ရွှေအမြုတေအဆင့်သုံးဆင့်
Vol. 2 Ch. 25
လင်းယွမ်ကျိနှင့်အခြားငါးယောက် ချင်းယွင်ကျိ ကိုအံ့အားသင့်နေဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။ ချင်းယွင်ကျိ အခုလို အိန္ဒြေပျက်ရလောက်အောင် အမူအရာပြောင်းခြင်းမျိုးမှာ တွေ့ရခဲသော အရာသာ ဖြစ်၏။
သို့သော်အခုတော့ သူသည် မူလအပျက်အဆီးရွှေအမြုတေဟုခေါ်သောအရာကြောင့် ပျာယာခတ်နေပုံပင်။
“စီနီယာအစ်ကိုကြီး ဒီလောက်ဆိုတော်လောက်ပါပြီ” ဂျူနီယာညီမလေး ခုံကိုပုတ်ကာ သတိပေးလိုက်သည်။
“ဟားဟား” ချင်းယွင်ကျိ တခဏကြာထိ အူလှိုက်သဲလှိုက်ရယ်မောပြီးမှ ရပ်တန့်လိုက်ကာ လက်ဟန်ပြလိုက်ပြီး
“ထိုင်ပါ ထိုင်ပါ အရမ်းယဉ်ကျေးမနေပါနဲ့”
ပိလင်းကျိ ဒေါသထွက်နေဟန်ဖြင့်ပြောလိုက်၏။
“ဘယ်သူက ယဉ်ကျေးနေလို့လဲ ညီမလေးတို့ကိုပြောပါဦး ကျန်းယန်ရဲ့ မူလအပျက်အဆီးရွှေအမြုတေက ဘာဖြစ်နေလို့လဲ အစ်ကိုကြီး ဒီလောက် အိန္ဒြေပျက်ရလောက်အောင် ဘာတွေထူးခြားနေတာလဲ”
ချင်းယွင်ကျိ ပိလင်းကျိကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“တာအိုမျိုးစေ့ကနေ ရွှေအမြုတေဖြစ်တည်လာပြီး အဲ့ဒီရွှေအမြုတေက မဟာလမ်းစဉ်ကို အုတ်မြစ်ချပေးတယ်ဆိုတာကိုတော့ မင်းတို့သိတယ်မဟုတ်လား ဥပမာပြောရရင် မင်းတို့ဒုတိယအစ်ကိုရဲ့ ရွှေအမြုတေမှာ ဓားတစ်ချောင်းရှိနေခဲ့လို့ သူက ဓားလမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ် အခြားသူတွေအတွက်လည်း အတူတူပဲ”
ခြောက်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။ ထို့ကြောင့်လည်း သူတို့ကျန်းယန်၏ ရွှေအမြုတေပုံစံကို အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်သည်။
သို့သော် အခြေအနေက ကောင်းတာလားဆိုးတာလားမသိသောကြောင့် သူတို့ဘာမှ မပြောခဲ့ကြခြင်း ဖြစ်၏။
“ရွှေအမြုတေရဲ့အဆင့်က ကျင့်ကြံသူတစ်ယောက်ရဲ့ အနာဂတ်မဟာလမ်းစဉ် ဘယ်လောက်အထိလျှောက်လှမ်းနိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးတယ်” ချင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်သည်။
