ရှောင်မိသားစုလျော်ကြေး
Vol. 2 Ch. 16
ရှောင်မိသားစုပင်မခန်းမထဲတွင် ဤတစ်ကြိမ်တော့ လူတိုင်းပိုပြီး သဟဇာတဖြစ်နေခဲ့ကြသည်။
ကျန်းယန်နှင့်လင်းယွမ်ကျိတို့က ဂုဏ်သရေရှိလူကြီးခုံများတွင် ထိုင်နေချိန်တွင် ရှောင်ကျန့်ချွန်နှင့်လျန့်ဖန်တို့ကတော့ ဧည့်ခုံတွင်ထိုင်နေပြီး ယဉ်ကျေးစွာ ပြုံးပြနေခဲ့ကြ၏။
“ကျွန်တော်တို့ ကြေးနီမိုင်းကိုစတင်တူးဖော်ခဲ့တာက လွန်ခဲ့တဲ့ ၁၀နှစ်ကပါ” ရှောင်ကျန့်ချွန် တည့်တည့်သာ စတင်ပြောခဲ့လေသည်။
“ပုံမှန်နှစ်စဥ်ထွက်နှုန်းကတော့ တစ်နှစ်ကို ဂျင်တစ်သိန်းလောက်ထွက်ပါတယ်…မိုင်းတွင်းလုပ်သားတွေက အတော်လေးနှေးကွေးကြလို့ပါ အဲ့လောက်က ကျွန်တော်တို့ တူးထုတ်နိုင်တဲ့ ပမာဏမိုင်ကုန်ပါပဲ တကယ်လို့ စီနီယာတို့နှစ်ယောက်မယုံကြည်ရင် မိုင်းတွင်းမှာ သွားစစ်ဆေးကြည့်လို့ ရပါတယ်”
ကျန်းယန် ရှောင်ကျန့်ချွန်စကားများ မှန်မမှန်ကိုစိတ်မ၀င်စားဘဲ မေးလိုက်၏။
“ဆိုတော့ ခင်ဗျားတို့က ဒီဆယ်နှစ်အတွင်း ဂျင်တစ်သန်းထုတ်ခဲ့တယ်ပေါ့ နောက်ဆုံးအကြိမ်တုန်းက ကျုပ်တို့ ကြေးနီရိုင်း ဂျင်ငါးသောင်းယူလာခဲ့ပြီး သန့်စင်တော့ ဂျင်တစ်ထောင်ပြန်ရခဲ့တယ် အဲ့ဒီထဲမှာ ခရမ်းကြေးနီ ၂၀ ဂျင်နဲ့ ကြေးနီအဆီအနှစ် ၁ဂျင်လောက်လည်း ပါတယ် ခင်ဗျားတို့ ရှောင်မိသားစုက ဒီဆယ်နှစ်အတွင်း အတော်လေးအကျိုးအမြတ်ရခဲ့တာပဲ”
ဤသတ္တုများအားလုံးသည် မှော်ရတနာများ ထွင်းထုရာ၌ အသုံးပြုသောအရာများသာ ဖြစ်ကြေပသည်။
သူတို့က စိတ်ဝိညာဉ်ကျောက်တုံးပင် မတတ်နိုင်အောင် ဆင်းရဲမွဲတေနေချိန်တွင် အခုလိုသူများက သူတို့အဇူရာတိမ်ဂိုဏ်းက သတ္တုများကိုခိုးယူနေသည်ကို တွေးမိသောအခါ လင်းယွမ်ကျိအကြည့်များ အေးစက်သွားခဲ့၏။
လင်းယွမ်ကျိ အမူအရာကိုမြင်သောအခါ ရှောင်ကျန့်ချွန် အမြန်ရှင်းပြလိုက်လေသည်။
“အာ့…အစက ကြေးနီရိုင်းတွေက အခုလောက် အရည်အသွေးမမြင့်ခဲ့ပါဘူး ဒါပေယ့် အဇူရာတိမ်ဂိုဏ်းက ကျွန်တော်တို့ကို ကြေးနီမိုင်းတွင်းတူးတဲ့နေရာမှာ အတူတူပူးပေါင်းလုပ်ကိုင်ဖို့ ခွင့်ပြုတယ်ဆိုရင်တော့ ကျွန်တော်တို့ လျော်ကြေးကို အခုလက်ရှိကြေးနီရိုင်းအရည်အသွေးနဲ့ပဲ ပေးလျော်ပါ့မယ် စီနီယာတို့နှစ်ယောက် ဘယ်လိုထင်ပါသလဲ”
အဇူရာတိမ်ဂိုဏ်းသဘောမတူမည်စိုးသောကြောင့် သူအမြန်ထပ်ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကြေးနီတူးဖော်တဲ့နေရာမှာလည်း အကောင်းဆုံးအားစိုက်ပြီး တူးဖော်ပါ့မယ်”
