ငါက အစကတည်းက ဗလာကျင်းနေတဲ့ကျောက်သင်ပုန်းလေးတစ်ချပ်ပဲ
Vol. 2 Ch. 26
စစ်ထူမင်ယွဲ့ ကျန်းယန်ကို အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး၂၀၀၀ပေးလိုက်ပြီး ပြောလိုက်၏။
“အခု အစ်ကိုကျေနပ်ပြီလား”
ကျန်းယန် အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ကိုပျော်ရွှင်စွာ သိမ်းယူလိုက်လေသည်။ ဤစိတ်ဝိညာဉ်ကျောက်တုံးအသုတ်က အရင်တစ်ခေါက်နှင့်မတူပေ။ အရင်က ကျောက်တုံးများက ဂိုဏ်းအပိုင်ဖြစ်သော်လည်း ဤကျောက်တုံးများကတော့ သူ့အိမ်ကိုရောင်း၍ ရသောကျောက်တုံးများဖြစ်သောကြောင့် သူ့အပိုင်သာ ဖြစ်ပေသည်။
သူ့ရွှေအမြုတေကချင်းယွင်ကျိကိုတောင် ခေါင်းကိုက်အောင်လုပ်နေသောအရာသာ ဖြစ်၏။ ထို့ကြောင့် အရင်းအမြစ်များများမရှိလျှင် သူ့အတွက်ကျင့်ကြံဖို့က အတော်လေး ခက်နေပေလိမ့်မည်။
ဤစိတ်ဝိညာဉ်ကျောက်တုံးများနှင့်ဆိုပါက သူတိုးတက်မှုအချို့တော့ ရကောင်းရလာနိုင်ေလာက်သည်။
“ညီမလေး ဒီအိမ်ကအခုမင်းဟာပဲ” ကျန်းယန်ပြုံးကာပြောလိုက်၏။
“ဒီအိမ်ကိုဘယ်လိုသုံးရမလဲဆိုတာ ပြောပြပါရစေ စိတ်မပူပါနဲ့ ငွေချေပြီးမှတော့ အစ်ကိုကြီးက ၀န်ဆောင်မှုအပြည့်ပေးဖို့ အာမခံတယ်”
ခြံ၀န်းထဲတွင် အမှန်တကယ်ပင် ကဗ္ဗည်းများနှင့်ပြည့်နှက်နေခဲ့သည်။
“ဒါပေမယ့် နင်သိတဲ့အတိုင်းပဲ ဒီကဗ္ဗည်းတွေက ပြုပြင်ထိန်းသိမ်းပေးဖို့ လိုအပ်တယ် တကယ်လို့ သူတို့ကိုမပြုပြင်လို့ ပျက်ဆီးသွားခဲ့ရင် ဖရိုဖရဲဖြစ်ကုန်ပြီး ဒုက္ခများသွားနိုင်တယ်
ပြောရရင် ဒီကဗ္ဗည်းတွေသာ ပေါက်ကွဲသွားခဲ့ရင် အဲ့ဒီပေါက်ကွဲမှုပြင်းအားက ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် တစ်စစီဖြစ်သွားစေနိုင်တယ်
အဲ့တာကြောင့် မင်းဒီမှာနေရင် ဂရုစိုက်ဖို့လိုတယ် အမြဲကဗ္ဗည်းတွေကို ပြုပြင်ထိန်းသိမ်းနေရမယ် ဘယ်တော့မှ သူတို့ကို လျစ်လျူမရှုလိုက်မိစေနဲ့”
စစ်ထူမင်ယွဲ့မျက်နှာ အေးခဲသွားခဲ့သည်။
သူမသည် ဘယ်အချိန်ထပြိုကျမည်မှန်း မသိသော ချောက်ကမ်းပါးစွန်းတွင် ရပ်နေရခြင်း မဟုတ်ပါလော။
