မွေးနေ့
Vol. 5 Ch. 68
ကောင်းမင်သည် သားစားကြူးနတ်ကို မြင်သည့်အချိန်တိုင်း စီတုအန်းကို ထပ်မံသတ်ဖြတ်ချင်နေဆဲဖြစ်သည်။သူ့တွင် အရှေ့ပိုင်းမြို့တော်စုံစမ်းစစ်ဆေးရေးဌာနကို တိုက်ခိုက်နိုင်သည့် စွမ်းအားမရှိသေးသော်လည်း မကြာခင် ပြောင်းလဲလာလိမ့်မည်ဖြစ်သည်။ကောင်းမင်သည် သူ့အစီအစဉ်အရ အချို့ကိစ္စများကို လုပ်ဆောင်ရန် အစီအစဉ်ဆွဲလိုက်သည်။သူသည် ဟန်ဟိုင်းတစ်မြို့လုံးကို ပြောင်းလဲပစ်ချင်သည်။
"အရင်က ငါ ဌာနကို ဝင်ချင်ခဲ့တယ် ၊ ဒါပေမယ့် ဥမင်ထဲမှာ ဌာနယူနီဖောင်းဝတ်ထားတဲ့ ငါ့အလောင်းတွေအများကြီး မြင်ခဲ့ရတယ် ၊ အဲ့လိုဆိုမှတော့ ငါက မတူညီတဲ့ လမ်းကြောင်းတစ်ခု ယူရလိမ့်မယ် "
ကောင်းမင်သည် ဖုန်းကို ပြန်သိမ်းလိုက်ပြီး ကျောက်ရှီကို ကြမ်းပြင်ပေါ်မှ ထူပေးလိုက်သည်။
"အစ်ကိုကျောက် ၊ ခင်ဗျားအရင်က ခြောက်ခြားဂိမ်းတစ်ခုကို ကစားဖူးသလား "
ကျောက်ရှီသည် မူလအခြေအနေ ပြန်မရောက်သေးချေ။သူသည် သားစားကြူးနတ်ကို လက်ညိုးထိုးနေပြီး စကားမပြောနိုင်ခဲ့ချေ။
"မစိုးရိမ်ပါနဲ့ ၊ ကျုပ်က အသိအမှတ်ပြုလက်မှတ်ရ ဆရာဝန်တစ်ယောက်ပါ ၊ ကျုပ်ခင်ဗျားကို ကုပေးမယ် "
ကောင်းမင်သည် ကျောက်ရှီကို သားစားကြူးနတ် အနားချဉ်းကပ်စေလိုက်သည်။
"အခု ပိုနေလို့ ကောင်းသွားပြီမလား "
ကျောက်ရှီက ဖြည်းညင်းစွာခေါင်းငြိမ့်လိုက်သည်။သူသည် နတ်ဘုရား၏ဝါးမြိုခြင်း ခံလိုက်ရသကဲ့သို့ ခံစားရသည်။
"အံ့ဩစရာပဲ "
ကောင်းမင်သည် ကျောက်ရှီ၏ သေတမ်းစာကို လုပ်ဆောင်ချင်သောစာရင်းတစ်ခုအဖြစ်ပြောင်းလဲလိုက်သည်။ထို့နောက် သူသည် ထိုစာရင်းကို ကျောက်ရှီ၏ အိပ်ကပ်ထဲ ထည့်ပေးလိုက်သည်။
"အစ်ကိုကျောက် ၊ ဒီညမှာ ကျုပ်တို့ ပြန်လည်မွေးဖွားကြမယ် "
သားစားကြူးနတ်သည် ကောင်းမင်၏နောက်ဘက်သို့ ပြန်၍တွားဝင်သွားသည်။အခန်းသည် ပုံမှန်ဖြစ်လာသော်လည်း အလင်းရောင်များ ပြန်ရောက်မလာသေးချေ။
"ခင်ဗျားအတွက် အမှန်တရားကိုတွေ့ဖို့ အရိပ်ကမ္ဘာထဲ ကျုပ်ခေါ်သွားပေးမယ် "
