နိုင်သူဘုရင် ရှုံးသူဓားပြ အားနည်းသူသားကောင်
Vol. 42 Ch. 620
ရှေးဟောင်းသရဲစစ်သည်များက အတန်းလိုက် ပုံစံတကျရှိနေသည်။
စစ်သည်အများစုသည် တစ်ချိန်က နာမည်ကျော်များဖြစ်သည်။ တကယ်စွမ်းအားကြီးခဲ့သည်။
နောက်ပိုင်းတွင် သူတို့အားလုံး ကျူးထန်လက်အောက်တွင် ရှုံးနိမ့်ခဲ့သည်။
ကျူးထန် တကယ်စွမ်းအားမရှိလျှင် အင်ပါယာဘွဲ့ ခံရဲမည်မဟုတ်။
မီးတောက်စစ်မှအသွင်ပြောင်းထားသည့် ဖီးနစ်သည် နေထက်သာလွန်သည့် အပူချိန်ရှိသည်။
နတ်ဆိုးမြို့တော်ကို သတ္တုဖြင့်တည်ဆောက်ထားသောက်လည်း သတ္တုနံရံများပင် အရည်ပျော်မည့်လက္ခဏာများ ပေါ်လာသည်။ အောက်ဘက်မှကျင့်ကြံသူများအတွက် ပြောစရာပင်မလိုတော့။
ကျင့်ကြံသူများသည် ပူခြင်းအေးခြင်းကို မမှုဟုဆိုကြသည်။ သို့သော် ထိုမျှအမြင့်သည့်အပူချိန်ကို ခုခံနိုင်ဖို့ ကျင့်စဉ်စွမ်းအားကိုသာ ထုတ်သုံးရသည်။
အကြီးအကဲတို့၏အကာကွယ်ရှိသူများက သက်သာသည်။ တောင့်ခံနိုင်ကြသည်။
ခုန်ဟော်လို တစ်ကိုယ်တော်လာသူများအဖို့ မြို့တော်မှထွက်ပြေးပြီး တိုက်ပွဲကို အဝေးမှသာကြည့်ရသည်။
"သွားတော့"
ကျူးထန် အမိန့်ပေးလိုက်သည်။ သရဲစစ်သည်များ ချီတက်သွားသည်။ ကောင်းကင်တွင် ပုံစံတစ်ခုဖော်ဆောင်သည်။ နက်မှောင်သည့် သရဲတပ်ကြီးက အေးစိမ့်သည့် ကြောက်စရာစွမ်းအင်ကို သယ်ဆောင်၍ ကျန်းလျန်ယိအပေါ် ထိုးဆင်းလာသည်။
"ပေါက်ကွဲစမ်း"
မီးတောက်ဖီးနစ်က တောင်ပံဖြန့်၍ လျှပ်စီးအမြန်နှုန်းဖြင့် ဝှီးခနဲထိုးတက်သွားသည်။
နှစ်ဘက်အင်အား တိုက်မိသည်။ ယင်နှင့်ယန် တွေ့ဆုံသည်နှင့်တူသည် ကြီးမားသည့် ထိုက်ချိအမှတ်အသား ကောင်းကင်တွင် ပေါ်လာသည်။
ထို့နောက် အမှတ်အသားချက်ချင်းပေါက်ကွဲသွားသည်။ ဖီးနစ်က မီးပွားများအဖြစ် ကောင်းကင်တွင် ပြန့်ကျဲသွားသည်။
သို့သော် သရဲစစ်သည်အများစုက ပုံမပျက်ကျန်ခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်၍ ကျူးထန် အော်ဟစ်ရယ်မောနေသည်။
"ဖွဲ့စည်းမယ်"
ကျန်းလျန်ယိ မျက်နှာမပျက်။ တိုးညှင်းစွာ ရေရွတ်လျက် အရိယဖလသန္ဓေစွမ်းအားဖြင့် ဖီးနစ်ကိုယ်ပွားကို ပြန်တည်ဆောက်သည်။