ယခုအခြေအနေတွင် ညှိနှိုင်းနေ၍ မရမှန်း သူကောင်းကောင်းသိပေသည်။
ခွန်အားခြင်းမယှဉ်နိုင်သောအခါ သူအရှုံးကို၀န်ခံဖို့သာ တတ်နိုင်ခဲ့၏။
အကယ်၍ အဇူရာတိမ်ဂိုဏ်းစိတ်ဆိုးသွားပြီး အရင်ကြေးနီရိုင်းအကြွေးများကို လျော်ခိုင်းရုံသာမက လက်ရှိလည်း ဆက်မတူးခိုင်းတော့လျှင် သူတို့ ရှောင်မိသားစု အမှန်တကယ် အဆုံးသတ်သွားပေလိမ့်မည်။
ကျန်းယန်တခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
“ကျုပ်တို့ သဘောတူနိုင်ပါတယ် ဒါပေမယ့် ခင်ဗျားအရင်ကအကြွေးကိုတော့ တတ်နိုင်သလောက်မြန်မြန် ပြန်ပေးရမယ်”
ထိုအခါမှ ရှောင်ကျန့်ချွန် သက်ပြင်းချလိုက်နိုင်ခဲ့ပြီး သူ့မျက်နှာပေါ်တွင်လည်း အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။
ထို့နောက် သူမေးလိုက်သည်။
“ကြေးနီရိုင်းတွေကို ၆၀ ၄၀ ခွဲရင်ရော”
ကျန်းယန် အနည်းငယ်အံ့အားသင့်သွားကာ ပြောလိုက်၏။
“ခင်ဗျားတို့က ၄၀ ရာခိုင်နှုန်းပဲယူချင်တာလား”
“မဟုတ်ဘူးလေ မဟုတ်ဘူး မဟုတ်ဘူး!” ရှောင်ကျန့်ချွန် အမြန်လက်ယမ်းပြလိုက်ကာ
“ကျွန်တော်တို့ ရှောင်မိသားစုက တူးဖော်ဖို့နဲ့သန့်စင်ဖို့ နှစ်ခုလုံးအတွက် တာ၀န်ရှ်ိပါတယ် တကယ်လို့ ကျွန်တော်တို့ ၄၀ရာခိုင်နှုန်းပဲယူမယ်ဆိုရင် အဲ့တာက အများကြီးရှုံးသွားပါလိမ့်မယ်”
“၄၀ရာခိုင်နှုန်းပဲ!” ကျန်းယန် ခပ်အေးအေးပြောလိုက်သည်။
“ခင်ဗျားတို့ သန့်စင်ဖို့မလိုဘူး တူးပဲတူးပေး ကျုပ်တို့ဖာသာ လာသိမ်းမယ်”
“ဒါက…”ရှောင်ကျန့်ချွန် တွန့်ဆုတ်သွားခဲ့၏။
ကျန်းယန် အေးစက်စက်ထေ့ငေါ့လိုက်ကာ
“မင်းတို့ရှောင်မိသားစုက ကောင်းမွန်တဲ့ညှိနှိုင်းမှုတစ်ခုရနေပါပြီ ကျေနပ်လိုက်တော့”
ရှောင်ကျန့်ချွန် အားတင်း၍ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။
“ကောင်းပါပြီ ၄၀ရာခိုင်နှုန်းပါပဲ”
ရှောင်မိသားစုက သန့်စင်သောလေဂိုဏ်းနှင့်လည်းဝေစုခွဲရဦးမည်ဖြစ်သောကြောင့် သူတို့ဝေစုက ပိုနည်းသွားခဲ့၏။
သို့သော် လက်ရှိအခြေအနေကို လက်ခံဖို့မှလွဲ သူတို့တွင် ရွေးချယ်စရာမရှိခဲ့ပေ။
“ကျုပ်တို့ အဇူရာတိမ်ဂိုဏ်းက မိုင်းတွင်းလုပ်ငန်းစဉ်တွေကို စစ်ဆေးဖို့ လူလွှတ်လိုက်မယ် ဘာလှည့်ကွက်မှ မရှိစေနဲ့ နောက်တစ်ကြိမ်ဆို ကျုပ်တို့လွယ်လွယ်နဲ့ဖြေရှင်းခွင့်ပေးမှာ မဟုတ်ဘူး” ကျန်းယန်ပြောကာ ရှောင်ကျန့်ချွန်ကိုစိုက်ကြည့်လိုက်ပြီး
