ်လည်း မရှိချေ။ အဘယ်သို့ နှုတ်ဆက်ရမည်နည်း။ သို့ပေမည့် ဤမြို့ကြီးထဲတွင် နှစ် ၂၀ ကျော်ကြာ နေထိုင်အသက်ရှင်ခဲ့၏။ ထို့ကြောင့် နောက်ဆုံးနှုတ်ဆက်သည့် အနေနှင့် မြို့တစ်ပတ်လမ်းလျှောက်နေခြင်းသာ ဖြစ်၏။
ယနေ့မှစ၍ သူမ ... ချောင်ယောင်းအာသည် လောကကြီးအနှံ့သို့ လှည့်လည်ကာ သွားပေတော့မည်။ သူမ၏ အိပ်မက်ရှိရာနောက်သို့ လိုက်ပါတော့မည်။ ဘာမှန်းမသိသည့်နေရာများကို လှည့်လည်သွားလာရင်း စွန်းစားခန်းများကို ရှာဖွေရပေလိမ့်မည်။
ကိုယ်ဝန်ရှိသော အမျိုးသမီးသည် ရွက်လွှင့်ခြင်း မပြုရဟု မည်သူ ပြောဆိုခဲ့သနည်း။ သူမ၌ ကောင်းကင်ကို ငြင်းပယ်ရလောက်သည့် သွေးမျိုးဆက် တည်ရှိနေသောကြောင့် မည်သည့်အရာကို ကြောက်လန့်ရမည်နည်း။ သူမသည် ရှစ်လအကြာတွင် အကောင်းမွန်ဆုံးကုန်းမြေတစ်ခုကိုရှာဖွေပြီး ကလေးကို မွေးဖွားမည်ဟု ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်၏။ ပြီးသည့်နောက် လောကကြီးအနှံ့သို့ လှည့်လည်ကာ လျှောက်သွားမည်။
နုရှောင့်မြို့က ကြီးမားလွန်း၏။ သို့ပေမည့် သူမ၏ ခြေတံက ရှည်လွန်းလှ၏။ ဆိပ်ကမ်းဆီသို့ လျင်လျင်မြန်မြန် ပြန်လည်ကာ ရောက်ရှိလာခဲ့၏။ ရွက်သင်္ဘော ၂၀ ပေါ်တွင်တော့ မိန်းကလေးပေါင်းများစွာတို့သည် သူတို့ နေထိုင်ခဲ့ဖူးသည့် တည်နေရာကြီးကို လှမ်းကာ ကြည့်ရှုနေမိ၏။ သူတို့ မထွက်ခွာချင်ပေ။ သို့ပေမည့် ချောင်ယောင်းအာ ၏ တည်နေရာကသာလျှင် သူတို့၏ အိမ်ဖြစ်၏။
“သွားကြစို့”
“နေအုံး... နေအုံး”
ရှမ့်လန်က ရောက်ရှိလာခဲ့၏။ “ခင်ဗျား ဒီလိုပဲ အလျင်စလို ထွက်သွားတော့မှာလား”
ချောင်ယောင်းအာက တစ်ချက်ကလေးမှ ပြန်မဖြေခဲ့ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “ကျန်းချုံးနဲ့ ချောင်ဟောင်တို့ ကျုပ်ကို လာတိုက်ရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျား မရှိဘူးဆိုရင် ကျုပ် ဘယ်လိုလုပ် အဆင်ပြေပြေ နေနိုင်တော့မှာလဲ။ အခု ကျုပ်တို့ ကောင်းကင်လေကျွန်းကို သွားပြီးတော့ ချောင်ဟောင်ကို သတ်ပစ်ရမှာ မဟုတ်ဘူးလား”
ချောင်ယောင်းအာသည် အံကို တင်းတင်းကြိတ်လိုက်၏။ သူမနှင့် ကျန်းချုံးတို့ကြားတွင် ရန်ကြွေးဟူ၍ မရှိချေ။ သူမ ကျန်းကျင်းကို သတ်ဖြတ်ခဲ့ခြင်းဆိုသည်မှာ သူမ၏ နှလုံးသားထဲတွင် ရှိနေသည့် ဒေါသတရားများကို ဖြေလျှော့ခဲ့ခြင်းသာ ဖြစ်၏။
ပထမဦးဆုံး ဤအချိန်တွင် နှလုံးသားထဲတွင် ရှိနေသည့် ဒေါသတရားများကို ဖောက်ခွဲမှ ဖြစ်ပေလိမ့်မည်။ ဒုတိယအားဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျန်းကျင်းနှင့် ရင်ဆိုင်တွေ့ခဲ့၏။ တတိယအားဖြင့် သူမသည် ရှစ်ချင်းချင်းအတွက် လက်စားချေခဲ့ခြင်းပင် ဖြစ်လေ၏။ ရှမ့်လန်နှင့် ဘာဆိုင်နေသနည်း။
ချောင်ယောင်းအာနှင့် ချောင်ဟောင်တို့သည် တစ်ဖက်တည်းသားများ ဖြစ်၏။ ထို့အပြင် ချောင်ဟောင်သည် ယောက်ျားများကိုသာ နှစ်သက်သူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ချောင်ယောင်းအာသည် ထိုသူကို တစ်ချက်ကလေးမှ မမုန်းတီးခဲ့ချေ။
“ခင်ဗျား တကယ်ပဲ ထွက်သွားတော့မှာလား” ရှမ့်လန်က သက်ပြင်းချလိုက်၏။
