မတူညီသော အမတကျင့်ကြံခြင်း
Vol. 2 Ch. 27
နောက် ၇ရက်တာကာလက ကုန်ဆုံးသွားခဲ့ပြန်သည်။
မနက်စောစောအချိန်တွင် အဇူရာတိမ်ဂိုဏ်း၏ ပါရမီရှင် ၈၇ယောက် ပင်မခန်းမရှေ့တွင် စုဝေးနေခဲ့ကြ၏။
ဤရက်သည် သူတို့ ဂိုဏ်းထံမှ ရိက္ခာထုတ်ရမည့်ရက်ဖြစ်သောကြောင့် ဤနေ့ကို သူတို့လွတ်သွား၍ မဖြစ်ကြပေ။
နောက်ဆုံးတွင် သူတို့သည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင်သာ ရှိကြသေးသောကြောင့် အစာစားရန်လိုအပ်နေသေးသည်။
ဤတစ်ကြိမ်တွင်တော့ လူအုပ်ထဲတွင် စစ်ထူမင်ယွဲ့နှင့်သူ့အစေခံမလေးလည်း ပါလာခဲ့၏။
သူတို့ ဤနေရာတွင်ဘာကြောင့်စုဝေးရသလဲဟူသော အကြောင်းအရင်းကို မသိသော်လည်း အားလုံးကို စုဝေးခိုင်းသောကြောင့် သူတို့တွင် ရွေးချယ်စရာမရှိခဲ့ပေ။
တကယ်တော့ ဤနေရာတွင် ပြဿနာတစ်ခုရှိနေသေးသည်။ စစ်ထူမင်ယွဲ့၏ အစေခံမလေးမှာ အဇူရာတိမ်ဂိုဏ်းသို့ ၀င်ထားသူမဟုတ်သလို ဂိုဏ်းနှင့်လည်းဘာမှမဆိုင်သောကြောင့် သူမကို ဂိုဏ်း၏ နည်းစနစ်များအကြောင်းသင်ခန်းစာကို နားထောင်ခွင့်မပေးသင့်ပေ။
သို့သော်လည်း ကျန်းယန်ကထိုအရာကို ဂရုမစိုက်သလို အကြီးအကဲများကလည်း မမြင်ချင်ယောင်သာ ဆောင်ထားခဲ့ကြ၏။
နောက်ဆုံးတွင် စစ်ထူမင်ယွဲ့သည်ဂိုဏ်းကို၀င်ရန် စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းတောင်သုံးထားခြင်းဖြစ်သောကြောင့် သူမကိုအခွင့်ထူးတစ်ချို့ပေးရခြင်းက ဖြစ်သင့်ပေသည်။
ကျန်းယန်လူအုပ်ကြီးကိုကြည့်ကာ ပြုံး၍ပြောလိုက်၏။
“နောက်၇ရက်ကုန်သွားပြီဆိုတော့ လူတိုင်းလည်း ခန္ဓာကိုယ်သန့်စင်ခြင်းနဲ့ပတ်သက်ပြီး အသိအမြင်အသစ်တွေ ရရှိခဲ့ကြမှာပါ အဲ့တာကြောင့် ဒီနေ့ငါက အဇူရာတိမ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဟော်လင်းကျိကို ဖိတ်ခေါ်ပြီး အခြေခံတည်ဆောက်ခြင်းအကြောင်း သင်ခန်းစာပို့ချပေးဖို့ စီစဉ်ထားတယ် အကြီးအကဲဟော်လင်းကျိက ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ပါ သူ့ကို နွေးနွေးထွေးထွေးလေး ကြိုဆိုလိုက်ကြပါစို့”
စစ်ထူမင်ယွဲ့ ကြောင်သွားခဲ့သည်။ လက်ခုပ်တီးနေတာလား ဘာတွေဖြစ်နေတာလဲ!
