← Chapters

အခန်း (၂၅၀)

Vol. 18 Ch. 250

အခန်း (၂၅၀)

Vol. 18 Ch. 250

ကျင်းကျိုးမြို့စားကြီးသည် ထန်လွမ်ထွက်ခွာသွားသည်ကို အသာပင် ငေးကာ ကြည့်ရှုနေမိ၏။ ဤတစ်ကြိမ်သည် နောက်ဆုံးအကြိမ် တွေ့ဆုံရခြင်းလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

ကောင်းကင်နှင့် ငရဲပြည်သည် ဝေးကွာလွန်းသည့် ပုံပေါ်၏။ သို့ပေမည့် တကယ်တမ်းမှာတော့ အလွန်နီးကပ်လျက် ရှိနေ၏။ တစ်ချက်လောက် ပြုတ်ကျရုံနဲ့ ရောက်ရှိသွားနိုင်သည့် နေရာမျိုးပင်။ ကျင်းမိသားစု သည် ငရဲခန်းဆီသို့ ကျသွားလုနီးပါး အခြေအနေထိ ရောက်ရှိခဲ့သည်။ ထို့ကြောင့် သူ ထိုအရသာကို ကောင်းကောင်း ခံစားဖူး၏။

.......

နုရှောင့်မြို့၏ အဓိကရဲတိုက်အတွင်းမှာတော့ ကျင်းကျိုးမြို့စားကြီးသည် အစစ်အမှန် မဟုတ်သလိုပင် ခံစားနေမိ၏။ ဤမြို့ကြီးကို ကျင်းမိသားစုက ပိုင်ဆိုင်လေသည်လား။ ဤရဲတိုက်ကြီးသည် သူပိုင်ဆိုင်သည့် အရာ ဖြစ်လာလေသည်လား။ ဤအရာက အိပ်မက်ကဲ့သို့ပင်။

“အင်း.. လန်အာ မဟာဗျူဟာလေးခုကို ရှင်းပြတဲ့ အချိန်တုန်းက အံ့အားသင့်ခဲ့တယ် ဆိုပေမဲ့ ဒီအရာကို ပြုလုပ်ဖို့ အရမ်းကို ခက်ခဲပြီးတော့ အောင်မြင်နိုင်ဖို့ အခွင့်အရေးက အရမ်းနည်းပါးတယ်လို့ ထင်ခဲ့တယ်။ ကျင်းမိသားစုက အသက်ရှင်နေတာထက်စာရင် ဂုဏ်သိက္ခာရှိရှိနဲ့ သေဆုံးသွားတာပိုပြီး ကောင်းမယ်လို့ ထင်မှတ်ခဲ့တယ်။ တစ် ရာခိုင်နှုန်းလောက် ရှိတယ်ဆိုရင်တောင်မှ ကြိုးစားကြည့်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ်”

မြို့စားကြီး ကျင်းကျိုးက ပြောလိုက်၏။ “ဘယ်သူက ထင်မှတ်မိမှာလဲ။ မဟာဗျူဟာ အကုန်လုံးက အောင်မြင်ခဲ့တယ်။ အံ့အားသင့်စရာပဲ”

ပြီးနောက် ကျင်းကျိုးက ဆက်ပြောလိုက်သည်။ “လန်အာ.. ငါတို့မိသားစုထဲမှာနေတာ မင်းရဲ့ ပါရမီကို ဖြုန်းတီးနေသလိုပဲ”

ရှမ့်လန်က ပြောလိုက်၏။ “အဖေ... ဒီလိုမြှောက်ပင့်စကားတွေကို ကြားရတာ ကျုပ် ပင်ပန်းနေပြီ။ ရိုးရိုးတန်းတန်း စကားပဲ ပြောလို့မရဘူးလား”

လက်ရှိအခြေအနေတွင် ကျင်းကျိုးသည် ရိုးရှင်းသည့် စကားများကိုသာ ပြောချင်၏။ သို့ပေမည့် ပြော၍ မတတ်နိုင်ချေ။

ရှမ့်လန်က သက်ပြင်းချလိုက်၏။ သူသည် မြေပုံတစ်ခုဆီသို့ အသာ လှမ်းလျှောက်သွားကာ ပြောလိုက်၏။ “အဖေ.... ကျုပ်တို့ရဲ့ မဟာဗျူဟာက ပင်လယ်ကြီးကို နှစ်ပိုင်းခွဲထားတယ်။”

ပြီးနောက် သူ မြေပုံရှိတည်နေရာတစ်ခုကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “နုရှောင့်မြို့ရဲ့ အရေးအကြီးဆုံး နေရာကို ကျုပ်တို့ ယူခဲ့ပြီ။ လေ့ကျိုးကျွန်းတစ်ခုလုံးမှာ ကျွန်းကြီး၊ ကျွန်းငယ်တွေ အများကြီး ရှိတယ်။ ဒုတိယအကြီးဆုံးက ကောင်းကင်လေကျွန်းပဲ။ ဒါကို ကျန်းချုံးက သိမ်းဆည်း ထားခဲ့တယ်။ ကျန်တဲ့ကျွန်းတွေ အကုန်လုံးက ချောင်ယောင်းအာ ပိုင်တာတွေပဲ”

