အခန်း (၂၄၉)
Vol. 18 Ch. 249
ရှစ်ချင်းချင်းသည် အမှတ်မထင် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူမသည် စိတ်ထဲ၌ လွန်ဆွဲလျက် ရှိနေ၏။ ဤကဲ့သို့သော လွန်ဆွဲမှုသည် မနေ့တည်းက ဖြစ်ခဲ့ခြင်းပင်။ ကျန်းကျင်း သေဆုံးပြီးနောက် သူမ မည်သည့် လက်စားချေဖို့ကိုမှ မပြုလုပ်ချင်တော့ချေ။
ထိုသို့ဆိုလျှင် သူမ ဘာဆက်လုပ်ရမည်နည်း။
ချောင်ယောင်းအာသည် သူမ၏စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီး သူမ၏ ကယ်တင်ရှင်၊ သူမ၏ ဘဝကို လမ်းညွှန်သူ၊ သူမ၏ အလင်းပြသူတစ်ယောက် ဖြစ်၏။ သူမသည် ကျိန်းသေပေါက် ချောင်ယောင်းအာ နောက်သို့ လိုက်ချင်၏။
သို့ပေမည့် ချောင်ယောင်းအာ၏ ဘေးနားတွင် ရှိနေသည့် အမျိုးသမီးများကို ကြည့်ရှုရင်း တစ်ဖက်လူအား တွယ်ကပ်မှီခိုနေထိုင်နေသည့် လူများကဲ့သို့ ခံစားနေမိ၏။ ထိုကဲ့သို့သော စိတ်အာရုံမျိုး သူမ၌ မရှိချေ။ ချောင်ယောင်းအာက တောက်ပလွန်း၏။ သူမဘေးနားတွင် နေထိုင်ရင်း မိမိ၏ တည်ရှိနေမှုကလည်း ပျောက်ကွယ်သွားနိုင်၏။
‘ကျွန်မ ရှင်ကို စံပြပုဂ္ဂိုလ်အဖြစ် ချီးကျူးတယ်။ သဘောလည်း ကျတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို အဝေးကနေပဲ ကြည့်နေတော့မယ်’
သူမသည် ရှမ့်လန်ဆီသို့ အကြည့်ပို့လိုက်၏။ ဤလူမှာတော့ ပိုမို၍ ယုတ္တိတန်၏။
ရှစ်ချင်းချင်း ရှမ့်လန်ကို ကြည့်ရှုနေကြောင်း မြင်ရချိန်မှာတော့ ချောင်ယောင်းအာသည် မျက်မှောင်ကြုတ်မိ၏။ ရှစ်ချင်းချင်း တစ်ယောက် လူမှား၍ မကိုးကွယ်မိစေရန် သူမ သတိပေးချင်၏။ ရှစ်ချင်းချင်းသည် ယောက်ျားများ၏ စိတ်မိစ္ဆာဆိုးဆီမှ လွတ်မြောက်နိုင်ခဲ့သည်မှာ မကြာသေးချေ။ အဘယ်သို့ အခြားယောက်ျားတစ်ယောက်ဆီသို့ သွားချင်နေသနည်း။
ရှစ်ချင်းချင်းသည် ရှမ့်လန်ကို ရဲရဲတင်းတင်း ကြည့်ရှုပြီး တုံ့ပြန်မှုကို စောင့်မျှော်လျက် ရှိနေ၏။ ‘ချောင်ယောင်းအာ ကျွန်မကို ခေါ်သွားချင်တယ်။ ရှမ့်လန်... ရှင် ကျွန်မကို ခေါ်ထားချင်လား’ သူမ၏ စိတ်အတွေးက ထိုကဲ့သို့ပင်။
ရှမ့်လန်သည် ရှစ်ချင်းချင်း၏ အကြည့်ကို ရှောင်လွှဲကာဖြင့် ပြောလိုက်သည်။ “ခင်ဗျား... ခင်ဗျား နေခဲ့ရင်ရော”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “နေပြီးတော့ ရှင်ရဲ့ မယားငယ် လုပ်ရမှာလား”
“ကျုပ်ရဲ့ မယားငယ် ဟုတ်လား”