အခြားပါရမီရှင်များလည်း ပဟေဠိဖြစ်သွားသော်လည်း ကျန်းယန်က ဦးဆောင်၍လက်ခုပ်တီးနေသောအခါ နားလည်သွားကြပြီး လက်ခုပ်လိုက်တီးလိုက်ကြ၏။
ဤအရာက အဇူရာတိမ်ဂိုဏ်း၏ ရိုးရာတစ်ခုဟုပင် သူတို့ထင်မှတ်မှားသွားခဲ့ကြသည်။
နွေးထွေးလှသော လက်ခုပ်သံများကြားထဲတွင် ဟော်လင်းကျိဆင်းသက်လာခဲ့၏။
အဇူရာတိမ်ဂိုဏ်းတွင် ထိုကဲ့သို့သော ဓလေ့မျိုးမရှိသောကြောင့် ဤလူတွေဘာလို့ လက်ခုပ်တီးနေကြသလဲဆိုတာ သူနားမလည်ခဲ့ပေ။ သို့သော်လည်း ဂိုဏ်းထဲတွင် ဂိုဏ်းသားများမကြာခဏဆိုသလို ထူးဆန်းတာများ ပြုလုပ်ခြင်းက ဆန်းတာတော့ မဟုတ်တော့ပေ။
ကျန်းယန် လူအုပ်ကြီးကို တိတ်ကြတော့ဖို့ လက်ဟန်ပြလိုက်လေသည်။ ဂိုဏ်းသားများကတော့ ဟော်လင်းကျိကိုသာ စိတ်အားထက်သန်သောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြ၏။
သူတို့သည် စိတ်ဝိညာဉ်ပင်လယ်ကိုပင် မဖွင့်နိုင်သေးခင်တွင် သူတို့ကို ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က သင်ခန်းစာလာပို့ချပေးခြင်း မဟုတ်ပါလော။
အခြားဂိုဏ်းများတွင်ဆိုလျှင် ဝိညာဉ်အခြေတည်အဆင့်များက တွေ့ရခက်သောသူများဖြစ်ပြီး တပည့်ရင်းများလောက်သာ တွေ့ခွင့်ရကြပေသည်။
အဇူရာတိမ်ဂိုဏ်းကတော့ သူတို့ကို အမှန်တကယ်ပင်တန်ဖိုးထားခဲ့၏။
ဟော်လင်းကျိ လူအုပ်ကြီးကိုကြည့်ကာ စတင်ပို့ချတော့သည်။
“အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုတာ မဟာတာအိုကို အုတ်မြစ်ချတဲ့အဆင့်ပဲ ကြီးမားလွန်းတဲ့တောင်ကြီးတွေက မြေပုံတစ်ပုံကနေစကြတယ် ကျယ်ပြန့်လွန်းတဲ့ပင်လယ်တွေ သမုဒ္ဒရာတွေငလည်း စမ်းချောင်းလေးတစ်ခုက စကြရတာပဲ မဟာတာအိုလမ်းစဉ်မှာ ဘယ်လောက်အထိဆက်လျှောက်နိုင်မလဲဆိုတာကို အခြေခံတည်ဆောက်ခြင်းအဆင့်က ဆုံးဖြတ်ပေးတယ် အဲ့တာကြောင့်မင်းတို့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို လေးလေးနက်နက်သဘောထားဖို့ လိုလိမ့်မယ်
ငါကြားတာတော့ မင်းတို့အားလုံးက ချီစုဆောင်းခြင်းအဆင့်ကို ခဏလေးအတွင်းအောင်မြင်ခဲ့ကြတာဆို ဒါဆိုအဲ့ဒီအတွက်တော့ ငါမပြောတော့ဘူး