ရှမ့်လန်၌ ရေတပ် မရှိချေ။ ထို့ကြောင့် သူ့အနေနှင့် ဤကျွန်းများကို လိုက်လံသိမ်းပိုက်ဖို့ မဖြစ်နိုင်ခြင်းပင်။ ချောင်ယောင်းအာသည်သာ ဤကျွန်းများကို လိုချင်သည်ဆိုပါက ဖြစ်နိုင်စွမ်းရှိ၏။ သို့ပေမည့် သူမသည် ရှမ့်လန်အတွက် တိုက်ခိုက်ပေးလိမ့်မည် မဟုတ်ချေ။ ရှမ့်လန်ကလည်း တိုက်ခိုက်ပေးရန် ပြောခဲ့ဖူး၏။ သို့ပေမည့် ထိုအရာကို ချောင်ယောင်းအာက လျစ်လျူရှုခဲ့၏။ ထပ်မံကာ တောင်းဆိုမည်ဆိုပါက သူပင် အရှက်ရပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်၏။ “ကျန်းချုံးက တကယ့်ကို အံ့အားသင့်စရာ ကောင်းတယ်”

မနေ့တည်းက ရှမ့်လန်သည် ထိုစကားစုကို အထပ်ထပ် ရွတ်ဆိုခဲ့၏။ မထင်မှတ်ထားသည့် အရာမျိုးအဖြစ် ပြောင်းပြန်လှန်နိုင်ရန် ကျန်းချုံးက ကြိုးစားခဲ့၏။ ကျန်းချွင်းဟွာသည် ချောင်ယောင်းအာကို ဆွဲဆောင်သည့် နေရာတွင် ကျဆုံးခဲ့ပြီးနောက် ချောင်ဟောင်ကို သွားရောက်ကာ ဆွဲဆောင်ခဲ့သည်။

ကျန်းချုံး၏ တွက်ချက်မှုအရ ဆိုလျှင် ရှမ့်လန်သည် ချောင်ယောင်းအာကို သတ်ပစ်မှာဖြစ်ပြီး မြို့ကြီးတစ်ခုလုံးကို သိမ်းဆည်းပေလိမ့်မည်။ သူသည် ချောင်ဟောင်နှင့် ပူးပေါင်းပြီး သီးခြားကျွန်းများကို သိမ်းပိုက်ထားသည့်အပြင် ကျန်းကျင်းကို နုရှောင့်မြို့အား သွားရောက်သိမ်းပိုက်စေသည်။ စီစဉ်ထားသည့်အတိုင်းဆိုလျှင် ရှမ့်လန်၏ နောက်ကျောကို ဓားနှင့် ထိုးနိုင်မှာ သေချာ၏။

အစစ်အမှန်မှာလည်း ရှမ့်လန်သည် ထိုကဲ့သို့ပင် ပြုလုပ်ခဲ့သည်။

ရှမ့်လန်၌ လူဦးရေ ၂၀၀၀ ကျော်သာလျှင် ရှိ၏။ အရှေ့တွင် ဝံပုလွေတွင်းရှိပြီး အနောက်တွင် ကျားရှိ၏။ ထို့ကြောင့် သူက ကျိန်းသေပေါက် ရှုံးနိမ့်ပေလိမ့်မည်။ ကျန်းကျင်း နုရှောင့်မြို့ကို သိမ်းဆည်းသွားဖို့ အခွင့်အရေးသည် အလွန်မြင့်မား၏။ ကျန်းချုံး၏ မဟာဗျူဟာ အောင်မြင်မှုနှုန်းသည် ၉၀ ရာခိုင်နှုန်းခန့်ရှိ၏။

ရှမ့်လန်သည် မည်သို့မှ ရွေးချယ်ခွင့် မရှိခဲ့ချေ။ စွန့်စားကာဖြင့် ချောင်ယောင်းအာနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်၏။ ကောင်းကင်၏ စိတ်ဆန္ဒများ ရှိနေသည်လားတော့ မသိချေ။ ချောင်ယောင်းအာသည် ကိုယ်ဝန်လွယ်ခဲ့ရ၏။ ဤအချက်အလက်သည် အခြေအနေတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့သည်။

သူမကလေး၏ အဖေဆိုသည့် အရာသည် သူမ၏ နှလုံးသားကို အနည်းငယ် ပျော့ညံ့သွားစေခဲ့၏။ ပိုမို၍ အရေးကြီးမားသည်မှာ ရှမ့်လန်သည် ချောင်ယောင်းအာကို အဆိပ်ခတ်သည့်လူမှာ မည်သူဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့၏။ ထို့အပြင် ထိုအရာ၏ လက်သည်တရားခံက ချောင်ထျန်းဝေ ဖြစ်ကြောင်းကိုလည်း သက်သေ ပြနိုင်ခဲ့၏။

ထို့ကြောင့်ပင်လျှင် ချောင်ယောင်းအာသည် သူမ၏ မွေးစားအဖေအပေါ်တွင် ရှိသည့် သစ္စာတရားအားလုံးကို ဖယ်ရှားခဲ့ခြင်းပင် ဖြစ်၏။ ထိုအရာသည် ရှမ့်လန်အား ရှုံးနိမ့်မှုမှသည် အောင်မြင်မှုဆီသို့ ပြောင်းလဲသွားစသည့် အဓိက သော့ချက်ပင် ဖြစ်ခဲ့သည်။

ထို့အပြင် သူသည် သမားတော်ကြီး အန်းစိုက်ထျန်းကိုလည်း ကျေးဇူးတင်ရန် လိုအပ်၏။ ထိုသူသည် ချောင်ထျန်းဝေ၏ အနားတွင်နေထိုင်နေရင်း ရှုရှုကို ဗိုက်ကြီးအောင်ပါ ပြုလုပ်ခဲ့၏။ ထိုအရာက လုံလောက်စွာ အကျိုးကျေးဇူး ပြုခဲ့ခြင်းဖြစ်၏။

သောက်ကျိုးနည်း။ တစ်ဖက်မိန်းကလေးကို ဗိုက်ကြီးအောင် ပြုလုပ်ပြီး မြို့စားအိမ်တော်အတွက် ကောင်းကျိုးပြုခဲ့သူ နှစ်ယောက်တောင် ကျင်းမိသားစု၌ ရှိနေပါတကား။