ရှမ့်လန်က ပြောလိုက်သည်။ “ဘယ်လိုဖြစ်မှာလဲ။ ခင်ဗျားကို ကျုပ် ဒီလို ဆက်ဆံလို့ပဲ ဘယ်ဖြစ်ပါ့မလဲ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှင် ဆိုလိုတာ ရှင် မူလန်ကို ချစ်တယ်။ ပြီးတော့ ကျွန်မကို မယားငယ်အဖြစ် မယူချင်ဘူး။ အလိုရှိတိုင်းသုံးလို့ရတဲ့ အိမ်စေအဖြစ်ပဲ ထားချင်တာပေါ့”
ဟုတ်ပေ၏။ ဤကဲ့သို့သော နည်းလမ်းမျိုးနှင့် ရှင်းပြ၍ ရ၏။ ရှမ့်လန်သည် တကယ့်ကို တဏှာရူးပင်။
‘မိန်းကလေး... မင်း ဒီလိုမျိုး တွေးတောတတ်တယ်ဆိုတော့ မဆိုးဘူးပဲ’
ချောင်ယောင်းအာသည် ဘေးတစ်ဖက်ဆီမှ ပြောလိုက်၏။ “ရှစ်ချင်းချင်… မင်း စကားတစ်ခွန်းသာ ပြောလိုက်။ ကျွန်မ သူ့ကို သတ်ပစ်မယ်”
ရှစ်ချင်းချင်းက ရယ်မောလိုက်သည်။ “သူက တဏှာရူးပဲ။ ကျွန်မ သူ့ကို စပြီး သိခဲ့စဉ်တည်းက ဒီလိုပဲလေ”
ချောင်ယောင်းအာက ပြောလိုက်၏။ “ဒါဆိုရင် ရှင် ကျွန်မနဲ့ မလိုက်ချင်ဘူးလား”
ရှစ်ချင်းချင်းသည် ခေါင်းကို ခါယမ်းလိုက်သည်။ “သခင်မလေး.. ရှင် ကျွန်မရဲ့ စိတ်ဝိညာဉ်တစ်ခုလုံးကို ပြန်လည် ကုစားပေးခဲ့ပြီ။ ဘဝသစ်တစ်ခုတောင် ဖန်တီးပေးခဲ့တယ်။ ရှင့်ရဲ့ ကြင်နာမှုတွေကို ပြန်လည်ပေးဆပ်နိုင်ဖို့အတွက် ကျွန်မ အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်သွားပါ့မယ်။
ကျွန်မ အဖေရဲ့ ရည်မှန်းချက်တွေကြောင့် ရှစ်မိသားစုက ဖျက်ဆီးခံခဲ့ရတယ်။ ကျွန်မ အိမ်ကိုပြန်ပြီး ရှစ်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်တည်ထောင်ရမယ်။ ရှစ်မိသားစုက မျိုးမတုန်းသေးဘူး။ ကျွန်မဆီမှာ အဘွားနဲ့ မောင်ငယ်လေးတစ်ယောက် ရှိသေးတယ်။ သူတို့က ကျွန်မရဲ့ ကာကွယ်မှုကို လိုအပ်နေသေးတယ်”
ရှစ်ချင်းချင်း သူ့ကို စနောက်နေခြင်းဖြစ်ကြောင်း ရှမ့်လန် သိရှိ၏။ သူမသည် ရှမ့်လန်၏ မယားငယ်အဖြစ် နေထိုင်ချင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူမ ချစ်ခင်မြတ်နိုးရသူဆိုလျှင်တောင် ထိုသို့နေထိုင်ဖို့ကို စဉ်းစားပေလိမ့်မည်။ သူမသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ အမှီခိုကင်းမဲ့ပြီး သန်မာအားကောင်းသည့် မိန်းကလေးတစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့၏။