“ဒီလောက်အန္တရာယ်များတဲ့နေရာမှာ နေနေတာ အစ်ကိုမကြောက်ဘူးလား” စစ်ထူမင်ယွဲ့ အံကိုကြိတ်၍ မေးလိုက်၏။
ကျန်းယန် မျက်တောင်ခတ်လိုက်ကာ
“ဘာလို့လဲဆိုတော့ ငါက ကဗ္ဗည်းတွေကိုကောင်းကောင်းသိတယ်လေ ငါမင်းကိုမပြောခဲ့ဘူးလား ဒီကဗ္ဗည်းတွေကို ငါဆွဲထားတာပါလို့ အဲ့တော့ သူတို့ပျက်ဆီးတော့မယ့်အခါ ငါကသေချာသိတာပေါ့”
“အစ်ကို ညီမလေးကို ဒီအိမ်ကိုရောင်းထားတာဆိုတော့ အဲ့တာကိုပြင်ပေးဖို့လည်း အစ်ကို့မှာ တာ၀န်ရှိတယ်” စစ်ထူမင်ယွဲ့နားလည်သွားခဲ့သည်။
“၀န်ဆောင်မှုအပြည့်ပေးမယ်ပြောထားတာဆိုတော့ အစ်ကိုပဲ အကုန်ပြုပြင်ပေးရမယ်”
စီးပွားရေးသမဂ္ဂကြီးတစ်ခု၏ သမီးတစ်ယောက်ဖြစ်သောကြောင့် ကျန်းယန်ခင်းနေသော စီးပွားရေးအကွက်ကို သူမချက်ချင်းနားလည်သွားခဲ့၏။
ကျန်းယန် ရယ်ကျဲကျဲလုပ်လိုက်ကာ
“၀န်ဆောင်မှုအပြည့်ပေးမယ်ပြောထားမှတော့ အစ်ကိုပဲတာ၀န်ယူပေးမှာပါ ဒီကဗ္ဗည်းတွေကို ပြုပြင်ထိန်းသိမ်းဖို့က သုံးလတစ်ခါလောက်တော့ လိုမယ်လို့ အစ်ကိုတွက်ဆမိတယ် အဲ့ဒီအချိန်ကျ အစ်ကိုလာပြင်ပေးမယ် ဒါပေမယ့် ကဗ္ဗည်းရေးတဲ့အခါ လိုမယ့် စုတ်တံတွေ စိတ်ဝိညာဉ်သားရဲသွေးတွေကိုတော့ ညီမလေးကပဲ ထောက်ပံ့ပေးဖို့ လိုတာပေါ့ နောက်ပြီး ကဗ္ဗည်းဆွဲတယ်ဆိုတာ စိတ်ဝိညာဉ်စွမ်းအားရော စိတ်စွမ်းအားပါ အတော်လေး ကုန်ခမ်းတယ်လေ အဲ့တာကြောင့် လျော်ကြေးလေးနည်းနည်းပေးဖို့တော့ လိုတယ်”
စစ်ထူမင်ယွဲ့ မကျေမနပ်ပြောလိုက်လေသည်။
“စိတ်ဝိညာဉ်ကျောက်တုံးဘယ်လောက်လိုတာလဲ”
သူမအမှန်တကယ်ပင် သူမစိတ်ဝိညာဉ်ကျောက်တုံးတွေကို မပေးချင်ခဲ့ပေ။ ဤမျှစိတ်ရှုပ်စရာကောင်းသော အခြေအနေမျိုးနှင့်လည်း သူမတစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
“မများပါဘူး စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာလောက်ပါပဲ” ကျန်းယန်ပြုံးကာပြောလိုက်၏။
“အို့” ကျန်းယန် အများကြီးတောင်းမယ်ထင်နေသောကြောင့် စစ်ထူမင်ယွဲ့ အံ့အားသင့်သွားခဲ့သည်။
သုံးလမှ စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာတည်းလား အဲ့တာကဘာများလဲ!