ကျောက်ရှီအား တစ်ဦးတစ်ယောက်မှ အာရုံစိုက်ခြင်း မရှိကြပေ။သူ့ခယ်မနှင့် သူ့မွေးစားမိခင်ပင်လျှင် သူ့အား အသုံးမဝင်သည့်လူဖျင်းဟု တွေးထားကြသည်။သို့သော်လည်း ကောင်းမင်သည် ကျောက်ရှီ၏ အကောင်းမြင်တတ်ခြင်းကို သိသည်။သူ့တွင် အကောင်းမြင်တတ်သောနှလုံးသားတစ်ခု ၊ ကြင်နာတတ်သော စိတ်ဝိဉာည်နှင့် ကြံ့ခိုင်သောစိတ်ဓာတ်တို့ရှိသည်။ကျောက်ရှီသည် ငြင်းဆန်ရန်ပြင်လိုက်သော်လည်း ကောင်းမင်က သူ့အပေါ်တွင် မိုးကာဝတ်ပေးပြီးသားဖြစ်နေ၏။သူသည် ကောင်းမင်၏ တိုက်တွန်းမှုကြောင့် အရိပ်ထဲမှ ထွက်လိုက်သည်။
အချို့အကြောင်းပြချက်များအတွက် သူသည်ကြောင်အနေခဲ့သည့်တိုင် လှေကားထစ်များအတိုင်း ကောင်းမင်နောက် လိုက်ပါနေဆဲဖြစ်သည်။သူသည် ကြောက်ရွံ့သော်လည်း ကောင်းမင်က သူ့အားထိခိုက်စေမည်မဟုတ်ဟု သူယုံကြည်ပေသည်။ ကျောက်ရှီသည် ပထမထပ်သို့ ရောက်လာခဲ့ပြီး သူ့ဆင်ခြင်တုံတရားက တဖြည်းဖြည်း ပုံမှန်ဖြစ်လာ၏။သူသည် ခြောက်သွေ့နေသော သူ့နူတ်ခမ်းကို လျှာသပ်လိုက်သည်။
"ငါတို့ ဘယ်သွားကြမှာလဲ "
"မင်လောင်လမ်းနံပါတ်၄ကို "
"ငါတို့ ....ငါတို့ ဒီကောင်ကြီးကို ပြန်တွေ့ရဦးမှာလား "
ကျောက်ရှီက တုန့်ဆိုင်း တုန့်ဆိုင်းဖြင့်မေးလိုက်သည်။
"မဟုတ်ပါဘူး ၊ အဲ့ဒီမှာ အရမ်းလုံခြုံပါတယ် "
ကောင်းမင်သည် ချီယန်ကို ကျော်ခွ၍ လမ်းလျောက်လိုက်သည်။ သွေးအလိမ်းလိမ်းဖြင့် ချီယန်ကိုမြင်သောအခါ ကျောက်ရှီက ၎င်းသည် ကမ္ဘာကြီး၏အဆုံးသတ်လောဟု တွေးနေ၏။မင်လောင်လမ်းသည် လီကျင်းအိမ်ရာနှင့် မဝေးပေ။သူတို့သည် လမ်းဟောင်းများကို ဖြတ်သန်းလာပြီး စတိုးဆိုင်တစ်ခုထဲ ဝင်လိုက်ကြသည်။
"ခင်ဗျား ဒီရက်တွေအတွင်း ဘာမှ မစားခဲ့ဘူး ၊ အနည်းဆုံးတော့ ထမင်းပူပူလေးတချို့ စားလိုက်ပါ "
ကောင်းမင်သည် ကျောက်ရှီနှင့်သူ့အတွက် အစားအသောက်များ ဝယ်လိုက်သည်။ထို့နောက် သူက မင်လောင်လမ်း အဆောက်အဦး ၄ ရှိ ကလေးအတွက် လက်ဆောင်တချို့ဝယ်လိုက်သေးသည်။ထိုကလေးသည် အကြောက်ရောဂါ၏အရင်းအမြစ် ဖြစ်သည်။ တစ်ချိန်က ကလေးသည် အဝတ်ဗီရိုထဲတွင် စားကြွင်းစားကျန်များ စားနေကြောင်း မြင်ခဲ့ရသည်။ကောင်းမင်က အစားအစာလုံလုံ လောက်လောက်ဝယ်ယူပြီးနောက် ထွက်ခွာခဲ့သည်။မင်လောင်လမ်းသည် အမှောင်ထဲတွင် ကြက်သီးထစရာဖြစ်နေခဲ့သည်။
"ကောင်းမင် ငါတို့ လက်နက်တချို့ ယူသွားသင့်တယ်နော် "
ကျောက်ရှီသည် လမ်းပေါ်တွင် လူတစ်ယောက်မှ မမြင်မိချေ။သူက ကောင်းမင်အနောက်တွင် ထိတ်ထိတ်ပြာပြာဖြင့် ရပ်နေပြီး