သူမသည် ချောင်ယောင်းအာနှင့် မတူချေ။ သို့ပေမည့် အနည်းဆုံး ချောင်ယောင်းအာကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထား၏။ ယခုအချိန်မှာတော့ သူမ ရှစ်ချင်းချင်းသည် မည်သည့်အရာကိုမှ မမှီခိုခဲ့ချေ။ ယောက်ျားများက မယုံကြည်ရချေ။ ရှမ့်လန် ဤတဏှာရူးသည် အလွန် ချောမောသည်ဆိုလျှင်တောင်မှ မယုံကြည်ရချေ။ သူမ .. ရှစ်ချင်းချင်းသည် မိမိကိုယ်ကိုသာ အားကိုးရပေလိမ့်မည်။
ချောင်ယောင်းအာသည် ခန္ဓာကိုယ်ကို အသာကွေးညွတ်ပြီး ရှစ်ချင်းချင်းကို လှမ်းကာ ဖက်လိုက်၏။ ပြီးနောက် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။
ခဏလောက်ကြာပြီးသည့်နောက် ချောင်ယောင်းအာ၏ ရွက်သင်္ဘောများသည် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
နေက ဝင်သွားခဲ့၏။ ရွက်သင်္ဘောအားလုံးသည် မိုးကုတ်စက်ဝိုင်း၏ အစွန်းဘက်ဆီမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
နတ်ဆိုးမက ထွက်ခွာသွားခဲ့ပြီ။ ဒဏ္ဍာရီသည် ဤနေရာတွင် ကျန်ရစ်ခဲ့၏။ သူမသည် လောကသစ်တစ်ခုကို ရှာဖွေရန် ထွက်ခွာသွားခဲ့ပြီး စိတ်ဆန္ဒ၏ စေညွှန်ရာအတိုင်း ပြုမူပေတော့မည်။ ရှစ်ချင်းချင်းမှာတော့ ချောင်ယောင်းအား စီးနင်းသွားရာ ရွက်သင်္ဘောကြီး၏ ပဲ့ပိုင်းကို လှမ်းကာ ကြည့်နေပြီး တအိအိနှင့် ရှိုက်ငိုလျက် ရှိနေသည်။
......
ရဲတိုက်ကြီး၏ထိပ် အမြင့်ဆုံး တည်နေရာတွင်တော့ .....
ကျန်းချွင်းဟွာသည် သူမ၏ အဖေရှေ့တွင် ဒူးထောက်ကာ ထိုင်နေ၏။ ကျန်းချုံးသည် အသက်ဆယ်နှစ်လောက် ပိုမိုကာ အိုမင်းသွားပုံ ပေါ်၏။ သူ၏ ခါးပင်လျှင် ကုန်းလျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် ငြိမ်သက်နေ၏။ မည်သည့် လှုပ်ရှားမှုမှ မရှိချေ။
မှောင်သွားခဲ့ပြီ ဖြစ်၏။ ဤနေရာတွင် မည်သည့် ဖယောင်းတိုင်မှ ထွန်းညှိထားခြင်း မရှိချေ။ အရှေ့တွင် ရှိနေသည့် မိမိ၏ လက်ချောင်းကိုပင် မမြင်ရနိုင်သည့် အခြေအနေမျိုးပင်။ မီးပြတိုက်တွင် ရှိနေသည့် အလင်းရောင်၏ အလင်းက တစ်ခါတစ်ရံ ရောက်ရှိလာသည်။
အခန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပြီး ကျန်းချွင်းဟွာ၏ ရှိုက်ငိုသံနှင့် လှိုင်းပုတ်သံ တချို့ကိုသာလျှင် ကြားရ၏။
“အဖေ... နုရှောင့်မြို့ ပါသွားပြီ။ အစ်ကို .... အစ်ကို… သူ… သူ အသက်မရှင်လောက်တော့ဘူး” ကျန်းချွင်းဟွာသည် သူ့အဖေ၏ ခြေထောက်ကို အသာဖက်ကာဖြင့် ငိုယိုလျက် ရှိနေသည်။
“ငါ သိတယ်။ ငါ သိတယ်”