“နောက်ပြီး ကျုပ်တို့ဂိုဏ်းကိုပေးဖို့ လျော်ကြေးကိုလည်း ပြင်ဆင်ထားပါ”
ရှောင်ကျန့်ချွန် အမြန်ပြောလိုက်၏။
“စိတ်ချပါ ကျွန်တော်တို့ ရှောင်မိသားစုမှာ အခြားမကောင်းတဲ့ရည်ရွယ်ချက်တွေ မရှ်ိပါဘူး လျော်ကြေးအတွက်ကတော့ ကျွန်တော်တို့မှာ လတ်တလော အဲ့လောက်များတဲ့ ပမာဏမရှိသေးပါဘူး အဲ့တာကြောင့် စုဆောင်းဖို့ အချိန်နည်းနည်းပေးပါ”
ကျင့်ကြံခြင်းအရင်းအမြစ်တစ်စိတ်တစ်ပိုင်းက သန့်စင်သောလေဂိုဏ်း၏ အိတ်ကပ်ထဲလည်း ရောက်သောကြောင့် သူတို့ လျော်ကြေးကိုလည်း ခွဲဝေပေးကြရမည်သာ။
သို့သော် ဤကိစ္စကို အဇူရာတိမ်ဂိုဏ်းရှေ့တွင် ဆွေးနွေး၍တော့ မဖြစ်သေးပေ။
သူတို့အဇူရာတိမ်ဂိုဏ်းနှင့်အရင်ဆွေးနွေးဖို့လိုပြီး နောက်မှသာ သူတို့ချင်းရှင်းရပေလိမ့်မည်။
“မင်းတို့မှာ ပြင်ဆင်ဖို့ သုံးရက်အချိန်ရမယ်” ကျန်းယန်ထရပ်ကာ လင်းယွမ်ကျိဘက်လှည့်လိုက်ပြီး
“ဆရာဦးလေး စားသောက်ဆိုင်ကိုသွားရအောင် ကျွန်တော်တို့ အခြားကိစ္စတွေဆွေးနွေးစရာရှိသေးတယ်”
သူအဆောင်များကို ကြော်ငြာထားသောကြောင့် ယခုအခါ ရောင်းဖို့လိုလာခဲ့ချေပြီ။
ထို့အပြင် အဇူရာတိမ်ဂိုဏ်းကိုပြန်ယူသွားဖို့ သူအခြားအရင်းအမြစ်များလည်း ၀ယ်ရန် လိုနေသေးသည်။
ရှောင်ကျန့်ချွန် အမြန်ထရပ်ကာ ပြုံးလိုက်ပြီး
“ဂုဏ်သရေရှ်ိဧည့်သည်တော် နှစ်ယောက်ကို ကျွန်တော်တို့ရှောင်မိသားစုမှာ တည်းခိုဖို့ ကြိုဆိုပါတယ် နောက်ပြီး ကျွန်တော်တို့က အဆောင်အချို့လည်း ၀ယ်ချင်ပါတယ်”
ကျန်းယန် သူ့ကိုပြုံးတုံ့တုံ့ကြည့်လိုက်ကာ
“အဇူရာတိမ်ဂိုဏ်းကို လျော်ဖို့ကျ ငွေမရှိဘူး အဆောင်တွေ၀ယ်ဖို့တော့ ငွေရှိတယ်ပေါ့”
ရှောင်ကျန့်ချွန်မျက်နှာပျက်သွားကာ အီလည်လည်ကြီးသာ ပြုံးပြလိုက်လေသည်။
ကျန်းယန်ထိုကိစ္စကိုဆက်မပြောတော့ဘဲ လင်းယွမ်ကျိနှင့်သာ ထွက်ခွာသွားခဲ့၏။
လျန့်ဖန်နှင့်ရှောင်ကျန့်ချွန်တို့ သူတို့နှစ်ယောက်ကို အိမ်ပြင်ထိလိုက်ပို့ခဲ့ပြီး သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါမှ ရှောင်ကျန့်ချွန်သူ့ပေါင်သူ ဒေါသတကြီးရိုက်လိုက်ကာ
“တာအိုမိတ်ဆွေလျန့် ခင်ဗျားတို့ဂိုဏ်းမှာ အဇူရာတိမ်ဂိုဏ်းကို ယှဉ်နိုင်တဲ့ ပညာရှင်တွေမရှိဘူးလား”
လျန့်ဖန် ခြောက်ကပ်ကပ်ပြုံးလိုက်ကာ
“ငါတို့သန့်စင်သောလေဂိုဏ်းတည်ထောင်တာ ရာစုနှစ်တစ်ခုလောက်ပဲရှိသေးတယ် အဇူရာတိမ်ဂိုဏ်းကတော့ နှစ်၅၀၀၀ရှိပြီ နှစ် ၅၀၀၀ ကဘာကိုဆိုလိုနေသလဲ ခင်ဗျားသိလား”
