ရွှေအမြုတေအဆင့်နဲ့မတူဘူး
Vol. 2 Ch. 21
လှေပျံကရပ်တန့်သွားခဲ့ပြီး ကျန်းယန် လေထဲတွင်ပေါ်လာခဲ့ကာ နဂါးပျံအစောင့်များနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
“မင်းတို့က ဘာလုပ်ချင်လို့လဲ”
နဂါးပျံအစောင့်များ၏ လှေပျံလည်း ရပ်တန့်သွားခဲ့ကာ သာမန်အစောင့်များက လေးများထုတ်၍ ကျန်းယန်ကိုချိန်ထားလိုက်ပြီး သူတို့လေးများတွင် အဆောင်များထွင်းထားတာ စိတ်ဝိညာဉ်စွမ်းအင်အရောင်များ တောက်နေပြီး သာမန်လေးများမဟုတ်တာ ထင်ရှားနေခဲ့၏။
နဂါးပျံအစောင့်ခေါင်းဆောင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“မင်းတို့ကြားမှာ ရန်သူတိုင်းပြည်က သူလျှိုတစ်ယောက်ရှိတယ်လို့ ငါသံသယရှိတယ် ငါတို့စစ်ဆေးတာကို ချက်ချင်းလက်ခံပါ မဟုတ်ရင်တော့ ရိုင်းပြမှုအတွက် အပြစ်မတင်ပါနဲ့”
ကျန်းယန် အေးစက်စက်ထေ့ငေါ့လိုက်၏။
“မင်းတို့ တိမ်တောင်အင်ပါယာက ငါတို့ အဇူရာတိမ်တောင်ဂိုဏ်းကို တကယ်ပဲ လူမထင်ဘူးပဲ ငါတို့ဂိုဏ်းနယ်မြေက တွင်းထွက်တွေကိုခိုးဖို့ နှစ်ခါတောင်လုပ်ခဲ့တာကို ထားပါဦး ဒါပေမယ့် အန်းချင်းမြို့စားက အတော်လေးသတ္တိကောင်းပြီး ငါတို့က်ိုဆန့်ကျင်ဖို့ အစီအစဉ်ချရဲတဲ့အပြင် အခု ငါတို့နောက်ကိုပါလိုက်ဖို့ လူတွေလွှတ်ရဲလိုက်သေးတယ် မင်းတို့ကို အဲ့ဒီလိုသတ္တိမျိုး ဘယ်သူပေးတာလဲ”
နဂါးပျံအဖွဲ့ခေါင်းဆောင် အေးစက်စက်ပြောလိုက်သည်။
“စကားတွေပြောနေတာ တော်လောက်ပြီ လူတိုင်းပဲ စစ်ဆေးမှုခံယူဖို့အတွက် ငါနဲ့လိုက်ခဲ့ကြပါ အားလုံးရှင်းလင်းသွားမှပဲ လူတိုင်းထွက်သွားနိုင်ပါမယ်”
“ငါတို့က မင်းကိုလေးစားပေးရမှာလား”
ကျန်းယန် သာမန်အတိုင်းလက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ပြီး သူ့အင်္ကျီလက်အိုးထဲမှ ရွှေရောင်ကြိုးတစ်ချောင်းထွက်ပေါ်လာခဲ့၏။
ထွက်ပေါ်လာစက ကြိုးသည် ၃ပေလောက်သာ ရှည်သော်လည်း လေထဲတွင်လျင်မြန်စွာကြီးမားလာခဲ့ပြီး အလျား ၁၀ ပေကျော်သွားခဲ့ကာ နဂါးပျံအစောင့်လှေထံသို့ နဂါးပျံတစ်ကောင်လိုပျံသန်းသွားခဲ့လေသည်။
“မှော်ရတနာတစ်ခု အမတတုပ်နှောင်ကြိုး!” ခေါင်းဆောင် အော်ပြောလိုက်၏။
“မြှားတွေလွှတ်လိုက်ကြ!”