ကျန်းချုံးက လက်ကို အသာဆန့်တန်းပြီး သူ့သမီး၏ ဦးခေါင်းကို အသာ ပွတ်သပ်လိုက်၏။ သူ၏ အသံသည် တကယ့်ကို ခြောက်ကပ်လျက် ရှိနေ၏။
ကျန်းချွင်းဟွာသည် အံကို ကြိတ်ကာဖြင့် ပြောလိုက်သည်။ “သမီး ကျိန်ဆိုတယ်။ ကျွန်မ အစ်ကို့အတွက် ရှမ့်လန်ကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် ခုတ်သတ်မယ်”
“မဟုတ်ဘူး။ လက်စားချေဖို့ အကြောင်းကို မစဉ်းစားနဲ့”
ကျန်းချုံးက ပြောလိုက်၏။ “နိုင်ငံရေးအရ ရန်သူတွေပဲလေ။ သေမျိုးရန်သူတွေမှ မဟုတ်တာ။ မနက်ဖြန် ငါ နုရှောင့်မြို့ကို သွားပြီး ရှမ့်လန်နဲ့ စကားပြောရမယ်။ ဒီကိစ္စကို ပြန်ပြီးတော့ ဖြေရှင်းရအုံးမယ်”
…
အလွန်ရှုပ်ထွေးလွန်းသော နေ့ရက်များ ကုန်လွန်သွားခဲ့ပြီးနောက် နုရှောင့်မြို့သည် တိတ်ဆိတ် ငြိမ်သက်သည့် အခြေအနေဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ မြို့ကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အိပ်မောကျလျက် ရှိနေ၏။
နုရှောင့်မြို့ထဲတွင် ရုတ်တရက် စည်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး မီးပြတိုက်ဆီမှလည်း မီးများ ထိန်ထိန်ညီးလာခဲ့၏။ ရဲတိုက်ထဲတွင် ရှိနေသည့် စစ်သည်ပေါင်းများစွာတို့သည် လူးလဲထလာခဲ့ကြ၏။ သူတို့သည် လက်နက်များကို ဆွဲကိုင်ကာဖြင့် တိုက်ခိုက်ရန် အသင့်အနေအထား ရှိနေကြသည်။
မြို့ထဲရှိ ကုန်သည်များသည်လည်း နားစွင့်ကာ ထောင်ထားကြ၏။ ဤတစ်ကြိမ်တွင် မည်သည့် ရန်သူ ရောက်ရှိလာသနည်း။ ကျန်းချုံးများ ဖြစ်နေသည်လား။
မဖြစ်နိုင်ပေ။ ကျင်းမိသားစုသည် အဓိက ရဲတိုက်ကြီးကို သိမ်းဆည်းသွားခဲ့ပြီး ဖြစ်၏။ လူဦးရေ ၂၀၀၀ သာ ရှိသည်ဆိုသော်လည်း ကျန်းချုံးအနေနှင့် လူတစ်သောင်းလောက် ခေါ်ဆောင်ပြီး တိုက်ရိုက်ဖြိုဖျက် တိုက်ခိုက်လျှင်တောင် အလုပ်ဖြစ်မည် မဟုတ်ချေ။
ထို့အပြင် ကျန်းချုံး၌ အဘယ်သို့ လူတစ်သောင်း ရှိမည်နည်း။ အားလုံးသောသူတို့သည် ချောင်ယောင်းအာကဲ့သို့ ပြိုင်ဘက်ကင်းသည့် တိုက်ခိုက်နိုင်မှု စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် လူများမဟုတ်ချေ။
ရုတ်တရက် စည်သံကြီးက ပြောင်းလဲသွားခဲ့လေ၏။ ထက်ရှပြီး စူးရှလွန်းသည့် အသံသည် သာယာနာပျော်ဖွယ် စည်သံအဖြစ် ပြောင်းလဲသွားခဲ့၏။ ဆိုလိုသည်မှာ မိမိတို့လူဖြစ်ပြီး ရန်သူမဟုတ်ခြင်းပင်။
............
