ကျွန်မမှာ အိပ်မက်တစ်ခုရှိတယ်
Vol. 2 Ch. 28
“ကျွန်မမှာအိပ်မက်တစ်ခုရှိပါတယ် အဲ့တာကတော့ အမတလမ်းစဉ်ကို ကျင့်ကြံဖို့ပါ…”
စစ်ထူမင်ယွဲ့စာရွက်ပေါ်တွင် စာလုံးအနည်းငယ်ရေးလိုက်ပြီးနောက် စတင်နေ့အိပ်မက် မက်လေတော့သည်။
သူမထိုစည်းတံဆိပ်ကိုလိုချင်သောကြောင့် ဤပြိုင်ပွဲတွင် ၀င်ပြိုင်ဖို့ လိုအပ်၏။
စာလုံးလေး သုံးထောင်လောက်ရေးရခြင်းက သူမအတွက် ဘာမှဟုတ်မနေပေ။ သူမလုပ်ကြံပြီးလျှောက်ရေးလိုက်လျှင်တောင် စာလုံးရေသုံးထောင်ပြည့်နိုင်သောကြောင့် သူမအောင်မြင်ဖို့အတွက် ယုံကြည်ချက်ရှိနေခဲ့သည်။
သို့သော်လည်းသူမစရေးလိုက်သောအချိန်တွင်တော့ သူမဆက်မရေးနိုင်တော့ပေ။
ထိုအကြောင်းအရာက နှလုံးသားနှင့်သက်ဆိုင်သောအရာဖြစ်သောကြောင့် သူမထင်ထားသလောက်မလွယ်ကူဘဲ လုပ်ကြံ၍ရေးဖို့လည်း မလွယ်လှကြောင်း သူမနားလည်သွားခဲ့၏။
ထို့ကြောင့် သူမဘာကြောင့်ကျင့်ကြံချင်သလဲဆိုတာကို သူမအရင်ဆုံး စဉ်းစားရတော့သည်။
သူမဘေးရှ်ိ အစေခံမလေးလည်း သူ့သခင်မလေး ခေါင်းကိုတဗျင်းဗျင်းကုတ်ကာ ဆံပင်များရှုပ်ပွနေပြီး သူမအ၀တ်အစားများကလည်း ဖရိုဖရဲဖြစ်၍ မပေါ်သင့်တာများပင် ပေါ်နေသည်ကို ကြည့်ရှုနေခဲ့ရ၏။
“သခင်မလေး ကျွန်မတို့ ဝင်မပြိုင်ကြရင်ရော”
အစေခံမလေး ချွန်းရှောင် တွန့်ဆုတ်စွာ အကြံပေးလိုက်လေသည်။
“အဲ့တာက စည်းတံဆိပ်လေးတစ်ခုပါပဲ ထူးခြားတာလည်းမရှိပါဘူး အချိန်ကျလာတဲ့အခါ စီနီယာဟော်လင်းကျိကို သခင်မလေးအတွက် အဲ့လိုစည်းတံဆိပ်နောက်တစ်ခု လုပ်ခိုင်းလို့ ရတာပဲ”
“နင်လည်း ကျင့်ကြံနေတာပဲဆိုတော့ နင်လည်းရေးရမယ်” စစ်ထူမင်ယွဲ့ ချွန်းရှောင်းကို လက်ညှိုးညွှန်ပြလိုက်ကာ
“နင်လည်းဒီပြိုင်ပွဲမှာ ၀င်ပြိုင်ရမယ် တကယ်လို့ နင်နိုင်ခဲ့ရင် နင့်ဆုလဒ်ကို ငါ့ကိုပေးရမယ် ဟွင်းဟွင်း”
“ကျွန်မလည်း ရေးရမှာလား” ချွန်းရှောင် သူ့သခင်မလေးကို အံ့အားတကြီးကြည့်လိုက်ကာ သူမ ဘယ်လိုလုပ်ဒီအရှုပ်ထုပ်ထဲ ဆွဲထည့်ခံလိုက်ရသလဲဟု တွေးနေမိ၏။
“ရေးရမယ်” စစ်ထူမင်ယွဲ့ သူမကိုငြင်းခွင့်မပေးခဲ့ပေ။