အတိုချုပ်ပြောရမည်ဆိုလျှင် နုရှောင့်မြို့၏ တိုက်ပွဲသည် ချက်ချင်းဆိုသလိုပင် အဆုံးအဖြတ် ပေါ်ခဲ့၏။

ထိုနေရာတွင် ကျန်းချုံး၏ အတွေ့အကြုံနှင့် အသိအမြင်ကို ချီးကျူးရပေမည်။ မအောင်မြင်ခဲ့သည် ဆိုလျှင်တောင် သူသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့် ဗျူဟာမှုးတစ်ယောက် ဖြစ်ကြောင်း သိသာစေခဲ့သည်။

ကျန်းချုံးသည် နုရှောင့်မြို့ကို တိုက်ခိုက်အနိုင်ယူရန် အခွင့်အရေး အလွန်မြင့်မားစွာ ရှိနေသည့် အခြေအနေမျိုးတွင်ပင် အရံအစီအစဉ်တစ်ခုကို ဖန်တီးခဲ့၏။ သူ၏ ဒုတိယစစ်တပ်ကြီးကို ဦးဆောင်ကာဖြင့် ချောင်ဟောင်နှင့်အတူ နုရှောင့်မြို့၏ အပြင်ဘက်ရှိ ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ခဲ့ခြင်းပင်။ ကောင်းကင်လေကျွန်း ပင် ဖြစ်၏။

ကျန်းချုံးသည်သာ နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ခဲ့ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် လေ့ကျိုးကျွန်းစုတစ်ဝိုက်တွင် ရှိနေသည့် ကျွန်းများအားလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သတ်မှတ်နိုင်ပေလိမ့်မည်။ ယခု မအောင်မြင်ဘူး ဆိုလျှင်တောင်မှ ထွက်လမ်းတစ်ခု ရှိနေသေးသည်။

ကျန်းမိသားစုသည် အလုံးစုံ ကျဆုံးလိမ့်မည် မဟုတ်ချေ။ အောင်မြင်နေစဉ်မှာပဲ ရှုံးနိမ့်နိုင့်သည့်အကြောင်းကို ကြိုတွေးပြီး စီစဉ်စရာရှိသည်များကို စီစဉ်နိုင်ခဲ့သည်။ ဤကဲ့သို့သော ပါရမီ၊ ဤကဲ့သို့သော စိတ်နေစိတ်ထားနှင့် အပြုအမူ၊ စီမံဆောင်ရွက်မှု အရာအားလုံးတို့သည် ရှမ့်လန်အား သက်ပြင်းတချဖြင့် ချီးကျူးချင်စိတ်ပင် ပေါက်စေခဲ့၏။ တိုက်ပွဲအစကတည်းကနေ အခုအချိန်ထိ ကျန်းချုံးသည် စစ်တုရင်ပွဲ၏ အခြေအနေ တစ်ဝက်လောက်ကိုသာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။ အလုံးစုံ ရှုံးနိမ့်ခဲ့ခြင်း မရှိခဲ့ချေ။

ရှမ့်လန်သည် မြေပုံတွင်ရှိနေသည့် လေ့ကျိုးကျွန်းစုတစ်ခုလုံးကို ကြည့်ရှုခဲ့၏။ ထိုအရာကြီးသည် စတုရန်း ကီလိုမီတာ တစ်သောင်းကျော်ခန့် ရှိ၏။ ယခု ကျင်းမိသားစုသည် လေ့ကျိုးကျွန်းစုဆီမှ အကြီးဆုံးသောကျွန်းကို သိမ်းဆည်းနိုင်ရုံသာ ရှိသေး၏။ တစ်ဝက်ကျန်သော စတုရန်းကီလိုမီတာ ၅၀၀၀ နီးပါးခန့်က ကျန်းချုံးနှင့် ချောင်ဟောင်တို့၏ လက်ထဲတွင် ကျန်ရှိနေသေး၏။

သို့ပေမည့် ထိုလေ့ကျိုးကျွန်းစုများတွင် ရဲတိုက်ကြီးကြီးမားမား မရှိချေ။ ထို့ကြောင့် ခုခံရန် ခက်ခဲ၏။ တကယ်တမ်း တိုက်ခိုက်မည် ဆိုပါက မဟာဗျူဟာအရလည်း ကောင်းမွန်သည့် နေရာမျိုး မဟုတ်ချေ။ ထို့ကြောင့် အလွယ်တကူနှင့် သိမ်းဆည်းသွားနိုင်၏။ လိုအပ်သည်မှာ ရေတပ်ကြီးပင် ဖြစ်သည်။

“ဆိုးတာက အလုံးစုံ အောင်မြင်မှု မရသေးတာပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်တို့ အမှားအယွင်းလုပ်လို့ မဖြစ်ဘူး။ ရန်သူက အရမ်းကို အားကောင်းတယ်”

ဘေးတစ်ဖက်တွင် ရှိနေသည့် ရွှမ်ဝူသည် ကြက်သီးမွှေးညှင်းများပင် ထသွားသည်။

“ကံကောင်းတာက လန်အာ ရှိနေလို့ပဲ။ မဟုတ်ရင် ငါတို့ ကျင်းမိသားစုက ဘယ်လိုဖြစ်ပြီး ကျန်းချုံးနဲ့ ယှဉ်ပြိုင်နိုင်မှာလဲ” ကျင်းကျိုးက ပြောလိုက်၏။

