အဇူရာတိမ်ဂိုဏ်း၏ ကြီးမားသောအလားအလာ
Vol. 2 Ch. 22
“ရှင်ဘယ်လိုလုပ်ခဲ့တာလဲ ရှင့်ကျင့်ကြံခြင်းအစစ်ကို ဖုံးကွယ်ထားတာလား”
၀မ့်မင်ယွဲ့ မေးခွန်းများဆက်မေးနေပြီး သူ့မျက်လုံးထဲ မယုံကြည်နိုင်မှုများဖြင့် ပြည့်နေခဲ့သည်။
ရွှေအမြုတေအဆင့်တစ်ယောက်အနေနှင့် စိတ်ဝိညာဉ်ရတနာတစ်ခုကို သုံးနိုင်တာကတင် လေးစားစရာဖြစ်နေပြီဖြစ်ကာ ကျန်းယန်ကတော့ နှစ်ခုတောင် သုံးပြသွားခဲ့၏။
ရွှေအမြုတေအဆင့်တစ်ယောက်က ထိုမျှများပြားသော စိတ်ဝိညာဉ်စွမ်းအင်များကို ဘယ်ကရနေပါသနည်း။
ပိုတုန်လှုပ်စရာကောင်းသည်မှာ ကျန်းယန်၏ တစ်ဖက်လူများ၏ လှေပျံကိုပင် အတင်းယူလာခဲ့သေးသည်။
ကျန်းယန် သူမလှေကိုလည်း သိမ်းသွားမှာကိုတောင် သူမအနည်းငယ် စိတ်ပူသွားခဲ့မိ၏။
ထိုကိစ္စတွေ ဘယ်လိုဖြစ်သွားနိုင်ခဲ့သလဲဆိုတာကို သူမလုံး၀အဖြေရှာမရခဲ့ပေ။
သူမတင်မဟုတ်ဘဲ သက်လတ်ပိုင်းအရွယ် အစိမ်းရောင်၀တ်လူလည်း အံ့အားသင့်နေခဲ့သည်။
ကျန်းယန်၏ ကျင့်ကြံခြင်းက အမြုတေဖွဲ့စည်းခြင်းအဆင့်ဆိုတာ သူသေချာမြင်နေရပါသော်လည်း အဘယ်ကြောင့် သူ့စိတ်ဝိညာဉ်စွမ်းအားက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ထက် ပိုများနေရပါသနည်း။
ဤအရာက လုံး၀ ထူးဆန်းနေခဲ့သည်။
သူလင်းယွမ်ကျိကိုတစ်ချက်ကြည့်လိုက်ရာ လင်းယွမ်ကျိလည်း အံ့အားသင့်နေကြောင်းတွေ့ရှိသွားပြီး အသံပို့လွှတ်၍ အံ့အားတကြီးမေးလိုက်၏။
“တာအိုမိတ်ဆွေ ခင်ဗျားရောဒီလိုအခြေအနေကို မသိခဲ့ဘူးလား”
လင်းယွမ်ကျိ ခေါင်းယမ်းလိုက်ကာ ခြောက်ကပ်ကပ်ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
“ဒီနေ့မတိုင်ခင်က သူဘယ်သူနဲ့မှ မတိုက်ခိုက်ဖူးဘူး”
ကျန်းယန်သည် ဂိုဏ်း၏နောက်တက်မည့် ဂိုဏ်းချုပ်လောင်းဖြစ်သောကြောင့် သူပြဿနာရှာတိုင်း သူ့ကို အမြဲလိုပင် အဇူရာတိမ်မောင်နှမ ၇ ဖော်က ကာကွယ်ပေးလေ့ရှိ၏။ ပြဿနာဖြစ်လာပြီဆိုလျှင် အဇူရာတိမ်မောင်နှမ ၇ ဖော်က ရှင်းထားပြီးသားသာဖြစ်သွားတတ်ကာ ကျန်းယန် ဘာမှလုပ်စရာပင် မလိုခဲ့ပေ။
အကယ်၍ ကျန်းယန်သာ ဒီနေ့မလှုပ်ရှားခဲ့လျှင် လင်းယွမ်ကျိလည်း ကျန်းယန်တွင် ထိုမျှနက်ရှိုင်းသော စိတ်ဝိညာဉ်စွမ်းအားများ ရှ်ိနေတာကို သိမည် မဟုတ်ပေ။
စိတ်ဝိညာဉ်အဆင့်အသုံးအဆောင်များကတော့ ကျန်းယန်ကို ကာကွယ်ဖို့ သူတို့ပေးထားခဲ့ခြင်း ဖြစ်သည်။