ကျင်းကျိုးသည် ရွက်သင်္ဘောများကို ဦးဆောင်ကာဖြင့် နုရှောင့်မြို့ဆီသို့ ရောက်ရှိလာခဲ့၏။ သူတို့သည် စက်ကုန်ဖွင့်ကာ မောင်းနှင်ခဲ့သည်ဆိုသော်လည်း ချောင်ဟောင်တို့ထက် အတော်လေး နှေးကွေးခဲ့၏။ မတတ်နိုင်ပေ။ ကျင်းမိသားစု၏ ရေတပ်သားများသည် ပင်လယ်ဓားပြများလောက် လုပ်ငန်း ကျွမ်းကျင်မှု မရှိကြပေ။
ရွက်သင်္ဘောများ ဆိပ်ကမ်းနားဆီသို့ နီးကပ်မလာခင်မှာပင် နှစ်ဖက်ခြမ်းသည် အသိအမှတ်ပြု အလံ သင်္ကေတများကို ထုတ်ဖော်ကာ ပြသခဲ့ပြီး ဖြစ်၏။ ချက်ချင်းပင် ရွှမ်ဝူသည် စိတ်သက်သာရာရသလို သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။
“ကျေးဇူးပါပဲ နတ်ဘုရားတို့... ကျေးဇူးပါပဲ”
ရှမ့်လန် အဆင်ပြေလျက် ရှိနေ၏။ ထိုတင်သာ မကသေးချေ။ နုရှောင့်မြို့ တစ်ခုလုံးကိုပင် သိမ်းဆည်းနိုင်ခဲ့သည်။
ထန်လွမ်သည် မျက်လုံးများ ပြူးထွက်တော့လုမတတ် မနာလိုဝန်တို ဖြစ်နေမိ၏။ “ချီးတဲ့မှ.... ကျင်းမိသားစုက တကယ်ပဲ နုရှောင့်မြို့ကို သိမ်းဆည်းခဲ့တာပေါ့။ ကောင်းကင်ဘုံ... အရှေ့ဘက်ပင်လယ်ပြင်ကြီး တစ်ခုလုံးရဲ့ အမြူတေ တည်နေရာ တစ်ခုလုံးကို ပိုင်ဆိုင်သွားခဲ့ပြီ။ ဒါက ရွှေတွင်းတည်နေရာကြီးပဲ။ ရွှမ်ဝူ အိမ်တော်က ဒီတည်နေရာကြီးကို ပိုင်ဆိုင်သွားခဲ့ပြီ။ ကျင်းမိသားစုက အဆပေါင်းများစွာ တိုးတက်သွားခဲ့ပြီပဲ”
ဤအောင်မြင်မှုသည် အတိတ်မှ မြို့စားကြီး ကျင်းကျူး၏ အောင်မြင်မှုများနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။ ဟုတ်ပေ၏။ မြို့စားကြီး ကျင်းကျူးသည် ဘုရင်မင်းမြတ်အတွက် အစဉ်သဖြင့် တိုက်ခိုက်ခဲ့သူ တစ်ယောက် ဖြစ်ပြီး စစ်ပွဲနှင့် ပတ်သက်၍ များပြားသည့် အောင်မြင်မှုများကို ရယူပေးခဲ့သည်။
ထို့ကြောင့် လက်ရှိ မြို့စားကြီးကျင်းကျိုး၏ အောင်မြင်မှုမျိုးနှင့်တော့ နှိုင်းယှဉ်၍ ရလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် မိသားစု၏တည်နေရာ ချဲ့ထွင်နိုင်မှုများနှင့် ပတ်သက်လျှင်တော့ ကျင်းကျိုးမြို့စားကြီးသည် အကောင်းဆုံး လုပ်နိုင်ခဲ့ပြီဖြစ်သည်။ ကျင်းကျိုးသည် တကယ့်ကို ကံကြမ္မာ အလှည့်အပြောင်းကို ဖန်တီးနိုင်သည့် လူ ဖြစ်လာခဲ့၏။ မည်မျှ အားကောင်းသွားမည်နည်း။
မကြာသေးခင်က မိသားစုတစ်ခုလုံးသည် အသက်ရှင်ရပ်တည်ရန်အတွက်တောင် မနည်းရုန်းကန်လှုပ်ရှား ခဲ့ရ၏။ သို့ပေမည့် လက်ရှိအချိန်မှာတော့ ကောင်းကင်ပေါ်သို့ တက်သွားခဲ့၏။ သမက်ကောင်းတစ်ယောက် ရရှိခဲ့၍လား။ လောကကြီးက မမျှတချေ။