ဤအရာက အမှန်တကယ် ဖြစ်၏။ ရှမ့်လန်သာ ပေါ်ပေါက်မလာခဲ့ပါက ရွှမ်ဝူအိမ်တော်သည် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ဖျက်ဆီးခံရမှာ သေချာ၏။ ကျန်းချုံးသည် ဘာတစ်ခုမှပင် အားစိုက်ထုတ် ပြုလုပ်ရန် မလိုအပ်ချေ။ အနည်းငယ်မျှသော တပည့်များကို ခိုင်းစေကာဖြင့် ကျင်းမိသားစုတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိ၏။ တုံ့ကျန်းမြို့စားအိမ်တော်ကို ဖျက်ဆီးခဲ့ခြင်းမှာ ဤကဲ့သို့ပင် ဖြစ်၏။ အလွန်ပင် လွယ်ကူခဲ့ချေ၏။ ဤလူသည် တကယ့်ကို အားကောင်းလွန်းပြီး ခုခံ၍ ရနိုင်သည့် လူမျိုး မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ကံကောင်းတာက ကျုပ်တို့ အနိုင်ရခဲ့တာပဲ။ နောက်ပိုင်းမှာ သူက ကျုပ်တို့ရဲ့ ပြိုင်ဘက်မဟုတ်တော့ဘူး။”

ဟုတ်ပေ၏။ စိတ်လှုပ်ရှားစရာ စစ်တုရင်ကစားပွဲမျိုးသည် ထိပ်တန်းကစားသမားများ ကစားသည်ဆိုပါက တကယ့်ကို ကြည့်ကောင်းလွန်းလှပြီး အရှုံးအနိုင်က သဲကွဲခြင်း မရှိကြချေ။ သို့ပေမည့် ရှမ့်လန်ဆိုသည့် လူသည် ရှုံးနိမ့်မှုကို နှစ်သက်တတ်သည့် လူမျိုး မဟုတ်ချေ။ တခြားသော သူများကို ဖိနှိပ်နင်းချေရခြင်းကို အလွန် နှစ်သက်သူတစ်ယောက် ဖြစ်၏။

ဥပမာ သူနှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့သော ထျန်းဟန်၊ ရှစ်ကွမ်းယွမ်၊ ကျူးလန်ထင်၊ ထန်လွမ် အရာအားလုံးတို့ကို သူ ဖိနှိပ်နင်းချေခဲ့ပြီးသား ဖြစ်၏။ ကျန်းချုံးကဲ့သို့သော စစ်တုရင်သမားတစ်ယောက်နှင့် ရင်ဆိုင်တွေ့သည့် နေရာတွင် လုံလောက်အောင် ဉာဏ်ကောင်းနေရုံနှင့် မဖြစ်ချေ။ ကံကောင်းမှုကလည်း လိုအပ်နေသေး၏။

သူ အလွန်ကံကောင်းခဲ့သည်။

“အင်း... ပင်လယ်ပြင်မှာဘုရင်ဖြစ်လာဖို့ မဟာဗျူဟာက ၉၀ ရာခိုင်နှုန်းလောက် ပြီးဆုံးသွားခဲ့ပြီ။ နောက်ဆုံးခြေလှမ်းတစ်ခုပဲ ကျန်တော့တယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒီ အရေးအကြောင်းကိစ္စတွေပြီးတဲ့အချိန်မှာ ကျုပ်တို့ ကျင်းမိသားစုက အချိန်အတော်ကြာအထိ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ခံစားရလိမ့်မယ်။ အင်း... အဖေ့ရဲ့ ဂုဏ်သိက္ခာကလည်း မိန်းမလှလေးတစ်ယောက်ရဲ့ ဖင်လိုမျိုး ဝင်းပြောင်ပြီး ထင်ရှားလာလိမ့်မယ်”

“....”

ကျင်းကျိုးမြို့စားကြီးသည် အကူအညီမဲ့စွာနှင့် ခံစားနေမိ၏။ သူ၏ သမက်တော်သည် မည်သည့်စကားကိုမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်၏။ ထို့အပြင် ညစ်ညမ်းသည့် စကားများကိုလည်း ပြောဆိုတတ်သေးသည်။

“ဒီတစ်ခါ ဘုရင်မင်းမြတ် အလှည့်ပေါ့” ရွှမ်ဝူက ပြောလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ကျုပ်တို့ ဘုရင်မင်းမြတ်နဲ့ ကစားပွဲတစ်ခုကို ကစားရမယ်။ ဒါက ကျိန်းသေပေါက် အခက်အခဲတွေ ရှိတယ်။ ဧဝရက်တောင်ကြီးတစ်ခုလို ဖိအားဒဏ်ကိုလည်း ခံစားရမယ်။”

ကျင်းကျိုးမြို့စားကြီးက ပြောလိုက်၏။ “အကုန်လုံး ကြိုးစားကြတာပေါ့”

ကျင်းမိသားစုသည် တိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း မဟာဗျူဟာအရ အရင်းအမြစ်တချို့ကိုတော့ ပေးဆပ်ခဲ့ရ၏။ သူတို့အနေနှင့် အချိန်အတော်ကြာ ပြန်လည်အနားယူရန် လိုအပ်နေ၏။ အနည်းဆုံးအနေနှင့် ပိုမိုအားကောင်းလာရန် အားမွေးရပေမည်။

မဟာဗျူဟာကို ချမှတ်ရန်မှာ လွယ်ကူသော်လည်း ထိုအရာကို ပြုမူဆောင်ရွက်ရန် ဆိုသည်မှာတော့ ခက်ခဲလှ၏။ အထူးသဖြင့် နုရှောင့်မြို့တစ်ခုလုံးကို သိမ်းဆည်း ရယူခဲ့ခြင်းပင်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ဒါက အုပ်ချုပ်ရေးမှူးကျန်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေတယ်။ ဒါပေမဲ့ ကျုပ် သူ့ကို တကယ် အထင်ကြီးမိတယ်။ ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေ ချောမွေ့လိမ့်မယ်လို့ ထင်တယ်။ ဘာ မတော်တဆ ကိစ္စရပ်မှ မဖြစ်စေဖို့လည်း မျှော်လင့်မိတယ်”

..............