ရှောင်ကျန့်ချွန် မျက်မှောင်ကြုံ့သွားကာ
“ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းက မသန်မာဘူးလို့ ခင်ဗျားပြောခဲ့တယ်မလား”
အကယ်၍ အဇူရာတိမ်ဂိုဏ်းသာ အမှန်တကယ်သန်မာနေခဲ့လျှင် သူတို့အစကတည်းက အပြစ်ပြုရဲပါမည်လော။
လျန့်ဖန် ရှင်းပြလိုက်သည်။
“ပြောကြတာတော့အဇူရာတိမ်ဂိုဏ်းက ကံကြမ္မာဆိုးအချို့နဲ့ကြုံခဲ့ရပြီး လက်ရှိအခြေအနေထိ ရောက်သွားရတာတဲ့ ဒါပေမယ့် ငတ်ပြတ်နေတဲ့ ကုလားအုတ်ကလည်း မြင်းထက်တော့ကြီးပါသေးတယ် လက်ရှိအခြေအနေမှာဆိုရင်တောင် အဇူရာတိမ်ဂိုဏ်းကကျုပ်တို့ သန့်စင်သောလေဂိုဏ်းကိုင်တွယ်နိုင်တာမျိုး မဟုတ်ဘူး ကျုပ်တို့က အဇူရာတိမ်ဂိုဏ်း ဂရုစိုက်မစိုက်ဘဲ လောင်းကြေးထပ်ခဲ့ရတာ အခုတံခါးလာခေါက်ပြီဆိုတော့ အရှုံးကို၀န်ခံဖို့ကလွဲ ရွေးချယ်စရာမရှိဘူး”
ရှောင်ကျန့်ချွန် မကျေမနပ်ခံစားလိုက်ရကာ ပြောလိုက်သည်။
“လက်ထဲမှာရှ်ိနေတဲ့ တွင်းထွက်တွေအများကြီးကို ဒီလိုပဲပေးလိုက်ရမှာက တကယ်ပဲ စိတ်တိုစရာကောင်းတယ် အခုတော့ရွေးစရာမရှိဘူး ပေးလိုက်ရမှာပဲ ဒါပေမယ့် တာအိုမိတ်ဆွေလျန့် ခင်ဗျားတို့ဂိုဏ်းကလည်း လျော်ကြေးထဲမှာတော့ စိုက်ရမယ်နော်”
လျန့်ဖန် ခပ်ဟဟရယ်မောလိုက်ကာ
“ကျုပ်တို့က ၃၀ရာခိုင်နှုန်းပေးမယ်…စိတ်မပူပါနဲ့ ကျုပ်တို့အဲ့ဒီသတ္တုတွေသုံးတာများသွားလို့ သိပ်မကျန်တော့လို့ မင်းတို့ရှောင်မိသားစုကို ဆေးတို့မှော်ရတနာတို့နဲ့ ပြန်လျော်ပေးမယ် နောက်ဆုံးတော့ ငါတို့က ပူးပေါင်းရဦးမှာပဲလေ ဟုတ်တယ်မလား”
ရှောင်ကျန့်ချွန် တခဏစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
“ဒါဆို ကျုပ်ပြန်ပြီးသတ္တုတွေစုပြီးတော့ ဂိုဏ်းချုပ်ကိုလည်း အခြေအနေအကြောင်း သတင်းပို့လိုက်ဦးမယ်” လျန့်ဖန် လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ပြီးနောက် ပျံသန်းထွက်ခွာသွားခဲ့၏။
လျန့်ဖန် ထွက်သွားသည်ကိုမြင်ပြီးနောက် ရှောင်ကျန့်ချွန်လည်း အရင်းအမြစ်များ စတင်စုဆောင်းလေတော့သည်။
တစ်ချိန်တည်းမှာပင် သူ့လူယုံတစ်ယောက်ကိုခေါ်ကာ ညွှန်ကြားလိုက်၏။
“မြို့တော်ကိုသွားပြီး အရှင်မင်းကြီးကိုဒီကိစ္စသတင်းပို့လိုက် အရေးအကြီးဆုံး ရှင်းပြရမယ့်အရာက ငါတို့ ရှောင်မိသားစုက အနာဂတ်မှာပို့ဖို့ တွင်းထွက်အများကြီး မရှိတော့ဘူးဆိုတာပဲ”
“ဟုတ်ကဲ့ပါ” အိမ်တော်ထိန်း အလျင်အမြန်ပင် ထွက်ခွာသွားခဲ့လေသည်။
