အလုပ်များသူ
Vol. 5 Ch. 71
ဝမ်ကျီနောက်ဆုံးပေါ်လာခဲ့သောနေရာသည် စီစွေလမ်းအိမ်ရာရှေ့ရှိ ခေါက်ဆွဲဆိုင်ကင်မရာပေါ်တွင်ဖြစ်သည်။စောင့်ကြည့်မှတ်တမ်းတွင် ဝမ်ကျီသည် လမ်းကိုကူး၍ စီစွေ့အိမ်ရာအဆောက်အဦးဘီထဲ ဝင်သွားကြောင်းပြနေသည်။
"ဒီကလေးက တကယ်ကြီး သူ့မှတ်ဉာဏ်တွေ ဆုံးရှုံးမသွားတာလား "
ကောင်းမင်သည် ထိုအခွင့်အရေးအတွက် အများအပြားပေးဆပ်ခဲ့ရသည်။ကောင်းမင်သည် ကော်ရစ်ဒါတွင် စိုစွတ်နေသောခြေရာများကို တွေ့လိုက်သဖြင့် ထိုခြေရာများအတိုင်း ငါးလွှာသို့ လိုက်လာခဲ့သည်။
"ခြေရာတွေ ပျောက်သွားပါလား "
ကောင်းမင်သည် ထောင့်ဘက်သို့ လှည့်ကြည့်လိုက်ရာ အခန်း ၅၀၆၏တံခါးသည် ပွင့်လျက်ရှိကြောင်းတွေ့ရသည်။စက္ကူစွန်များသည် တံခါးမှ တစ်ဆင့်ပျံသန်း၍ ကြမ်းပြင်ပေါ်ပြုတ်ကျနေကြသည်။
"အခန်း ၅၀၆က လူမနေတာ အတော်ကြာနေပြီထင်တယ် "
ကောင်းမင်က စက္ကူစွန်တစ်ခုကို ကောက်လိုက်ပြီး ဖုန်များကို မှုတ်လိုက်သည်။သူက အခန်း ၅၀၆ အတွင်း ကြည့်ရှူလိုက်၏။အပြင်ဘက်သည် ဖုန်ထူနေသော်လည်း အတွင်းခန်းသည် အလွန်သန့်ရှင်းနေသည်။တစ်စုံတစ်ယောက်က နေ့စဉ်လာရောက်၍ သန့်ရှင်းရေးလုပ်ပေးနေသည့်ပုံပင်။ကောင်းမင်က တံခါးခေါက်ရန် ကြိုးစားလိုက်သည်။
မီးဖိုချောင်မှ ပိန်ပါးသောပုံရိပ်တစ်ခု ထွက်လာ၏။ဝမ်ကျီသည် သရဲမေမေအသုံးပြုသော ဧပရွန်ကိုဝတ်ဆင်ထားပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လက်ကိုင်ပါသည့်ဒယ်အိုးတစ်လုံးကိုင်ထားသည်။
"ခင် ...ခင်ဗျား ဘယ်သူလဲ "
ဝမ်ကျီသည် အတိတ်က အလွန်ကြောက်ရွံ့တတ်သောသူဖြစ်သည်။သူသည် လူစိမ်းများကို စကားမပြောရဲပေ။သူသည် ကောင်းမင်နှင့်ဆုံပြီးမှသာ အခြားလူများဖြင့် စတင်ပြောဆိုခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ယခုအကြိမ်သည် ကွာခြားနေခဲ့သည်။သူသည် ချက်ပြုတ်နေရုံသာမက ဧည့်သည်များကိုလည်း တက်ကြွစွာ ဆုံတွေ့နေခဲ့သည်။
"အစ်ကို့နာမည်က ကောင်းမင်ပါ ၊ အမေတစ်ယောက်က သူ့သမီးနှစ်ယောက်ကို စောင့်ရှောက်ပေးဖို့ အစ်ကို့ကို တောင်းဆိုထားတာလေ "
ကောင်းမင်က ပါးပါးနပ်နပ်ပြောလိုက်သည်။