ရှမ့်လန်သည် အိပ်ရာထဲမှ ချက်ချင်းထပြီး ဆိပ်ကမ်းဆီသို့ ဆင်းသက်ကာ သူ၏ ယောက္ခထီးကို သွားရောက် ကြိုဆို၏။ သမားတော်ကြီး အန်းစိုက်ထျန်းသည် သူ့ထက်ပင် ပိုမိုကာ မြန်ဆန်နေ၏။ နှလုံးသားထဲတွင် ရှိနေသည့် စိတ်လှုပ်ရှားမှုများကို မည်သို့မှ မဖုံးဖိနိုင်ခဲ့တော့ချေ။ ၁၀ နှစ်ကျော်အထိ သူသည် ရွှမ်ဝူအိမ်တော်နှင့် ဆက်သွယ်ခဲ့သည် ဆိုသော်လည်း ရွှမ်ဝူကို တစ်ခါမှ မတွေ့ခဲ့ရချေ။
မြို့စားကြီး ကျင်းကျိုးသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီး ရှမ့်လန်ကို တောက်ပသည့် မျက်လုံးအစုံဖြင့် ကြည့်ရှုလိုက်၏။ ပြီးနောက် ရှေ့ဆီသို့ လှမ်းတက်ပြီး ရှမ့်လန်ကို ခပ်တင်းတင်း ဖက်လိုက်၏။
ဤအရာသည် ဆရာလန်အား တကယ်ပင် အံ့အားသင့်စေခဲ့သည်။
‘အဖေ... အတိတ်တုန်းက ဒီလိုမဟုတ်ပါဘူး။ အရမ်းကို ရှေးရိုးစွဲဆန်ပြီး ဂုဏ်သိက္ခာအပြည့်နဲ့ ထည်ထည်ဝါဝါ နေထိုင်ခဲ့တဲ့ လူတစ်ယောက် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ချစ်ခြင်းမေတ္တာတွေ ထုတ်ဖော်ပြသနေရတာလဲ။ ရုတ်တရက်ကြီးဆိုတော့ ကျုပ် အသားမကျဘူး။’
“ငါ့သား ... မင်း အလုပ်အရမ်းကြိုးစားခဲ့ပြီ” ကျင်းကျိုးက ပြောလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ပါဘူး။ ဒီကိစ္စက အရမ်းကြီးခက်တဲ့ အရာမဟုတ်ဘူး”
ဤအရာသည် တကယ့်ကို ခက်ခဲသည့် အရာမျိုး မဟုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် တိုက်ပွဲကို တစ်ချက်ကလေးတောင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း မရှိသောကြောင့်ပင်။ အရာအားလုံးကို ချောင်ယောင်းအာက တိုက်ခိုက်ပေးခဲ့ပြီး သူနှင့် ကျင်းမိသားစုတွင် ရှိနေသည့် စစ်သည်တော်များသည် ဘေးတစ်ဖက်ဆီမှ စောင့်ကြည့်နေခဲ့ရ၏။ ပြီးနောက် နုရှောင့်မြို့ကို သူ ရယူခဲ့၏။ မည်မျှ သက်သာလိုက်သနည်း။
“အင်း”
မြို့စားကြီး ထန်လွမ် က ရုတ်တရက် ပြောလိုက်၏။ “ရှမ့်လန်.. ငါ့ဆီမှာလည်း သမီးတစ်ယောက်ရှိတယ်။ အင်း.. သမီးတွေ အများကြီးရှိတယ်”
စိတ်ပျက်လက်ပျက် ခံစားခဲ့ရပြီးနောက် ထန်လွမ်သည် တကယ်ပင် အရွှမ်းဖောက်ချင်စိတ် ပေါက်လာသည်။
ရှမ့်လန်သည် ကျင်းဟိုင်မြို့စားကြီး ထန်လွမ်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ကျင်းဟိုင်မြို့စားကြီး... ခင်ဗျား ကျုပ်တို့မိသားစုကို မမုန်းတော့ဘူးလား”
“ကျုပ် စိတ်ပျက်လက်ပျက် ခံစားနေရတယ်”
ထန်လွမ်က ပြောလိုက်သည်။ “ဒါပေမဲ့ သေလို့ မဖြစ်သေးဘူး။ ဘာမှမဖြစ်ခဲ့သလို .... စိတ်ဓာတ်သာရသလို ဟန်ဆောင်ပြီး နေထိုင်မှပဲ ဖြစ်မယ်မလား”
သူ့အနေနှင့် အမုန်းတရားများကို ဖယ်ရှားလိုက်ပြီဟု မပြောနိုင်သေးချေ။ သို့ပေမည့် ဤအခြေအနေသည် သူ့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ၌ ပိုမိုကာ အားကောင်းစေခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းတယ်။ ဒီလိုစိတ်ထားမျိုး ရှိတယ်ဆိုတာ အရမ်းကို ကောင်းတယ်”