ချွန်းရှောင်လည်း ရွေးစရာမရှိတော့သောကြောင့် စာရွက်နှင့်စုတ်တံထုတ်ကာ စတင်ရေးသားလေတော့သည်။
သူမတခဏတွေးလိုက်ပြီးသည့်နောက် စတင်ရေးသားတော့၏။
“ကျွန်မနာမည်က ချွန်းရှောင်ပါ ကျွန်မကမိသားစုတစ်ခုထဲမှာ အစေခံအဖြစ်အမှုထမ်းရင်း ကြီးပြင်းလာခဲ့ပါတယ် သခင်မလေးကို ပိုဂရုစိုက်နိုင်ဖို့အတွက် မိသားစုအကြီးအကဲတွေဆီက လမ်းညွှန်မှုတွေရခဲ့ပြီး ကျွန်မစတင်ကျင့်ကြံခဲ့ပါတယ်…”
စစ်ထူမင်ယွဲ့ အံ့အားသင့်သွားခဲ့သည်။ ချွန်းရှောင်က ဒီလောက်ချောမွေ့အောင်ရေးနိုင်နေချိန်တွင် သူမကဘာလို့ ဘာမှမရေးနိုင်သေးရပါသနည်း။
“ငါ့ကိုပြဦး”
သူမချွန်းရှောင်းစာရွက်ကိုယူကာ ဖတ်ကြည့်ပြီးနောက် တိတ်ဆိတ်သွားခဲ့၏။
တခဏအကြာတွင် သူမချွန်းရှောင်ကို တင်းကြပ်စွာဖက်လိုက်ကာ ပြောလိုက်သည်။
“နင်ကငါ့ကို ငယ်ငယ်လေးကတည်းက စောင့်ရှောက်လာခဲ့ပေမယ့် ငါအဲ့တာကို သိတောင်မသိခဲ့ဘူး ဒီနေ့ကစပြီး ငါတို့က အများအမြင်မှာ အစေခံနဲ့သခင်မလေးဆိုပေမယ့် ညီအစ်မအရင်းတွေလို နေကြမယ်နော် အခုကစပြီး ငါ့မှာဘာပဲရှိရှိ နင်နဲ့အတူတူ မျှဝေမယ် ငါတို့အတူတူကျင့်ကြံပြီး အမတနယ်ပယ်ကိုတက်လှမ်းကြမယ် ချွန်းရှောင် ကျေးဇူးတင်ပါတယ်”
“သခင်မလေး ကျွန်မကအဲ့တာနဲ့မထိုက်တန်ပါဘူး ဒါက ကျွန်မတာ၀န်ပါပဲ” ချွန်းရှောင် အမြန်ပြန်ပြောလိုက်၏။
စစ်ထူမင်ယွဲ့ လက်ကာပြလိုက်ကာ
“ဒီလိုပဲ သတ်မှတ်လိုက်ပြီ”
ထို့နောက်သူမထိုင်ချလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ စတင်ရေးသားတော့သည်။
“ကျွန်မနာမည်က စစ်ထူမင်ယွဲ့ဖြစ်ပြီး စစ်ထူမိသားစုရဲ့ အကြီးဆုံးသမီးပါ စစ်ထူမိသားစုရဲ့ စီးပွားလေးလုပ်ငန်းတွေဟာ ယွင်ထန့်အင်ပါယာတစ်ခုလုံးမှာ ရှိပါတယ် အဲ့ဒီလိုကြီးမားလွန်းတဲ့ စီးပွားရေးအင်ပါယာကြီးတစ်ခုလုံးကို ဆက်ဆံမယ့်သူက အရည်အချင်းမရှိတဲ့သူ ဖြစ်လို့မရပါဘူး အဲ့တာကြောင့် ငယ်ငယ်လေးကတည်းက ကျွန်မအဖေက ခွန်အားရဲ့ အရေးကြီးပုံနဲ့ ခွန်အားကသာ စီးပွားရေးမှာ အရာရာကိုထိန်းချုပ်နိုင်စွမ်းရှိကြောင်း သင်ကြားပေးခဲ့ပါတယ်…”