"မင်း ဇွန်ဘီးတွေအကြောင်း သိလား ၊ ငါ အဲ့လိုဇာတ်ကားတွေ ကြည့်ဖူးတယ် ၊ အဲ့ဒါက လူတွေအကုန်လုံး ဇွန်ဘီးတွေဖြစ်အောင် ပြောင်းပစ်နိုင်တဲ့ ဗိုင်းရပ်လေ "
"တွေးကြောက်မနေပါနဲ့ဗျာ ၊ ကျုပ်တို့က မိသားစုတစ်စုကို ကူညီဖို့သွားနေတာပါ "
ကောင်းမင်သည် သူ့မှတ်ဉာဏ်ထဲကအတိုင်းလိုက်လာရင်း အဆောက်အဦး ၄ကို မြင်လိုက်သည်။သူတို့သည် အဆောက်အဦးခြံဝင်းထဲ ဝင်ရုံရှိသေးသည် စုံတွဲတစ်တွဲက အထုပ်အပိုးများဖြင့် ပြေးထွက်လာကြောင်းမြင်လိုက်ရသည်။သူတို့သည် ကြောက်စရာတစ်ခုခုကို မြင်တွေ့ခဲ့ရသကဲ့သို့ မျက်နှာများ ဖြူဖျော့နေသည်။
"နောက်ဆုံးတော့ အသက်ရှင်နေတဲ့လူသားတချို့ကို တွေ့ပြီ "
ကျောက်ရှီက ထိုစုံတွဲကို ကြည့်လိုက်သည်။ " ဒါပေမယ့် သူတို့ကိုကြည့်ရတာ ပုံမှန်မဟုတ်ဘူး၊ သူတို့ကရာဇဝတ်မှုကနေ ထွက်ပြေးလာတဲ့ တရားခံတွေလိုပဲ "
ကျောက်ရှီ၏စကားများကြောင့် ကောင်းမင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
"အစ်ကိုကျောက် ၊ ခင်ဗျားက တော်တော်အမြင်ကောင်းတာပဲဗျ "
"မင်း ငါ့ကို ထပ်နောက်နေပြန်ပြီ "
ကျောက်ရှီက ရိုးသားစွာဖြင့် ခပ်မြန်မြန်သုတ်ခြေတင်လိုက်သည်။သူတို့နှစ်ယောက် ထိုစုံတွဲအား လျစ်လျူရှုလိုက်ပြီး အဆောက်အဦးထဲ ဝင်လိုက်ကြသည်။အိုဟောင်းနေသော တိုက်ခန်းသည် မုန်တိုင်းကြောင့်ယိမ်းခါနေ၏။အရိပ်များသည် လှိုင်းလုံးများသဖွယ် မြင့်တက်လာကြသည်။
သုံးလွှာသို့ ရောက်လာကြသောအခါ ကောင်းမင်က ပစ္စည်းများ ပြုတ်ကျနေသံကို ကြားလိုက်ရသည်။အပေါ်ထပ်များတွင် တစ်စုံတစ်ယောက်က ရန်ဖြစ်နေဟန်တူသည်။သူသည် အရှိန်လျှော့လိုက်ပြီး လေးလွှာသို့ ဦးတည်လိုက်သည်။အမျိုးသားတစ်ယောက်၏ ကြမ်းတမ်းသောအသံနှင့် အမျိုးသမီးတစ်ယောက်၏စူးစူးဝါးဝါးအော်ဟစ်သံတို့သည် ရောနှောထွက်ပေါ်နေသည်။အသံပိုကျယ်လာလေ ပတ်ဝန်းကျင်ရှိ အရိပ်တို့က ပိုထူထပ်လာလေဖြစ်သည်။
သူသည် အခန်း ၄၀၅သို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။အခန်းတံခါးသည် ပိတ်မနေချေ။ဧည့်ခန်းသည် ပန်းကန်ကွဲများဖြင့် ပြည့်နေသည်။ဆိုဖာသည် တွန်းလှဲခံထားရသည်။ဖရိုဖရဲဖြစ်နေရင်း အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်သည် အတူတကွလုံးထွေး သတ်ပုတ်နေကြသည်။အမျိုးသမီးသည် အမျိုးသားထက် သေချာပေါက်အားနည်း၏။သူမသည် သစ်သီးလှီးဓားတစ်ချောင်းကို ကိုင်ထားခဲ့သည်။ကျောက်ရှီက သူတို့ကို ရပ်တန့်ချင်သော်လည်း ထိုစုံတွဲ၏မျက်နှာများကို မြင်လ်ုက်သည့်အချိန်တွင် သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။
