ဝမ်ကျီ
Vol. 5 Ch. 70
"ဂွတ်မောနင်း "
ကောင်းမင်က သာမန်လူတစ်ယောက်ကဲ့သို့ မပြုမူခဲ့ပေ။သူသည် သွေးနှင့်ဒဏ်ရာများကို မြင်သော်လည်း ပြန်လှည့်မပြေးချေ။ထို့အစား တံခါးကို ပိတ်လိုက်သည်။သူ၏ ရုတ်တရက်ပေါ်ပေါက်လာခြင်းကြောင့် ဝေတယိုသည် အလွန်အမင်းထိတ်လန့်သွားပြီး သူ့ဖုန်းပင် ကြမ်းပြင်ပေါ်လွှတ်ကျသွားလေသည်။
"ကောင်းမင်လား "
ဝေတယိုသည် နံရံနှင့်တိုက်မိသည်အထိ နောက်ကို ဆက်ဆုတ်နေလေသည်။
"မင်းငါ့ကို ဖုန်းဆက်ပြီး ဘာပြောချင်လို့လဲ "
ကောင်းမင်သည် ခေါင်းအသာယမ်းလိုက်ပြီး သူငယ်ချင်းဟောင်းတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ ပြုံးပြလိုက်သည်။သို့သော်လည်း ထိုအပြုံးသည် ဝေတယိုအား ခြေဖျားလက်ဖျားများအေးစက်သွားစေသည်။
"မင်း သူတို့ကို သတ်ခဲ့တာလား ၊ ငါ အဲ့ဒါကို မြင်ခဲ့တယ် ! "
ဝေတယိုသည် သူ့ဖုန်းကို အထိတ်အလန့်ဖြင့်ကောက်လိုက်ပြီး ကောင်းမင်ဆီမှ ခပ်ဝေးဝေးနေလိုက်သည်။
"ဒီလိုကိစ္စတစ်ခုကို ငါဘယ်လိုလုပ်နိုင်မှာလဲ "
ကောင်းမင်က ရပ်လိုက်ပြီး သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။သူသည် သူ့အချိန်ကိုက်ရောက်လာခြင်းမှလွဲ၍ အထူးသံသယဝင်ပုံမရချေ။
"ဆာလောင်တစ္ဆေညတုန်းက သန်းခေါင်၁၂နာရီထိုးတာနဲ့ ငါ့တိုက်ခန်းထဲ သားသတ်သမားတစ်ယောက်ဝင်လာခဲ့တယ် ၊ သူက လူတိုင်းကိုမေးခွန်းဆယ်ခုမေးခဲ့ပြီး မဖြေနိုင်တဲ့သူတွေကိုတော့ သတ်ပစ်မယ်တဲ့လေ "
"ပြီးတော့ရော "
"ငါက အဖြေတွေကို သိနေခဲ့လို့ ငါတစ်ယောက်ပဲ အသက်ရှင်ခဲ့တယ် ၊ မေးခွန်းတွေက မင်းဒီဇိုင်းထုတ်ထားတဲ့ ဂိမ်းထဲက အကြောင်းအရာတွေပဲ ! "
ဝေတယိုသည် စိတ်လှုပ်ရှားနေခဲ့သည်။သူ့မျက်နှာသည် နီရဲနေ၏။
"ငါတို့တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာ နှစ်တွေကြာပြီ ၊ မကြာခဏဆိုသလို ငါတို့ဟာ ညနက်တဲ့အထိ အကြံဉာဏ်တွေမျှဝေရင်း စကားပြောဖြစ်ခဲ့ကြတယ် ၊ မင်းဟာ အမြဲတမ်း ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းဆိုတာ ငါယုံတယ်၊ ပြီးတော့ မင်းဟာ ငါကို နားအလည်ဆုံးလူတစ်ယောက်လည်းဖြစ်တယ်"
ကောင်းမင်က ဝေတယိုဆီလျှောက်သွားလိုက်သည်။
"ငါဟာ လူသတ်သမားမဟုတ်ဘူးလို့ မင်းကိုပြောရင် မင်းငါ့ကို ယုံမှာလား "