ဤတစ်ကြိမ်တော့ သူမအရေးအသားက အများကြီးပိုချောမွေ့နေခဲ့သည်။
သို့သော် ပါရမီရှင်အများစုကတော့ ဘာမှမရေးနိုင်သေးဘဲ သူတို့ရှေ့ရှိ စာရွက်အလွတ်ကြီးကို စိုက်ကြည့်နေကြရဆဲသာ။
ဘာလို့ သူတို့ရေးသင့်ပါသနည်း ။
ဘာလို့ အမတလမ်းစဉ်ကို ကျင့်ကြံတာလဲ…သူတို့စစ်မှန်တဲ့အကြောင်းပြချက်ကဘာလဲ…
သူတို့တစ်ခုခုကိုပဲ လုပ်ကြံပြီး ရေးလိုက်သင့်လား…
သို့သော် စာလုံးရေးသုံးထောင်ပြည့်အောင် လီဆယ်ပြီးရေးသားဖို့ကလည်း မလွယ်ကူလှပေ။
တကယ်လို့ မလွယ်ကူဘူးဆိုလျှင်တောင် သူတို့လုပ်တော့ လုပ်ရပေဦးမည်။
စည်းတံဆိပ်ကို မရခဲ့လျှင်တောင် အနည်းဆုံး အလုပ်တစ်ခုကတော့ ပြီးမြောက်သွားမည်သာ။
“စီနီယာအစ်ကိုကြီး စီနီယာအစ်ကိုကြီ!” ၀မ်ပေ့လဲ့ ပင်မခန်းမဆီ အပြေးအလွှားရောက်လာကာ ကျန်းယန်ကို လာရှာခဲ့၏။
ကျန်းယန်လည်း ခန်းမထဲက ထွက်လာခဲ့ပြီး မေးလိုက်သည်။
“မင်းတွေးပြီးသွားပြီလား”
“ကျွန်တော်တွေးပြီးသွားပြီ” ၀မ်ပေ့လဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပုံဖြင့် ပြောလိုက်၏။
“ကျွန်တော် စာမရေးတတ်ဘူး အဲ့တာကြောင့် ကျေးဇူးပြုပြီး အစ်ကိုကြီးကမှတ်တမ်းတင်ဖို့ ကူညီပေးပါဦး”
ကျန်းယန် စာရွက်နှင့်စုတ်တံကိုထုတ်လိုက်ကာ ၀မ်ပေ့လဲ့ကို စပြောလို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်လေသည်။
“ကျွန်တော်က တိမ်တောင်အင်ပါယာ ကျားဖြူမြို့ ၀မ်မိသားစုရဲ့ သခင်လေးတစ်ယောက်ဖြစ်တဲ့ ၀မ်ပေ့လဲ့ပါ ကျွန်တော့်မိသားစုက အဆင်ပြေပြီးတော့ ကျွန်တော့်ကိုလည်းချစ်ကြပါတယ် အဲ့တာကြောင့်လည်း ကျွန်တော်က ကျားဖြူမြို့လမ်းမတွေပေါ်မှာ အကြောက်တရားမရှ်ိ ဘယ်သူ့အမြင်ကိုမှ ဂရုမစိုက်ဘဲ လျှောက်သွားနိုင်ခဲ့ပါတယ် လူတိုင်းကလည်း ကျွန်တော့်ကို လေးစားမှုအချို့ ပေးကြရပါတယ်