“ဟုတ်တယ်”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ရှင် ပြောစရာရှိရင် မြန်မြန်ပြော။ ကျွန်မ အချိန်တွေကို ဖြုန်းမနေနဲ့”
‘မသွားခင်မှာ ကျုပ်တို့ မိတ်ဖြစ်ဆွေဖြစ် တစ်ကြိမ်လောက် အိပ်လို့ရသေးလား။’
ဟုတ်ပေ၏။ ရှမ့်လန်သည် ထိုအရာကို စိတ်ထဲမှာသာ ပြောဆိုခဲ့ခြင်းသာ ဖြစ်၏။ အပြင်ဘက်သို့ ထုတ်ပြောပါက မသေဆုံးလျှင်တောင်မှ အရိုးအားလုံးတော့ ကျိုးသွားနိုင်၏။
ရှမ့်လန်သည် ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း ဇာတ်လမ်းတွဲ၏ မိတ္တူကို ထုတ်ယူပြီး ချောင်ယောင်းအာဆီသို့ ကမ်းပေးလိုက်သည်။
“ခင်ဗျား ကျုပ်ကို မုန်းနေတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကို ဒုက္ခမခံနဲ့။ စာအုပ်ကောင်းဆိုတာ ဖတ်ကို ဖတ်သင့်တယ်လေ”
ချောင်ယောင်းအာသည် ထူထဲသည့် စာအုပ်ကြီးနှစ်အုပ်ကို လှမ်းယူလိုက်၏။
“ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း။ ဒါ ဘာလဲ” ချောင်ယောင်းအာက မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ပါရမီရှင်တစ်ယောက်က စေ့စပ်ထားတဲ့ မိန်းကလေးရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတယ်။ ပြီးတော့ သူက ကောင်းကင်ရဲ့အထက်ထိတောင် မြင့်တက်သွားခဲ့တယ်။ စေ့စပ်ခဲ့တဲ့ မိန်းမကို ဖျက်ဆီး သတ်ဖြတ်နိုင်ခဲ့ပြီး သူမရဲ့ ဆရာနဲ့တောင် အိပ်နိုင်ခဲ့တယ်”
ချောင်ယောင်းအာသည် မျက်လုံးများ ချာချာလည်သွားခဲ့သည်။ “မဆိုးဘူး။ စိတ်ဝင်စားစရာပါပဲ”
ချောင်ယောင်းအာ သည် စာအုပ်နှစ်အုပ်ကို သိမ်းဆည်းလိုက်၏။ သို့ပေမည့် ဤစာအုပ်နှစ်အုပ်သည် အဆုံးသတ် မရှိကြောင်းကိုတော့ သူမ မသိရှိချေ။
အနောက်ဘက်သို့ ခရီးသွားခြင်း ဇာတ်လမ်းတွဲသည် စာလုံးရေ တစ်သောင်းကျော် ကျန်ရှိနေသေးပြီး ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းမှာတော့ စာလုံးရေ တစ်သိန်းကျော်ပင် ကျန်ရှိနေ၏။ အတိုချုပ်အားဖြင့် ဆိုလျှင် အရေးအကြောင်း အခြေအနေမျိုးတွင် သူသည် ချောင်ယောင်းအာကို ထပ်မံကာ တွေ့ချင်သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် မပြီးသေးသော စာအုပ်ကို ပေးခဲ့ခြင်းဖြစ်သည်။
စာအုပ်ကို ဖတ်ပြီးချိန်တွင် ဤနတ်ဆိုးမသည် အံကို ကြိတ်ကာဖြင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေပေလိမ့်မည်။
ဤမြင်ကွင်းကိုမြင်ယောင်ရင်း ရှမ့်လန်သည် တကယ်ပင် စိတ်ကျေနပ်လျက် ရှိနေ၏။ ဆရာလန်၌ တိုက်ခိုက်ရေးစွမ်းရည် မရှိချေ။ သို့ပေမည့် ချောင်ယောင်းအာကို ဤကဲ့သို့ လက်စားချေရန် ကြိုးစားခဲ့၏။
ချောင်ယောင်းအာသည် စာအုပ်နှစ်အုပ်ကို သိမ်းဆည်းပြီး ထွက်ခွာသွားခဲ့သည်။
ရှမ့်လန်သည် ဗိုက်ထဲမှ ကလေးကို ဂရုစိုက်ရန် လှမ်းကာ ပြောဆိုချင်မိ၏။ သို့ပေမည့် ဤစကားလုံးများက အဓိပ္ပာယ်မရှိချေ။ ချောင်ယောင်းအာကလည်း သူ၏ စကားကို နားထောင်လိမ့်မည် မဟုတ်ချေ။ ပိုမို၍ အရေးကြီးမားသည်မှာ သူမ၏ ဗိုက်ထဲတွင်ရှိနေသည့် ကလေးသည် သူမ၏ကလေးဖြစ်ပြီး ရှမ့်လန်နှင့် ဘာမှမသက်ဆိုင်ဟု ချောင်ယောင်းအာက သတ်မှတ်ထားခဲ့သောကြောင့်ပင်။
ရွက်သင်္ဘောပေါ် တက်ပြီးနောက် ချောင်ယောင်းအာသည် ရှစ်ချင်းချင်းကို လှမ်းကြည့်ကာ မေးလိုက်၏။ “ချင်းချင်း... ကျွန်မနဲ့ လိုက်ခဲ့မှာလား”