နောက်တစ်နေ့ မနက်ခင်းမှာတော့ ကျန်းချွင်းဟွာသည် နုရှောင့်မြို့၏ ကြီးမားသည့် ရဲတိုက်ကြီးသို့ ရောက်ရှိလာခဲ့၏။ သူမ၏ နဖူးထက်တွင် ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့၏။ လက်ရှိအချိန်တွင်မှာတော့ သူမသည် ရှမ့်လန်အား ဆွဲဆောင်မှုရှိသည့် အကြည့်များနှင့် မကြည့်တော့ချေ။ ထိုအစား အေးစက်မှုများနှင့် ပြည့်နှက်လျက် ရှိနေသည့် မျက်လုံးအစုံဖြင့် ကြည့်ရှုနေသည်။

အမျိုးသမီးများသည် ဤကဲ့သို့ပင် ဖြစ်၏။ မည်မျှ ဉာဏ်ကောင်းသည်ဆိုဆို ရှုံးနိမ့်မှုကို လက်မခံနိုင်ကြချေ။ ဟုတ်ပေ၏။ ချောင်ယောင်းအာကတော့ ခြွင်းချက်မဲ့ ဖြစ်၏။ သူမသည် ယောက်ျား မဟုတ်သလို မိန်းမလည်း မဟုတ်ချေ။ သို့ပေမည့် ကိုယ်ဝန်ဆောင်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက်တော့ ဖြစ်နေသေး၏။

“ကျွန်မ အစ်ကို ဘယ်မှာလဲ” ကျန်းချွင်းဟွာက မေးမြန်းလိုက်သည်။

ရှမ့်လန်သည် ပုခုံးကို တွန့်ပြလိုက်၏။

ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့သည် အခေါင်းတစ်ခုကို သယ်ဆောင်လာခဲ့ကြ၏။ အထဲတွင် ကျန်းကျင်း၏ အလောင်းရှိနေသည်။

သူမက အခေါင်းကို ဖွင့်လိုက်၏။ ကျန်းချွင်းဟွာ၏ မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာ၏။ သူမ၌ အစ်ကို သုံးယောက်ရှိ၏။ သို့ပေမည့် ကျန်းကျင်းသည် သူမနှင့် အရင်းနှီးဆုံး ဖြစ်၏။ အကြီးဆုံးအစ်ကိုသည် တောင်ပိုင်းစစ်သူကြီး၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေပြီး ဒုတိယအစ်ကိုမှာတော့ နန်းမြို့တော်တွင် အရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေ၏။

ကျန်းကျင်းနှင့် သူမသည်သာလျှင် အဖေ့နောက်သို့ လိုက်ခဲ့၏။ သူမသည် ဤကဲ့သို့ အဆုံးသတ်သွားမည်ကို ကြိုတင်ကာ စဉ်းစားထားခဲ့သည်ဆိုလျှင်တောင်မှ ကျန်းကျင်း၏ အလောင်းကို မြင်ရချိန်မှာတော့ နှလုံးသားတစ်ခုလုံး နာကျင်စွာ ခံစားနေမိသည်။

‘ရှမ့်လန်.... ကျွန်မ ရှင့်ကို အစိတ်စိတ် အပိုင်းပိုင်း လုပ်ပစ်မယ်’

သူမသည် ဤစကားစုကို စိတ်ထဲတွင် ရေရွတ်လျက် ရှိ၏။ သို့ပေမည့် အပြင်ဘက်မှာတော့ ထုတ်မပြောခဲ့ချေ။

သူမ၏ အဖေသည် သူမကို ထပ်တလဲလဲ သတိပေးခဲ့၏။ လူများသည် ကိုယ်ကာယ အားနည်းမှုကို ပြသနိုင်၏။ သို့ပေမည့် စိတ်ဓာတ်အားနည်းမှုကို ဘယ်တော့မှ ထုတ်ဖော်ပြသ၍ မရချေ။ တချို့သောစကားလုံးများသည် အပြင်ဘက်သို့ ထုတ်ဖော်ပြောဆိုရမည့် စကားမျိုး မဟုတ်ချေ။ ခိုင်ကြည်သည့် စိတ်ဓာတ်ဖြင့် နှလုံးသားထဲ၌ သိမ်းဆည်းထားရမည့် အရာမျိုးဖြစ်သည်။

“မနေ့ကတုန်းက ခင်ဗျားနဲ့ ချောင်ဟောင်တို့ရဲ့ ရွက်သင်္ဘောတွေ နုရှောင့်မြို့ကို ချဉ်းကပ်လာခဲ့တယ်။ ခင်ဗျားရဲ့ အဖေ ရွက်သင်္ဘောပေါ်မှာ ပါလိမ့်မယ်လို့ ကျန်းကျင်းက ထင်ခဲ့တယ်။ ဒါကြောင့် ဒီရဲတိုက်ပေါ်ကနေ လှမ်းပြီး သတိပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားတို့က မကြားဘူးလေ။ ဒါကြောင့် သူ ရဲတိုက်ပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်။ ဒါကို ခင်ဗျားတို့ မြင်သွားရင် လှည့်ပြန်လိမ့်မယ်လို့ သူ ထင်ခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ခင်ဗျားတို့က သူ့ကို မမြင်ခဲ့ဘူး”