ဝေတယိုသည် ကောင်းမင်၏တည်ငြိမ်သော မျက်ဝန်းများကို ကြည့်လိုက်ပြီး လက်သီးကို ဖြေလျော့လိုက်ကာ ခေါင်းငြိမ့်လိုက်သည်။
"ငါ မင်းကို ယုံတယ် "
ကောင်းမင်က သူ့အိမ်ရှိ မှတ်တမ်းတင်ဗီဒီယိုကို ပြလိုက်သည်။
"အဲ့ဒါဖြစ်ခဲ့တုန်းက ငါက ငါ့မိဘတွေနဲ့ အိမ်မှာရှိနေတာ "
ကောင်းမင်သည် လူသတ်သမားမဟုတ်ကြောင်းသေချာသွားပြီးနောက် ဝေတယိုသည် စိတ်လျှော့လိုက်ပြီး ထိုင်ခုံပေါ်ထိုငိချလိုက်သည်။
"ဒါဆို ဂိမ်းက ဘယ်လိုအစစ်အမှန်ဖြစ်လာတာလဲ ၊ ငါတို့နှစ်ယောက်ပဲ ဂိမ်းထဲကအချက်အလက်တွေကို သိတာလေ "
"မင်း ဘယ်သူ့ကိုမှ ပြန်မပြောဘူးဆိုရင် ငါမင်းကို ပြောပြနိုင်တယ် "
ကောင်းမင်က ဝေတယိုရှေ့တွင် ထိုင်လိုက်သည်။သေခြင်းမှတ်ဉာဏ်များသည် သူ့စိတ်ထဲ ဝင်ရောက်သွားကြသည်။သူမြင်တွေ့ခဲ့ရသော အချိန်စီးကြောင်းများတွင် ဝေတယိုသည် သူ့အား ဘယ်တော့မှ သစ္စာမဖောက်ခဲ့ပေ။အချက်အလက်များအရ သူသည် ကောင်းမင်အတွက် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ရလေသည်။
"ငါ့ကို ပြောပြပါ "
ကောင်းမင်သည် ဝေတယိုအား အမှန်တရားကိုပြောရန် အချိန်နာရီဝက်ယူလိုက်ရသည်။
"မူမမှန်ဖြစ်ရပ်တွေက မြို့တော်ကို လွှမ်းခြုံလာလိမ့်မယ် ၊ ငါမင်းဆီက အကူအညီတချို့ လိုတယ် "
ကောင်းမင်သည် ဟန်ဟိုင်းမြေပုံကို ထုတ်ယူလိုက်ပြီး အရှေ့ပိုင်းမြို့တော်ကို စက်ဝိုင်း ဝိုင်းလိုက်သည်။
"နှစ်ရက်ကြာပြီးရင် မင်းနေရာကို ပရိုဂရမ်မာ အသစ်တစ်ယောက်တာဝန်ယူလိမ့်မယ် ၊ အဲ့အချိန်ကျရင် မင်းက အရှေ့ပိုင်းမြို့တော်စုံစမ်းစစ်ဆေးရေးဌာကိုဝင်ပြီး ကွင်းစ်ဌာနကို ရောက်နိုင်ဖို့ ငါမျှော်လင့်ထားတယ် "
"ရတာပေါ့ ၊ ကမ္ဘာပျက်ကပ်ကြီးထဲမှာ ဘယ်သူက အလုပ်လုပ်မှာလဲ ၊ ထိပ်ပြောင်ဘိုးတော်က ငါတို့ကို ဒိတ်တင်းဆင်း လုပ်ခိုင်းချင်နေတာ ၊ အဲ့ဒါကို သူ့ဘာသာလုပ်ပစေ "
ဝေတယိုသည် ကုမ္ပဏီနှင့်ပတ်သက်၍ မကျေနပ်ကြောင်း သိသာလှသည်။
"စကားမစပ် ငါက ဌာနရဲ့စာမေးပွဲကိုရော အောင်ပါ့မလား "
"မင်းက သူတို့ကို မင်းက မူမမှန်ဖြစ်ရပ်တစ်ခုကနေ အသက်ရှင်ခဲ့ပြီး မင်းအိမ်နီးချင်းတွေရဲ့ သေဆုံးမှုကြောင့် မင်းကို စိတ်ဒဏ်ရာရသွားစေခဲ့တယ်လို့ ပြောလိုက်ဖို့ပဲလိုတယ်၊ မင်းအသက်နဲ့ပေးဆပ်ရမယ်ဆိုရင်တောင်မှ မင်းက ဒီမြို့ကို ကာကွယ်ချင်ပါတယ်ပေါ့ "