ငယ်စဉ်ကတည်းက ကျွန်တော်က သိုင်းပညာကိုနှစ်သက်ပြီး စာရေးစာဖတ်ရတာကို မကြိုက်ခဲ့ပါဘူး ယောကျ်ားတစ်ယောက်အနေနဲ့ စာပေလေ့လာခြင်းက ဘာမှအသုံးမ၀င်ဘဲ သိုင်းပညာကသာ စစ်မှန်တဲ့စွမ်းရည်တစ်ခုလို့ ကျွန်တော်ယုံကြည်ခဲ့ပါတယ် တစ်နေ့မှာတော့ ကျွန်တော်က အပြစ်မပြုသင့်တဲ့ လူတစ်ယောက်ကို အပြစ်ပြုမိခဲ့ပြီးတော့ အဲ့ဒီကပ်ဘေးက ကျွန်တော့်ပေါ်သာ ကျရောက်တာမဟုတ်ဘဲ ကျွန်တော့်မိသားစုဆီကိုပါ ကျရောက်လာခဲ့ပါတယ်…”
၀မ်ပေ့လဲ့အသံက ပို၍ပို၍တိမ်၀င်သွားပြီး မျက်ရည်များ စတင်ကျဆင်းလာခဲ့၏။
ကျန်းလန် ၀မ်ပေ့လဲ့အခြေအနေကို မမြင်ချင်ယောင်ဆောင်ထားပြီး မှတ်တမ်းတင်စရာကိုသာ ဆက်လက်မှတ်တမ်းတင်နေခဲ့သည်။
“အဇူရာတိမ်ဂိုဏ်း ၀င်ခွင့်စစ်ဆေးပွဲကို လာနေတဲ့တစ်ယောက်ယောက်ဆီကနေ အဇူရာတိမ်ဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်မှန်း ကျွန်တော်မတော်တဆကြားခဲ့မိပါတယ် အဲ့ဒီလိုဂိုဏ်းကြီးမျိုးကိုတော့ လူတော်များများက အပြစ်ပြုရဲကြမှာမဟုတ်ပါဘူး အဲ့တာကြောင့် ကျွန်တော်ဂိုဏ်းစစ်ဆေးပွဲကို ရောက်လာခဲ့တာပါ ကျွန်တော့်ရဲ့ အမတလမ်းစဉ်ကို ကျင့်ကြံရတဲ့အကြောင်းအရင်းကတော့ ကပ်ဘေးကိုရှောင်ရှားဖို့ပါ တကယ်လို့ ကျွန်တော်ကျင့်ကြံခြင်းမှာအောင်မြင်ခဲ့ရင် ကလဲ့စားပြန်ချေမှာပါ”
အတန်ကြာပြောပြီးနောက် ၀မ်ပေ့လဲ့ နောက်ဆုံးတွင်ပြီးဆုံးသွားခဲ့ပြီး ကျန်းယန်လည်း မှတ်တမ်းတင်နေခြင်းကို ရပ်တန့်လိုက်၏။
ဤအချိန်ထိ ၀မ်ပေ့လဲ့မျက်ရည်များ ကျနေဆဲဖြစ်ပြီး စကားမပြောနိုင်ခဲ့ပေ။
အတန်ကြာရပ်တန့်နေပြီးမှ နောက်ဆုံးတွင် ၀မ်ပေ့လဲ့ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်ဂိုဏ်းကို၀င်ရတဲ့အကြောင်းအရင်းကို ဖုံးကွယ်ထားခဲ့မိတယ် ဂိုဏ်းကကျွန်တော့်ကို ဘာလုပ်မှာလဲ”
ကျန်းယန်ပြန်မေးလိုက်၏။
“ကလဲ့စားချေချင်တဲ့သူတွေ ဂိုဏ်းကိုမ၀င်ရဘူးလို့ ဂိုဏ်းကပြောထားလို့လား လျှို့ဝှက်ချက်တွေထားလို့မရဘူးဆိုတဲ့ စည်းကမ်းရော ရှိလို့လား”
လျို့ဝှက်ချက်အကြောင်း ပြောရရင် ဘယ်သူက သူ့ထက်ပိုကြီးသော လျှို့ဝှက်ချက်ရှိနေနိုင်ပါမည်နည်း။
“ဒါပေမယ့်…”
ကျန်းယန်စာရွက်တွေကို သိမ်းလိုက်ကာ