ထိုစကားကိုကြာချိန်မှာတော့ ကျန်းချွင်းဟွာသည် ပိုမိုကာ ငိုကြွေးလာခဲ့၏။ မြေပေါ်သို့ပင် ဖင်ထိုင်လျက် ထိုင်ချမိလေ၏။ အစ်ကိုကျန်းကျင်းသည် သူမအဖေ၏ သားများထဲတွင် ထူးချွန်သည့် သားတစ်ယောက် မဟုတ်ချေ။ သို့ပေမည့် အလိမ်မာဆုံးနှင့် သားဝတ္တရား အကျေပွန်ဆုံး လူတစ်ယောက် ဖြစ်၏။ သို့ပေမည့် ဤအစ်ကိုက မရှိတော့ချေ။

အချိန်ခဏကြာ ငိုကြွေးပြီးနောက် ကျန်းချွင်းဟွာသည် ငိုကြွေးနေရာမှ ရပ်တန့်နိုင်ခဲ့၏။ ပြီးနောက် ရှမ့်လန်ကို ပြောလိုက်၏။ “ကျွန်မအဖေက ညှိနှိုင်းဆွေးနွေးဖို့ ရှင့်ကို ဖိတ်ခေါ်ခိုင်းလိုက်တယ်။ နှစ်ယောက်ပဲတဲ့။ ဟုတ်တယ်။ ရှင် သက်တော်စောင့် တစ်ယောက်ယောက်ကို ခေါ်သွားနိုင်တယ်”

ရှမ့်လန်က ပြောလိုက်၏။ “မလိုပါဘူး”

တကယ်ပင် သက်တော်စောင့် မလိုအပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်ဝူသည် နုရှောင့်မြို့ကို စောင့်ကြပ်လျက် ရှိနေ၏။ သူ ရှမ့်လန်ကို သတ်ပစ်လိုက်မည်ဆိုလျှင်တောင်မှ အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထို့အပြင် အချိန်ကာလတစ်ခုအထိ ရှမ့်လန်နှင့် ကျန်းချုံးတို့သည် တူညီသည့် ရွက်သင်္ဘောပေါ်တွင် တည်ရှိနေရမည် မဟုတ်ပါလား။

ရှမ့်လန်သည် ကျန်းချုံး တည်ရှိရာ ရွက်သင်္ဘောပေါ်သို့ ရောက်ရှိသွားခဲ့၏။ သူသည် သက်တော်စောင့် မလိုအပ်ဟု ခံစားမိသော်လည်း ကျန်းရှိယန်သည် စစ်သည်ပေါင်း တစ်ထောင်ကျော်၊ ရွက်သင်္ဘော ၅၀ နှင့်အတူ လိုက်ပါ စောင့်ရှောက်၏။

ရှမ့်လန်အား ရွက်သင်္ဘောပေါ်သို့ လိုက်ပို့ပြီးသည့်နောက် ကျန်းချွင်းဟွာက ထွက်ခွာသွားခဲ့၏။ ရွက်သင်္ဘော ပေါ်တွင်တော့ ကျန်းချုံးနှင့် ရှမ့်လန်တို့ နှစ်ယောက်တည်းသာလျှင် ရှိသည်။

သင်္ဘောသည် ကျောက်ချထား၏။

ရှမ့်လန်သည် ရွက်သင်္ဘောပဲ့ခန်းထဲသို့ ဝင်ရောက်ပြီးနောက် ကျန်းချုံးကို မြင်လိုက်၏။ သူသည် တွန့်ကနဲပင် ဖြစ်သွား၏။ မမြင်ရသည်သာ ရက်အနည်းငယ်သာ ကြာမြင့်ခဲ့သေးသော်လည်း ကျန်းချုံးသည် ထန်လွမ် မြို့စားကြီးထက်ပင် ပိုမိုကာ အိုစာသွားခဲ့၏။ မည်းနက်နေသည့် ဆံနွယ်များသည် အနည်းငယ် အဖြူရောင် သန်းလာ၏။ သို့ပေမည့် ခပ်မတ်မတ် ထိုင်လျက် ရှိနေတုန်းပင်။ မျက်လုံးများက တောက်ပလျက် ရှိနေပြီး ခံစားချက်များနှင့် ပြည့်နှက်တုန်းပင်။ ရှုံးနိမ့်မှု၏ အရိပ်သင်္ကေတ တစ်ခုကိုမှ ခံစားရသည့်ပုံမပေါ်ချေ။

ရှမ့်လန်သည် ရှေ့ကို လှမ်းတက်ကာဖြင့် ဦးညွှတ်ပြီး ပြောလိုက်သည်။ “ဂါရဝပြုပါတယ်။ လူကြီးမင်းကျန်း”

ကျန်းချုံးက ပြောလိုက်၏။ “ဒီအဘိုးကြီးက မခံယူရဲပါဘူး”

ရှမ့်လန်က အလောတကြီး ပြောလိုက်သည်။ “ဒီလိုမျိုး ကျုပ် သဘောမထားရဲပါဘူး”

ထို့အပြင် သူသည် လူငယ်တစ်ယောက် ဖြစ်၏။ ကျန်းချုံးကဲ့သို့သော လူတစ်ယောက်၏ ထကာ ဂါရဝပြုမှုကို အဘယ်သို့ လက်ခံရမည်နည်း။

ကျန်းချုံးသည် ရေနွေးကို အသာထည့်ကာဖြင့် ရှမ့်လန်ဆီ ကမ်းပေးလိုက်၏။

ရှမ့်လန်သည် လက်နှစ်ဖက်နှင့်ယူကာ တစ်ခါတည်း မော့သောက်လိုက်၏။ အဆိပ်ခပ်ထားမည်ကို စိုးရိမ်ပူပန်ခြင်း အလျှင်း မရှိချေ။