ကောင်းမင်က ပြောလိုက်သည်။
"ပြီးတော့ အဲ့ဒါပြီးရင် ငါဘာဆက်လုပ်သင့်လဲ "
"စီတုအန်းက မကြာခင်လူတွေကြားမှာ ကိုယ်ထင်ပြလာလိမ့်မယ် ၊ မင်းက သူ့ကို စောင့်ကြည့်ပြီး သူ့လှုပ်ရှားမှုအချက်အလက်တွေကိုသာ ငါ့ကိုပို့ပေးရင် ရပြီ "
ကောင်းမင်၏လက်ချောင်းက မြေပုံပေါ်တွင် ရွေ့လျားသွားသည်။
"စီတုအန်းက အဆောက်အဦးအများအပြားကို ဆောက်လုပ်ဖို့ လှူဒါန်းခဲ့တာ ၊ အဲ့ဒီထဲက နေရာအများအပြားဟာ အခု ကြောက်စရာရာဇဝတ်မှုတွေရှိတဲ့နေရာတွေဖြစ်နေပြီ "
"ဒီလူ့ကြည့်ရတာ ကြောက်စရာပဲကွာ "
ဝေတယိုသည် ထိုလူအား ရင်းနှီးနေသည်ဟု တွေးလိုက်မိသည်။
"သူက ဟန်ဟိုင်းအရှေ့ပိုင်းမြို့တော်စုံစမ်းစစ်ဆေးရေးဌာနရဲ့ အနာဂတ်အကြီးအကဲပဲ ၊ ငါ့ရဲ့အကြီးမားဆုံး ဖောက်သည်ပေါ့ "
ကောင်းမင်၏လက်ချောင်းသည် စီစွေ့အိမ်ရာကို ညွှန်ပြလိုက်သည်။
"သူ ကြီးကြီးမားမား ပျော်ရွှင်သွားအောင်လို့ ငါသူ့အတွက် သူ့စိတ်ကြိုက်ခြောက်ခြားဂိမ်းလေးတစ်ခု ဖန်တီးလိုက်ဦးမယ် "
ဝေတယိုသည် ကောင်းမင်အား ထိုကဲ့သို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ခြောက်ခြားဂိမ်းကောင်းတစ်ခုက ကစားသမားတွေရဲ့ စိတ်ကူးတွေကို နိူးဆွပေးနိုင်တယ် ၊ လေးလံမွန်းကြပ်တဲ့လေထုဖိအားတစ်ခုရှိရမယ် ပြီးရင် ကစားသမားတွေရွေးချယ်နိုင်မယ့်အခွင့်အရေးကို ကြောက်ရွံ့မှုတွေ ၊စိုးရိမ်မှုတွေဖြစ်အောင် အမြဲတမ်း ကန့်သတ်ထားရမယ် ၊ ဒါပေမယ့် သူတို့ကို အခွင့်ရေးပေးဖို့လည်း လိုသေးတယ် ၊ အရေးအကြီးဆုံး ပါဝင်ပစ္စည်းကတော့ ကြိုတင်မှန်းဆမရနိုင်မယ့် သရဲပဲ "
ကောင်းမင်သည် စီတုအန်းနှင့် နိုင်းယှဉ်လျှင် အလွန်အားနည်းသည်။သို့သော် သူသည် စီတုအန်းမသိသည့် အရာများကို သိလေသည်။
"တယို ၊ ဒီက ဂိမ်းတွေအားလုံးကို ဖျက်လိုက်တော့ ၊ ဘာခြေရာလက်ရာမှ မကျန်ခဲ့စေနဲ့ ၊ ငါတို့ရဲ့ ဖောက်သည်ကြီးအတွက် အံ့အားသင့်စရာလေးတချို့ ငါပြင်ဆင်လိုက်ဦးမယ် "
ဂိမ်းအားလုံးသည် ဖျက်ခံလိုက်ရသည်။ကောင်းမင် သည် သူ၏ အစောပိုင်းနောင်တကို ဖြည့်ဆည်းရန်အတွက် မြို့တွင်းရှိ ဂိမ်းများကို ဖြုတ်ချခဲ့သည်။
