ညှာတာမှုကင်းမဲ့သောလုပ်ရပ်နှင့်ကြမ်းကြုတ်သောတိုက်ခိုက်မှု
Vol. 2 Ch. 15
လင်းယွမ်ကျိ ကျန်းယန်ကြောင့် ပြောစရာစကားမဲ့သွားခဲ့ရသည်။ သို့သော် သူလည်းလျန့်ဖန်ကို စိတ်တိုနေခြင်းသာ ဖြစ်၏။
ကျန်းယန်ကို သင်ကြားပေးတဲ့အကြီးအကဲမရှိဘူးဆိုတဲ့စကားက ဘာကိုဆိုလိုနေပါသနည်း။
နောက်ဆုံး ၁၀နှစ်အတွင်း သူတို့အားလုံးကျန်းယန်ကို အားကုန်ထုတ်၍ ပျိုးထောင်ခဲ့ကြခြင်း ဖြစ်သည်။
ဤသူတစ်ခါမှပင်မကြားခဲ့ဖူးသည့် သန့်စင်သောလေဂိုဏ်းက သူ့ရှေ့တွင် အရှက်မဲ့စွာ လာပြောနေရဲကြပါသနည်း။
ထိုအခိုက်တွင် လျန့်ဖန်လည်း ကျန်းယန်ကြောင့်ပြောစရာစကားမဲ့သွားခဲ့ရ၏။ ကျင့်ကြံခြင်းမမျှဘူးဆိုတာ ဘာကိုဆိုလိုနေပါသနည်း။
သူလှုပ်ရှားဖို့ ပြင်လိုက်စဉ်တွင် သူ့စိတ်ထဲ အကြီးအကျယ်တုန်လှုပ်မှုကို ခံစားလိုက်ရပြီး အေးစက်မှုတစ်ခုက သူ့နဖူးဆီ တိုး၀င်လာသလို ခံစားလိုက်ရလေသည်။ အတွေးတစ်ချက်နှင့်အတူ သူ့ကာကွယ်ရေးရတနာကို အသက်သွင်းလိုက်ပြီး မှန်တစ်ချပ်က လေထဲတွင်ပေါ်လာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းရောင်တစ်ခုက ဖုံးလွှမ်းသွားခဲ့၏။
“ဟမ့် ငါ့ကိုချောင်းတိုက်ချင်တာလား အခွင့်အရေးတစ်ခုတောင်မရစေရဘူး!” လျန့်ဖန် ယုံကြည်မှုရှိစွာ ထေ့ငေါ့လိုက်သည်။
“ဘန်း…”
သူ့စကားမဆုံးခင်မှာတင် သူ့အကာအကွယ်အလင်းလွှာက ချက်ချင်းပျက်ဆီးသွားကာ မှန်ကလည်း အပိုင်းပိုင်းအစစဖြစ်သွားခဲ့၏။
သို့သော် သူ့အကာအကွယ်ရတနာပျက်ဆီးမှုကြောင့် လျန့်ဖန် သူ့ကိုတိုက်ခိုက်လာသောအရာကိုတော့ နောက်ဆုံးတွင် မြင်လိုက်ရသည်။ ထိုအရာမှာ လက်ဖဝါးအရွယ် ဓားပျံတစ်လက်သာ ဖြစ်၏။
“ဓားပျံတစ်လက်!” လျန့်ဖန်ကြောက်ရွံ့သွားပြီး အမြန်အော်ပြောလိုက်လေသည်။
“တာအိုပညာရှင် ကျေးဇူးပြုပြီးရပ်လိုက်ပါ! ကျွန်တော့်အသက်ကို ချမ်းသာပေးပါစီနီယာ!”
