← Chapters

ဆရာတူတပည့်

Vol. 42 Ch. 617

ဆရာတူတပည့်

Vol. 42 Ch. 617

ကျူးထျန်စိတ်များ မငြိမ်မသက်ဖြစ်နေသဖြင့် စကားပြန်မပြောနိုင်။

သူယခု ဩဇာတက်နေချိန်ဖြစ်သည်။ နတ်ဆိုးနယ်မြေကိုစုစည်း၍ နိုင်ငံတည်ထောင်နေသည်။

သို့သော် ရှေးဟောင်းခေတ်က သူသည် ထိုလောက်မထင်ပေါ်။

သူ့ထက်စွမ်းအားကြီးသူ များစွာရှိသည်။

လူသားမျိုးနွယ်မဆိုထားနှင့်။ နတ်ဆိုးမျိုးနွယ်ထဲမှာပင် သူ့ထက်စွမ်းအားကြီးသည့် နဂါးများ၊ ဖီးနစ်များ၊ ချုန်းချီများရှိသည်။

ရှေးဟောင်းခေတ်လျှို့ဝှက်ချက်များကို ကျန်းလျန်ယိက သူ့ထက်များစွာပိုသိသည်။

ကျူးထန်က ကောင်းကင်ရုံးတော်အကြောင်း တွေးနေသည်။ ပရိတ်သတ်များက 'ငါသာချီလင်ရဲ့ဇနီးမဟုတ်ခဲ့ရင်'ဟူသည့် ကျန်းလျန်ယိစကားကို တွေးနေသည်။

တိကျန်းနှစ်ယောက် တီးတိုးပြောနေသည်။

"ချီလင်မသေမျိုးဆိုတာ ဘယ်သူလဲ"

"အဲလောက်တုံးရလားကွ။ အဲဒါ နတ်ဆိုးမသေမျိုးကိုပြောတာပေါ့"

နတ်ဆိုးစာပေပညာရှင်အသိုင်းအဝိုင်းက နတ်ဆိုးမသေမျိုးသည် ချီလင်မသေမျိုးဖြစ်ကြောင်း အရင်ကတည်းက သုံးသပ်ခဲ့သည်။ သို့သော် ခိုင်မာသည့် သက်သေအထောက်အထားမရှိခဲ့။

ယနေ့ မဟာနတ်ဆိုးနှစ်ယောက်ပြောမှ နတ်ဆိုးမသေမျိုး၏သရုပ်မှန်ကို အတည်ပြုနိုင်ခဲ့သည်။

တိကျန်းနှစ်ယောက် အံ့အားသင့်သွားသည်။ အချင်းချင်းကြည့်ကြသည်။ အသက်အောင့်ထားသည်။ ဖြစ်နေသည့်ပြဿနာ၏ အတိုင်းအဆကို နားလည်လာသည်။

"အကြီးအကဲလျန်ယိက ချီလင်မသေမျိုးရဲ့မိန်းမပေါ့"

ချီလင်မသေမျိုးအိမ်ထောင်ပြုသည်က မဆန်းလှ။ သို့သော် သူလက်ထပ်ထားသည့်မိန်းမက သူ့ပြိုင်ဘက် ကျန်းလျန်ယိဖြစ်နေသည်။

ချီလင်ကို ကျန်းလျန်ယိရှုံးနိမ့်ခဲ့သဖြင့် မသေမျိုးဖြစ်ခွင့် ဆုံးရှုံးသွားသည့်ကိစ္စ အားလုံးသိပြီးဖြစ်သည်။

ထို့ကြောင့် သူတို့ကိုပြိုင်ဘက်ဟု အားလုံးကတွေးကြသည်။ သို့သော် ချီလင် အဆင့်တက်သွားပြီးနောက် အတိတ်ကပြိုင်ဘက်များသည် သူ့အတွက်အန္တရာယ်မရှိတော့။ ရန်းငြှိုးရန်စဟောင်းများကို စွန့်လွှတ်လိုက်ခြင်းဖြစ်မည်။