"သမီးအကြီးက ရှန်ရှန် ၊ သမီးအငယ်လေးက ယွမ်ယွမ်တဲ့"
သူ့နောက်ရှိ အရှေ့တံခါးသည် ဆောင့်ပိတ်သွားသည်။အခန်းအပူချိန် ချက်ချင်းကျသွား၏။ဧည့်ခန်းထဲတွင် စိုစွတ်နေသော ခြေရာများထွက်ပေါ်လာသည်။
"မဖြစ်နိုင်ဘူး ! သူတို့က ခင်ဗျားကို မသိဘူးပြောတယ်! "
ဝမ်ကျီသည် ဒယ်အိုးကို ကိုင်လျက် မီးဖိုချောင်ထဲမှ ထွက်လာလေသည်။ကောင်းမင်ကိုရင်ဆိုင်ရန် သူ့သတ္တိများကို စုစည်းလိုက်သည်။
"ကျွန်တော်တို့ ခင်ဗျားကို မ...မကြိုဆိုဘူး ၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ "
မီးဖိုချောင်ထဲမှ အသားကြော်တူးနံ့များကြောင့် ကောင်းမင်က မျက်ခုံးပင့်လိုက်သည်။
"မင်းဒီကလေးနှစ်ယောက်ကို ဂရုစိုက်ပေးချင်တာ အစ်ကိုသိပါတယ် ၊ ဒါပေမယ့် မင်း တကယ်ဒီလိုလုပ်တော့မလို့လား "
အန္တရာယ်အား လျစ်လျူရှု၍ ကောင်းမင်သည် ဝမ်ကျီကို ကျော်လိုက်ပြီး မီးဖိုချောင်ထဲ လမ်းလျှောက်ဝင်သွားလိုက်သည်။သူသည် မီးလောင်နေသော ဒယ်အိုးကို ချလိုက်သည်။ ဒယ်အိုးထဲတွင် တူးခြစ်နေသော ပါဝင်ပစ္စည်းများကို ကြည့်လိုက်ရင်း ကောင်းမင်၏အပြုံးသည် ရှုံ့မဲ့သွားသည်။
"ဒါကို မင်းချက်ထားတာလား "
ဝမ်ကျီသည် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။သူက လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ် "
"မင်း ကောင်မလေးနှစ်ယောက်ကို မေးသင့်တယ် ၊ မင်းရဲ့ ဟင်းချက်တာကိုမြင်ပြီး သူတို့အမေကို ပိုမလွမ်းဘူးလားလို့ "
ကောင်းမင်က အညစ်အကြေးများကို အမှိုက်တောင်းထဲ ပစ်လိုက်သည်။သူက ဒယ်အိုးတစ်ခုယူလိုက်ပြီး တစ်ခုခုချက်ပြုတ်ရန်ကြိုးစားလိုက်သော်လည်း ရေခဲသေတ္တာကို ဖွင့်လိုက်ရာ အရာအားလုံးသည် ပုတ်သိုးနေပြီဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။
"ငါတို့တော့ မှာစားရတော့မယ် ထင်တယ် "
ကောင်းမင်သည် ထမင်းစားပွဲထံပြန်လှည့်လိုက်သည်။အခန်းထဲတွင် အရိပ်များ လှုပ်ရှားနေကြောင်း သူသတိပြုမိသည်။ကောင်မလေးနှစ်ယောက်၏ အရှိန်အဝါသည် အရင်ကထက် ပိုသန်မာနေလေသည်။ကောင်းမင်က ဝမ်ကျီအား သိချင်စိတ်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း အစ်ကို့ကို မမှတ်မိပေမယ့် ဒီနေရာမှာကောင်မလေးနှစ်ယောက်ကို လာစောင့်ရှောက်ဖို့တော့ မှတ်မိနေတယ်၊ မင်းဘာလို့ ဒီလိုဆုံးဖြတ်ချက် ချလိုက်တာလဲ "