" ငါ့စိတ်ထဲက သေခြင်းမှတ်ဉာဏ်တွေက ဆန္ဒပြင်းပြနေကြတယ်၊ သူတို့က အမြဲတမ်းပဲ နာကျင်တာတွေ ၊စိတ်ပျက်အားငယ်စရာတွေ ငါ့ဆီယူလာကြတယ်၊ ငါ့ကိုသစ္စာဖောက်ခဲ့တဲ့လူတွေရဲ့မျက်နှာတွေ ၊ ငါ့ကို သတ်ခဲ့တဲ့လူတွေရဲ့ မျက်နှာတွေနဲ့ ငါ့ကို ကန်ချခဲ့တဲ့လူတွေရဲ့ မျက်နှာတွေက နတ်ဆိုးတွေလိုပဲ ၊ သူတို့က ငါ့နောက်ကို အဆုံးမရှိ လိုက်ပါနေကြတယ် ၊ ငါ သူတို့ကို ဆုံးရှုံးအောင် ဘယ်လို လှုပ်ခါရမလဲ "
ကောင်းမင်သည် ဖကိုင်ကို ချီလိုက်ပြီး ပြုံးပြလိုက်သည်။
"ငါက ဘာကြောင့် အစစ်အမှန်သရဲဂိမ်းဒီဇိုင်နာ ဖြစ်မလာရမှာလဲ ၊ ငါ့ကို သူတို့ ပေးခဲ့တဲ့ နာကျင်မှုတွေကို ခံစားရစေဖို့ အချိန်စီးကြောင်းခြားနားချက်ကို သုံးရလိမ့်မယ် "
သူ့နှလုံးခန်းသည် သေခြင်းမှတ်ဉာဏ်များဖြင့် ပြည့်နှက်နေလေသည်။ကောင်းမင်သည် အပြစ်မဲ့သူများကို တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။ သူ့အား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ဖြစ်စေ သတ်ဖြတ်ခဲ့သော လူအရေအတွက်သည်ပင် မြင့်မားစွာ လုံလောက်နေခဲ့ပြီဖြစ်သည်။
သူ၏ပစ်မှတ်များသည် တစ်ချိန်က သူ့အား နောင်တမရဘဲ သတ်ပစ်ခဲ့သောကြောင့် သူသည် သေစေမည့်အရာများကို ပြန်ဆုပ်ကိုင်ထားမည် မဟုတ်ပေ။
ကြောင်သည် နာနာခံခံရှိနေပြီး မရုန်းကန်ပေ။
ဖကိုင်သည် သူတို့ဆုံသည့်အချိန်တိုင်း ကောင်းမင်က သူ့အားခေါ်ဆောင်သွားမည်ကို သိလေသည်။ယခုအချိန်တွင်လည်း ကွဲပြားမည်မဟုတ်ချေ။
ကောင်းမင်က ဖကိုင်ကိုချလိုက်ပြီး အပြင်ဘက်ထွက်လာရာ ဖကိုင်သည် ချက်ချင်းပင်ကောင်းမင်နောက် ပြေးလိုက်လာလေသည်။ဖကိုင်သည် ကောင်းမင်၏ ဘောင်းဘီကို ကိုက်ဆွဲပြီး ကောင်းမင်သည် တစ်ခုခုမေ့ကျန်နေခဲ့မည်ကို အမှတ်ရစေလိုသည့်ဟန်ဖြင့် သူ့လက်သည်းများကို ဝေ့ယမ်းနေ၏။
"နောက်ဆုံးအကြိမ်တုန်းကလည်း မင်းငါ့နောက်ပြေးလိုက်လာတာပဲ "
ကောင်းမင်က အကူညီမဲ့စွာ သက်ပြင်းချလိုက်သည်။
"ရွှမ်ဝမ်က ဒီမှာ မရှိတာတောင်မှ မင်းကြောက်နေတုန်းလား "
ဖကိုင်က လူးလိမ့်လိုက်ပြီး သူ့ဝမ်းဗိုက်ကို ပြလိုက်သည်။
"ကြည့်ရတာ မင်းက ဒီမှာ တကယ်မနေချင်တဲ့ပုံပဲ "