သို့သော် ထိုသို့စွန့်လွှတ်ပြီး လင်မယားဖြစ်လာမည်ဟုတော့ ထင်မထားကြ။

ဖီးနစ်မျိုးနွယ်ကို နောက်ကွယ်မှ မကောင်းကြံနေသူများ ချက်ချင်းသွေးဆုတ်ဖြူရော်လာသည်။

ကျန်းလျန်ယိ ပြန်လာပြီဖြစ်၍ ဖီးနစ်မျိုးနွယ်ရတနာများကို မျက်စိကျနေသည့် ဆန္ဒများကို သူတို့စွန့်လွှတ်လိုက်ရသည်။ ထို့ပြင် ကျန်းလျန်ယိနှင့် ချီလင်မသေမျိုး၏ ပတ်သက်မှုကြောင့် သူ့တို့ပြဿနာတက်မည်ကိုလည်း စိုးရိမ်လာသည်။

ကျန်းလျန်ယိအထက်တွင် ချီလင်မသေမျိုးရှိသည်ဟု အရင်က ပြောခဲ့ကြသည်။

ယခု ထိုစကားမျိုး ဘယ်သူပြောရဲသနည်း။

ယနေ့ခေတ်ကျန်းလျန်ယိသည် နတ်ဆိုးမျိုးနွယ်၏ကောင်းကင်ဖြစ်သည့် ချီလင်မသေမျိုး၏ဆန္ဒကို ကိုယ်စားပြုသည်။

"ဒါဆို၊ နတ်ဆိုးနိုင်ငံ တည်ထောင်တဲ့ကိစ္စက..."

နတ်ဆိုးနိုင်ငံကို ကျန်းလျန်ယိ အသိအမှတ်မပြုလျှင် ဘယ်လိုပင်တည်ထောင်နိုင်သည်ဖြစ်စေ နာမည်ပျက်မည်။

နတ်ဆိုးမျိုးနွယ်အတော်များများက ကျူးထန်ကို ကျိတ်ဆဲကြလောက်သည်။ ထိုအဖြစ်မျိုး ကျူးထန်လက်မခံနိုင်။

ကျင့်ကြံသူလောကမှ စွမ်းအားရှင်ကြီးများသည် သေမျိုးများကို ပရွက်ဆိတ်လိုသဘောထားကြသည်ဟု ပြောသည်။ ထိုစကားက ပမာတင်စားခြင်းသာဖြစ်သည်။

သေမျိုးများကို ပရွက်ဆိတ်ဟု သဘောထားလျှင် သေမျိုးများစိတ်ထဲ ဘယ်လိုတွေးသည်ကို သူတို့အရေးစိုက်မည်မထင်။

အဆင့်အတန်း နိမ့်သည့်ဖြစ်စေ မြင့်သည်ဖြစ်စေ အသိဉာဏ်ရှိသည့် သက်ရှိအားလုံး ကိုယ့်ထက်နိမ့်သည့် ပုရွက်ဆိန်များက စော်ကားလာသည်ကို အမြဲမသိကျိုးကျွံပြုနေမည်မဟုတ်။

"ကျန်းလျန်ယိနဲ့ ချီလင်မသေမျိုးက လင်မယားလား"

ကျောက်ရိုး နားမလည်နိုင်အောင်ဖြစ်နေသည်။

ရှေးဟောင်းခေတ်က ကောင်းကင်ပဲဝါအရှင်သည် ကောင်းကင်ရုံးတော်၏အကြီးအကဲဖြစ်သည်။ ရှေးဟောင်းမသေမျိုးလေးယောက်ကို ဆန့်ကျင်သည်။

ချီလင်မသေမျိုး၏မိန်းမက ဘာကြောင့် ကောင်းကင်ရုံးတော်အတွက် အလုပ်လုပ်နေသနည်း။

သို့သော် မူပိုင်ယိက သူထက်ပို၍ နက်နက်နဲနဲဆင်ခြင်သုံးသပ်သည်။

ညင်သာစွာ သူခေါင်းခါလိုက်သည်။ ကျောက်ရိုးကို ထိုမျှလွယ်လွယ်မတွေးရန် အချက်ပြခြင်းဖြစ်သည်။

"ရှေးဟောင်းခေတ်ကိစ္စတွေက ရှုပ်ထွေးနက်နဲတယ်။ ငါတို့မသိသေးတာတွေ အများကြီးပဲ။ အခုကိစ္စကိုပဲ စဉ်းစားကြည့်ပါ။ လက်ထပ်တယ်တိုင်း ရင်းနှီးတယ်လို့ ဘယ်သူပြောလဲ။