ကျန်းယန်လေးလေးနက်နက်ပြောလိုက်၏။
“အစ်ကိုက ဖြောင့်မတ်တဲ့လူတစ်ယောက်ပါ ကဗ္ဗည်းဆွဲရတဲ့အလုပ်မျိုးက အတော်လေး အားထုတ်ရတာ ဒါပေမယ့် မြင်တယ်မလား ညီမလေးဆီက အစ်ကိုက စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာပဲတောင်းတာ ကောင်းကောင်းအနားယူလိုက်တော့ ညီမလေး မနက်ဖြန်မနက်မှ ပင်မခန်းမထဲလာခဲ့ အစ်ကိုမင်းအတွက် ကျင့်စဉ်တစ်ခု ရွေးပေးမယ်”
စစ်ထူမင်ယွဲ့ပျံသန်းသွားသော ကျန်းယန်ပုံရိပ်ကိုကြည့်ကာ ဒီလူက ဘယ်လိုလူလဲဟု စဉ်းစားနေခဲ့မိ၏။
ထိုစဉ် ကျန်းယန်ကတော့ စုတ်ချက်တောင်ထွတ်ဆီ ပျံသန်းသွားနေခဲ့သည်။
ကျန်းယန်ကိုမြင်သောအခါ ဟော်လင်းကျိ မူလအပျက်အဆီးရွှေအမြုတေအကြောင်းတွေးမိသွားပြီး စိတ်၀င်တစားမေးလိုက်၏။
“ဘာလို့ မင်းဒီရောက်နေတာလဲ”
“ဦးလေး ကျွန်တော်ဒီမှာရက်နည်းနည်းလောက်နေဖို့ လိုတယ် ကျွန်တော့်ခြံ၀န်းကို ဂျူနီယာညီမလေး ယူသွားလို့လေ” ကျန်းယန်ပြုံးကာပြောလိုက်သည်။
“နောက်ပြီး ကျွန်တော်ဒီမှာကျင့်ကြံဖို့လည်း လိုတယ် ကျွန်တော့်ကို ကျင့်ကြံရေးခန်း တစ်ခန်းလောက်စီစဉ်ပေးလို့ ရမလား ကျွန်တော််စိတ်ဝိညာဉ်ကျောက်တုံးတွေ သုံးဖို့လိုနေလို့”
“ပြဿနာမရှိဘူး”
ဟော်လင်းကျိ စုတ်တံကိုထုတ်လိုက်လေရာ အခန်းထဲတွင် အလျင်အမြန်ပင် စည်း၀င်္ကပါများနှင့်ပြည့်နှက်သွားခဲ့၏။ ထို့နောက် သူကျန်းယန်ကိုပြောလိုက်သည်။
“စိတ်ဝိညာဉ်ကျောက်တုံးတွေ စိတ်ချလက်ချသာသုံး စိတ်ဝိညာဉ်ချီက ဒီအခန်းထဲကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ် ဦးလေး”
ကျန်းယန် အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀ ကိုထုတ်လိုက်ရာ အခန်းထဲတွင် စိတ်ဝိညာဉ်ချီများဖြင့် ပြည့်နှက်သွားခဲ့ပြီး အခန်းထဲရှိ စိတ်ဝိညာဉ်ချီက အပြင်ထက် အများကြီး ပိုသိပ်သည်းသွားခဲ့လေသည်။
သူထိုစိတ်ဝိညာဉ်ပင်လယ်ထဲတွင် ထိုင်ကာ စိတ်ဝိညာဉ်ချီများကို စုပ်ယူရင်း သူ့ရွှေအမြုတေကို သန့်စင်နေခဲ့၏။
သို့သော်လည်း သူ့အတွင်းပိုင်းထဲရှိ ရွှေအမြုတေအလယ်တွင် အနက်ရောင်တွင်းပေါက်ကြီးတစ်ခုလို ဗလာသာဖြစ်နေပြီး ကြွယ်၀လွန်းသော စိတ်ဝိညာဉ်ချီများကပင် ထိုအနက်ရောင်တွင်းပေါက်ကြီးကို လှုပ်ရှားသွားအောင် မလုပ်နိုင်ခဲ့ပေ။
ကျန်းယန် ထိုအရာကို လျစ်လျူရှုထားလိုက်ပြီး စိတ်ဝိညာဉ်ချီများ စုပ်ယူပြီးသာ ရွှေအမြုတေကို သန့်စင်နေခဲ့သည်။
တဖြည်းဖြည်းနှင့် ကျန်းယန် ထူးခြားတာတစ်ခုကို သတိပြုလာမိခဲ့၏။