ထန်လွမ်သည် ရှမ့်လန်၏ စကားထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များ ပါဝင်လျက်ရှိနေကြောင်း ခံစားမိ၏။ ထို့ကြောင့် မည်သို့မှ မနေနိုင်ဘဲ မေးမြန်းလိုက်မိ၏။ “ရှမ့်... ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်း ပြောလို့ရမလား”
ရှမ့်လန်က ပြောလိုက်သည်။ “မြို့စားကြီး ထန်လွမ်... ခင်ဗျား အခုပြန်သွားသင့်ပြီ။ ပြီးတော့ ခင်ဗျားရဲ့ အထုပ်အပိုးတွေ ပြင်ဆင်ထား။ ခင်ဗျား တစ်စုံတစ်ခုကို ကြိုပြီး လုပ်ထားသင့်ပြီ။ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားရဲ့ တချို့သောမျိုးစေ့တွေကို ချန်ထားခဲ့နိုင်ရင် အကောင်းဆုံးဖြစ်မယ်”
ထိုစကားကိုကြားရချိန်မှာတော့ ထန်လွမ်၏ မျက်နှာ အမူအရာတစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ သူသည် တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် ပြောလိုက်၏။ “တကယ်လား။ ဒီလိုဆိုရင် ... ”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ခင်ဗျား ပြန်တော့”
ထန်လွမ်၏ မျက်နှာတစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့သွားခဲ့၏။ လောကတွင် ဤသို့ ဆိုးဝါးသည့် ကိစ္စရပ်မျိုး ရှိနေသည်လား။ ပြောရမည်ဆိုလျှင် သူသည် အောက်ခြေဆီသို့ ကျဆင်းသွားခဲ့သည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် ဤအရာက အောက်ခြေ မဟုတ်သေးချေ။ ဤအရာ၏ အောက်တွင် ငရဲကြီး ရှစ်ထပ် ရှိနေသေးကြောင်း သိရှိလိုက်ရ၏။
ကျင်းချန်ကျွန်းကို ရှုံးနိမ့်ခြင်းနှင့် သူ၏ မိသားစု ကိုယ်ပိုင်စစ်တပ်မအားလုံးကို ဆုံးရှုံးခြင်းသည် သူ့အတွက် ဆိုးဝါးနေခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ထိုထက်ဆိုးဝါးသည့် အရာတစ်ခုက ထပ်ကာ ရောက်ရှိလာပေတော့မည်။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်တို့မိသားစုအပေါ်မှာရှိနေတဲ့ ခင်ဗျားရဲ့ အမုန်းတရားတွေကို ဖယ်ရှားလိုက်တာ မြင်ရတော့ ကျုပ် ခင်ဗျားကို အကြံကောင်းတစ်ခု ပေးချင်တယ်။ ခင်ဗျားရဲ့ မျိုးဆက် ကျန်ရှိနေနိုင်ဖို့ သေသေချာချာ ကြိုးစားသင့်တယ်”
မျက်ရည်များသည် ထန်လွမ်၏ မျက်နှာထက်သို့ ကျဆင်းလာခဲ့သည်။ သူက ပြောလိုက်၏။ “ကျုပ်.. ကျုပ်.. အသက် မရှင်နိုင်တော့ဘူးလား”
ရှမ့်လန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ခင်ဗျား အသက် မရှင်နိုင်တော့ဘူး”