သူတို့ချင်း ပဋိပက္ခဖြစ်ခဲ့တယ်။ အယူအဆတွေ ကွဲပြားတယ်။ ဒါကြောင့် ကျန်းလျန်ယိက ကောင်းကင်ရုံးတော်ကိုဝင်ခဲ့တာ မဖြစ်နိုင်ဘူးလား။

ဒါမှမဟုတ် ကျန်းလျန်ယိဟာ အစကတည်းက ကောင်းကင်ရုံးတော်ကလူဖြစ်နိုင်တာပဲ။ နောက်မှ ချီလင်မသေမျိုးနဲ့ လက်ထပ်တာဖြစ်မယ်။

နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိပါသေးတယ်"

မူပိုင်ယိ ခဏစကားရပ်လိုက်သည်။ သူ့လေသံတွင် အကြောက်တရားရိပ် ပါလာသည်။

တတိယခန့်မှန်းချက်ကြောင့် မသေမျိုးပြစ်ဒဏ်သင့်မည်ကိုကြောက်သည်။

"ဂိုဏ်းချုပ်"

ကျောက်ရိုးက တိုက်တွန်းသည်။

မူပိုင်ယိ ဆက်ပြောသည်။

"ဖြစ်နိုင်ခြေရှိတာက....မသေမျိုးတစ်ယောက်ရဲ့ ပြိုင်ဘက်ဟာ မသေမျိုးပဲဖြစ်ရတယ်။ ချီကျင့်ကြံမှုအဆင့်ဖြစ်ဖြစ် မသေမျိုးတစ်ဝက်အဆင့်ဖြစ်ဖြစ် မသေမျိုးတစ်ယောက်အမြင်မျာ ဘာမှကွာခြားချက်မရှိဘူး။

ရှေးဟောင်းမသေမျိုးလေးယောက်အတွက် ကျန်းလျန်ယိဘယ်ကလာလဲ ဘယ်အဖွဲ့စည်းကလည်းဆိုတာကို အရေးမစိုက်ကြမှာမဟုတ်ဘူးလေ"

ဂုဏ်ထည်ဝါလွန်းလှသည်။

မူပိုင်ယိသုံးသပ်ချက်ကြားပြီးနောက် မသေမျိုးလေးယောက်ကို ကျောက်ရိုး ထိုသို့သာမြင်သည်။

"မသေမျိုးဖြစ်လာနိုင်လို့ ရှေးမသေမျိုးလေးယောက်ကဖိနှိပ်တယ်လို့ ဂိုဏ်းသခင်လေးလုပြောတာ မင်းမှတ်မိသေးလား"

"ဟုတ်တယ်၊ သူပြောတာအဲဒီ့အတိုင်းပဲ"

"ဒါဆို ကျန်းလျန်ယိ မသေမျိုးဖြစ်မလာနိုင်လို့ ရှေးမသေမျိုးလေးယောက်က သူ့အကြောင်း ဂရုမစိုက်တာလို့ တွေးလို့ရတာပဲ"

တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ အမှန်တရားနှင့် တဖြေးဖြေးနီးစပ်လာပြီဟု ခန့်မှန်းကြသည်။

...

"ကောင်းကင်ရုံးတော်ကိစ္စတွေကို ကျုပ်သတိမထားမိခဲ့ဘူး။ တော်ဝင်နန်းတော်မှာ ခဏအနားယူပါလား။ အခမ်းအနားပြီးရင် ကျုပ်တို့ ဆက်ဆွေးနွေးလို့ရပါတယ်"

ကျူးထန် ပုံမှန်လေသံဖြင့် အကြံပြုသည်။

ကျန်းလျန်ယိ ခပ်ညှင်းညှင်းရယ်သည်။ သူ့မျက်နှာ ချက်ချင်း တင်းမာလာသည်။

"ကျူးထန်၊ နင်က ငါမသိဘူးထင်ပြီး ငါ့မျိုးနွယ်ဝင်တွေကို အရိယဖလစွမ်းအားနဲ့ ထိန်းချုပ်ဖို့ တွေးခဲ့တယ်မဟုတ်လား။

ပြီးတော့ ကောင်းကင်ရုံးတော်ကိစ္စ...ဒါကို ပေါ့ပေါ့လေးမသိကျိုးကျွံပြုသွားလို့ရမယ်ထင်နေလား"

ကျန်းလျန်ယိ လုယန်ကို လက်ညှိုးထိုးပြသည်။

"သူက ငါ့ရဲ့အကိုကြီးပဲ။ အကိုကြီးတစ်ယောက်စော်ကားခံရတာကို ညီမဖြစ်တဲ့ငါက ဒီအတိုင်းထိုင်ကြည့်နေရမှာလား"

...