ဖီးနစ်ကိုယ်ပွားက သရဲတပ်ဆီ ထိုးတက်၍ နောက်တစ်ကြိမ်ပေါက်ကွဲသည်။
"ဖွဲ့စည်းမယ်"
ကျူးထန် မင်သက်မိနေသည်။
ကိုယ်ပွားခန္ဓာကို အထပ်ထပ်ဖောက်ခွဲလိုက် ဖန်တီးလိုက်လုပ်သူမျိုး တစ်ခြာမှမကြားဖူး။
မဟုတ်သေး။ ထိုနည်းလမ်းကို သူသိနေသလိုလိုခံစားရသည်။
ရှေးဟောင်းခေတ်တွင် ကြုံဖူးသည်။
ဘယ်သူထိုနည်းလမ်းမျိုးသုံးခဲ့သနည်း။
မြင်ကွင်းကိုကြည့်၍ လုယန် မျက်ခုံးလှုပ်သွားသည်။
ထိုနည်းလမ်းကို မရင်းနှီးစရာမရှိ။ နတ်မယ်အကြိုက်ဆုံး တိုက်ခိုက်နည်းလမ်းဖြစ်သည်။
သို့သော် ယခုအဖြစ်က ထာဝရအရိယဖလမဟုတ်ဘဲ အားအကြီးဆုံးရှင်သန်မှုအရိယဖလသန္ဓေစွမ်းအားဖြင့် ထိန်းချုပ်ထားခြင်းဖြစ်သည်။
"လျန်ယိက မှတ်ဉာဏ်ပျောက်နေပေမယ့် ငါမသေမျိုးသင်ပေးခဲ့တာတွေကို မမေ့သေးတဲ့ပုံပဲ"
"ဘုန်း"
ဖီးနစ်မီးတောက် ကျူးထန်အပေါ် ပေါက်ကွဲသွားသည်။ မီးခိုးများလုံးထွက်လာသည်။ ကျူးထန် အခြေအနေဆိုးဝါးသည်။ သူ့အတောင်များပင် မီးလောင်နေသည်။
နွေဦးတေးသံကို သူဆို၍ အမြန်အားဖြည့်ပြီး နောက်တစ်ကြိမ်တိုက်ခိုက်သည်။
"ဖွဲ့စည်းမယ်"
ဖီးနစ်ကိုယ်ပွား ပြန်ပေါ်လာသည်။ ကျူးထန်က တိုက်ခိုက်ရန်အသင့်ပြင်သည်။ ဖီးနစ်ကိုယ်ပွားနီးကပ်လာသည်။ ကျူးထန်က လေဟာနယ်ကိုထိန်းချုပ်၍ နောက်ထပ်ဖောက်ခွဲမှုကိုကာကွယ်ရန် အတားအဆီးတစ်ခု ဖန်တီးလိုက်သည်။
ရုတ်တရက် သူ့နောက်ဘက်မှလေဟာနယ် တွန့်လိမ်သွားသည်။ ကျန်းလျန်ယိက လေဟာနယ်ဖြတ်၍ သူ့နောက်ဘက်သို့ရောက်လာသည်။
"ဟာ"
ကျန်းလျန်ယိနောက်တွင် ကြီးမားသည့်ဖီးနစ်အရိပ်ပေါ်လာသည်။ တစ်ခြားငှက်မျိုးစုံတို့၏အရိပ် ဝန်းရံထားသည်။
"ငှက်တစ်သောင်းဦးခိုက်ခြင်း။ ဒါက ဒဏ္ဍာရီထဲက ငှက်တစ်သောင်းဦးခိုက်ခြင်းပညာပဲ"
အောက်ဘက်မှ မဟာနတ်ဆိုးတစ်ယောက်က တအံ့တဩအော်ဟစ်လိုက်သည်။
"ဖီးနစ်ဘိုးဘေးက ငှက်အားလုံးကို အုပ်စိုးတယ်။ အားလုံးက ဖီးနစ်ဘိုးဘေးကို အရှင်သခင်အဖြစ် ကိုးကွယ်တယ်။ ဒါကြောင့် ဖီးနစ်ကို ငှက်ဘုရင်လို့ နောက်မျိုးဆက်တွေ ခေါ်ကြတာ"