ကျင့်ကြံသူများကြားထဲတွင် ဓားကျင့်ကြံသူများသည် သာမန်ကျင့်ကြံသူများထက် များစွာပို၍ သတ်ဖြတ်နိုင်စွမ်းမြင့်ကြပေသည်။
အရေးအကြီးဆုံးအရာမှာ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ဓားပျံတစ်လက်ကို ပျိုးထောင်နိုင်စွမ်းရှိသည့် လူတစ်ယောက်က ရွှေအမြုတေအဆင့်အထက်တွင်ရှိနေသည်မှာ ထင်ရှားလှ၏။
အခြေအနေကိုနားလည်သွားပြီးနောက် လျန့်ဖန် တောင်းပန်ဖို့သာ တတ်နိုင်တော့သည်။
လင်းယွမ်ကျိလည်း ကိစ္စကိုကြီးမသွားစေချင်သောကြောင့် ဓားပျံကို ပြန်သိမ်းလိုက်၏။
ဓားပျံပျောက်ကွယ်သွားမှသာ လျန့်ဖန် သက်ပြင်းချလိုက်နိုင်ခဲ့သည်။ သူပြောဖို့ ပြင်လိုက်ချိန်တွင် ကျန်းယန် သူ့ရှေ့တွင်ပေါ်လာကာ ပြောလိုက်၏။
“ခင်ဗျားအသက်ကိုချမ်းသာပေးရဖို့လား ပြန်ပေးငွေပေးလေ ရွှေအမြုတေအထွတ်အထိပ်အဆင့်တစ်ယောက်က ဘယ်လောက်တန်ကြေးရှိမလဲ တွက်ကြည့်”
“မင်းဘာကိုဆိုလိုတာလဲ” လျန့်ဖန် ပြန်မမေးဘဲ မနေနိုင်တော့ပေ။
သူသည် အခုမှသူ့မှော်ရတနာကိုဆုံးရှုံးသွားခဲ့ရခြင်းဖြစ်ပြီး ဘာမှမပြောနိုင်သေးခင်တွင် ပြန်ပေးငွေပါပေးရဦးမည်လော။
ကျန်းယန် အေးအေးဆေးဆေးပြောလိုက်သည်။
“ဒါက အစကတော့ ရှောင်မိသားစုရဲ့ကိစ္စလေ သန့်စင်သောလေဂိုဏ်းနဲ့မဆိုင်ပါဘူး ဒါပေမယ့် ခင်ဗျားက၀င်ပါလာတာကိုး ခင်ဗျားတို့ သန့်စင်သောလေဂိုဏ်းကရော ကျုပ်တို့ အဇူရာတိမ်ဂိုဏ်းရဲ့ မိုင်းတွင်းတွေကိုခိုးတဲ့နေရာမှာ ပါ၀င်နေတာများလား သန့်စင်သောလေဂိုဏ်းက ဂိုဏ်းတစ်ဂိုဏ်းပါ ခင်ဗျားတို့ကဂိုဏ်းဖြစ်ပြီး ဒီလိုသူခိုးကိစ္စမျိုးမှာ ပါ၀င်နေတာလား”
ဘေးကကြည့်နေသူများလည်း လျန့်ဖန်ကိုထူးဆန်းစွာ ကြည့်လိုက်ကြ၏။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ဒီကိစ္စက ငါတို့သန့်စင်သောလေဂိုဏ်းနဲ့ဘာမှမဆိုင်ဘူး!” လျန့်ဖန် အမြန်လက်ဝေ့ယမ်းကာ ငြင်းချက်ထုတ်လိုက်သည်။
သူထိုကိစ္စကိုတော့ ငြင်းဆိုရမည်သာ။ အကယ်၍ သန့်စင်သောလေဂိုဏ်း၏ ဂုဏ်သတင်းသာ ကျဆင်းသွားပါက အနာဂတ်တွင် မည်သူက သူတို့ဂိုဏ်းကို၀င်ပါတော့မည်နည်း။ မည်သူက သူတို့နှင့်အလုပ်တွဲလုပ်ချင်ပါတော့မည်နည်း။
“ငါက ရှောင်ကျန့်ချွန်နဲ့မိတ်ဆွေတွေပါ ဒီတစ်ကြိမ် ငါဒီကိုလာခဲ့တာက ငါ့မိတ်ဆွေကိုကူညီဖို့ပါပဲ” လျန့်ဖန် ဆက်ရှင်းပြနေခဲ့ပြီး ထိုအခွင့်အရေးကိုယူကာ အဇူရာတိမ်ဂိုဏ်းကို ဖားလိုက်၏။