နောက်တစ်ဆင့်အနေနဲ့ ငါမင်းတို့ကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကနေစလိုက်ကြမယ်
ငါ့လက်တွေကိုကြည့် လက်ထဲမှာ ကျောက်စိမ်းပြားတစ်ပြားရှိတယ် ငါအခုအဲ့တာကို စည်းတံဆိပ်တစ်ခုအဖြစ် ထွင်းမယ်
ကျောက်စိမ်းပြားကိုရရချင်းပဲ ငါထွင်းသင့်တယ်လို့ မင်းတို့ထင်လား ဘယ်ဟုတ်ပါ့မလဲ ငါအရင်ဆုံးအဲ့တာကို ပြောင်လက်သွားအောင် တိုက်ပြီးတဲ့အခါမှ စည်းတံဆိပ်အတွက်သင့်တော်တဲ့အပိုင်းရအောင် ဖြတ်ရမှာ”
သူပြောပြီးသည်နှင့် သူ့လက်ထဲက ကျောက်စိမ်းပြားကအလျင်အမြန်ပင် စည်းတံဆိပ်ပုံသဏ္ဍာန်တစ်ခု ဖြစ်သွားခဲ့၏။
“မြင်လား” ဟော်လင်းကျိ မြေပြင်ပေါ်ရှ်ိ ကျောက်စဖြတ်ပိုင်းများကို ညွှန်ပြလိုက်ကာ
“ဒီငါဖြတ်ထုတ်လိုက်တဲ့ ဖြတ်ပိုင်းတွေက ခန္ဓာသန့်စင်ခြင်းအဆင့်အတွင်း မင်းတို့ထုတ်ပစ်လိုက်တဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေနဲ့ အတူတူပဲ
မင်းတို့အညစ်အကြေးတွေပိုစွန့်ထုတ်နိုင်လေလေ မင်းတို့ခန္ဓာကိုယ်က ပိုသန့်စင်လေလေဖြစ်ပြီးတော့ စိတ်ဝိညာဉ်ပင်လယ်ဖွင့်တဲ့နေရာမှာ လွယ်ကူစေပြီး မင်းတို့စိတ်ဝိညာဉ်ပင်လယ်ကိုလည်း ပိုပြီးကျယ်ပြန့်သွားစေလိမ့်မယ်”
ဟော်လင်းကျိ ခန္ဓာကိုယ်သန့်စင်ခြင်းမှ ဝိညာဉ်ပင်လယ်ဖွင့်ခြင်းနှင့် တာအိုမျိုးစေ့အထိ အခြေခံတည်ဆောက်ခြင်းအဆင့်က ကဏ္ဍအားလုံးကို ခြုံငုံပို့ချပေးခဲ့သည်။
အကယ်၍ ကျန်းယန်သာသူ့ကိုမတားလျှင် သူသည် ရွှေအမြုတေအဆင့်ထိပါ ဆက်ပြောတော့မည့်ပုံပင်။
“ဆရာဦးလေး ဦးလေးပို့ချနေတာ တစ်နေကုန်နီးနီးဖြစ်နေပြီ နားချိန်ရောက်ပါပြီ” ကျန်းယန် ဟော်လင်းကျိကိုပြောလိုက်၏။
“ဂျူနီယာညီလေးညီမလေးတွေက သေမျိုးခန္ဓာတွေပဲရှိကြသေးတာဆိုတော့ သူတို့အတွက် စားဖို့သောက်ဖို့လိုသေးတယ်လေ”
တကယ်တော့ ပါရမီရှင်များအားလုံးလည်း ဆာလောင်နေကြသည်သာ။ သို့သော် ဟော်လင်းကျိ သင်ခန်းစာကစိတ်၀င်စားစရာကောင်းလွန်းသောကြောင့် သူတို့သူ့ကိုမနှောင့်ယှက်ဘဲ နားထောင်နေကြခြင်းသာ ဖြစ်သည်။