“ဂိုဏ်းက မင်းကိုလေ့ကျင့်ပေးဖို့ပဲ တာ၀န်ရှိတာ မင်းအတွက်ကလဲ့စားချေပေးဖို့တော့ တာ၀န်မရှိဘူး မင်းကလဲ့စားချေတဲ့ ကိစ္စက မင်းကိစ္စပဲ ဒါပေမယ့် စိတ်ချပါ တစ်ယောက်ယောက်က မင်းကို သတ်ရဲရင်တော့ ဂိုဏ်းကအဲ့ဒီလူကို အသေအချာကို ရအောင်အပြစ်ပေးလိမ့်မယ်
ကြိုးစားကျင့်ကြံပြီးတော့ အချိန်ရရင် စာများများဖတ် မင်းကလူကြီးတစ်ယောက်ဖြစ်နေပြီ အခုထိစာမဖတ်တတ်သေးတာ ရှက်စရာကောင်းတယ် မင်းနာမည်နဲ့ စလေ့ကျင့်ချည် ဒီမှာမင်းနာမည်သုံးလုံး ကောင်းကောင့်လေ့ကျင့်ထား”
သူ၀မ်ပေ့လဲ့နာမည်သုံးလုံးကို စာရွက်ပေါ်ရေးကာ ပေးလိုက်သည်။
“ကျေးဇူးပါ စီနီယာအစ်ကိုကြီး” ၀မ်ပေ့လဲ့ စာရွက်ကိုတလေးတစား လက်ခံလိုက်၏။
“အဇူရာတိမ်ကို အတူတူပြန်အသက်သွင်းကြစို့” ကျန်းယန်ပြုံးကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” ၀မ်ပေ့လဲ့ မာန်ပါပါဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လှည့်ထွက်သွားခဲ့ပြီးနောက် ရုတ်တရက်တစ်ခုခုကိုသတိရသွားပြီး ပြန်လှည့်လာကာ ပြောလိုက်၏။
“အဇူရာတိမ်အဓွန့်ရှည်ကြာ တည်ပါစေ!”
ကျန်းယန် လည်းသဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
“အဇူရာတိမ်အဓွန့်ရှည်ကြာတည်ပါစေ!”
၀မ်ပေ့လဲ့ထွက်သွားပြီးနောက် နောက်တစ်ယောက်၀င်လာခဲ့ပြန်သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်က ရေးလည်းမရေးတတ်ဘူး ဖတ်လည်းမဖတ်တတ်ဘူး ကျွန်တော့်ကို ကူပြီး မှတ်တမ်းတင်ပေးလို့ရမလား ကျေးဇူးတင်ပါတယ်” သာမန်ရုပ်ရည်ဖြင့်လူတစ်ယောက် ရှက်နေဟန်ဖြင့် ပြောလိုက်၏။
ကျန်းယန် စာရွက်နောက်တစ်ရွက်ထုတ်ယူလိုက်ကာ သူ့ကိုစပြောလို့ရပြီဖြစ်မှန်း အချက်ပြလိုက်သည်။
“ကျွန်တော်က အခေါင်းပေါက်ကြီးရွာက လီအာပါ”
“ဟမ် မင်းကလီအာလား” ကျန်းယန် လီအာကိုကြည့်လိုက်၏။
လီအာ ကြောင်အသွားဟန်ဖြင့် ကျန်းယန်ကိုကြည့်လိုက်ကာ
“စီနီယာအစ်ကိုကြီး ကျွန်တော့်နာမည်ကို ကြားဖူးတယ်လား”
ကျန်းယန်ခပ်ဟဟ ရယ်မောလိုက်ကာ