ဖီးနစ်အရိပ်က တောင်ပံဖြန့်သည်။ ငှက်မျိုးစုံအရိပ်က သူ့အမွှေးအတောင်များအဖြစ် အသွင်ပြောင်းသွားသည်။
ဖီးနစ်အရိပ် ကောင်းကင်သို့ တက်သွားပြီး လျင်မြန်စွာ ထိုးစိုက်၍ဆင်းလာသည်။ ကျူးထန်မော့ကြည့်သည်။ နေထဲမှထိုးထွက်လာသယောင်ထင်ရသည့် မီးငှက်က ခြောက်ခြားစရာကောင်းလှသည်။
ကျူးထန် ရှောင်တိမ်းရန်ကြိုးစားသည်။ သို့သော် ရုတ်တရက် သူ့ဘေးပတ်လည်မှအရာအားလုံး နှေးကွေးသွားသည်။
"လေဟာနယ်ပိတ်ဆို့စွမ်းအား။ ဒါက အချိန်ကိုရပ်တန့်တာပဲ"
ကျူးထန် မယုံနိုင်အောင်ဖြစ်သွားသည်။ ကျန်းလျန်ယိ၏ အရိယဖလသန္ဓေက အချိန်ကိုပင် ရပ်တန့်နိုင်သည်။ တိုက်ပွဲအစမှအဆုံးထိ စွမ်းအားပြည့်လုံးဝမသုံးခဲ့။
အချိန်ရပ်သွားသည်။ ကျူးထန် အပြင်လောကကို အာရုံမခံနိုင်တော့။
အချိန်ပြန်လည်စီးဆင်းချိန်တွင် ဖီးနစ်အရိပ်က သူနှင့်အရမ်းနီးကပ်နေသည်။ ရှောင်းတိမ်း၍မရတော့။
"ဘုန်း"
ဖီးနစ်နှုတ်သီးက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်၍ မြေပြင်သို့စိုက်ချသွားသည်။
"ဘာဖြစ်သွားတာလဲ။ ကျူးထန် ခုနက ရုတ်တရက် လှုပ်ရှားမှုရပ်သွားတယ်"
လုယန် တွေးနေသည်။
ခုနက အကွာအဝေးအရ ကျူးထန်ရှောင်လျှင် လွတ်သည်။ သို့သော် ညှို့ကွင်းမိသကဲ့သို့ မလှုပ်မယှက်ဖြစ်သွားသည်။
နတ်မယ်က အခြေအနေကိုသိသည်။
"သူမရှောင်တာမဟုတ်ဘူး။ အားလုံးရဲ့အချိန်စီးကြောင်း ခဏရပ်သွားတာ။ လျန်ယိက အချိန်ကို ထိန်းချုပ်ခဲ့တာ။
ငါနတ်မယ်ရှိနေလို့သာ တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးကို နင်မြင်နိုင်တာ"
တစ်ခြားလူများအမြင်တွင် ဖီးနစ်အရိပ်က ကျူးထန်ရှေ့သို့ ဖျတ်ခနဲ ခုန်ဆင်းလာသဖြင့် မရှောင်နိုင်သကဲ့သို့ ထင်ရသည်။
"အချိန်ရပ်တာလား။ အကြီးအကဲလျန်ယိက ဒါမျိုးတောင် လုပ်နိုင်တယ်ပေါ့"
လုယန် အံ့အားသင့်သွားသည်။
"သေဟန်ဆောင်ပညာက သေခြင်းမှာရှင်ခြင်းကို ရှာဖွေတာ။ အချိန်ကိုလှည့်စားတာပဲ။ တစ်နည်းပြောရရင် အချိန်ကို အနိုင်ယူတာပဲ။ ဒီတော့ အချိန်ကို သူရပ်နိုင်တာပေါ့။