တစ်နပ်လောက်ငတ်သွားခြင်းက ဘာမှအရေးမကြီးလှပေ။ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ထံမှ သင်ခန်းစာကတော့ အလွယ်တကူ ရနိုင်တာမျိုး မဟုတ်ပေ။
ဟော်လင်းကျိပြုံးကာ ပြောလိုက်၏။
“ဒါဆို ကျန်တာကိုမင်းနဲ့ပဲထားခဲ့မယ်နော်”
သူထွက်သွားဖို့ပြင်လိုက်ချိန်တွင် ကျန်းယန် သူ့ကိုတားလိုက်လေသည်။
“ဆရာဦးလေး ဒီကျောက်စိမ်းပြားကိုသန့်စင်ပြီးနေမှဝောာ့ ဘာလို့ စည်းတံဆိပ်ဖြစ်အောင်ထွင်းမသွားတာလဲ ဆရာဦးလေးအတွက် အဲ့တာက လက်တစ်ချက်ဝေ့ယမ်းလိုက်ရုံပဲမလား ဒါပေမယ့် ကျွန်တော်က စည်းတံဆိပ်ပေါ်မှာ ငါတို့မှာအဇူရာတိမ်ရည်မှန်းချက် ရှိကိုရှိရမယ် ဆိုတဲ့စာလုံးခြောက်လုံးပါတာလိုချင်တာ ကျွန်တော့်မှာ သုံးစရာလေးရှိလို့”
ဟော်လင်းကျိ ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ရည်ရွယ်ချက်ကို သေချာမသိခဲ့ပေ။
သို့သော်လည်း စည်းတံဆိပ်တစ်ခုထွင်းရခြင်းက သူ့အတွက် အမှန်တကယ်ပင် အသေးအမွှားကိစ္စလေးသာ ဖြစ်၏။
လူတိုင်းရှေ့တွင်ပင် သူအလျင်အမြန် စာလုံးခြောက်လုံးပါ စည်းတံဆိပ်တစ်ခုထွင်းလိုက်ပြီး ကျန်းယန်ကိုပေးလိုက်ကာ ပြုံးလိုက်လေသည်။
“ငါဒီစာလုံးခြောက်လုံးပေါ်မှာ စိတ်ကိုတည်ငြိမ်စေတဲ့ အဆောင်ပညာရပ်သုံးထားတယ် အဲ့တာကြောင့် ဒါကို အသေးစားမှော်ပစ္စည်းလေးလို့ မှတ်ယူနိုင်တယ်”
“ကျေးဇူးပါဆရာဦးလေး”
ဟော်လင်းကျိ လက်ကာပြလိုက်ကာ ပျံသန်းထွက်ခွာသွားခဲ့၏။
“နှုတ်ဆက်ပါတယ် ဆရာဦးလေး” ကျန်းယန် ဟော်လင်းကျိကို လေးလေးစားစား လိုက်ပို့ပေးခဲ့သည်။
ပုံမှန်အားဖြင့် သူသည် ဟော်လင်းကျိကို ထုံးစံများဖယ်ကာ သူငယ်ချင်းပေါင်းပေါင်းခြင်းဖြစ်ပါသော်လည်း လူတိုင်းရှေ့တွင်တော့ ဟော်လင်းကျိဂုဏ်သိက္ခာအတွက် အလွန်ရိုသေပြ၏။
တကယ်လည်း ကျန်းယန်လုပ်ရပ်များကြောင့် ပါရမီရှင်များ ဟော်လင်းကျိကို အတော်လေး လေးစားကြောက်ရွံ့နေကြပြီး သူထွက်သွားသောအခါမှသာ သူတို့ အသက်ရဲရဲရှူဝံ့ကြတော့သည်။
သူတို့အတွက်တော့ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူဆိုသည်မှာ ထိုကဲ့သို့ လေးစားမှုပေးရန်ထိုက်တန်သော ကျွမ်းကျင်သူများသာ ဖြစ်၏။