“အနိမ့်ဆုံးအဆင့် တတိယအဆင့်ရွှေအမြုတေကတော့ အတွင်းထဲမှာ ဘာကိုမှရှင်းရှင်းလင်းလင်းမမြင်ရဘဲ ပုံသဏ္ဍာန်လည်း ကင်းမဲ့နေတယ် သူ့ကိုကျင့်ကြံခြင်းကမ္ဘာမှာ လှောင်ပြောင်ခေါ်တဲ့နာမည်က အဖြူထည်ရွှေအမြုတေတဲ့ အဖြူထည်ရွှေအမြုတေနဲ့ စတင်ရတဲ့ကျင့်ကြံခြင်းက အစကတည်းက ရှုံးနေပြီးသားလို့ပြောလို့ရပြီးတော့ အနာဂတ်မှာ အောင်မြင်မှုတွေရဖို့ သံသယမရှိ ခက်ခဲလိမ့်မယ်
ဒုတိယအဆင့်ရွှေအမြုတေကတော့ မင်းတို့ဟာလိုမျိုးပဲ ရွှေအမြုတေဖြစ်တည်လာကတည်းက အတွင်းထဲမှာ အနာဂတ်လမ်းစဉ်အတွက် သန္ဓေတစ်ခုပါလာပြီးသားပေါ့ ဒုတိယအဆင့်ရွှေအမြုတေက အဖြူထည်ရွှေအမြုတေထက်အများကြီးပိုကောင်းပေမယ့် သူ့လမ်းစဉ်ကို အသေသတ်မှတ်ပြီးသားဖြစ်လို့ ဒုတိယအဆင့်လို့ပဲ သတ်မှတ်နိုင်တယ် ဥပမာပြောရရင် မင်းက ဓားလမ်းစဉ်ကျင့်ကြံရာမှာ အရမ်းမြန်ပေမယ့် အခြားလမ်းစဉ်တွေသွားကျင့်ကြံရင်တော့ ခက်နေလိမ့်မယ်
ပထမအဆင့်ရွှေအမြုတေကိုတော့ ဟွင်းယွမ်ရွှေအမြုတေလို့ခေါ်တယ် သူကတော့ လမ်းစဉ်ပေါင်းစုံနဲ့ လိုက်လျောညီထွေဖြစ်နေတဲ့ ရွှေအမြုတေမျိုးပဲ
ဟီးဟီး ငါ့မှာက ဟွင်းယွမ်ရွှေအမြုတေရှိတယ်လေ အဲ့တာကြောင့်ပဲ ငါက ဓားလမ်းစဉ်ဖြစ်ဖြစ် ဆေးတာအိုဖြစ်ဖြစ် ငါကျင့်ချင်တဲ့ လမ်းစဉ်မှာ ကျင့်ကြံလို့ရဝာာ…ဟဲဟဲ မင်းတို့အကိုကြီးက မိုက်တယ်မလား”
လင်းယွမ်ကျိတို့ ကြွားလုံးထုတ်နေသော ချင်းယွင်ကျိကို အတိတ်ကိုလွမ်းဆွတ်နေသော မျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြသည်။
ဤအရာမှာ ဟိုအရင်နေ့များဆီက သူတို့တွေ့ဆုံခဲ့ရသော စီနီယာအစ်ကိုကြီးသာ ဖြစ်၏။
အခုတော့ ချင်းယွင်ကျိက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေပြီဖြစ်သောကြောင့် ထိုကဲ့သို့သော အမူအရာများနှင့် ဝေးနေခဲ့ချေပြီ။