သူ့ရွှေအမြုတေအတွင်းပိုင်းထဲတွင် ဗလာသာဖြစ်နေဆဲဖြစ်သော်လည်း အခွံကတော့ ထူထဲလာခဲ့သည်။ ထို့အပြင် ရွှေအမြုတေအရွယ်အစားကလည်း ပြောင်းလဲမသွားခဲ့ပေ။
ဤအရာက သူ့ရွှေအမြုတေကို အခွံထူလာအောင် အပြင်မှဆက်ဖြည့်ပေးနေလျှင် နောက်ဆုံးတွင် အတွင်းပိုင်းလည်း ပြည့်သွားမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
တစ်ညတည်းနှင့် စိတ်ဝိညာဉ်ကျောက်ဆုံး ၅၀ ကုန်သွားခဲ့၏။
သူ့အတွင်းပိုင်းထဲရှ်ိ ရွှေအမြုတေအခွံက အများကြီးတော့ ထူမလာခဲ့သေးပေ။
ကျန်းယန် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရွှေအမြုတေပြည့်ဖို့ဆို သူစိတ်ဝိညာဉ်ကျောက်တုံး မည်မျှ ထပ်လိုပါဦးမည်နည်း။
ကျန်းယန် ကျင့်ကြံရေးအခန်းထဲမှ ထွက်လာသောအခါ အခန်းအပြင်တွင် စောင့်နေပေးသော ဟော်လင်းကျိကို ပြောလိုက်၏။
“ဆရာဦးလေး ကျင့်ကြံခြင်းက တကယ်ပဲခက်ခဲကြမ်းတမ်းတယ်”
ဟော်လင်းကျိ မျက်ခုံးများ တွန့်ကွေးသွားခဲ့လေသည်။ ရွှေအမြုတေကို တစ်နှစ်တည်းနဲ့ဖွဲ့တည်နိုင်ခဲ့တဲ့ကောင်က ကျင့်ကြံခြင်းကိုခက်ခဲကြမ်းတမ်းတယ်ပြောနေသလားဟု သူမေးလိုက်ချင်မိသွားခဲ့၏။
သူအဓိပ္ပာယ်ပါပါပြောလိုက်သည်။
“ကျင့်ကြံခြင်းမှာ ကျော်ဖြတ်ရခက်တဲ့ အတားအဆီးတွေကြုံရတာက ဘာမှမဟုတ်ပါဘူး အဲ့တာတွေကို အမြဲဖြေရှင်းလို့ ရနိုင်တယ်”
ကျန်းယန်ခေါင်းကုတ်လိုက်ကာ
“ဦးလေး ကျွန်တော့်ရွှေအမြုတေနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ”
ဟော်လင်းကျိ တခဏရပ်တန့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပြန်၏။
“ကျန်းယန် ရွှေအမြုတေတွေကို သုံးမျိုးသုံးစား ခွဲထားတယ် အကောင်းဆုံးကတော့ ဟင်းယွမ်ရွှေအမြုတေပေါ့ မင်းဆရာမှာ ဟင်းယွမ်ရွှေအမြုတေရှိတယ် နောက်တစ်မျိုးကတော့ ဒုတိယအဆင့် မဟာလမ်းစဉ်ရွှေအမြုတေပေါ့ ငါ့ရွှေအမြုတေကို ဖွဲ့တည်နိုင်တုန်းက အထဲမှာ စုတ်တံတစ်ချောင်းရှိနေခဲ့တယ် အဲ့တာကြောင့် ငါကမှော်ကဗ္ဗည်းလမ်းစဉ်ကို ရွေးချယ်ခဲ့တာ တတိယအဆင့်ကိုတော့ အထဲမှာဘာမှမရှ်ိတဲ့ အဖြူထည်ရွှေအမြုတေလို့ ခေါ်တယ်”
သူတမင်တကာကျန်းယန်ကို မူလအပျက်အဆီးရွှေအမြုတေအကြောင်း မပြောခဲ့ခြင်းဖြစ်ပြီး အဖြူထည်ရွှေအမြုတေအကြောင်း ပြောပြီးတောင် လှည့်စားခဲ့သေးသည်။
မူလအပျက်အဆီးရွှေအမြုတေတွင် ပြဿနာများစွာ ပါ၀င်ပတ်သက်နေသောကြောင့် ကျန်းယန်ထိုအရာကို ဖွက်ထားဖို့ လိုအပ်နေသေး၏။
“ဒါဆို ကျွန်တော်က အဆိုးဆုံး အဖြူထည်ရွှေအမြုတေလား” ကျန်းယန် တီးတိုးရေရွတ်လိုက်လေသည်။
“အဲ့တာက ကျွန်တော်ဘာလို့ အဆင့်ချိုးဖြတ်ရ ဒီလောက်ခက်နေလဲဆိုတာ ရှင်းပြပြီးသားဖြစ်သွားပြီပဲ”