ထန်လွမ်သည် အားရပါးရ ထကာ ရယ်မောလိုက်၏။ “ဟား ဟား ဟား ဟား ဟား ဟား... လောကကြီးက တကယ့်ကို အံ့အားသင့်စရာပဲ။ တကယ့်ကို အံ့အားသင့်စရာပဲ။ ကျုပ် သတ်ဖို့ ကြိုးစားတဲ့လူတွေက ကျုပ်ရဲ့ ရန်သူမဟုတ်ခဲ့ဘူးပဲ”
ပြီးနောက် သူသည် ရှမ့်လန်ကို ဦးညွှတ်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ရှမ့်... ဒီလိုမျိုး ပြောပေးတဲ့အတွက်။ ထန်မိသားစုက အလုံးစုံ သုတ်သင်ခြင်းကို မခံရဘူးဆိုရင် ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျုပ် ကျိန်းသေပေါက် လာပြီး ကျေးဇူးတင်ပါ့မယ်”
ပြီးနောက် ကျင်းကျိုးသည် ထန်လွမ်အတွက် ရွက်သင်္ဘောတစ်စင်းကို စီစဉ်ပေးပြီး အိမ်သို့ ပြန်စေသည်။
ထန်လွမ်သည် ရွက်သင်္ဘောသို့မတက်ခင် ရှမ့်လန်ကို ဦးညွှတ်ကာ မေးပြန်၏။ “ကျုပ် တကယ် အသက်မရှင်နိုင်တော့ဘူးလား”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ခင်ဗျား တကယ် အသက်ရှင်မှာ မဟုတ်ဘူး”
ထန်လွမ်က မေးမြန်းလိုက်၏။ “ဒါဆိုရင် ကျုပ်ရဲ့ မိသားစုကရော”
ရှမ့်လန်က ပြောလိုက်၏။ “ထန်ယင်ကတော့ အဆင်ပြေတယ်။ ဖြစ်နိုင်ရင် သူ့ကို ကောင်းကင်ပင်လယ် နန်းဆောင်ဆီကို ပို့ထားလိုက်တာ ပိုပြီးလုံခြုံလိမ့်မယ်။ တခြားသားတွေထဲမှာတော့ ခင်ဗျားအနေနဲ့ အသက်ရှင်စေဖို့ တစ်ယောက်ကို ရွေးချယ်ရမယ်။ အဲသားကို ခင်ဗျား ချောင်ထျန်းဝေနဲ့ ပူးပေါင်းပြီးလုပ်ခဲ့တဲ့ အကြောင်း ဖော်ကောင်လုပ်ခိုင်းလိုက်။ ပြီးရင် မင်းသားတစ်ပါးပါးဆီ ဝင်ပြီးခိုလှုံလိုက်တော့”
မြို့စားကြီး ထန်လွမ်သည် ရှမ့်လန်ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် ရှမ့်... ကျုပ်တို့ရဲ့မိသားစုကို ကယ်တင်ပေးတဲ့အတွက်”
ပြီးနောက် သူသည် ရွက်သင်္ဘောဆီသို့ လှည့်ထွက်သွားခဲ့၏။
ရွက်သင်္ဘောသည် ကျင်းဟိုင်မြို့၏ ဆိပ်ကမ်းဆီသို့ ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။ ထန်လွမ်၏ ကျေးဇူးတင်စကားက မမှားချေ။ ရှမ့်လန်၏ စကားလုံးသည် ထန်မိသားစု၏ မျိုးဆက်တစ်ခုကို ချန်ထားရစ်နိုင်မည့် အရာဖြစ်သည်။ တကယ့်ကို ကြီးမားသည့် အလှည့်အပြောင်းတစ်ခုပင် ဖြစ်၏။ မိသားစုတစ်ခုလုံး အလုံးစုံ ပျောက်ကွယ်သွားရမည့် အခြေအနေမျိုး ကြုံနေရသည် မဟုတ်ပါလား။ ထို့ကြောင့် တစ်စုံတစ်ယောက် ကတော့ ထိုကပ်လေးမှ လွတ်မြောက်သင့်သည်။
ရှမ့်လန်သည် ထန်မိသားစုကို ကိုယ်ချင်းစာနာသောကြောင့် ပြုလုပ်ခဲ့သည့် အကြောင်းအရာ မဟုတ်ချေ။ သို့ပေမည့် သူသည် တစ်စုံတစ်ခုသော ဇာတ်ကွက်တစ်ခုကို ကြိုကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ အနာဂတ်တွင် ထိုအရာက အသုံးဝင်မလား၊ အသုံးမဝင်ဘူးလား ဆိုသည်ကိုတော့ သူသေသေချာချာ မသိရှိချေ။