ဟော်လင်းကျိ ပျောက်ကွယ်သွားသည်နှင့် စစ်ထူမင်ယွဲ့ရှေ့သို့ ခုန်ထွက်လာခဲ့လေသည်။
“စီနီယာအစ်ကိုကြီး ညီမလေးကိုအဲ့စည်းတံဆိပ်ပေးမယ်ဆိုရင်ရော…ဒါမှမဟုတ် ဈေးသာပြောလိုက် ညီမလေး၀ယ်မယ် ဆရာဦးလေးက အဲ့တာကို မှော်ပစ္စည်းအသေးစားလေးလို့ ပြောထားတာဆိုတော့ ညီမလေးက စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ပေးမယ်လေ”
သူမကျန်းယန်စရိုက်ကိုကောင်းကောင်းသိသောကြောင့် တိုက်ရိုက်သာပြောလိုက်ခြင်း ဖြစ်၏။
ကျန်းယန် စိတ်ထဲတွင်တော့ ဂျူနီယာညီမလေးအလိုက်သိသားပဲဟု တွေးလိုက်မိသည်။
သို့သော် သူခပ်တင်းတင်းပြောလိုက်၏။
“ဒီမှော်ပစ္စည်းကို ညီမလေးဆီ မပေးနိုင်ဘူး”
“ဘာလို့လဲ” စစ်ထူမင်ယွဲ့ မကျေမနပ်ဖြစ်သွားခဲ့သည်။
သူမတွင် မှော်ပစ္စည်းမရှားပေ။ သို့သော် ဤအရာက ဟော်လင်းကျိကိုယ်တိုင်ထွင်းထားသော အရာဖြစ်သောကြောင့် တန်ဖိုးတစ်ခုရှိနေ၍သာ သူမလိုချင်နေခဲ့ခြင်း ဖြစ်၏။
ကျန်းယန် ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
“ဆရာဦးလေးက ကျင့်ကြံခြင်းမှာ ရည်မှန်းချက်တွေရှ်ိဖို့ လိုတယ်လို့ ပြောခဲ့တယ်မဟုတ်လား အထူးသဖြင့် တာအိုမျိုးစေ့အဆင့်မှာ အဲ့တာကအတော်လေး အရေးပါတယ်
အဲ့တော့ ငါဒီနေရာကလူတိုင်းအတွက် စိန်ခေါ်မှုလေးတစ်ခု လုပ်မယ် ကျေးဇူးပြုပြီး ဆရာဦးလေးရဲ့ဒီနေ့သင်ခန်းစာနဲ့ မင်းတို့အမြင်တွေပေါင်းပြီး စာစီစာကုံးတစ်ပုဒ်ရေးခဲ့ကြပါ ခေါင်းစဉ်ကတော့ ဘာလို့ ငါအမတလမ်းစဉ်ကို ကျင့်ကြံချင်တာလဲ ဆိုတာပဲ
မင်းတို့ရဲ့ နားလည်မှုကနက်ရှိုင်းပြီး မင်းတို့ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းသိလေလေ မင်းတို့ကျင့်ကြံခြင်းခရီးလမ်းက ပိုပြီးချောမွေ့လေလေပဲ
အဲ့တာကြောင့် စာစီစာကုံးက စာလုံးရေ ၃၀၀၀အောက်နည်းလို့ မရဘူး”
လူတိုင်းကျန်းယန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။ ကျင့်ကြံခြင်းတွင် စာစီစာကုံးရေးဖို့ လိုပါသလော။
အထူးသဖြင့်စစ်ထူမင်ယွဲ့ အတော်လေး ကြောင်အသွားခဲ့သည်။
ဘယ်ဂိုဏ်းကမှ အခုလိုကိစ္စမျိုးလုပ်သည်ရယ်လို့ သူမတစ်ခါမှ မကြားခဲ့ဖူးပေ။