နဂါးပျံအစောင့်များအားလုံးလည်း ချက်ချင်းဆိုသလို သူတို့၏ အေဆာင်ကဗ္ဗည်းများ ရေးထိုးထားသော မြှားများကို ပစ်လွှတ်လိုက်ကြရာ စိတ်ဝိညာဉ်စွမ်းအင်များ သယ်ဆောင်လာသည့် မြှားတစ်ချောင်းစီက အမတတုပ်နှောင်ကြိုးဆီ တိုး၀င်သွားခဲ့ကြသည်။
မြှားများက ဧရာမနဂါးကြီးတစ်ကောင်နှင့်တူသော ကြိုးအတွက်တော့ ကလိထိုးသလိုသာ ဖြစ်နေပြီး ကြိုးကမတုန်မလှုပ်နှင့် ရှေ့ဆက်သွားနေကာ ရစ်ခွေလိုက်ပြီး လှေပျံကို တုပ်နှောင်လိုက်၏။
နဂါးပျံအစောင့်ခေါင်းဆောင် တုန်လှုပ်သွားခဲ့သည်။
“ဒါက စိတ်ဝိညာဉ်အဆင့် အမတတုပ်နှောင်ကြိုးပဲ! လှေပျံအကာအကွယ်ကို အသက်သွင်း! အန်းချင်းမြို့ထိ အမြန်ဆုံးပြန်ဆုတ်ကြမယ်!”
မှော်ရတနာများကို မှော်အသံုးအေဆာင်များ ရတနာအဆင့်အသံုးအေဆာင်များ စိတ်ဝိညာဉ်အဆင့်အသဲုးအေဆာင်များနှင့် ဒဏ္ဍာရီလာအမတအဆင့်အသံုးအေဆာင်များဟူ၍ ခွဲခြားထားပြီး အဆင့်တစ်ခုချင်းစီ၌ အဆင့်ငယ် ၉ ဆင့်စီ ထပ်မံ ခွဲခြားထား၏။
အဆင့် ၁ က တန်ဖိုးအကြီးဆုံးဖြစ်ပြီး အဆင့် ၉ကတော့ အနိမ့်ဆုံး ဖြစ်သည်။
အဆင့်အမြင့်ဆုံး စိတ်ဝိညာဉ်အဆင့်မှော်ရတနာများကို ကျင့်ကြံခြင်းလောကထဲတွင် တွေ့ရဖို့ ခက်ခဲသော်လည်း ယခုတော့ ဤနေရာတွင် ရောက်နေခဲ့၏။
ခေါင်းဆောင်ချက်ချင်းပင် အခြေအနေအတိမ်အနက်ကိုနားလည်သွားပြီး ပြန်ဆုတ်ဖို့ အမိန့်ပေးခဲ့လိုက်သည်။
နဂါးပျံအစောင့်များအားလုံး၏ ထောက်ပံ့မှုနှင့်အတူ လှေပျံက အကာအကွယ်တစ်ခုထုတ်လိုက်ပြီး ကြိုး၏စွမ်းအားကို တောင့်ခံထားခဲ့၏။
သို့သော် ဧရာမနဂါးကြီးတစ်ကောင်နှင့်တူသောကြိုးကတော့ လှေပျံကိုတင်းကြပ်စွာ ရစ်ပတ်နေဆဲပင်။
တကယ်တော့ နဂါးပျံအဖွဲ့ခေါင်းဆောင်သာ တုန်လှုပ်နေခြင်း မဟုတ်ဘဲ ၀မ့်မင်ယွဲ့လည်းအံ့အားသင့်ေနခဲ့ခြင်း ဖြစ်သည်။
သက်တမ်း ၅၀၀၀ အမွေအနှစ်ရှိသော အဇူရာတိမ်ဂိုဏ်းလို ဂိုဏ်းမျိုးတစ်မျိုးတွင် စိတ်ဝိညာဉ်အဆင့်အသုံးအဆောင်ရှိနေခြင်းကို သူမမအံ့ဩပေ။
သို့သော် စိတ်ဝိညာဉ်အဆင့်ရတနာမျိုးကို ကိုင်တွယ်နိုင်ဖို့ လိုအပ်သောစွမ်းအားက ရွှေအမြုတေအဆင့်တစ်ယောက် တတ်နိုင်တာ၏ အလွန်တွင် ရှိနေခဲ့သည်။ စစ်မှန်သော မဟာကျင့်ကြံသူများကသာ ထိုအရာ၏ စွမ်းအားကိုထုတ်သုံးနိုင်မည် ဖြစ်၏။
ကျန်းယန်သည် အမှန်တကယ်ပင် ရွှေအမြုတေအဆင့်၌သာ ရှိသေးပြီး သူသည် အမြုတေေတာင်မပြည့်စုံသေးသော အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ယောက် ဖြစ်တာလည်း ထင်ရှားနေခဲ့သည်။ သူကအဘယ်ကြောင့် ဤစိတ်ဝိညာဉ်အဆင့် အမတတုပ်နှောင်ကြိုးကို ကိုင်တွယ်နေနိုင်ရပါသနည်း။