“သူပြောခဲ့တာက အချို့လူတွေက အဇူရာတိမ်ဂိုဏ်းသားအယောင်ဆောင်နေကြတယ်လို့ ပြောခဲ့တာပါ အဇူရာတိမ်ဂိုဏ်းက ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီးတော့ အဲ့လိုဂိုဏ်းမျိုးက အယောင်ဆောင်တွေကြောင့် သိက္ခာကျလို့မဖြစ်ဘူးလေ အဲ့တာကြောင့် ကျွန်တော်က ကူညီပေးဖို့ လာခဲ့တာပါ”
သူဆိုလိုချင်သည်မှာ သူကအဇူရာတိမ်ဂိုဏ်း၏ဂုဏ်သတင်းကို အလေးထားနေချိန်တွင် အဇူရာတိမ်ဂိုဏ်းက သူ့ကိုပြဿနာရှာချင်နေသလားဟု ဆိုလိုချင်ခြင်းဖြစ်သည်။
ကျန်းယန် အသာအယာပြုံးလိုက်ကာ
“အဲ့တာက ခင်ဗျားခုနကပြောတာနဲ့မတူပါဘူး ခင်ဗျားက ကျုပ်ကို ကျုပ်အကြီးအကဲတွေအစား သင်ကြားပေးချင်နေတာလို့ ကျုပ်ရှင်းရှင်းလင်းလင်းကြီး ကြားခဲ့တာပါ”
သူလင်းယွမ်ကျိဘက်လှည့်ကာ ပြောလိုက်၏။
“ဆရာဦးလေး ကြည့်ရတာ ဆရာတို့ သန့်စင်သောလေဂိုဏ်းကိုတစ်ခါလောက်တော့ သွားလည်သင့်နေပြီထင်တယ် သူတို့က အတော်လေး ထူးဆန်းကြတဲ့ပုံပဲ!”
လင်းယွမ်ကျိ အသာအယာခေါင်းညိတ်ပြလိုက်သည်။ သူလည်းထိုသို့သာ တွေးနေခြင်း ဖြစ်၏။
လျန့်ဖန်အမူအရာအေးခဲသွားကာ အမြန်ပြောလိုက်လေသည်။
“ဒါက ကိစ္စသေးသေးလေးပါပဲ ဒီလိုကိစ္စသေးသေးလေးအတွက် စီနီယာဒုက္ခခံဖို့ မလိုပါဘူး အို့ ကျွန်တော် အခုမှမှတ်မိတယ် စီနီယာက အဇူရာတိမ်ဂိုဏ်းက ကြီးမြတ်တဲ့ စီနီယာလင်းယွမ် မဟုတ်လား စီနီယာက ကျွန်တော့်ဆရာ့ကို တစ်ခါလမ်းညွှန်ပေးဖူးပါတယ် ကျွန်တော့်ဆရာ့က အဲ့ဒီကြင်နာမှုကို ဘယ်တော့မှမေ့မပစ်ဖို့ ကျွန်တော်ကို အမြဲပြောနေခဲ့တာပါ တကယ်လို့ ကျွန်တော်စီနီယာလင်းယွမ်နဲ့တွေ့ခဲ့ရင်လည်း ကျေးဇူးတင် လက်ဆောင်တွေပေးလိုက်ဖို့ မှာထားပါတယ် ဒါကတော့ ကျွန်တော့်ကျေးဇူးဆပ်မှုလေးပါ ကျေးဇူးပြုပြီး လက်ခံပေးပါ စီနီယာ”
ပြောပြီးသည်နှင့် သူများစွာသောကျောက်စိမ်းသေတ္တာများနှင့် ဆေးပုလင်းများကို ထုတ်ပေးလိုက်၏။
လင်းယွမ်ကျိ ကြောင်သွားပြီး ထိုကဲ့သို့သော ကိစ္စမျိုးရှိခဲ့ဖူးသည်ဟု အမှန်တကယ်ပင် ယုံကြည်သွားကာ မမေးဘဲမနေနိုင်တော့ပေ။
“မင်းဆရာကဘယ်သူလဲ”
ထိုမေးခွန်းက လျန့်ဖန်ကိုကြောင်အသွားစေခဲ့သည်။
ဘာလို့ ဒီစီနီယာက ဒီကိစ္စကိုဆက်ချင်နေရတာလဲ!