ဝမ်ကျီသည် ဒယ်အိုးကို ချထားလိုက်ပြီး ကောင်းမင်ရှေ့တွင် ထိုင်လိုက်သည်။သူ၏ အထူးမျက်လုံးများသည် သရဲတစ္ဆေများထက်ပိုသော အရာများကို မြင်နိုင်ပုံရသည်။
"ကျွန်တော် တွေး...တွေးမိလို့ ၊ ကျွန်တော်သူတို့ကို စောင့်ရှောက်ပေးသင့်တယ်လို့ တွေးမိလို့ ၊ အခြားအကြောင်းပြချက်တော့ မရှိဘူး "
လက်သုတ်ပုဝါကို ကောက်ပြီး ဝမ်ကျီက ဒယ်အိုးပေါ်ရှိ အနက်ရောင်ဆီချေးများကို သုတ်လိုက်သည်။
"ကျွန်တော်က နဲနဲစကားထစ်နေတော့ အမြဲတမ်း အနိုင်ကျင့်ခံခဲ့ရတယ် ၊ ဒါပေမယ့် သူတို့က ကျွန်တော့်ကို စိတ်မရှိဘူးလေ "
ဝမ်ကျီသည် ဘာကြောင့်မှန်းမသိသော်လည်း ဒယ်အိုးကို သန့်ရှင်းရေးလုပ်ပြီးနောက် ကောင်းမင်ကို ရှက်ရွံ့စွာမေးလိုက်သည်။
"နောက်ကျရင် ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ကျွန်တော့်ကို သင်ပေးလို့ရမလား "
ကောင်းမင်သည် အနာဂတ်စူပါရာဇဝတ်သားကို ကြည့်ရင်း ခက်ခဲသည့်အကြိမ်တစ်ခု ရှိသွားသည်။
"အခုတော့ ဟင်းချက်တာကို ဘေးဖယ်ထားလိုက်ဦး ၊ အစ်ကိုက တကယ်ကို ကောင်မလေးတွေရဲ့ အမေကြောင့် ဒီရောက်လာတာပါ "
ကောင်းမင်က သူ့နှလုံးကို ထိလိုက်သည်။နောက်ဆုံးတိုက်ပွဲတွင် သရဲမေမေသည် ချင်ဂီကြောင့် သွေးကန်ထဲဆွဲချခံလိုက်ရပြီး သားစားကြူးနတ်အတွင်း အရည်ပျော်သွားခဲ့သည်။ သူမ၏တည်ရှိမှုသည် ရုပ်တုအတွင်း ရစ်ဝဲနေသေးသည်။
သွေးများ စုဝေးလာသည်။ကြောက်မက်ဖွယ်တည်ရှိမှုသည် ပျံ့နှံ့သွားသည်။ကောင်မလေးနှစ်ယောက်ကို တွန်းထုတ်လိုက်ပြီး အရိပ်က အခန်းကို ဖုံးလွှမ်းသွားသည်။
ခန်းဆီးက ပိတ်ကျသွား၏။ ကောင်မလေးနှစ်ယောက်သည် ထမင်းစားပွဲဘေးတွင် ပေါ်လာလေသည်။သူတို့မျက်လုံးများသည် နီရဲနေပြီး မျက်နှာများ က ဖြူရော်နေကြသည်။သရဲမေမေ မရှိလျှင်ပင် ကောင်မလေးနှစ်ယောက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလာကြသည်။သူတို့သည် ကောင်းမင်ထံသို့ တဖြည်းဖြည်းချဉ်းကပ်လာကြသည်။