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးက အံ့ဖွယ်ပဲ” ဂျူနီယာညီမလေး ချင်းယွင်ကျိကို လေးစားအားကျသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့သည်။
ပိလင်းကျိကတော့ ဂျူနီယာညီမလေးကို ခပ်ကြမ်းကြမ်းတစ်ချက်ကြည့်လိုက်ပြီးနောက် ချင်းယွင်ကျိဘက်ပြန်လှည့်ကာ မေးလိုက်၏။
“အစ်ကိုကြီး မူလအပျက်အဆီးရွှေအမြုတေအကြောင်း မပြောရသေးဘူးနော်”
ချင်းယွင်ကျိ ချောင်းနှစ်ချက်ဟန့်လိုက်ပြီးနောက်
သူ့ကြွားလုံးထုတ်နေသော အမူအရာကို ကိုယ်ရှိန်သပ်လိုက်ကာ ဆက်ပြောလိုက်သည်။
“ရွှေအမြုေတရဲ့အဆင့်က အရေးကြီးပေမယ့် အဲ့တာက အန္တိမအောင်မြင်မှာအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အရာအစစ်တော့ မဟုတ်ပြန်ဘူး
သမိုင်းမှာ အဖြူထည်ရွှေအမြုတေနဲ့ပဲ အောင်မြင်မှုတွေရပြီး အမတဘုံကိုတက်လှမ်းသွားသူတွေ ရှိခဲ့တယ်
ဟွင်းယွမ်ရွှေအမြုတေအတွက်လည်း အတူတူပဲ လမ်းစဉ်အကုန်လိုက်ပြီး လောဘကြီးလွန်းလို့ အဲ့ဒီလောဘကြောင့် မအောင်မြင်ဘဲ ကျရှုံးသွားရသူတွေ ရှိတယ်
အချုပ်ပြောရရင် မဟာလမ်းစဉ်ရွှေအမြုတေတွေမှာ လမ်းစဉ်တစ်ခုပဲရှ်ိပြီး ကျင့်ကြံသူတိုင်းက အဲ့ဒီလမ်းစဉ်မှာ အားကုန်သုံးပြီးကြိုးစားရင် နောက်ဆုံးမှာ အန္တိမအောင်မြင်မှုကို ရရှိနိုင်တယ်
ဒါပေမယ့် မူလအပျက်အဆီးရွှေအမြုတေကတော့ မတူဘူး”
ထိုနေရာအရောက်တွင် ချင်းယွင်ကျိအမူအရာ ဒွိဟဖြစ်သွားဟန် ပေါက်သွားကာ
“မူလအပျက်အဆီးရွှေအမြုတေဆိုတာ ဒဏ္ဍာရီတစ်ခုသက်သက်ပဲ ငါလည်းသူ့ရဲ့ထူးဆန်းမှုတွေ အကုန်လုံးကိုမသိဘူး ဒါပေမယ့် သူ့ရဲ့ အရည်အသွေးတွေထဲက တစ်ခုကတင် သူ့တုနှိုင်းမဲ့မှုကို ပြသဖို့ လုံလောက်တယ်
အဲ့ဒီအရည်အသွေးကတော့ မူလအပျက်အဆီးရွှေအမြုတေက ဘယ်လမ်းစဉ်ရဲ့ စွမ်းအားကိုမှ မကြောက်သလို စိတ်ဝိညာဉ်ချီ နတ်ဆိုးချီ မိစ္ဆာချီ ဒါမှမဟုတ် မြေအောက်ကမ္ဘာလမ်းကိုးသွယ်ရဲ့ စွမ်းအားဖြစ်ဖြစ် အကုန်လုံးကို သူကလက်ခံနိုင်တာပဲ….မူလအပျက်အဆီးရွှေအမြုတေက အဲ့တာတွေအကုန်လုံးကို စုပ်ယူနိုင်တယ်”
“အာ!”