“ငါအဇူရာတိမ်ဂိုဏ်းနယ်မြေတွေဆီ ကင်းလှည့်တော့ မင်းတို့ရွာကိုရောက်ခဲ့တယ် မင်းအဖေနဲ့တောင် တွေ့ခဲ့သေးတယ် မင်းအဇူရာတိမ်ဂိုဏ်းထဲ၀င်သွားတာလည်းသိရော သူအတော်လေးပျော်နေတယ် သူ့မှာအချိန်ရှိရင် ဂိုဏ်းဆီလာလည်မယ်တောင် ပြောနေသေးတယ် မင်းအဖေကို စိတ်မပျက်စေနဲ့နော်”
လီအာ့မျက်လုံးများ နီရဲသွားပြီး ခေါင်းကိုငုံ့ထားလိုက်၏။
“ဆက်ပြောပါ မင်းပြန်စလို့ရပြီ” ကျန်းယန် အချက်ပြလိုက်သည်။
လီအာ ခေါင်းညိတ်လိုက်ကာအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး စတင်ပြောပြလေတော့သည်။
ကျန်းယန်လည်း အားလုံးကို မှတ်တမ်းတင်ထားခဲ့၏။
ကျန်းယန်မှတ်တမ်းတင်နေစဉ်တွင် ရေးပြီးသွားသောသူများ သူ့ဆီသတင်းလာပို့ခဲ့ကြလေသည်။
၇ရက်ကနီးကပ်လာပြီဖြစ်သောကြောင့် အတော်များများက သူတို့တာ၀န်များကို အပြီးသတ်ခဲ့ကြ၏။
ကျန်းယန် စာအရေးအသားများအားလုံးကို ဖတ်ရှုပြီးနောက် တပည့် ၈၇ယောက်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းနားလည်သွားခဲ့ရသည်။
အချို့က ဇာတ်လမ်းကိုလီဆယ်ရေးသားထားတာ သိသာလှပြီး ထိုသို့သော သူများကိုတော့ စောင့်ကြည့်ရပေလိမ့်မည်။ သို့သော် ၀မ်ပေ့လဲ့နှင့်လီအာတို့လို ခံစားချက်အစစ်များကို ထုတ်ပြကြသူများလည်း ရှိကြပြီး အနည်းဆုံးတော့ ထိုသူများက လီဆယ်ရေးသားကြသူများထက် ပိုပြီး ယုံကြည်ဖို့ ထိုက်တန်ပေသည်။
စာစီစာကုံးကို အမြန်ပြီးကာ လီဆယ်ရေးသားချက်များက ပိုအသေးစိပ်ကျနေသော သူများက ပိုပြီး ယုံကြည်ချင်စရာမကောင်းလှသောကြောင့် ထိုသူများကို သေချာစောင့်ကြည့်ဖို့ လိုအပ်၏။
အဆုံးထိအချိန်ဆွဲနေကာ တွန့်ဆုတ်နေသူများကတော့ သိပ်မဆုံးလှပေ။
“စီနီယာအစ်ကိုကြီး ဒီမှာရပြီ” စစ်ထူမင်ယွဲ့အလောတကြီးရောက်လာပြီး စာရွက်အနည်းငယ် ကျန်းယန်ကိုပေးလိုက်လေသည်။
“ဒါကညီမလေးနဲ့ ချွန်းရှောင်ဆီက ညီမလေးတို့လည်း ဒီပြိုင်ပွဲကို ၀င်ပြိုင်နေတယ်နော်”
“အာ” ကျန်းယန် စစ်ထူမင်ယွဲ့ကို အံ့အားသင့်နေဟန်ဖြင့် ကြည့်ရှုလိုက်၏။
သူ့စိတ်ထဲတွင်တော့ ငါကဉီးနှောက်ဆေးဖို့ လုပ်နေပါတယ်ဆို နင်တို့နှစ်ယောက်ကိုပါ ပညာပေးမိသလို ဖြစ်သွားတာလားဟု တွေးနေခဲ့မိသည်။