စိတ်ဝိညာဉ်အဆင့်ရတနာများတွင် ကိုယ်ပိုင်စိတ်ဝိညာဉ်ရှ်ိကြပြီး အသက်သွင်းစရာမလိုဘဲ ပိုင်ရှင်ကို အလိုလိုကာကွယ်နိုင်စွမ်း ရှိကြ၏။ ဒါပေါ့ သူတို့ကိုအသုံးပြုဖို့ လုံလောက်သော စိတ်ဝိညာဉ်စွမ်းအားမရှိလျှင်တော့ သူ့စွမ်းအား အပြည့်အ၀ကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ခုနကပြသသွားခဲ့သော အမတတုပ်နှောင်ကြိုးနှင့် စည်းဖျက်အလံ၏ စွမ်းအားအရ စွမ်းအားကအရမ်းမကြီးသော်လည်း သူတို့ကို အသက်သွင်းနိုင်လိုက်တာကတော့ သေချာပေသည်။
ထို့ကြောင့် လင်းယွမ်ကျိလည်း ဘာတွေဖြစ်နေသလဲ နားမလည်ခဲ့ခြင်း ဖြစ်၏။
မေးခွန်းများစွာ မေးသော်လည်း အဖြေပြန်မရသောအခါ ၀မ့်မင်ယွဲ့နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး မေးလိုက်သည်။
“ရှင် ချီစုဆောင်းဖို့ အချိန်ဘယ်လောက်လိုခဲ့လဲ”
“အင်း….တစ်ရက်ပဲဆိုပါတော့!” ကျန်းယန် ရိုးရိုးသားသား ဖြေလိုက်၏။
၀မ့်မင်ယွဲ့မကျေနပ်သေးဘဲ ထပ်မေးလိုက်သည်။
“ဆိုပါတော့ ဆိုတာဘာကိုဆိုလိုတာလဲ တစ်ရက်ဟုတ်တာလား မဟုတ်တာလား ကျွန်မ ရှင်ပါရမီရှိတာကို သိပါတယ် ဒါပေမယ့် ဒီလောက်လျှို့ဝှက်စရာတော့ မလိုဘူးမလား”
ကျန်းယန် ပြုံးကာပြောလိုက်၏။
“ငါ့ဆရာနဲ့ဆရာဦးလေးတွေက ငါ့ကိုချီစုဆောင်းခြင်းသင်ပေးခဲ့ကြတာ အစကတော့ ငါစိတ်ဝိညာဉ်ချီကို အလိုလို အာရုံမခံမိဘူး နောက်ပြီး အဲ့တာက တစ်ရက်ကြာခဲ့တယ် နောက်တော့ ငါ့ဆရာတွေက ငါ့ကို စိတ်ဝိညာဉ်ချီတွေစုဆောင်းပေးတဲ့အခါမှ နောက်ဆုံးတော့ ငါအာရုံခံနိုင်သွားတယ် ပြီးတော့ ချက်ချင်းပဲ အဲ့ဒီအဆင့်ကို အောင်မြင်သွားတယ် ဆိုတော့ တစ်ရက်လို့ပဲ ပြောလို့ရတာပေါ့”
၀မ့်မင်ယွဲ့ ကြောင်အသွားခဲ့သည်။
ချီစုဆောင်းရန်မှာ လူတစ်ယောက်သည် အရင်ဆုံးကောင်းကင်နှင့်မြေပြင်၏ ချီကိုစုဆောင်းရမည်ဖြစ်ပြီး ထို့နောက်တွင်မှ ထိုအရာကို ခန္ဓာကိုယ်ထဲ စုဆောင်းရမည် ဖြစ်၏။ ထိုလုပ်ငန်းစဉ်တစ်ရပ်လုံးကို ချီစုဆောင်းခြင်းဟု ခေါ်ခြင်း ဖြစ်သည်။
သူမပထမဆုံးအကြိမ် ချီစုဆောင်းခဲ့ချိန်က ပထမဆုံး
ချီမျှင်ကို ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်ဖို့ ၃ရက်အချိန်ယူခဲ့ရ၏။
ကျန်းယန်ကတော့ ချီကိုအာရုံမခံနိုင်တာ တစ်ရက်ကြာခဲ့ပြီးနောက် စုပ်ယူနုိင်သည်နှင့် ချက်ချင်း အောင်မြင်သွားခဲ့သည်။ ထိုအရာက သူ့ချီစုဆောင်းခြင်းအဆင့်ကို ဖြတ်ကျော််ခဲ့မှုက ၁ရက်ပင် မရှိခဲ့ဘူးဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
ပါရမီရှင်တစ်ယောက်လား!