သို့သော်လည်း ကျန်းယန်စကားများက အဓိပ္ပာယ်တော့ ရှိပုံပေါ်၏။
ကျန်းယန် သူ့လက်ထဲက စည်းတံဆိပ်ကိုမြှောက်ကာ ပြောလိုက်သည်။
“မင်းတို့စာစီစာကုံးတွေကို ငါ့ဆီ ၇ရက်အတွင်း လာထပ်ကြ နောက်တစ်ကြိမ် စုဝေးပွဲမှာ ငါမင်းတို့စာစီစာကုံးတွေထဲက အကောင်းဆုံးတစ်ယောက်ကို ရွေးချယ်ပြီးတော့ ဆုအဖြစ် ဒီစည်းတံဆိပ်ချီးမြှင့်မယ်”
လူတိုင်းမျက်လုံးများ ပြူးကျယ်သွားခဲ့ရပြန်သည်။
ဤအရာက အသေးစားမှော်ပစ္စည်းလေးဖြစ်ပြီး ကျင့်ကြံရေးတွင် အထောက်အပံ့ပြုနိုင်သည်ကို သူတို့သေချာ ကြားခဲ့ကြရ၏။
စာစီစာကုံးတစ်ပုဒ်ရေးရုံဖြင့် ထိုအရာကို ရနိုင်မည်ပေလော။
“စီနီယာအစ်ကိုကြီး ကျွန်တော်စာမရေးတတ်ဘူး” ၀မ်ပေ့လဲ့အမြန်ထရပ်လိုက်ကာ
“စီနီယာအစ်ကိုကြီးကျွန်တော် စာလုံးနည်းနည်းကိုတော့သိတယ် ဒါပေမယ့် စာကောင်းကောင်းမရေးတတ်ဘူး”
ထိုအခါ လူအတော်များများလည်း သူတို့ကျောင်းမတက်ဖူးမှန်း ထုတ်ပြောကုန်ကြလေသည်။
ကျန်းယန်ဆူလိုက်၏။
“မင်းတို့မရေးတတ်ရင် သင်ကြလေ မင်းတို့ တာအိုစာသားတွေကိုဖတ်တဲ့အခါ မင်းတို့ကိုဘယ်သူက ကူညီပေးမှာလဲ မရေးတတ်မဖတ်တတ်တဲ့လူတွေအတွက် အရေးအဖတ် အပိုသင်တန်းတစ်ခု ရှ်ိလာလိမ့်မယ် အဇူရာတိမ်ဂိုဏ်းမှာ ဘယ်လိုလုပ် စာမတတ်ပေမတတ်တွေရှိနေလို့ ဖြစ်မှာလဲ”
၀မ်ပေ့လဲ့မျက်နှာပူပူနှင့်ပင် ပြောလိုက်ပြန်သည်။
“ကျွန်တော် အရေးအဖတ်သင်တန်းယူဖို့ကို လက်ခံပါတယ် ဒါပေမယ့် အဲ့တာက ဒီပြိုင်ပွဲမှာကျွန်တော့်အတွက် လုံး၀အခွင့်အရေးမရှိတော့ဘူးလို့ ညွှန်ပြနေတာမလား”
သူ့လိုစာမတတ်သူများလည်း ထိုအရာကို ထောက်ခံပြောဆိုကုန်ကြ၏။
ကျန်းယန်အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ကာ
“မရေးတတ်မဖတ်တတ်တဲ့သူတွေက သေချာတွေးပြီး ငါ့ဆီလာခဲ့ကြ ငါမင်းတို့ပြောချင်တာကို ချရေးပေးမယ် အဲ့တာကိုလည်း စာစီစာကုံးအဖြစ် သတ်မှတ်မယ် ဒါပေမယ့် စာလုံးရေ၃၀၀၀အောက်တော့ မနည်းစေနဲ့ များလေကောင်းလေပဲ”
ဦးနှောက်ဆေးခြင်း!
အမတကျင့်ကြံခြင်းကို နားလည်ခြင်းနဲ့ စလိုက်ကြတာပေါ့!