"ကောင်မလေးတွေရဲ့ဆံပင်ကို မင်းကျစ်ပေးထားတာလား "
ကောင်းမင်က ကောင်မလေးနှစ်ယောက်၏ရှုပ်ပွနေသော ဆံပင်များကို ကြည့်လိုက်သည်။
"မဟုတ်...ပါဘူး ၊ ကျွန်တော် ဆံပင်ဘယ်လိုကျစ်ရလဲ မသိဘူး "
ဝမ်ကျီက ခေါင်းခါလိုက်သည်။သူက ကောင်မင်လေးများနှင့် ကောင်းမင်ကြားတွင် ရပ်လိုက်သည်။သို့သော် ကောင်းမင်က စိတ်ထဲမထားပေ။သူသည် မတ်တပ်ရပ်လိုက်ပြီး ယွမ်ယွမ်ဆံပင်ကို ကိုင်၍ သူမှတ်ဉာဏ်ထဲကအတိုင်း စတင်ကာ ဆံမြီးကျစ်ပေးတော့သည်။
သားစားကြူးနတ်သည် ထွက်ပေါ်မလာခဲ့ချေ။ ကောင်းမင်သည် ကောင်မလေးနှစ်ယောက်၏ဆံပင်အား သူ့တို့အမေစည်းပေးနေကျအတိုင်း စိတ်ရှည်လက်ရှည်ကူညီပေးနေ၏။အရိပ်အပေါ်တွင် အသားနံ့များ ပျံ့လွှင့်နေ၏။
ယွမ်ယွမ်သည် ကောင်းမင်ကို ပိုကြည့်လေလေ သူ့ကို ပိုရင်းနှီးလေလေဖြစ်လာသည်။ သူမသည် သူ့အပေါ်တွင် သူမမိခင်အရိပ်ကို အမှန်တကယ်မြင်လိုက်ရသည်။ကောင်မလေးနှစ်ယောက်သည် မခုခံတော့ပေ။သို့သော်လည်း အခန်း ၅၀၆ရှိအရိပ်သည် ပျံ့နှံ့သွားလေသည်။သူတို့သည် အရိပ်ကမ္ဘာထဲ ဆွဲခေါ်ခံလိုက်ရသည်။
"စီစွေ့အိမ်ရာက အရမ်းအန္တရာယ်များတယ် ၊မင်းတို့နေဖို့အတွက် အစ်ကိုက နေရာအသစ်တစ်ခု စီစဉ်ပေးမယ် "
ကောင်းမင်က ကောင်မလေးနှစ်ယောက်ကို ပြောလိုက်သည်။
"သမီးတို့က ဒီနေရာမှာ သမီးတို့မေမေကို စောင့်နေတယ်ဆိုတာ ဦးသိတယ် ၊ ဒါပေမယ့် ဦးက သမီးတို့ကို မေမေကို တွေ့ဖို့ ခေါ်သွားပေးနိုင်တယ် "
ကောင်မလေးနှစ်ယောက်က တွေဝေသွားသည်။
"သမီးတို့နှစ်ယောက်တင် မဟုတ်ဘူး ၊ တခြားအိမ်ငှားတွေနဲ့ ဝမ်ကျီလည်း ဦးနောက်လိုက်လာကြမှာ "
ကောင်းမင်သည် သားစားကြူးနတ်ကို သိမ်းပိုက်ထားခဲ့သည်။စီတုအန်းက သူ့အားခွင့်လွှတ်မည်မဟုတ်ပေ။အားလုံးထက် သူသည် ထိုအရာအတွက် နှစ်နှစ်ဆယ် အစီအစဉ်ချထားခဲ့သည်။
ကောင်းမင်က ကောင်မလေး
"တွေဝေမနေနဲ့တော့ ၊ အရင်ဆုံး ဦးတို့ တခြားလူတွေကို သွားရှာသင့်တယ်"
ကောင်းမင်တွင် စီစွေ့အိမ်ရာကို လာရသည့် အခြားအကြောင်းပြချက်ရှိသေးသည်။သူသည် အဘွားရှန်းကို ရှာလိုခြင်းဖြစ်သည်။အဘွားအိုသည် အလွန်ထူးခြားသည်။ကောင်းမင်သည် ကော်ရစ်ဒါအပြင်ဘက် ထွက်လာရုံရှိသေးသည် အန်တီအလုပ်များသူ၏ ကြောက်ရွံ့ဖွယ်မျက်နှာကို သူမြင်လိုက်ရသည်။ ထိုအဘွားအိုသည် အမှန်တကယ် အတင်းအဖျင်းသမားတစ်ယောက်ဖြစ်သည်။