လင်းယွမ်ကျိနှင့်အခြားသူများ တုန်လှုပ်သွားကြပြီး ချင်းယွင်ကျိကိုမယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။
ချင်းယွင်ကျိအဓိပ္ပာယ်ပါပါပြောလိုက်၏။
“ငါတို့သာ မိစ္ဆာချီ နတ်ဆိုးချီတွေကို စုပ်ယူမိရင် အဲ့တာတွေကို ပြန်သန့်စင်ပြီး စွန့်ထုတ်ပစ်ရမယ်ဆိုတာ မင်းတို့သိပါတယ် တကယ်လို့ အဲ့လိုမလုပ်ခဲ့ရင် အဲ့တာတွေက ငါတို့ ရွှေအမြုတေ အခြေတည်ဝိညာဉ်နဲ့ နတ်ဝိညာဉ်တွေကို ထိခိုက်သွားစေပြီးတော့ နောက်ဆုံးမှာ မဟာလမ်းစဉ်ပေါ်က ပြုတ်ကျသွားတဲ့ထိ ဖြစ်သွားနိုင်တယ် အခု မူလအပျက်အဆီးရွှေအမြုတေက ဘယ်လောက်အရေးကြီးသလဲ မင်းတို့သိပြီမဟုတ်လား”
“စီနီယာအစ်ကိုကြီး ကျန်းယန်ရဲ့ရွှေအမြုတေက မူလအပျက်အဆီးရွှေအမြုတေဆိုတာ ဘာလို့အရမ်းသေချာနေတာလဲ” လင်းယွမ်ကျိ စိတ်၀င်တစားမေးလိုက်သည်။
“တကယ်လို့ သူ့ဟာက အဖြူထည်ရွှေအမြုတေဖြစ်နေရရင်ရော”
ချင်းယွင်ကျိ စိတ်မရှည်စွာ ပြန်ဖြေလိုက်၏။
“ငါကသေချာမသိဘဲ ပြောမလား ဘာလို့သေချာနေလဲဆိုတော့ အဇူရာတိမ်ဂိုဏ်းရဲ့သမိုင်းမှာ မူလအပျက်အဆီးရွှေအမြုတေနဲ့ ပတ်သက်တဲ့မှတ်တမ်းတွေ ရှိနေလို့ပဲ မဟုတ်ရင် ငါဘယ်သေချာနေပါ့မလဲ နောက်ပြီး အဖြူထည်ရွှေအမြုတေက အတွင်းထဲမှာ ဖရိုဖရဲဖြစ်နေတာ ဘာမှမရှိတာမဟုတ်ဘူး အတွင်းထဲမှာ တစ်ခုခုတော့ရှိနေတယ် မင်းတို့ကျန်းယန်ပြောတဲ့ သူ့ရွှေအမြုတေအကြောင်းကို မကြားလိုက်မိဘူးလား ဘာမှမရှိတာကွ ရွှေအမြုတေထဲမှာ တကယ်ကို ဘာမှရှိမနေတာ ထုံးစံအတိုင်းပဲ ဘာမှမရှိရင် အရာရာတိုင်းကို ဖန်တီးလို့ရတာပေါ့ကွာ”
“ဒါဆို သူဘယ်လိုကျင့်ကြံလဲ” ဟော်လင်းကျိ စိတ်ပူဟန်ဖြင့် မေးလိုက်လေသည်။
ချင်းယွင်ကျိ ခေါင်းယမ်းပြလိုက်ကာ
“ငါလည်းမသိဘူး ငါမှ မူလအပျက်အဆီးရွှေအမြုတေမဟုတ်တာ ဘယ်လိုကျင့်ကြံရမလဲ ငါကဘယ်လိုသိမှာလဲ သူ့လမ်းစဉ်ကို သူကိုယ်တိုင်ပဲ ရှာဖွေရလိမ့်မယ်
ဒါပေမယ့် မူလအပျက်အဆီးရွှေအမြုတေကြီးပြင်းလာဖို့အတွက် ရေတွက်လို့မရတဲ့ အရင်းအမြစ်တွေနဲ့ ရတနာတွေလိုမှာတော့ သေချာတယ်
သူကြီးပြင်းလာတဲ့အခါကျရင်တော့ ငါလည်း လွတ်မြောက်နိုင်ပြီ…