ဟော်လင်းကျိ ကျန်းယန် ပုခုံးကိုပုတ်ကာ သူ့ကိုနှစ်သိမ့်လိုက်၏။
“အဲ့တာက အဆင်ပြေပါတယ် မင်းမှာဘယ်လိုရွှေအမြုတေပဲရှိရှိ မင်းက ငါ့တူလေးပါပဲ နောက်ပြီး ငါမင်းကိုအမြဲကြည့်ရှုစောင့်ရှောက်ပေးသွားမှာ ကျင့်ကြံခြင်းလမ်းစဉ်မှာ အားမလျှော့မိစေနဲ့ မင်းက အရင်းအမြစ်လေးတွေ ပိုလိုရုံပါပဲ မင်းဦးလေးရဲ့ အကူအညီလိုလာရင် ပြောသာပြောလိုက်”
“ကျေးဇူးပါဦးလေး” ကျန်းယန် ကျေးဇူးတင်စွာ ပြောလိုက်လေသည်။
တခဏရပ်တန့်ပြီးနောက် သူပြုံးလိုက်ပြီး ပြောလိုက်၏။
“ဦးလေး တကယ်တော့ အခုကျွန်တော်ဦးလေးအကူအညီကို လိုအပ်နေတယ်”
ဟော်လင်းကျိ ကျန်းယန်ကို စိတ်၀င်တစားကြည့်လိုက်ပြီး သူဘာအကူအညီလိုအပ်နေလဲဆိုတာ သိချင်သွားခဲ့သည်။
ထို့အပြင် ဤကလေးသည် သူကအဖြူထည်ရွှေအမြုတေဆိုတာ သိပြီးသွားတာတောင် အဘယ်ကြောင့် ထိုမျှ အိန္ဒြေပျက်မသွားပါသနည်း။
ကျန်းယန်သည် ဘ၀အနိမ့်အမြင့်အတက်အကျများစွာကို ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်ပြီး ဤဘ၀တွင် အမတလမ်းစဉ်ကိုကျင့်ကြံလိုရုံသာ ဆန္ဒရှိမှန်းတော့ သူမသိခဲ့ပေ။
အဖြူထည်ရွှေအမြုတေနှင့်ဆိုလျှင်တောင် သူသည် အမတလမ်းစဉ်ကိုကျင့်ကြံ၍ ရသေးသည် မဟုတ်ပါလော။
ထို့အပြင် သူအဖြေတစ်ခုလည်း ရှာတွေ့ထားပြီးဖြစ်လေရာ အဘယ်ကြောင့် သွေးကြောင်နေရပါမည်နည်း။
ထို့ကြောင့် ပိုက်ဆံရှာဖို့ကသာ သူ့အတွက် အရေးအကြီးဆုံး ဖြစ်ပေသည်။
ထို့အပြင် ပိုက်ဆံရှာခြင်းက ဤပါရမီရှင် ၈၇ယောက်ပါ၀င်သည့် အဇူရာတိမ်ဂိုဏ်းကို ပြန်အသက်သွင်းဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်နေသေးသည်။
“ကျွန်တော် ဦးလေးကို ဂိုဏ်းသားသစ်လေးတွေအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ပတ်သက်ပြီး သင်ခန်းစာတစ်ခုလောက် ပို့ချပေးစေချင်တာပါ” ကျန်းယန် ဟော်လင်းကျိကို လေးလေးနက်နက်ပြောလိုက်၏။
“တကယ်တော့ ဦးလေးတင်မဟုတ်ပါဘူး အခြားဦးလေးတွေနဲ့ ဆရာရောပါ သင်ခန်းစာတွေပို့ချပေးဖို့ လိုတယ် သူတို့ အခြေခံတွေတည်ဆောက်ပြီးလို့ အနာဂတ်လမ်းစဉ်ကို သတ်မှတ်ပြီးသွားရင် သူတို့ဘယ်ဆရာဆီမှာ သင်ကြားရမလဲ ဆုံးဖြတ်လို့ရတာပေါ့”
သူတို့ကို ဂိုဏ်းထဲခေါ်ပြီးမှတော့ ထိုပါရမီရှင် ၈၇ယောက်၏ ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ ထိုသူများကို ပျိုးထောင်ပေးရပေလိမ့်မည်။
သူတို့ကို ပျိုးထောင်နေစဉ်အတွင်း သူတို့၏ စိတ်နေစိတ်ထားများကိုလည်း သူပြောင်းလဲပေးချင်ခဲ့၏။
“ပြဿနာမရှိပါဘူး” ဟော်လင်းကျိ သဘောတူလိုက်လေသည်။