နောက်ထပ်ဖြစ်သွားသောအရာက ပိုပြီးပင် တုန်လှူပ်စရာ ကောင်းနေခဲ့၏။
ကျန်းယန် သူ့မှော်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ ဆေးတစ်လုံးထုတ်သောက်လိုက်ပြီးနောက် စိမ်းပြာရောင်အလံတစ်လက်ကို ပစ်လွှတ်လိုက်လေသည်။
စိတ်ဝိညာဉ်စွမ်းအင်လွှမ်းမိုးမှုအောက်တွင် အလံက လျင်မြန်စွာ ပြန့်ကားလာခဲ့ကာ ကောင်းကင်နှင့်မြေပြင်၏နိယာမများကို ဆွဲဆောင်ပြီးနောက် ကျန်းယန် အလံကို အမတတုပ်နှောင်ကြိုး၏ တားဆီးခြင်းကိုခံထားရသော လှေပျံဆီ ပစ်လွှတ်လိုက်၏။
အလံ၏ လွှမ်းမိုးမှုအောက်တွင် အမတတုပ်နှောင်ကြိုး၏ တိုက်ခိုက်မှုကို တောင့်ခံထားသော လှေပျံအကာအကွယ်က ကြေမွသွားခဲ့သည်။
“စည်းဖျက်အလံ! နောက်ပြီး ဒါကလည်း စိတ်ဝိညာဉ်အဆင့်!”
နဂါးပျံအစောင့်ခေါင်းဆောင် ဖြူဖျော့သွားပြီး သူတို့တော့ ဒုက္ခရောက်ပြီဆိုတာ သိလိုက်ရ၏။
လှေပျံအကာအကွယ်မရှိဘဲ သူ့လိုရွှေအမြုတေတစ်ယောက်ပင် ထိုစွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။ သာမန်အစောင့်အများအတွက်တော့ ပြောနေစရာပင် မလိုတော့ပေ။
“ဆင်းစမ်း!”
ကျန်းယန် လက်ကိုဝေ့ယမ်းလိုက်ပြီး လှေပျံကို ကောင်းကင်ပေါ်မှ မြေပြင်ဆီကျသွားအောင် အတင်းဖိအားပေးလိုက်လေသည်။
ထို့နောက် သူလှေပျံနားချဉ်းကပ်သွားလိုက်ပြီး ထိုအရာပေါ်ရှ်ိ မှော်ကဗ္ဗည်းများကို စစ်ဆေးနေခဲ့၏။ နဂါးပျံအစောင့်များကိုတော့ လုံး၀ စိတ်မ၀င်စားခဲ့ပေ။
သို့သော် နဂါးပျံအစောင့်တစ်ယောက်မှ မလှုပ်ရဲခဲ့ကြပေ။
စိတ်ဝိညာဉ်အဆင့်အမတတုပ်နှောင်ကြိုးက လှေပျံကို ရစ်ပတ်ထားဆဲဖြစ်ပြီး သူတို့တစ်ချက်လှုပ်လိုက်သည်နှင့် သေသွားစေနိုင်ပေသည်။
သူတို့တစ်ခုတည်းသော ရွေးချယ်စရာက သေခြင်းတရားကို စောင့်နေဖို့သာ ဖြစ်၏။
နဂါးပျံအစောင့်ခေါင်းဆောင်တုန်ရီနေပြီး ကျန်းယန်ကို ဘာပြောရမယ်မသိ ဖြစ်နေခဲ့ကာ သူ့အစက မောက်မာမှုများကလည်း လွင့်စင်သွားခဲ့ချေပြီ။
သူပဟေဠိဖြစ်နေပြီး ကျန်းယန်အဘယ်ကြောင့် လှေပေါ်ရှိ ကဗ္ဗည်းများကိုလေ့လာနေလဲ နားမလည်နိုင်ခဲ့ပေ။
လှေပျံပေါ်ရှိ ကဗ္ဗည်းများဆိုသည်မှာ လျှို့ဝှက်နံပါတ်များနှင့်တူပြီး ထိုလျှို့ဝှက်နံပါတ်ကိုသိမှသာ လှေပျံကိုထိန်းချုပ်နိုင်မှာဖြစ်ကာ ထိုအရာကိုလည်း လှေပိုင်ရှင်မှလွဲပြီး ဘယ်သူမှ မသိနိုင်ပေ။
ထို့ကြောင့် သူကျန်းယန်လုပ်ရပ်ကို နားမလည်နေခြင်း ဖြစ်သည်။
ဘာဆက်လုပ်ရမလဲဆိုတာ သူတွေးနေခဲ့၏။
သူမျှော်လင့်မထားခဲ့သည်မှာတော့ တခဏအကြာတွင် ကျန်းယန် အသာအယာပြုံးလိုက်ကာ သူ့စိတ်ဝိညာဉ်စွမ်းအင်များကို လှေကဗ္ဗည်းများထဲ ပို့လွှတ်လိုက်လေသည်။
“ထွက်သွားစမ်း!”