ဒါက မွန်းစတားတစ်ကောင်ပဲ!
အဇူရာတိမ်ဂိုဏ်းက နောက်တက်မည့် ဂိုဏ်းချုပ်အဖြစ်ရွေးချယ်ထားသူက သာမန်မဟုတ်နိုင်ကြောင်း သူမသိသော်လည်း ထိုမျှသာမန်မဟုတ်နေတာမျိုးကိုတော့ သူမမျှော်လင့်မထားခဲ့ပေ။
သို့သော် သူမပိုပြီးပင် ပဟေဠိဖြစ်သွားခဲ့၏။
“ရှင်က အရမ်းပါရမီရှိတယ်ဆိုရင် ဘာလို့ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိနေသေးတာလဲ”
၀မ့်မင်ယွဲ့ကျန်းယန်ကိုကြည့်လိုက်ကာ
“ဘယ်အပိုင်းက ရှင့်ကျင့်ကြံခြင်းကို နှေးကွေးစေခဲ့တာလဲ ခန္ဓာကိုယ်သန့်စင်ဖို့ အချိန်ဘယ်လောက်ကြာခဲ့လဲ”
ကျန်းယန် ၀မ့်မင်ယွဲ့ကို ကြည့်ကာ ပြန်မေးလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းမှာ ချီစုဆောင်းဖို့ ရက်အနည်းငယ်ပဲကြာခဲ့တဲ့သူပေါင်း ၈၇ ယောက်ရှိတယ် အဇူရာတိမ်ဂိုဏ်းရဲ့ အလားအလာကို မင်းအခုမြင်ပြီလား”
၀မ့်မင်ယွဲ့အနည်းငယ်စိတ်မရှည်ဖြစ်လာကာ ပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းမှာ အလားအလာကောင်းရှိတာ ကျွန်မ၀န်ခံပါတယ် ဟုတ်ပြီလား စိတ်ချပါ ကျွန်မတို့အခုအဇူရာတိမ်ေစျးကို သွားနေတာကလည်း အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ပါပဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ ကျွန်မက ရှင့်ပါရမီကို နားလည်သင့်တာ အကျိုးအကြောင်းသင့်တယ်မဟုတ်လား”
“အကျိုးအကြောင်းသင့်ပါတယ်” ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။
“မင်းသိချင်မှတော့ ငါလည်းပြောပြဖို့ စိတ်မရှိပါဘူး ငါချီစုဆောင်းဖို့ တစ်ရက်အချိန်ယူခဲ့ရပြီး ခန္ဓာကိုယ်သန့်စင်ဖို့ ၁လအချိန်ယူခဲ့ရတယ် နောက်ပြီး နှစ်လအကြာမှာ ဝိညာဉ်ပင်လယ်ကိုဖွင့်န်ိုင်ခဲ့တယါ သုံးလကြာတော့ တာအိုမျိုးစေ့ပေါ်လာပြီး နောက်ဆုံးတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်သွားခဲ့တယ် နောက်ပြီးနှစ်၀က်အတွင်းမှာ
အမြုတေဖွဲ့စည်းခြင်းအဆင့် ကိုရောက်သွားတယ်”
၀မ့်မင်ယွဲ့ နားလည်သွားခဲ့၏။
“ရှင်က တစ်နှစ်ပဲကျင့်ကြံရသေးတာလား”
“ငါကျင့်ကြံနေတာ ဆယ်နှစ်ရှိပါပြီ လွန်ခဲ့တဲ့ကိုးနှစ်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုရောက်ခဲ့တာ ပြီးတော့ အခုထိ အဲ့ဒီမှာရပ်နေတုန်းပဲ”
“ဒါက….ဒါက…”
၀မ့်မင်ယွဲ့ဘာပြောရမလဲ မသိခဲ့ပေ။
အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုတစ်နှစ်အတွင်းရောက်ခဲ့ခြင်းက အတော်လေး မွန်းစတားဆန်သော်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်မှာ ဆယ်နှစ်လောက်ပိတ်မိနေတာကလည်း အလွန်သာမန်ဆန်နေခဲ့သည်။
ကျန်းယန် ပြုံးလိုက်ကာ
“ငါက အများကြီးသင်ယူမိပြီး အဆင့်ချိုးဖြတ်တဲ့နေရာမှာ မလောမိလို့ဖြစ်မယ် ငါ့မှာ ဆရာတစ်ယောက်နဲ့ ဆရာဦးလေးခြောက်ယောက်ရှိတယ်လေ ငါသူတို့ဆီက ပညာရပ်အားလုံးကို သင်ယူနေခဲ့တာ”
၀မ့်မင်ယွဲ့လည်း ထိုသို့သာဖြစ်ရမည်ဟု တွေးမိသွားခဲ့၏။ သူမခေါင်းယမ်းလိုက်ကာ နှမြောဟန်ဖြင့် ပြောလိုက်သည်။
“တကယ်လို့ ရှင့်သာ ကျင့်ကြံခြင်းမှာပဲ အားကုန်စိုက်ခဲ့ရင် ရှင့်ကျင့်ကြံခြင်းက ဘယ်ထိရောက်နေမလဲ ဘယ်သူသိနိုင်မှာလဲ”
ကျန်းယန်အသာအယာပြုံးလိုက်ကာ ဘာမှပြောခဲ့ပေ။
တကယ်တော့ သူအဆင့်မချိုးဖြတ်ချင်တာ မဟုတ်ဘဲ မချိုးဖြတ်နိုင်ခြင်းသာ ဖြစ်၏။
သူ့ရွှေအမြုတေက အခြေမဲ့တွင်းကြီးလိုဖြစ်နေပြီး ကိုးနှစ်လုံးလုံးချီသန့်စင်ခဲ့တာတောင် မဖြည့်နိုင်ခဲ့ပေ။ မဟုတ်လျှင် သူကအဘယ်ကြောင့်အဇူရာတိမ်ဂိုဏ်းပြုပြင်ပြောင်းလဲရေးကို ထိုမျှ စိတ်အားထက်သန်စွာ လုပ်နေရပါမည်နည်း။
သူတိုးတက်ပြောင်းလဲလာစေလိုသောအကြောင်းအရင်းက များစွာသော အရင်းအမြစ်များလိုချင်၍ပင် မဟုတ်ပါလော။
လှေပျံက အန်းချင်းမြို့ထက် များစွာသေးငယ်သော အဇူရာတိမ်ဈေးဆီ ရောက်ရှ်ိလာခဲ့သည်။ ၀မ့်မင်ယွဲ့ သက်ပြင်းချလိုက်ပြီး
“ဒီနေရာက တကယ်ပဲ ယိုယွင်းပျက်ဆီးနေတာပဲ ဒီနေရာကို တိုးတက်အောင်လုပ်ဖို့က လွယ်မှာမဟုတ်ဘူး”
ကျန်းယန် ခေါင်းညိတ်ကာသဘောတူလိုက်သည်။
“လက်ရှိအဇူရာတိမ်ဈေးကို အနီးနားက ရွာသားတွေနဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာကဂိုဏ်း၀င်ခွင့်စစ်ဆေးပွဲကိုလာရင်း နေကျန်ခဲ့တဲ့လူတွေနဲ့ ဖွဲ့စည်းထားတာ အဲ့လိုအဇူရာတိမ်ဈေးက အများကြီးဖွံ့ဖြိုးမနေတာတော့ အမှန်ပဲ ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းနာမည်က လူထုမျက်လုံးထဲပြန်၀င်လာတာနဲ့ အဇူရာတိမ်ဈေးကလည်း လူအများရဲ့ စိတ်၀င်စားမှုကို ခံရမှာ အသေအချာပဲ အထူးသဖြင့် အဇူရာတိမ်ဂိုဏ်းကထုတ်တဲ့ အဆောင်တွေ ဆေးတွေ မှော်ရတနာတွေကို ဒီမှာရောင်းတဲ့အခါပေါ့ လူတွေအများကြီးက ဒီကိုလာကြမှာ လုံး၀သေချာတယ်”
ကျန်းယန်ရပ်တန့်လုိက်ပြီးေနာက် ဆက်ပြောလိုက်၏။