အားလုံးစီစဉ်ပြီးမှသာ တခဏတွေးလိုက်ပြီး ရှောင်ကျန့်ချွန် သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။
ထိုစဉ် ကျန်းယန်နှင့်လင်းယွမ်ကျိတို့ ရှောင်မိသားစုအိမ်တော်နှင့် အဝေးသို့မရောက်သေးခင်တွင် လမ်းပေါ်၌ ပိုးထည်၀တ်လူကြီးတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
“လူကြီးမင်းတို့ ကျွန်တော့်သခင်က လူကြီးမင်းတို့ကို ဖိတ်ကြားလိုက်ပါတယ် ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ” လူကြီးယဉ်ကျေးစွာ ပြောလိုက်၏။
ကျန်းယန်ကတော့ မကြားချင်ယောင်ဆောင်ပြီး ရှေ့သို့သာ ဆက်သွားနေခဲ့သည်။
ကျန်းယန် ထွက်သွားသည်ကိုမြင်သောအခါ လင်းယွမ်ကျိလည်း လိုက်သွားခဲ့၏။
သူကကျင့်ကြံခြင်းပိုမြင့်သော်လည်း ကျန်းယန်ကသူ့ထက် ညဏ်ပိုကောင်းမှန်း သူ၀န်ခံရမည် ဖြစ်သည်။ ထို့ကြောင့်လည်း သူကျန်းယန်ဦးဆောင်သမျှ လိုက်လုပ်နေခဲ့ခြင်းဖြစ်၏။
လူကြီးမျက်နှာမည်းမှောင်သွားကာ အမြန်ပင် သူတို့နောက်လိုက်လာခဲ့ပြီး ခပ်တိုးတိုးပြောလိုက်လေသည်။
“လူကြီးမင်းတို့ ကျွန်တော်က မြို့စားစံအိမ်ရဲ့ အိမ်တော်ထိန်းပါ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မျက်နှာသာနည်းနည်းပေးပါဦး ကျွန်တော်တို့က အဆောင်တွေအားလုံးကို၀ယ်ချင်လို့ပါ”
ကျန်းယန်နောက်ဆုံးတွင်ရပ်လိုက်ကာ မေးလိုက်၏။
“ဈေးကရော”
“အဆောင်တစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ ဆိုရင်ရော” မြို့စားစံအိမ်၏ အိမ်တော်ထိန်းပြုံးကာ ပြောလိုက်သည်။
ကျန်းယန် ဒေါသများ လိမ့်တက်လာခဲ့၏။ ထိုသူများသည် သူတို့ကို သူတောင်းစားများလို ဆက်ဆံနေခြင်းပေလော။
သူအသာအယာပြုံးလိုက်ကာ ဘေးဘီဝဲယာတစ်ချက်ကြည့်လိုက်ပြီး အသံကိုတမင်မြှင့်၍ ပြောလိုက်၏။
“ငါတို့ ဟုန်ချင်းမျှော်စင်မှာ တရား၀င်လေလံပွဲတစ်ခုကျင်းပမယ် တကယ်လို့ မင်းတို့အဆောင်၀ယ်ချင်ရင် အဲ့ဒီကိုလာခဲ့ အို့ မင်းသခင်ကိုလည်း ပြောလိုက် ငါတို့က တိုလီမိုလီပစ္စည်းတွေရောင်းနေတာမဟုတ်ဘူး အဇူရာတိမ်ဂိုဏ်းနဲ့ တိုက်ရိုက်ပူးပေါင်းခွင့်ကို ပေးနေတာလို့ ဆိုတော့ လေးစားမှုထားပါ”
ပြောပြီးသည်နှင့် သူလှည့်ထွက်သွားခဲ့ပြီး အိမ်တော်ထိန်းစကားပြောခွင့်ပင် မရခဲ့ပေ။
သူတို့ပတ်၀န်းကျင်ရှိပုံရိပ်များလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြသည်။
အိမ်တော်ထိန်း၏ မျက်နှာပြောင်းလဲသွားပြီးနောက် သူလည်း ထိုနေရာမှ အမြန်ထွက်ခွာသွားခဲ့၏။