ကျန်းယန်အော်လိုက်သည်နှင့် လှေပျံက တုန်ခါလာခဲ့ပြီး လှေထဲရှိ နဂါးပျံအစောင့်များအားလုံးကို ခါထုတ်လိုက်၏။
ထို့နောက်တွင်တော့ လှေပျံကြီးက လက်ဖဝါးအရွယ်ထိ ကြုံ့သွားပြီး ကျန်းယန်လက်ထဲ ဆင်းသက်သွားခဲ့သည်။
နဂါးပျံအစောင့်များ ကြောင်အသွားခဲ့၏။ဒါ…ဒါ…
အမြန်ပင် ခေါင်းဆောင်တုန့်ပြန်လိုက်ကာ စိတ်ပျက်နေဟန်ဖြင့် အော်ပြောလိုက်သည်။
“ဒါက ငါတို့လှေပျံလေ မင်းယူလို့မရဘူး”
သူအလိုလိုပင် လှေပျံကိုပြန်ယူဖို့ ရှေ့တက်သွားခဲ့မိသည်။ ဤအရာက သူတို့နဂါးပျံအစောင့်တပ်များ၏ အသက်ဖြစ်ကာ သူတို့အသက်များထက်ပင် ကိုအရေးကြီးပြီး ထိုလှေပျံကိုဆုံးရှုံးလိုက်ရပါက မလွဲမသွေ တပ်ဖွဲ့ဖျက်သိမ်းခံရပေလိမ့်မည်။
ကျန်းယန် လက်မြှောက်လိုက်ကာ
“ရပ်စမ်း!”
ဂါထာက ခေါင်းဆောင်ကိုသက်ရောက်သွားခဲ့ပြီး သူလှုပ်မရတော့ပေ။
“ေလှပျံကို ငါယူသွားပြီလို့ တိမ်တောင်ဧကရာဇ်ကို ပြန်သွားပြောလိုက် မင်းတို့ပြန်လိုချင်ရင် ညှိနှိုင်းဖို့ အဇူရာတိမ်ဂိုဏ်းကို တစ်ယောက်ယောက်လွှတ်လိုက် အို့ မင်းတို့ရဲ့ စော်ကားမှုအတွက် လျော်ကြေးပေးဖို့လည်း မမေ့နဲ့ဦးနော် ရှောင်မိသားစု မိုင်းတွင်းခိုးတဲ့ကိစ္စကို ဖြေရှင်းပြီးပေမယ့် အခြားကိစ္စတွေကိုတော့ မဖြေရှင်းရသေးဘူး”
ပြောပြီးသည်နှင့် သူစည်းဖျက်အလံနှင့်အမတတုပ်နှောင်ကြိုးကိုသိမ်းဆည်းကာ ထွက်ခွာသွားခဲ့လေသည်။
နဂါးပျံအစောင့်များကတော့ ကျန်းယန်တို့ထွက်ခွာသွားသည်ကိုသာ ရပ်ကြည့်နေခဲ့ရ၏။ သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားသော အခါမှသာ ခေါင်းဆောင်ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်၏။
“ဒီကိစ္စကို အန်းချင်းမြို့ဆီ ချက်ချင်းသတင်းပြန်ပို့ကြရအောင်”
အခြေအနေက သူတို့ကိုင်တွယ်နိုင်တာ၏အလွန်သို့ ရောက်ရှိနေခဲ့သည်။
မကြာခင်တွင် နဂါးပျံအစောင့်များ အန်းချင်းမြို့ဆီ ပြန်လာခဲ့ကြ၏။
လှေပျံယူသွားခံလိုက်ရသည်ကို သိသောအခါ အန်းချင်းမြို့စားကုလားထိုင်မှပင် ထထိုင်လိုက်မိပြီး သူ့နှဖူးမှ ချွေးအေးများ စီးကျလာခဲ့သည်။
“လုပ်ရဲလိုက်တာ လုပ်ရဲလိုက်တာ!”