ဒါပေမယ့် ဒီနည်းလမ်းက မှန်ကန်တဲ့သမရိုးကျနည်းလမ်းမဟုတ်ဘူး။ ဒါကြောင့် အသက်တစ်ရှူစာနှစ်ရှူစာလောက်ပဲ သူရပ်နိုင်တယ်။ အချိန်မသေမျိုးသာဆိုရင် အချိန်ကို နှစ်ရာထောင်ချီရပ်တန့်ဖို့လည်း ပြဿနာမရှိဘူး"
မသေမျိုးအဆင့်တိုက်ပွဲတစ်ပွဲတွင် အသက်တစ်ရှူစာသည် အနိုင်အရှုံးဆုံးဖြတ်ဖို့ လုံလောက်သည်။
"အစောပိုင်းက သူဒီနည်းလမ်းမသုံးတာက သူ့အစွမ်းကို လျှိုထားချင်လို့ဖြစ်လိမ့်မယ်။ အများမျက်စိရှေ့မှာ ကိုယ့်ဝှက်ဖဲကို ထုတ်ပြတာဟာ ပညာရှိရာမရောက်ဘူး။
တိုက်ပွဲအစကနေ အဆုံးထိ သူမသေမျိုးရတနာတစ်ခုခုသုံးတာ မင်းမြင်လို့လား"
မှန်သည်ဟု လုယန်တွေးသည်။ အကြီးအကဲလျန်ယိတွင် ယင်ထန်မသေမျိုးသန့်စင်ပေးသည့် မသေမျိုးရတနာတစ်ခုတော့ သေချာပေါက်ရှိပေလိမ့်မည်။ သို့သော် မသုံးခဲ့။
"အောင်နိုင်သူက အုပ်စိုးတယ်။ ရှုံးတဲ့သူက ဒုက္ခရောက်တယ်တဲ့။ ကျူးထန်၊ နင်ရှုံးတာကို ဝန်ခံသလား"
ကျန်းလျန်ယိ လူသားအသွင် ပြန်ပြောင်းပြီး ဒဏ်ရာအပြင်းအထန်ရထားသည် မြေပင်မှကျူးထန်ကိုစိုက်ကြည့်၍ အေးစက်စက်မေးသည်။
စိတ်ဓာတ်ကျနေသည့်ကျူးထန်ကလည်း အခြေအနေကို နားလည်သည်။
ဤတိုက်ပွဲတွင် သူရှုံးနိမ့်ကြောင်း လက်ခံသည်။ နောက်တစ်ကြိမ်တိုက်ခိုက်လျှင်လည်း ဆက်ရှုံးရုံသာရှိမည်။
"ငါ့အရှုံးကိုဝန်ခံပါတယ်"
ကျန်းလျန်ယိ ဘာမှဆက်မပြော။
လက်ညှိးလက်ခလယ်နှစ်ခုပူး၍ ကျူးထန်နဖူးကို အသာတို့လိုက်သည်။ အရိယဖလသန္ဓေစွမ်းအားဖြင့် သခင်-ကျွန် ဝိညာဉ်တံဆိပ် ခတ်နှိပ်သည်။
အားအကြီးဆုံးရှင်သန်ခြင်း။ အနိုင်နှင့်အရှုံး။ နှစ်ခုလုံးက သူတို့နှစ်ယောက်နှင့် တွဲဆက်နေသည့် အရိယဖလသန္ဓေစည်းမျဉ်းများဖြစ်သည်။
ရှေးဟောင်းခေတ်က ကျူးထန်ကို ကျန်းလျန်ယိ အနိုင်ယူခဲ့ပြီးဖြစ်သည်။ သို့သော် ထိုစဉ်က မသေမျိုးလေးယောက် လောကကိုအုပ်ချုပ်နေသည်။ ကျူးထန်ကို ထိန်းချုပ်ဖို့ မလိုခဲ့။
ယနေ့ခေတ်သည် မတူတော့။ ကျူးထန်ကို ကောင်းကောင်းမထိန်းချုပ်နိုင်လျှင် ယုတ်ညံ့သည့်နည်းလမ်းများ သုံးဖို့ကြိုးစားလာမည်။
ထို့ပြင် အချိန်ကို သူရပ်တန့်နိုင်ကြောင်း ကျူးထန်သိထားသည်။ ထိုလျှို့ဝှက်ချက် ပေါက်ကြား၍မဖြစ်။