အခန်းတွင်းမှ စုံတွဲ၏မျက်နှာများသည် အခုလေးတင်ထွက်ပြေးသွားကြသော စုံတွဲ၏မျက်နှာများနှင့်တူနေပေသည်! ။
"သူတို့က သရဲတွေလား "
"ခင်ဗျား ထပ်မှန်ပြန်ပြီ ! အစ်ကိုကျောက် ခင်ဗျားမှာ အစွမ်းရှိသားပဲ ! "
အမျိုးသားသည် အမျိုးသမီး၏လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားသောကြောင့် တိုက်ခိုက်ခြင်းကို ရပ်လိုက်သည်။သူ့ဒေါသများကို ဖွင့်ထုတ်စရာနေရာမရှိပေ။ထို့ကြောင့် သူက တယ်လီဗေးရှင်းကို ရိုက်ခွဲလိုက်ပြီး စားပွဲများကို ဆောင့်ကန်လိုက်သည်။သူသည် အိပ်ခန်းဆီသွားပြီး တံခါးကို ဆောင့်ကန်လိုက်သည်။
"ဒါတွေအားလုံး ဒီခွေးသားရဲ့ အမှားပဲ! "
သေးငယ်သောအိပ်ခန်းလေးထဲတွင် ကလေးတစ်ယောက် ပုန်းနေ၏။ သူ့အရေပြားသည် အလွန်အမင်းဖြူရော်နေသည်။
ကလေးသည် သူ့အဖေကို တွေ့ရန် အလွန်ကြောက်ရွံ့နေသော်လည်း မငိုခဲ့ပေ။သူသည် ခေါင်းအုံးရဲတိုက်ထဲတွင် ပုန်းနေပြီး အရုပ်ဓားတစ်ချောင်းကို ကိုင်ထားလေသည်။စောင်ပေါ်တွင် သူဆွဲထားသည့် ကာတွန်းရုပ်စစ်တပ်တစ်ခု ရှိနေ၏။သူတို့သည် စက္ကူဖြင့်လုပ်ထားသော လှံများကို ကိုင်ထားကြသည်။
"ငါမင်းကို မကြောက်ဘူး "
စောင်ပေါ်ရှိ ကာတွန်းလူသေးသေးများသည် ထိုအမျိုးသားကို စက္ကူလှံများဖြင့် ထိုးလိုက်ကြသည်။အမျိုးသားသည် အမှန်တကယ် ထိခိုက်သွားသကဲ့သို့ အော်ဟစ်လိုက်သည်။
ကျောက်ရှီနှင့်ကောင်းမင်တို့ နှစ်ယောက်လုံး ကြောင်အသွားကြသည်။
"မင်းနဲ့ မင်းအမေက အတူတူပဲ ၊ မင်းတို့နှစ်ယောက်လုံး သေသင့်တယ် ! "
အမျိုးသားသည် ကောင်လေး၏အင်္ကျီကော်လံကို ဆွဲလိုက်ပြီး ဧည့်ခန်းထဲရှိ ပန်းကန်ကွဲများဆီသို့ လွှင့်ပစ်လိုက်သည်။ကောင်လေးသည် လဲကျသွားသော်လည်း သူ့အရုပ်ဓားကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။သူသည် မငိုခဲ့ချေ။သူ့နူတ်ခမ်း ဆက်လက်၍ ခပ်တိုးတိုးပြောနေခဲ့သည်။
"ငါမင်းကို မကြောက်ဘူး ...."