“အင်း... ခင်ဗျားသားနဲ့ ပတ်သက်ပြီး ကျုပ် အားနာပါတယ်” ရှမ့်လန်သည် လေးလေးနက်နက်ပင် ပြောဆို လိုက်၏။ သို့ပေမည့် တောင်းပန်ခြင်းမဟုတ်ချေ။

ကျန်းချုံးသည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “ဘာပဲဖြစ်ဖြစ် တိုက်ပွဲမှာ ကျေးဇူး နဲ့ ရန်ငြိုးဆိုတာ မရှိပါဘူး။ တာဝန်အရ တိုက်ခိုက်ရတာကိုး။”

ပြီးနောက် နှစ်ယောက်သားသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကျန်းချုံးသည် ထိပ်တန်းနိုင်ငံရေးသမား ဖြစ်၏။ သို့ပေမည့် သူသည် စကားပြောကောင်းသည့် လူတစ်ယောက် မဟုတ်ချေ။ ရှမ့်လန်ကလည်း ယဉ်ကျေး သိမ်မွေ့သူတစ်ယောက်အဖြစ် ဟန်ဆောင်နေထိုင်ရသည်ကို ကြိုက်နှစ်သက်သူ မဟုတ်ချေ။ ထို့ကြောင့် စကား မပြောဖြစ်ခြင်းပင်။

ကျန်းချုံးက ပြောလိုက်သည်။ “ဒါဆိုရင် ရှမ့်အနေနဲ့ စမှာလား။ ဒီအဘိုးကြီးကစပြီး ပြောရမှာလား”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်က လူငယ်တစ်ယောက်ပါ။ ဒီတော့ ကျုပ်ပဲ စပြောပါ့မယ်”

ကျန်းချုံးက ပြောလိုက်သည်။ “ကောင်းတာပေါ့”

ရှမ့်လန်က ပြောလိုက်၏။ “ပင်လယ်ဓားပြချောင်ထျန်းဝေက ကျင်းချန်ကျွန်းကို သိမ်းပိုက်သွားခဲ့တယ်။ ဒီတော့ ဘုရင်မင်းမြတ်က ဒေါသထွက်ခဲ့တယ်။ အုပ်ချုပ်ရေးမှုးလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့ တောက်လောင်နေခဲ့တယ် မဟုတ်လား”

ကျန်းချုံးက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော် ကျင်းချန်ကျွန်းကို ပြန်လည်ရယူဖို့ စစ်သည်တွေ မစေလွှတ်နိုင်အောင် အခြေအနေတွေက ရှုပ်ထွေးနေတယ်ဆိုပေမဲ့ ဘုရင်မင်းမြတ်က ကျင်းချန်ကျွန်းကို ပြန်လည်ရယူစေချင်တယ်။ ဒါကြောင့် ကျုပ်လည်း တစ်ရက်မှ ကောင်းကောင်း မအိပ်ခဲ့ရပါဘူး”

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ဘုရင်မင်းမြတ်ရဲ့ စိုးရိမ်ပူပန်မှုကိုသိရှိတာကြောင့် အုပ်ချုပ်ရေးမှုးကလည်း အမူတော်ကို နေ့မအိပ်ညမအိပ် ထမ်းဆောင်ခဲ့တယ်။ ဒါကြောင့်ပဲ ကျင်းမိသားစု က ဝမ်းကျားကျွန်းမှာ ချောင်ထျန်းဝေကို ပိတ်ပြီး သတ်ပစ်နိုင်ခဲ့တာပေါ့”

ကျန်းချုံးက ပြောလိုက်သည်။ “ခင်ဗျားနဲ့ကျုပ် ပူးပေါင်းပြီး ပင်လယ်ဓားပြ ချောင်ထျန်းဝေကို သုတ်သင် ချေမှုန်းနိုင်ခဲ့တယ်။ ရွှဲ့ပြည်နယ်ရဲ့ အရှေ့ဘက်ပင်လယ်ပြင်ကို ငြိမ်းချမ်းရေးရအောင် စီမံနိုင်ခဲ့တယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပင်လယ်ဓားပြ ချောင်ထျန်းဝေနဲ့ ပူးပေါင်းခဲ့တယ်။ သူ့ရဲ့ပြစ်မှုက ခွင့်လွှတ်ပေးလို့ရတဲ့အရာ မဟုတ်တော့ဘူး။ တော်ဝင်မျိုးနွယ်တွေအနေနဲ့ သူက သစ္စာရှိရမယ့် အစား ဓားပြတွေနဲ့ ပူးပေါင်းပြီး ရွှဲ့ပြည်နယ် ပိုင်ဆိုင်ရာ မြေပိုင်နက်တစ်ခုကို သိမ်းပိုက်စေခဲ့တယ်။ ဒါက သစ္စာဖောက်မှုပဲ။ ဒီတော့ ဘုရင်မင်းမြတ်ဆီ သွားတဲ့အချိန်မှာ ထန်မိသားစုရဲ့ ဂုဏ်ထူး၊ ဘွဲ့ထူး၊ အရာအားလုံးကို ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးမှူး တောင်းဆိုပေးပါလို့ ကျုပ် ပြောချင်တယ်။

ပြီးတော့ သူတို့ ပြုလုပ်ခဲ့တဲ့ အပြစ်တွေအားလုံးအတွက် ပြစ်ဒဏ်ပေးဖို့ပေါ့။ ဒါဆိုရင် နုကျန့်စီရင်စုမှာ ရှိနေတဲ့ ဘုရင်မင်းမြတ်ရဲ့ မူဝါဒအသစ်ကလည်း အောင်မြင်သွားပြီ။ တော်ဝင်မျိုးနွယ်ဟောင်းတွေ အကုန်လုံးကိုလည်း ဖိနှိပ်လိုက်သလို ဖြစ်သွားခဲ့ပြီ”