ကောင်းမင်သည် သူမအားအပြုံးတစ်ခုဖြင့် နူတ်ဆက်လိုက်သည်။သူ့မှတ်ဉာဏ်ထဲကအတိုင်း ကောင်းမင်သည် ကလေးသုံးယောက်အား မြေညီထပ်ထောင့်သို့ ခေါ်ဆောင်လာခဲ့သည်။အရိပ်က အပြည့်အဝပျောက်ကွယ်သွားချိန်တွင် ကောင်းမင်သည် တံခါးကို လေးလေးစားစားဖြင့် ခေါက်လိုက်သည်။သူ့လက်သည် တံခါးကို ထိလိုက်သည်နှင့် တံခါးတစ်ခုလုံးသည် အနီရောင်အဖြစ်ပြောင်းလဲသွားလေသည်။တံခါးပေါ်တွင် သွေးကြောများ ပြေးထွက်လာ၏။တံခါးပေါ်ရှိအဆောင်များသည် ပျက်စီးကုန်ကြသည်။
အခန်းအတွင်းမှ ရုပ်ထုများကွဲကြေသွားသံများ ထွက်ပေါ်လာသည်။ကောင်းမင်သည် တံခါးကို တွန်းဖွင့်ရန် ကြိုးစားလိုက်သည်။ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အဖြူရောင်ဆံပင်များဖြင့် အဘွားအိုတစ်ယောက်ကို သူမြင်လိုက်ရသည်။သူမရှေ့ရှိ သားစားကြူးနတ်ရွှံ့ရုပ်တုသည် အက်ကွဲနေခဲ့သည်။
အဘွားအိုသည် မယုံကြည်နိုင်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။သူမသည် သူမ၏သစ်ကိုင်းသဖွယ်လက်အား ဆန့်ထုတ်လိုက်ပြီး လေအေးတစ်ချက်ရှူကာ ပြောလိုက်သည်။
"သားစားကြူးနတ် ! နင်က သားစားကြူးနတ်ပဲ ! "
"ဒါကို အဘွားပြောနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ် "
ကောင်းမင်က ကလေးသုံးယောက်ကို အခန်းထဲခေါ်လိုက်သည်။အခန်းထဲတွင် ပျက်စီးနေသည့် ၃၆၅ခုသော နတ်ရုပ်တုများကို သူတွေ့လိုက်ရသည်။
"အဘွား ၊ ကျွန်တော် ခင်ဗျားနဲ့ ပူးပေါင်းချင်တယ် "
"နင့်ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ ဒီကို ရောက်လာတာလား "
အဘွားရှန်းသည် တဖြည်းဖြည်းစိတ်တည်ငြိမ်သွားသည်။သူမသည် ရုပ်တုအကျိုးအပဲ့များကို ကောက်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
"အဲ့ဒီလိုတော့ မဟုတ်ဘူး ၊ ကျွန်တော်က ကံကြမ္မာကို တော်တော်လေး ယုံကြည်ပါတယ် "
ကောင်းမင်က ထိုင်ခုံကို ရွေ့လိုက်ပြီး အဘွားရှန်း၏ အရှေ့တွင်ထိုင်လိုက်သည်။