အဲ့ဒီအခါကျ ငါကမ္ဘာကြီးတစ်ခုလုံးကိုပတ်ပြီး ခရီးထွက်ပစ်ဦးမယ်…”
ဂျူနီယာညီမလေး ၀င်ပြောလိုက်၏။
“စီနီယာအစ်ကိုကြီး အဲ့ဒီအခါကျ ညီမလေးလည်းလိုက်မယ်”
ချင်းယွင်ကျိ အားရပါးရရယ်မောလိုက်ကာ
“သေချာတာပေါ့ လိုက်ခဲ့လေ ပြဿနာမရှိဘူး”
ပိလင်းကျိအေးစက်စက်ထေ့ငေါ့လိုက်ကာ ရုတ်တရက်၀င်ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး အစ်ကိုပြောတာနားထောင်လိုက်တော့လည်း ဟင်းယွမ်ရွှေအမြုတေက အဲ့လောက်အထင်ကြီးစရာမကောင်းတော့ပါလား အစ်ကိုကြီးကြွားနေပုံကိုကြည့်ပြီး ညီမလေးက ဟင်းယွမ်ရွှေအမြုတေကို ပြိုင်ဘက်ကင်းလို့ ထင်သွားမိတာ”
ပြောပြီးသည်နှင့် သူထထွက်သွားခဲ့၏။
ချင်းယွင်ကျိကတော့ ထိုနေရာတွင် ရပ်ကာ ငေးကြောင်နေပြီး အတန်ကြာသည်အထိ ဘာပြောရမလဲ မသိခဲ့ပေ။
အခြားသူများလည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားခဲ့ကြလေသည်။
ဂျူနီယာညီမလေးက နောက်ဆုံးမှ ထွက်သွားသူဖြစ်ကာ မသွားခင် ချင်းယွင်ကျိကို အားပေးခဲ့၏။
“စီနီယာအစ်မက အဲ့လိုပါပဲ အစ်ကိုကြီးသူ့ကိုအပြစ်မယူပါနဲ့ အခုအစ်ကိုကြီးမှာ စိတ်ဝိညာဉ်ကျောက်တုံး ၄သိန်းရှိနေပြီဆိုတော့ နည်းနည်းအနားယူနိုင်ပြီပေါ့ အမြန်သွားပြီး ကိစ္စတွေပြီးအောင်လုပ်ခဲ့နော် အစ်ကိုကြီး”
ချင်းယွင်ကျိထွက်ခွာသွားသော ဂျူနီယာညီမလေးကိုကြည့်ရင်း သူ့မျက်နှာပေါ် မျက်ရည်များ စီးကျလာခဲ့သည်။
“အငယ်ဆုံးက အသိတတ်ဆုံးပဲ”
ထိုစဉ် မူလအပျက်အဆီးရွှေအမြုတေပိုင်ရှင်ဖြစ်သည့် ဇာတ်လိုက်ကျော်ကြီး ကျန်းယန်ကတော့ သူ့ဂျူနီယာညီမလေးနှင့် ထိပ်တိုက်ရင်ဆိုင်နေခဲ့ရ၏။
“ဒါကငါ့နေရာလေ နင်ထွက်သွားဖို့လိုတယ်”
“ထွက်မသွားနိုင်ဘူး ဒီမှာနေချင်တယ် အစ်ကိုအနိုင်ကျင့်ရဲရင် ဆရာ့ကို သွားတိုင်မှာ”
ကျန်းယန် အစည်းအဝေးပြီးသွားပြီးနောက် သူ့အိမ်သို့ပြန်လာချိန်တွင် သူ့ခြံ၀န်းလေးကို စစ်ထူမင်ယွဲ့နှင့် သူမအစေခံမလေးတို့က သိမ်းထားသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။
ထို့နောက်တွင်တော့ ငြင်းခုန်ပွဲလေးတစ်ခု ဖြစ်သွားခဲ့၏။
ကျန်းယန်စိတ်တိုနေဟန်ဖြင့် ပြောလိုက်သည်။