"ဒီကလေးက တော်တော် လေးစားစရာပဲ "
ကလေးကို ဒဏ်ရာမရစေရန် ကောင်းမင်က အခန်းထဲပြေးသွားလိုက်ပြီး ကလေးကို ကာကွယ်လိုက်သည်။
"အကြောက်ရောဂါကို ပထမဆုံးဆန့်ကျင်ခဲ့သူက ဒီလို ငယ်ရွယ်တဲ့ကလေးတစ်ယောက်ဆိုတာကို ငါအတော်အံ့အားသင့်မိတယ် "
ကောင်းမင်က ကောင်လေး၏ဦးခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။သူသည် မိုးကာအင်္ကျီကို ချွတ်လိုက်ပြီး ဘေးပစ်လိုက်သည်။သူက တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ထိုစုံတွဲသည် အလွန်သေးငယ်လာကြောင်း သတိပြုမိလိုက်သည်။
"ငါနားလည်ပြီ ၊ ဒီကြောက်စရာအရာက ကလေးကြောက်နေတဲ့အချိန်မှာပဲ ပေါ်လာလိမ့်မယ် ၊ ကလေးပိုကြောက်လေလေ ၊ မကောင်းဆိုးဝါးက ပိုကြီးလာလေလေပဲ "
ကောင်းမင်သည် နောက်ဆုံးတွင် ကလေး၏မိဘများက ဘာကြောင့် အလျင်အမြန်ထွက်ပြေးသွားကြောင်း နားလည်သွားခဲ့သည်။သူတို့သည် ကလေးနှင့် အစစ်အမှန်ကမ္ဘာတွင် ရုပ်လုံးပေါ်လာသော ကလေး၏အကြောက်တရားကို ကြောက်ရွံ့သွားကြခြင်း ဖြစ်နိုင်၏။
ကောင်းမင်သည် ကလေးအတွက် ကစားစရာများနှင့် သွားရေစာများကို ချပေးလိုက်သည်။ကောင်းမင်နှင့် ကျောက်ရှီက ကလေးကို စိတ်သက်သာရာရစေလိုက်သည်။ မိဘများသည် ဖြည်းညင်းစွာ လွှင့်ပျောက်သွားသည်။ကြမ်းပြင်ပေါ်တွင် ရုပ်ဆိုးဆိုးလက်ဖြစ်အရုပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။၎င်းသည် လူနှင့်တူရုံမျှသာ ဖြစ်သည်။၎င်းကို အကွက်များဖြင့် ဖုံးအုပ်ထားပြီး ဆေးရောင်များ စွန်းထင်းနေသည်။
"ဒါက အကြောက်ရောဂါရဲ့ အရင်းအမြစ်လား "
ကောင်းမင်သည် အရုပ်ကို ကောက်ယူမည့်ဟန်ပြုလိုက်ချိန်တွင် ကလေးက ထိုအရုပ်ကို လျင်မြန်စွာပွေ့ဖက်လိုက်ပြီး ထောင့်တွင် သွားခွေနေလေသည်။ကောင်လေးသည် အဆက်အသွယ်လုပ်ရန် ငြင်းဆန်နေ၏။
"ကောင်လေးက အတိတ်တုန်းက ငါ့လိုပဲကွာ "
ကျောက်ရှီ၏နှလုံးသားသည် လှုပ်ရှားလာခဲ့သည်။သူက ထော့နဲ့ထော့နဲ့ လျှောက်သွားလိုက်ပြီး ကောင်လေးဘေးတွင် ထိုင်ချလိုက်သည်။သူက စာရွက်တစ်ရွက်ယူလိုက်ပြီး စက္ကူဖားလေးတစ်ခုကို လွယ်လွယ်ကူကူပြုလုပ်လိုက်သည်။
"သူ့ဖင်ကို ဖိလိုက် ၊ အဲ့ဒါဆို ခုန်သွားလိမ့်မယ်ကွ "
အရိပ်သည် ပတ်ပတ်လည်တွင်ရှိနေသေးသည်။ထို့ကြောင့် 'ဂိမ်း'သည် မပြီးဆုံးသေးချေ။
ကောင်းမင်သည် ကျောက်ရှီနှင့်အတူ ကစားနေသော ကလေးကို မြင်လိုက်သည်။ယခုအချိန်သည် ကောင်လေးအတွက် မိသားစု၏နွေးထွေးမှုကို ခံစားရန်အချိန်ဖြစ်သည်။
"သားရဲ့အိမ်က ဓာတ်ပုံတွေအားလုံး ဦးဦးမြင်ခဲ့ပြီးပြီ ၊ သားမိဘတွေက သားအတွက် တစ်ခါမှ မွေးနေ့လုပ်မပေးခဲ့ဘူးလို့ ထင်တယ် "
ကောင်းမင်က ကောင်လေးရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။
"သား မွေးနေ့ကိတ်တွေ စားချင်လား "