"စီတုအန်းက ခင်ဗျားကို ဒီမှာနေနေအောင် ဘာကတိတွေပေးထားလဲဆိုတာ ကျွန်တော်မသိပေမယ့် သူက အရမ်းအန္တရာယ်များတဲ့လူဆိုတာ ကျွန်တော်ပြောနိုင်တယ် "
"သူက ငါ့ကို ဘာကတိမှ မပေးထားသလို ငါကလည်း သူ့ကို မကူညီချင်ပါဘူး "
အဘွားရှန်းသည် အမွှေးတိုင်သုံးချောင်းထွန်းလိုက်ပြီး အခန်းထဲရှိ နတ်ဘုရားအားလုံးကို ကန်တော့လိုက်သည်။
"သူက ငါ့ညီမနှစ်ယောက်ရဲ့ ကလေးတွေကို ဖမ်းထားတယ် ၊ ငါသာ သူ့ကိုမကူညီရင် သူက ငါ့တစ်မိသားစုလုံးကို သတ်ပစ်လိမ့်မယ် "
"လူတစ်ယောက်က သရဲတွေထက်တောင် ဘယ်လိုရက်စက်နိုင်ရတာလဲ "
ကောင်းမင်သည် အနည်းငယ်တွေးတောပြီး ပြောလိုက်သည်။
"စီတုအန်းက သားစားကြူးနတ်ကို ဖန်တီးချင်နေတာ ၊ ဒါပေမယ့် ကျွန်တော်က အဲ့ဒီနတ်ပဲ ၊ သူအောင်မြင်မှာ မဟုတ်ဘူး ၊ ခင်ဗျားရဲ့မိသားစုလည်း လုံခြုံမှာမဟုတ်ဘူး ၊ စီတုအန်းကိုသတ်မယ့်နည်းလမ်းရှာဖို့ ခင်ဗျားနဲ့ကျွန်တော် အတူတူလုပ်ကြရင်ရော ဘယ်လိုလဲ "
..........
"ခင်ဗျားမှာထားတာ ဒီရောက်ပါပြီ ! "
ရှောင်မိုသည် အိတ်ကြီးကြီးနှစ်အိတ်ကိုသယ်လာပြီး စီစွေ့အိမ်ရာထဲ အလျင်စလို ရောက်လာလေ၏။သူသည် ငါးလွှာသို့ ပြေးသွားလိုက်ပြီး အခန်း၅၀၆တံခါးကို ခေါက်လိုက်လေသည်။
ပြန်ဖြေသူမရှိပေ။သို့သော် အိမ်နီးချင်း၏တံခါးသည် ပွင့်လာ၏။သက်လတ်ပိုင်းအမျိုးသမီးသည် နောက်ပြန်မလှည့်ပဲ ပြောလိုက်သည်။
"သူတို့က မြေညီထပ်ကိုသွားနေကြတယ် "
"အန်တီ ကျွန်တော် အချိန်မရှိလို့ပါ ၊ ဒီအမှာပစ္စည်းတွေကို ဒီမှာထားခဲ့ရက်ရော ဘယ်လိုလဲ ၊ သူတို့ပြန်လာတဲ့အချိန်ကျရင် ကျွန်တော့်အတွက် ပြောပေးနိုင်မလား "
ရှောင်မိုက ကြင်နာတတ်သည့် အန်တီကြီးဆီသွားလိုက်သည်။
"ငါဒီလို မလုပ်ဝံ့ပါဘူး ၊ ငါက အလုပ်များသူဖြစ်နေတာမို့ အပြစ်မတင်ပါနဲ့၊ ဒါပေမယ့် စီစွေ့အိမ်ရာမှာ အရောက်ပို့အမှာစာတွေကို နင်လက်မခံတာ ပိုကောင်းမယ်နော် "
အန်တီအလုပ်များသူသည် နောက်လှည့်လိုက်၏။သူမ၏ပါးစပ်လေးခုသည် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေလေသည်။
အမှာပစ္စည်းများ ပြုတ်ကျသွား၏။ထို့နောက် ရှောင်မိုလည်း ထိုပစ္စည်းများဘေးတွင် လဲကျသွားတော့သည်။
"ဟေး ၊ ကောင်ချောလေး ! ထပါဦး ! "