လှေပျံသည် နဂါးပျံအစောင့်တပ်ဖွဲ့အတွက် အရေးကြီးသော ဗျူဟာကျအသုံးအဆောင်ပစ္စည်းဖြစ်ကာ သူ့ကိုဆုံးရှူံးလိုက်ရခြင်းက ကိစ္စအသေးအမွှားလေး မဟုတ်ပေ။
ထိုအရာက သူ့အပြစ်မဟုတ်လျှင်တောင် သူအကြီးကြီးတာ၀န်ယူရမည်ဖြစ်ပြီး ယခုလို သူ့ကြောင့်ဖြစ်လာသော ကိစ္စဖြစ်နေသောအခါတွင်တော့ ပြောစရာပင် မလိုတော့ပေ။
တစ်နည်းအားဖြင့်ဆိုသော် သူ့မြို့စားမင်းသက်တမ်းမှာ ပြီးဆုံးသွားခဲ့ချေပြီ။
အဇူရာတိမ်ဂိုဏ်းက အဘယ်ကြောင့် လှေပျံကိုပါ သိမ်းသွားရဲသလဲဆိုတာကို သူဘယ်လိုမှ စဉ်းစားမရခဲ့ပေ။
အဇူရာတိမ်ဂိုဏ်းသည် ကျဆင်းနေတာ အချိန်ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။ သူတို့သည် တိမ်တောင်အင်ပါယာကို အဘယ်ကြောင့် အပြစ်ပြုရဲနေရပါသနည်း။
ထို့နောက် သူ့ခေါင်းထဲအတွေးတစ်ချက် ၀င်လာခဲ့၏။ သူအဇူရာတိမ်ဂိုဏ်းကို လျော်ကြေးနှင့်အတူပြန်သွားတောင်းပန်ပါက လှေပျံကို ပြန်လည်ရရှိနိုင်ပါမည်လော။
သူထိုသို့လုပ်ရန် ပြင်လိုက်ချိန်တွင် နဂါးပျံအစောင့်ခေါင်းဆောင် သူ့ကို သတိပေးလိုက်၏။
“ကျွန်တော်ကြားတာတော့ အဇူရာတိမ်ဂိုဏ်းနဲ့တိမ်တောင်အင်ပါယာကြားထဲမှာ မဖြေရှင်းရသေးတဲ့ အခြားကိစ္စတွေရှိနေသေးတယ်တဲ့ ကျွန်တော်တို့ လှေပျံကို ပြန်မရလောက်ဘူး”
မြို့စားမင်း၏ မျှော်လင့်ချက်လေးများ တစ်စစီကွဲကြေသွားခဲ့ရလေသည်။
ထိုကဲ့သို့သော တန်ဖိုးကြီးသည့်လှေပျံကို အလွယ်တကူ ပြန်ရနိုင်မည် မဟုတ်ပေ။
မြို့စားမင်းတစ်ယောက်အနေနှင့် လှေပျံအတွက် လျော်ကြေးကိုလည်း သူတတ်နိုင်မည်မဟုတ်ပေ။
သူခါးသက်စွာ ပြုံးလိုက်ပြီး အခြေအနေကိုသတင်းပို့ဖို့သာ တတ်နိုင်တော့ကြောင်း နားလည်သွားခဲ့၏။
သူဘာလို့ အဇူရာတိမ်ဂိုဏ်းကို အပြစ်ပြုမိခဲ့သလဲဆိုတာကိုလည်း သူနက်နက်ရှိုင်းရှိုင်းနောင်တရနေခဲ့မိသည်။
အကယ်၍များ ဤကိစ္စအားလုံးသာ မဖြစ်ပျက်ခဲ့ရင် အရာအားလုံးက အဆင်ပြေနေမည်သာ။
သို့သော် အကယ်၍များ ဆိုသောအရာမျိုးက လက်တွေ့တွင် မရှိပေ။