"ဖူး...အဟွတ်...အဟွတ်"

ကျန်းလျန်ယိစကားကြောင့် မဟာအကြီးအကဲပါးစပ်ထဲမှ လက်ဖက်ရည်များ ပြန်ထွက်လာသည်။ သေမတတ်သီးသွားသည်။

လက်ဖက်ရည်ကို အေးအေးလူလူသောက်၍ အတွေ့အကြုံမရှိသည့်အရူးများ တအံ့တဩဖြစ်နေသည်ကို အရသာခံ၍ သူကြည့်နေခဲ့သည်။

အတော်လည်း ကျေနပ်သည်။

ရုတ်တရက် ကျန်းလျန်ယိက လုယန်ကို အကိုကြီးဟုခေါ်သံ ကြားလိုက်ရသည်။

ကောင်းကင်ပလ္လင်ပေါ် တအံ့တဩသူမော့ကြည့်သည်။ ကောင်းကင်ရုံးတော်အတွက် ဘယ်လိုနောက်ခံဇာတ်လမ်းမျိုး ထွင်နေသည်မသိ။

"အကိုကြီးတဲ့လား"

အားလုံး မျက်လုံးပြူးသွားသည်။ ကျန်းလျန်ယိစကားကြောင့် ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခု သိလိုက်ရပြန်သည်။ အံ့ဩပြီးရင်း ပိုအံ့ဩရပြန်သည်။

ကျန်းလျန်ယိနှင့် ဂိုဏ်းသခင်လေးလုက မောင်နှမဆက်ဆံရေးမျိုးရှိနေသည်။

"သူကမင်းရဲ့ အကိုကြီးပေါ့"

ကျူးထန် လုံးဝစဉ်းစားမရ။ ထိုလူကို ရှေးဟောင်းခေတ်တွင် သူလုံးဝမမြင်ဖူး။

ကျန်းလျန်ယိက အေးစက်စက်ပြုံးသည်။

"နင်သူ့ကို မြင်ဖူးတာမမြင်ဖူးတာ ဘာမှအရေးမပါဘူး။ ရှေးမသေမျိုးလေးယောက်လုံး သူ့ကိုတွေ့ဖူးတယ်"

မှန်သည်။ မသေမျိုးလေးယောက်လုံး လုယန်ကို အချိန်လမ်းကြောင်းမှတစ်ဆင့် မြင်ဖူးသည်။ ပုံရိပ်သဏ္ဍာန်ကိုသာ မြင်ရခြင်းဖြစ်သည်။ လုယန်ရုပ်ရည်ကို မခွဲခြားနိုင်ခဲ့ကြ။

"လုယန်နဲ့ငါက ကောင်းကင်ပဲဝါအရှင်ရှေ့မှာ သွေးသောက်အဖြစ်ကျိန်ဆိုခဲ့တာ။ ငါတို့ဟာ သွေးသောက်မောင်နှမပဲ"

လုယန် "..."

အကြီးအကဲလျန်ယိ၊ ဖီးနစ်မျိုးနွယ်ကို အနိုင်ကျင့်လို့ ကျူးထန်ကို ခင်ဗျားကြည့်မရမှန်း ကျုပ်သိတယ်။ သူ့ကိုတိုက်ခိုက်ချင်လည်း ခင်ဗျားသဘောပါ။ ဒါပေမယ့် ကျုပ်ကိုတော့ ဒီကိစ္စထဲ ဆွဲမထည့်ပါနဲ့လား"

"ဒါဆို ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းလို့မရနိုင်တော့ဘူးပေါ့"