သူငါ့ကိုအလွတ်မပေးတော့ဘူးလား!
ကျန်းယန်ရှေ့တက်ကာ လျန့်ဖန်ပေးသောပစ္စည်းများကို လက်ခံလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“ဆရာဦးလေး ဦးလေးမှာက မှတ်စရာအရေးကြီးကိစ္စတွေအများကြီးရှိတော့ အချို့ကိစ္စတွေကို မေ့သွားတာ ပုံမှန်ပါပဲ”
သန့်စင်သောလေဂိုဏ်းသည် အဇူရာတိမ်ဂိုဏ်းနှင့် မိုင်ရာချီသာဝေးမှန်း ကျန်းယန်ကောင်းကောင်း သိပေသည်။ အကယ်၍ လျန့်ဖန်ဆရာကသာ အမှန်တကယ် သူ့ကျေးဇူးတင်မှုကို ပြသချင်လျှင် အဘယ်ကြောင့် ခြေလှမ်းအနည်းငယ်လှမ်း၍ အဇူရာတောင်ထွတ်ဆီ မလာခဲ့ပါသနည်း။
လင်းယွမ်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှတော့ ထပ်မပြောတော့ပေ။
ကျန်းယန် ရှောင်ကျန့်ချွန်ဘက်လှည့်ကာ ခပ်အေးအေးသာ ပြောလိုက်သည်။
“ခင်ဗျားတို့ ရှောင်မိသားစုက ကျုပ်တို့ အဇူရာတိမ်မိုင်းတွင်းတွေကို ခိုးခဲ့တယ် ကျုပ်ခင်ဗျားတို့ကို အဇူရာတိမ်ဂိုဏ်းဆီခေါ်ခဲ့တာက ဖြေရှင်းချက်ပေးဖို့ သက်သက်တင်မဟုတ်ဘူး မိုင်းတွင်းလုပ်ငန်းတွေကို အတူတူပူးပေါင်းလုပ်ကိုင်ဖို့အကြောင်း ဆွေးနွေးဖို့လည်း ပါတယ်
ရှောင်မိသားစုက ဒီအခွင့်အရေးကိုမယူချင်မှတော့ ထပ်ဆွေးနွေးစရာမလိုတော့ပါဘူး ကျုပ်တို့နဲ့အတူတွဲလုပ်ချင်တဲ့ တစ်ယောက်ယောက်ကိုပဲ ရှာရတော့မှာပေါ့ ဒါပေမယ့် ရှောင်မိသားစုကတော့ ဒီနှစ်တွေအတွင်းတူးခဲ့တဲ့ မိုင်းတွင်းသတ္တုတွေအတွက် လျော်ကြေးပေးကိုပေးရမယ် စကားမစပ် ကျုပ်ခုနက ခင်ဗျားကိုတိုက်ခိုက်ဖို့ သုံးခဲ့တဲ့ အဆောင်ဖိုးလည်း ပြန်လျော်ပေးရမယ်”
ရှောင်ကျန့်ချွန်မျက်နှာ ချက်ချင်းပြောင်းလဲသွားကာ အမြန်ပြောလိုက်၏။
“ကျွန်တော်တို့ ရှောင်မိသားစုက လျော်ကြေးပေးလိုပါတယ် ဒါပေမယ့် ဒီကိစ္စထဲ ကျွန်တော်တို့ ပါ၀င်နေပြီဆိုမှတော့ မိုင်းတွင်းကို ကျွန်တော်တို့ပဲ အတူတူဆက်တူးကြရင် မကောင်းဘူးလား”
အဇူရာတိမ်ဂိုဏ်းသည် ဂိုဏ်းပြင်ပတွင် မလှုပ်ရှားတာ အချိန်အတော်လေး ကြာနေခဲ့ပြီ ဖြစ်သည်။ အပြင်လူများအနေနှင့် အဇူရာတိမ်ဂိုဏ်းက စည်းပိတ်လိုက်ပြီဟူ၍သာ သိထားကြခြင်း ဖြစ်၏။