“နောက်ပြီး အဇူရာတိမ်ဂိုဏ်းက အနာဂတ်မှာ တပည့်တွေအများကြီး ထပ်ခန့်ဦးမှာ အဲ့ဒီ၀င်ခွင့်စစ်ဆေးမှုက အရပ်မျက်နှာပေါင်းစုံကလူတွေကို အဇူရာတိမ်ဈေးမှာ စုလာလိမ့်မယ် စီးပွားေရးအခွင့်အလမ်းတွေက အဲ့ဒီမှာပေါ်လာမှာပဲ
နောက်ပြီး အဇူရာတိမ်ဂိုဏ်းက ဒီဈေးရဲ့စီးပွားရေးကို တိုးချဲ့ဖို့ ဆွေးနွေးဦးမှာ
ဥပမာပြောရရင် ဂိုဏ်းရဲ့လျှို့ဝှက်နယ်မြေတွေကို ဖွင့်ဖို့ ဆုံးဖြတ်ပြီး ဖြစ်ဖြစ်ပေါ့”
လင်းယွမ်ကျိ ကြောင်အသွားခဲ့၏။ အဇူရာတိမ်ဂိုဏ်းတွင် အခြားလျှို့ဝှက်နယ်မြေများ ရှိနေခြင်းပေလော။
အဇူရာတိမ်ဂိုဏ်းအကြောင်း အသေးစိပ်မသိသော၀မ့်မင်ယွဲ့ကတော့ တုန်လှုပ်သွားကာ
“အဇူရာတိမ်ဂိုဏ်းက သူတို့လျှို့ဝှက်နယ်မြေတွေကို အပြင်လူတွေအတွက်ဖွင့်ပေးဖို့ ဆန္ဒရှိလာမှာလား”
ကျန်းယန် အသာအယာပြုံးလိုက်ကာ
“တကယ်လို့ အခြားအခွင့်အလမ်းတစ်ခုရှိနေရင် ဘာလို့ မဖွင့်နိုင်ရမှာလဲ”
၀မ့်မင်ယွဲ့ကျန်းယန်ကိုစိုက်ကြည့်လိုက်ပြီး သူ့ပါရမီနှင့်ရဲရင့်မှုကြောင့် အံ့အားသင့်သွားခဲ့လေသည်။
သူရုတ်တရက်ပြောလိုက်၏။
“ကြည့်ရတာ အဇူရာတိမ်ဈေးကို လာဖို့ရွေးချယ်လိုက်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်သွားပုံပဲ ဒီပူးပေါင်းမှုကို ကျွန်မသဘောတူတယ် ကျွန်မရှင်တို့ အဇူရာတိမ်ဂိုဏ်းမှာ ရင်းနှီးမြှုပ်နှံမယ် ရှင်ကျွန်မကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”
ကျန်းယန်ကြိတ်၍ပျော်သွားခဲ့သည်။ သူ့ပါရမီကိုပြပြီး သူမကိုဆွဲဆောင်ခဲ့ရခြင်းမှာ ဤရင်းနှီးမြှုပ်နှံမှုအတွက်ကြောင့်သာ မဟုတ်ပါလော။
ယခုတော့ ထိုရင်းနှီးမြှုပ်နှံမှုက ရောက်ရှ်ိလာခဲ့ချေပြီ။
သို့သော် သူချက်ချင်းသဘောမတူလိုက်ဘဲ အဓိပ္ပာယ်ပါပါပြောလိုက်၏။
“ပူးပေါင်းမှုမှာ ရိုးသားဖို့လိုပါတယ် အခုငါက မိန်းကလေးမင်ယွဲ့ရဲ့နောက်ခံကိုလည်းမသိဘူး မင်းရဲ့နာမည်ကတောင် အတုဖြစ်နေနိုင်သေးတယ် အခြေခံယုံကြည်မှုတောင် မရှိဘဲ ငါတို့ဘယ်လိုပူးပေါင်းကြမှာလဲ”
“မျှတပါတယ်!” ၀မ့်မင်ယွဲ့ သူမမျက်နှာကို တစ်ချက်ပွတ်လိုက်ရာ နှစ်လိုဖွယ်ကောင်းသောအပြုံးနှင့်အတူ သူမမျက်နှာအစစ်ပေါ်လာခဲ့သည်။
“ယွင်ထန့်ကုန်သွယ်သမဂ္ဂက စစ်ထူမင်ယွဲ့ အဇူရာတိမ်ဂိုဏ်း ဂိုဏ်းချုပ်ကျန်းယန်နဲ့ စီနီယာလင်းယွမ်ကို နှုတ်ဆက်ပါတယ်!”
သူ့ရှေ့တွင်ပေါ်လာသော ပုံရိပ်နှင့်မျက်နှာကိုကြည့်ကာ ကျန်းယန်စိတ်ထဲ တွေးနေခဲ့မိ၏။
“ဘုရားသခင် ညီမလေးမီတောင်ဒီမှာရှိနေတာပဲ!”