"နတ်ဆိုးနိုင်ငံကို နင်ထူထောင်တာ နတ်ဆိုးမျိုးနွယ်အတွက် အကျိုးရှိတဲ့ကိစ္စပဲ။ ဒီတော့ ငါမတားဘူး။ ဖီးနစ်မျိုးနွယ်လည်း နတ်ဆိုးနိုင်ငံကို ဝင်လို့ရတယ်"
သခင်-ကျွန်တံဆိပ် ခတ်နှိပ်ပြီးဖြစ်၍ ကျူးထန်သည် အမည်ခံအုပ်ချုပ်သူသာဖြစ်သည်။ တကယ်ဘုရင်အစစ်က ကျန်းလျန်ယိဖြစ်သည်။
"နင့်လုပ်ရပ်တွေက ပေါ်ပေါ်ထင်ထင်နိုင်လွန်းတယ်။ လူအများအာရုံစိုက်အောင်လုပ်တယ်။ ဒီအတိုင်းဆက်သွားရင် နတ်ဆိုးမျိုးနွယ်ကို ပြန်လမ်းမရှိတဲ့ချောက်နက်ထဲ ဆွဲခေါ်သလိုဖြစ်မယ်"
တစ်ခြားကိစ္စအသာထား။ မဟာရှားကို တိုက်ခိုက်ချင်သည့်အချက်တစ်ခုတည်းကပင် သေလမ်းသို့ဦးတည်နေသည်။
မဟာရှားတွင် မသေမျိုးများတစ်ယောက်မကရှိသည်ဟု နတ်မယ်ထံမှ ကျန်းလျန်ယိကြားထားသည်။
ကျူးထန်က ထိုအချက်ကိုမသိ။ သို့သော် အရှုံးသမားဖြစ်၍ ကိစ္စမရှိတော့။ ကျန်းလျန်ယိပြောသမျှ သူနားထောင်ရုံသာရှိသည်။
ဖုန်မှုန့်များရှင်းသွားပြီးနောက် ကျူးထန်မြေပေါ်တွင် ဒူးထောက်အညံ့ခံနေသည်ကိုမြင်ကြရသည်။ အောင်နိုင်သူကျန်းလျန်ယိမျက်နှာက အေးစက်နေဆဲဖြစ်သည်။
မသေမျိုးတစ်ဝက်နှစ်ယောက်ရှိနေသဖြင့် ဘယ်သူမှ အနားမကပ်ရဲ။
"အကိုကြီး"
ကျန်းလျန်ယိ လုယန်နားသို့ ချဉ်းကပ်လာသည်။ အကိုကြီးဟု လေးလေးစားစားခေါ်သည်။
အားလုံး အလိုလိုလမ်းဖယ်ပေးကြသည်။
လုယန်က ကြိုတင်ပြင်ဆင်၍ အမူအရာထိန်းထားသည်။ ခေါင်းတစ်ချက်ငြိမ့်သည်။ ဂိုဏ်းသခင်လေးဟန်ပန် အပြည့်ရှိသည်။
လုယန် ရှေ့ဆက်လျှောက်လာချိန်မှာပင် ကျန်းလျန်ယိက ခြေတစ်လှမ်းခွာ၍လိုက်သည်။ အဆင့်အတန်းပြယုဂ်က ရှင်းလင်းနေသည်။
လုယန်က ကျူးထန်ကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် အတက်အကျမရှိသည့်လေသံဖြင့်
"သွားစို့၊ နတ်ဆိုးနိုင်ငံက ဘာမှလည်းထူးထူးခြားခြားမဟုတ်ပါဘူး"
စွမ်းအားမြင့်ပုဂ္ဂိုလ်များ အံ့ဩလေးစားမှုအပြည့်ဖြင့် ကြည့်နေစဉ်မှာပင် သူတို့နှစ်ယောက် လေထဲသို့ပျောက်ကွယ်သွားသည်။ ထူးဆန်းသည်။ အသိခက်သည်။
**********************************