အထူးသဖြင့် နောက်ပိုင်းနှစ်များတွင် သူတို့သည် တပည့်ပင်လက်မခံတော့သောကြောင့် ထိုသို့ထင်မြင်နေမှုက ပိုခိုင်မာလာခဲ့ကြသည်။
ရလဒ်အနေနှင့် အဇူရာတိမ် ဟူသောစကားလုံးက လူတိုင်းစိတ်ထဲ မှိန်ပြသွားခဲ့ရသည်။
နောက်ကိစ္စတစ်ခုမှာ ယခုအချိန်တွင် အရင်အဇူရာတိမ်ဂိုဏ်း၏နယ်မြေမည်မျှရှိမည်ကို မည်သူက သိပါတော့မည်နည်း။
ထို့အပြင် သန့်စင်သောလေဂိုဏ်း၏အထောက်အပံ့လည်း ရှ်ိနေခဲ့ခြင်းကြောင့် ရှောင်မိသားစုက ထိုနေရာတွင် မိုင်းတွင်းသွားတူးရဲခဲ့ခြင်း ဖြစ်၏။
အဇူရာတိမ်ဂိုဏ်းထွက်ပေါ်လာသည်ဟူသော သတင်းကြားသောအခါ ရှောင်မိသားစုရော သန့်စင်သောလေဂိုဏ်းပါ မယုံခဲ့ကြပေ။
ပထမဆုံးတွေးမိသည်က တစ်ယောက်ယောက်က အဇူရာတိမ်ဂိုဏ်းယောင်ဆောင်နေပြီဟုသာ တွေးမိခြင်း ဖြစ်သည်။
နောက်ထပ်ဖြစ်နိုင်ချေတစ်ခုမှာ အဇူရာတိမ်ဂိုဏ်း၏ ငယ်ရွယ်သောတပည့်လေးများက သူတို့ဖာသာ ဆုံးဖြတ်ချက်ချလိုက်ကြခြင်းလည်း ဖြစ်နိုင်၏။
ဤကဲ့သို့သော လုပ်ရပ်က ပုံမှန်အဇူရာတိမ်ဂိုဏ်း၏လှုပ်ရှားမှုမျိုးလည်း မဟုတ်သောကြောင့် သန့်စင်သောလေဂိုဏ်းနှင့်ရှောင်မိသားစုက အခုလို တုန့်ပြန်ရဲခဲ့ကြခြင်း ဖြစ်သည်။
သို့သော် အခုလို သူတို့သံပြားကိုသွားကန်မိလိမ့်မည်ဟူ၍တော့ မျှော်လင့်မထားခဲ့မိပေ။
အခြေအနေက သေချာသွားသောအခါတွင်တော့ သူတို့တွင် မှားကြောင်း၀န်ခံရုံမှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
အထူးသခြင့် ကျန်းယန်က မိုင်းတွင်းလုပ်ငန်းကိုအတူတူပူးပေါင်းလုပ်ကိုင်မည်ဟု ပြောသောအခါ ရှောင်မိသားစုထိုအခွင့်အရေးကို မည်သို့မယူဘဲ နေနိုင်ပါမည်နည်း။
ရှောင်မိသားစုသည် ကြေးနီမိုင်းတွင်းတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်လေရာ သူတို့ထိုအခွင့်အရေးကို အခြားသူဆီ ပေးလိုက်၍ ဘယ်ဖြစ်ပါမည်နည်း။
လင်းယွမ်ကျိ မျက်မှောင်ကြုံ့သွားကာ ကျန်းယန်ကိုစိတ်ချင်းဆက်သွယ်၍ မေးလိုက်၏။
“ဘာလို့ မိုင်းတွင်းကိုငါတို့ဖာသာမတူးတာလဲ”