ကျူးထန်မျက်နှာ တင်းမာသွားသည်။

မသေမျိုးတစ်ဝက်ဖြစ်သည့်သူ့ကို ကျန်းလျန်ယိက နည်းနည်းမှ မျက်နှာသာမပေး။ သူ့ကို ကြောက်နေသည်ဟု ထင်နေသလားမသိ။

သူပြဿနာမဖြစ်ချင်။ သို့သော် ကြောက်၍မဟုတ်။

နှစ်သုံးသိန်းဖြတ်ကျော်ခဲ့သည်။ သူသည် အရင်လိုမဟုတ်တော့။

"ငါ့စစ်သူကြီးတွေ ဘယ်မှာလဲ"

ကျူးထန် အော်ဟစ်ကြုံးဝါးလိုက်သည်။

"ရှိပါတယ်"

မဟာနတ်ဆိုးဆယ်ယောက် ပြိုင်တူရှေ့ထွက်လာသည်။ စွမ်းအင်ရောင်ကိုယ်စီ ထုတ်လွှတ်ကြသည်။

မိုးမြေအရောင်ပြောင်းသွားသည်။ သူတို့အရှိန်အဝါက ကြောက်စရာကောင်းလွန်းသည်။

မသေမျိုးတစ်ဝက်အဆင့်နှင့် ကူးဖြတ်ခြင်းမဟာနတ်ဆိုးဆယ်ယောက်။ ထိုအင်အားကို မသေမျိုးတစ်ဝက်အဆင့်များ ယှဉ်နိုင်စရာအကြောင်းမရှိ။

ကျန်းလျန်ယိကို ဖြိုချနိုင်မည်ဟု သူယုံကြည်သည်။

ကျန်းလျန်ယိကို အနိုင်ယူနိုင်လျှင် လူအများရှေ့တွင် တရားမျှတစွာ ထိန်းချုပ်ခွင့်ရလာမည်။

ထို့နောက် နိုင်ငံတည်ထောင်သည့်ကိစ္စ တိုက်ခိုက်စွမ်းအားပြခြင်း နိုင်ငံ့တည်ခေါင်းဆောင်ရာထူးယူခြင်း။ ကိစ္စအားလုံး တစ်ပြိုင်တည်း ဖြေရှင်းပြီးဖြစ်သွားမည်။

...ကျန်းလျန်ယိ၊ မင်းဒုက္ခမင်းရှာတာပဲ။

ကြောက်စရာအင်အားစုဖြင့် ရင်ဆိုင်ရသော်လည်း ကျန်းလျန်ယိက အမူအရာမပျက်ဘဲ ခပ်ညှင်းညှင်းရယ်သည်။

"ဟုတ်တာပေါ့။ ဒီအင်အားနဲ့ဆို အောင်းလင်းတောင် နင့်ကိုယှဉ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် နင့်ပြိုင်ဘက်က ငါဖြစ်နေတာ စိတ်မကောင်းစရာပဲ"

ကျန်းလျန်ယိပြုံးနေသည်။ သူ့မျက်လုံးထဲတွင် ပဟေဠိတစ်ခုရှိနေသည်။

"ကျူးထန်၊ နင်မေ့နေပြီလား။ ငါတို့နှစ်ယောက်လုံး အားအကြီးဆုံးရှင်သန်မှုအရိယဖလသန္ဓေ ပိုင်ဆိုင်ထားတယ်ဆိုတာကိုလေ။ ငါတို့တိုက်ပွဲက လူအင်အားဘယ်လောက်ရှိလဲ ဘယ်သူအသားစီးရထားလဲဆိုတာနဲ့ ဆုံးဖြတ်လို့မရဘူး"

ကျူးထန် မျက်လုံးပြူးသွားသည်။ မကောင်းသည့်နိမိတ်တစ်ခုကို သူခံစားမိလာသည်။

ကျန်းလျန်ယိ လက်ကိုမြှောက်၍ လက်ဖျောက်တစ်ချက်တီးလိုက်သည်။

ကူးဖြတ်ခြင်းမဟာနတ်ဆိုးဆယ်ယောက်ကို ထိန်းချုပ်ထားသည့် သခင်-ကျွန် ဝိညာဉ်တံဆိပ်များ ပျောက်ကွယ်သွားသည်။

******************************

All Chapters