ကောင်းမင်သည် ရုံးခန်းတွင်းမှ သေတ္တာတစ်လုံးရှာလိုက်ပြီး ဖကိုင်ကို သေတ္တာထဲ ပစ်ထည့်လိုက်သည်။
"အခုချိန်ကစပြီး မင်းက ငါ့ရဲ့အကောင်းဆုံး ဖိုက်တာပဲ "
ဖကိုင်သည် သေတ္တာထဲတွင်ထိုင်နေရင်း ကောင်းမင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူ မတုန့်ပြန်ရသေးခင် ကောင်းမင်က သေတ္တာကို သူ့မိုးကာအင်္ကျီဖြင့်ဖုံးလိုက်သည်။
"ဂုဏ်ယူပါတယ် ဖကိုင် ၊ မင်းအခု ငါနဲ့လိုက်လာလို့ရပြီ "
"မြောင် ? "
ကောင်းမင်သည် အရှေ့ပိုင်းမြို့တော်ထံ တိုက်ရိုက်ဦးတည်လိုက်သည်။သူသည် တစ်ချိန်က သမာသမတ်ကျခဲ့သည်။သူ့သမာသမတ်ကျမှုအတွက် ဆုလာဒ်များရခဲ့သော်လည်း သူသည် အများ အပြား စတေးခဲ့ရပေသည်။
ကောင်းမင်သည် စိန့်လူးဝစ်ကျောင်းဆီသို့ ကျောင်းမတက်ခင် အသော့နှင်လိုက်သည်။
"အရင်က ဒီကို ငါလာခဲ့ချိန်မှာ ဝမ်ကျီက အနိုင်ကျင့်ခံနေခဲ့ရတာ ၊ ဒီတစ်ကြိမ်တော့ သူ့မျက်လုံးတွေကို ကောင်းမွန်တဲ့ကမ္ဘာကြီးဆီ ဖွင့်ကြည့်နိုင်ဖို့ ငါမျှော်လင့်တယ် "
ကျောင်းသားများသည် ကျောင်းသို့ရောက်နေကြပြီဖြစ်သည်။ကောင်းမင်သည် အချိန်အတန်ကြာစောင့်နေခဲ့သော်လည်း ဝမ်ကျီကို မမြင်ခဲ့ပေ။မနက်ကိုးနာရီတွင် သူက ဝမ်ကျီ့အတန်းသို့ ပြေးသွားလိုက်သည်။ဝမ်ကျီ၏ဖခင်ဟူသောအထောက်အထားဖြင့် အတန်းပိုင်ကို ဆက်သွယ်လိုက်သည်။အဖြေကား ဝမ်ကျီသည် ဟန်ဟိုင်းပရဟိတမှ ပညာသင်ဆုကိုငြင်းပယ်၍ ကျောင်းလာရာလမ်းတွင် ထွက်ပြေးသွားသည် ဟူ၏။
ကောင်းမင် ထိတ်လန့်သွားသည်။အနာဂတ်တွင် ကြောက်စရာအကောင်းဆုံး စူပါရာဇဝတ်သားဖြစ်သည့်ဝမ်ကျီတွင် သူ့ကံကြမ္မာ အပြောင်းအလဲရှိသည်။ကောင်းမင်သည် ဘာမှ မလုပ်လိုက်ရသော်လည်း ဝမ်ကျီက သူ့ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲလိုက်ချေပြီ။
"ဝမ်ကျီက စီစွေ့အိမ်ရာမှာတုန်းက ငါနဲ့ထွက်မသွားခဲ့ဘူး ၊ ကောင်မလေးနှစ်ယောက်ကို စောင့်ရှောက်ဖို့ အရိပ်ကမ္ဘာထဲမှာပဲနေဖို့ သူရွေးချယ်ခဲ့တာ ၊ ဒီကလေးရဲ့ ရွေးချယ်မှုက အမြဲတမ်း အံ့အားသင့်စရာပါပဲ "
ဝမ်ကျီထွက်ပြေးသွားသည့်နေရာကို မေးမြန်းလိုက်ပြီးနောက် ကောင်းမင်သည် စီစွေ့အိမ်ရာသို့ သုတ်ခြေတင်လိုက်လေသည်။
"သူလည်း မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားခဲ့တာလား "