ကြေးနီမိုင်းတွင်းသည် သူတို့အပိုင်ဖြစ်သလို အရေးကြီးသောအရာလည်းဖြစ်နေလေရာ ထိုအရာကို သူတို့လက်ထဲတွင်သာ ထားသင့်သည် မဟုတ်ပါလော။
ကျန်းယန်အကူအညီမဲ့စွာ ပြန်ပြောလိုက်သည်။
“ကျွန်တော်တို့မှာ လူမလုံလောက်ဘူးလေ”
လတ်တလောတွင် အကြီးအကဲကြီးများက အပြင်ကိစ္စများတွင် အများကြီး၀င်မပါကြသလို တပည့်အသစ်များကလည်း မရင့်ကျက်သေးပေ။ ကိစ္စများကို ကိုင်တွယ်နေရသည်က သူတစ်ယောက်တည်းသာ ဖြစ်ပြီး သူကရောကိစ္စမည်မျှကို ကိုင်တွယ်နိုင်ပါမည်နည်း။
“နောက်ပြဿနာတစ်ခုက တကယ်လို့ ကျွန်တော်တို့ မိုင်းတွင်းကို ရှောင်မိသားစုကိုဆက်မတူးခိုင်းလိုက်ရင် ရှောင်မိသားစုရော သန့်စင်သောလေဂိုဏ်းကိုရော အပြစ်ပြုမိလိမ့်မယ်” ကျန်းယန် ဆက်ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက အပြင်မထွက်ဖြစ်တာ အတော်ကြာနေပြီ အဲ့တာတွေကို ကျွန်တော်တို့အပိုင်လို့ယူဆတာက အကျိုးအကြောင်းသင့်ပေမယ့် အခြားသူတွေအတွက် ဘာနေရာမှချန်ထားမပေးရင်လည်း ကျွန်တော်တို့ အနာဂတ်ကို ထိခိုက်စေလိမ့်မယ်”
“သန့်စင်သောလေဂိုဏ်းနဲ့ရှောင်မိသားစုက ငါ့ဓားတစ်ချက်တောင် မခံနိုင်ဘူး!” လင်းယွမ်ကျိ အေးစက်စက်ထေ့ငေါ့လိုက်၏။
ကျန်းယန်ပြုံးကာ ပြောလိုက်သည်။
“သူတို့က ကျွန်တော်တို့ဆီက တစ်ခုခုခိုးခဲ့ရုံပါ သေစေလောက်တဲ့ ရာဇ၀တ်မှုမဟုတ်ပါဘူး…အမတကျင့်ကြံခြင်းဆိုတာ တိုက်ခိုက်ခြင်းသက်သက်ပဲမဟုတ်ဘူး အဲ့တာက လူသားတွေရဲ့ ဆက်နွယ်မှုတွေအကြောင်းပဲ ဘာပဲဖြစ်ဖြစ်ပါ ဒီကိစ္စတွေက ဆရာဦးလေးကျွမ်းကျင်တာတွေမဟုတ်ပါဘူး ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်”
သူ့ဆရာဉီးလေးကိုအကြမ်းဖျင်းရှင်းပြပြီးနောက် ကျန်းယန် ရှောင်ကျန့်ချွန်ဘက်လှည့်လိုက်ကာ ပြောလိုက်သည်။
“ဒါဆို လျော်ကြေးငွေနဲ့အရင်စလိုက်ကြတာပေါ့ အဲ့တာကိုကြည့်ပြီး ခင်ဗျားတို့ရှောင်မိသားစုက ကျုပ်တို့နဲ့တကယ်ပူးပေါင်းလိုစိတ်ရှိမရှိ ဆုံးဖြတ်ပေးမယ်”
ရှောင်ကျန့်ချွန် အမြန် လက်ဟန်ပြကာ ပြောလိုက်၏။
“ကျေးဇူးပြုပြီး အထဲကိုကြွပါ အထဲမှာထိုင်ပြီး အေးအေးဆေးဆေးဆွေးနွေးကြတာပေါ့!”