ကျန်းချုံးက ပြောလိုက်၏။ “ရွှမ်ဝူက နုရှောင့်မြို့ကို အပိုင်သိမ်းဖို့အတွက် ကြိုးစားပေးခဲ့တယ်။ ပြီးတော့ ချောင်ထျန်းဝေကိုလည်း သုတ်သင်ရှင်းလင်းခဲ့တယ်။ နိုင်ငံအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုကို ပြုလုပ်ပေးခဲ့တာပဲ ဖြစ်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီနေ့ကစပြီး နုရှောင့်မြို့က သီးခြားပင်လယ်ပြင် မဟုတ်တော့ဘူး။ ရွှဲ့ပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ။ ဘုရင်မင်းမြတ်အတွက် တကယ်ကို ဂုဏ်ယူမိတယ်။ ပိုင်ဆိုင်ရာ နယ်မြေသစ်တစ်ခု ထပ်ပြီး ရခဲ့တာပေါ့”

“အုပ်ချုပ်ရေးမှုးဘက်ကလည်း လေ့ကျိုးကျွန်းစုထဲမှာ ရှိနေတဲ့ ကျွန်းအစိတ်အပိုင်းတချိုကို စစ်သည်တွေ ခေါ်ပြီး သိမ်းဆည်းထားပြီးပြီ မဟုတ်လား။ ဒီလိုကောင်းကျိုး ပြုလုပ်ခဲ့တဲ့အကြောင်း ကျုပ်တို့ ကျင်းမိသားစုက ဘုရင်မင်းမြတ်ဆီ စာတင်ပြီး ပြောပေးပါ့မယ်။ ခင်ဗျား ဘယ်လောက်ကြိုးစားခဲ့တယ်ဆိုတဲ့ အကြောင်း ဘုရင်မင်းမြတ် သိစေရပါမယ်”

ကျန်းချုံးက မည်သည့်စကားမှ မဆိုတော့ချေ။

ရှမ့်လန်က ပြောလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ မူဝါဒအသစ်က နိုင်ငံနဲ့ လူမျိုးအပေါ် အကျိုးသက်ရောက်စေတယ်။ ကျုပ်တို့ ကျင်းမိသားစုက ကျိန်းသေပေါက် ဒါကို ထောက်ခံပေးပါ့မယ်။ တော်ဝင်မျိုးနွယ်ဟောင်းတွေကို ဥပမာပြုပြီးတော့ ရွှမ်ဝူအိမ်တော်အနေနဲ့ ကိုယ်ပိုင် စစ်တပ်ရဲ့ စစ်သည်အင်အား ၂၀၀၀ ကျော်ကို လျှော့ချပေးဖို့ စိတ်ဆန္ဒရှိပါတယ်။ ဒါကို ဘုရင်မင်းမြတ်က နှစ်သက်လိမ့်မယ် ထင်ပါတယ်”

ရွှမ်ဝူအိမ်တော်သည် ယခင်တုန်းက မူလစစ်အင်အား အရေအတွက်ထက် စစ်သည်ပေါင်း ၂၀၀၀ ကျော်ကို ထပ်တိုးကာ ချဲ့ထွင်ခေါ်ယူခဲ့၏။ နုရှောင့်မြို့ကို သိမ်းဆည်းပြီးနောက် စစ်သည်အင်အား ၂၀၀၀ ကျော်ကို လျော့ချမည်ဟု ပြောဆိုခဲ့သည်။ ဘာမှထူးခြားမသွားခဲ့ချေ။ အလုံးအထည် မလျော့ခဲ့သော်လည်း ကြီးမားသည့် နိုင်ငံကောင်းကျိုးကို ပြုလုပ်ခဲ့သူများလို ပြောဆိုလို့နေသည်။

ကျန်းချုံးက ပြုံးလိုက်မိ၏။ သို့ပေမည့် မည်သည့်စကားမှ မဆိုချေ။

ရှမ့်လန်က ပြောလိုက်၏။ “နုရှောင့်မြို့တိုက်ပွဲမှာ နုကျန့်စီရင်စုရဲ့စစ်တပ်က ချောင်ယောင်းအာကြောင့် ရှုံးနိမ့်သွားခဲ့တယ်။ လူပေါင်း သုံးထောင်ကျော် ဖမ်းဆီးခံထားရတယ်။ ကျုပ်တို့ ကျင်းမိသားစုက ချောင်ယောင်းအာ ကို အနိုင်ယူပြီးတဲ့နောက်မှာ ဖမ်းဆီးခံထားရတဲ့ လူတွေအကုန်လုံးကို ကယ်တင်နိုင်ခဲ့တယ်။ အဲဒီ သုံးပန့်တွေကို အုပ်ချုပ်ရေးမှူးဘက်ဆီ မကြာခင် ပြန်လွှဲပေးပါ့မယ်။”

ကျန်းချုံးက ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်”

ပြီးနောက် သူတို့နှစ်ယောက်၏ ဆွေးနွေးမှုက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ မည်သည့် အံ့အားသင့်စရာမှ မရှိချေ။ ညှိနှိုင်းဆွေးနွေးသည့် ပုံစံမျိုး ပေါ်သည်ဆိုသော်လည်း ကြိုတင်ကာ သဘောတူညီပြီးသား ကိစ္စရပ်များကို ပြန်ပြောင်း ပြောဆိုခဲ့ကြသလိုပင်။

All Chapters