“ငါဒီအိမ်နဲ့ခြံလေးကိုဆောက်ဖို့ နှစ်တွေအများကြီးအချိန်ယူထားခဲ့ရတာ နင်ကဒီလိုပဲ ယူသွားမှာလား လုံး၀မဖြစ်နိုင်ဘူးလို့ ပြောပါရစေ နောက်ပြီး ငါကစီနီယာအစ်ကိုလေ နင်ငါ့ကိုမလေးမစားလုပ်ရဲလား နင့်ကိုအဇူရာတိမ်ဂိုဏ်းထဲ ဘယ်သူခေါ်သွင်းပေးထားလဲ မမေ့ပါနဲ့”
စစ်ထူမင်ယွဲ့ ခပ်ဟဟရယ်လိုက်ကာ
“ညီမလေးက ဂျူနီယာညီမလေးလေ ညီမလေးကိုဦးစားပေးသင့်တာပေါ့ နောက်ပြီး ဂိုဏ်းထဲကို၀င်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းတောင်ပေးထားရတာ အစ်ကိုက ညီမလေးစိတ်ဝိညာဉ်ကျောက်တုံးတွေကိုပဲ လိုချင်နေတာဆိုတာ မသိဘူးထင်နေလား
အဓိပ္ပာယ်မရှိတာတွေကို ရပ်လိုက်ရအောင် ဒီခြံ၀န်းလေးကို ညီမလေးကြိုက်တယ် ၀ယ်လို့ရမလား ဈေးပြောလိုက် စိတ်ဝိညာဉ်ကျောက်တုံး ၁သိန်းဆိုလောက်လား”
ကျန်းယန်အေးစက်စက်ထေ့ငေါ့လိုက်ကာ
“စိတ်ဝိညာဉ်ကျောက်တုံးကြောင့် ပြောနေတာမဟုတ်ဘူးကွ ဒီခြံရဲ့ ခြံစည်းရိုးတွေကိုကြည့်လိုက် အဲ့ဒီအပေါ်မှာ ငါက ခြင်ယင်ပိုးမွှားတွေမလာနိုင်အောင် ကဗ္ဗည်းထိုးထားတာ အခန်းထဲမှာဆိုရင်လည်း ကျင့်ကြံခြင်းကိုထောက်ပံ့ပေးနိုင်တဲ့ စိတ်ငြိမ်ကဗ္ဗည်းတွေထိုးထားသေးတယ် ပြတင်းပေါက်မှာလည်း လေပြေလေညှင်းလေးတွေ တိုက်ခတ်နေအောင် ထိုးထားတဲ့ ကဗ္ဗည်းရှိတယ် ကြမ်းပြင်မှာဆိုရင်လည်း နွေမှာအေးပြီး ဆောင်းမှာနွေးနေအောင် ထိုးထားတဲ့ကဗ္ဗည်းတွေရှိသေးတယ်…နောက်ပြီး ဒီခြံ၀န်းလေးကို ဆယ်နှစ်လောက် ပြုပြင်ထိန်းသိမ်းလာခဲ့ရတာ ငွေကုန်ကြေးကြအရမ်းများတယ် စိတ်ဝိညာဉ်ကျောက်တုံး ၁သိန်းလောက်နဲ့ လောက်မယ်ထင်နေလားကွ ငါဒီမှာနေလာတာ နှစ်တွေလည်းအရမ်းကြာနေပြီ အဲ့တာကြောင့် ဒီနေရာအပေါ် နက်ရှိုင်းတဲ့ခံစားချက်လည်း ရှိနေသေးတယ်”
“အဲ့တော့” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုကြည့်လိုက်၏။
“မင်းက ငါ့ကို ပိုက်ဆံပေးတာနဲ့ အရာအားလုံးလိုက်လျောပေးပြီး ပိုက်ဆံမျက်နှာပဲကြည့်တဲ့ကောင်မျိုးထင်နေလား”
“အဲ့လိုမဟုတ်လို့လား”
“လုံးဝဟုတ်တာပေါ့”
“ပိုက်ဆံထပ်တိုးလိုက်” ကျန်းယန် ယုံကြည်ချက်ရှိစွာ ပြောလိုက်လေသည်။