ခန့်မှန်းမရသည့်ကံကြမ္မာ
Vol. 42 Ch. 621
"ဟူး....နောက်ဆုံးတော့ ပြီးသွားပြီပဲ"
လုယန်နှင့်ကျန်းလျန်ယိ နတ်ဆိုးမြို့တော်မှ အဝေးသို့ရောက်လာချိန်တွင် ကိုယ်ပျောက်မှော်အဆောင်များကို ဖယ်ရှားလိုက်ကြသည်။
"မပြီးသေးဘူး။ ကျူးထန်ကိုအရိယဖလအစွမ်းသုံးပြီး ငါထိန်းချုပ်ခဲ့တာ။ ဒီမှာ စောင့်ကြည့်နေတဲ့လူတွေ အများကြီးရှိတယ်။ သူတို့ပြန်သွားမှ ကျူးထန်ကို သွားတွေ့ရအောင်"
...
မသေမျိုးတစ်ဝက်များတိုက်ပွဲကို လူအများအာရုံစိုက်ခဲ့သည်။ သို့သော် ကူးဖြတ်ခြင်းအဆင့်တိုက်ပွဲသုံးခုကို သတိထားမိသူ သိပ်မရှိခဲ့။
တိုက်ပွဲသုံးခုတွင် ကျန်းမင်ကျိနှင့် ထောင်ကျူးခေါင်းဆောင်တိုက်ပွဲသည် စွမ်းအားကွာဟချက်အကြီးဆုံး စိတ်လှုပ်ရှားစရာအနည်းဆုံးဖြစ်သည်။
ရှေးဘိုးဘေးနောက်ခံရှိသဖြင့် ကျန်းမင်ကျိ အရင်ထက်ပို၍ ကြမ်းတမ်းစွာ တိုက်ခိုက်သည်။
ထောင်ကျူးမျိုးနွယ် နတ်ဆိုးနိုင်ငံကိုဝင်ကတည်းက မျိုးနွယ်ခေါင်းဆောင်ကျိယုမိန်သည် မောက်မာထောင်လွှားခဲ့သည်။ ဖီးနစ်မျိုးနွယ်ကို အရှက်ခွဲသည်။ ဖီးနစ်မျိုးနွယ်ကလည်း နတ်ဆိုးနိုင်ငံ တိုက်ခိုက်စရာအကြောင်းပြချက်တစ်ခုရသွားမည်စိုး၍ လက်တုံ့မပြန်ရဲခဲ့။
ယခုမှ ပြန်လည်တိုက်ခိုက်ခွင့်ရသည်။
"ကျန်းမင်ကျိ ငါတို့ထိုင်ပြီး စကားပြောကြမလား"
ကျိယုမိန် သွေးများအန်ထုတ်နေရသည်။ သူ့စိတ်ထဲ အကြောက်ကြီးကြောက်နေသည်။
ကျန်းမင်ကျိက သူ့ကိုအသေအကျေတိုက်ခိုက်ဖို့ ရည်ရွယ်ထားကြောင်း သူသိသည်။
"နင်သေတော့မယ်လို့ နင့်အမေကိုသွားပြောတာကောင်းမယ်"
ကျန်းမင်ကျိသည် စိတ်ဆတ်သည်။ သူ့အဆင့်အတန်းကြောင့် အစောပိုင်းက စိတ်ရှိတိုင်း မတိုက်ခိုက်နိုင်ခဲ့။
"ကောင်းပြီလေ၊ မင်းကငါ့ကို အတင်းဖိအားပေးနေတာပဲ"
ကျိယုမိန် ဒေါသထွက်ပြီး သူ့သွေးသန္ဓေကို မီးရှို့လိုက်သည်။ မီးခိုးများမှုတ်ထုတ်သည်။ လျှပ်စီးကိုဆင့်ခေါ်သည်။
လျှပ်စီးများ မိုးခြုန်းသံများ ကောင်းကင်တွင် မြည်ဟိန်းသွားသည်။
"လော်ထန်မသေမျိုးမိုးကြိုး"
လျှပ်စီးက ကိုယ်ပိုင်လောကတစ်ခု ဖန်တီးနေသယောင်ထင်ရသည်။
တိမ်တိုက်ကြားတွင် တောင်တန်းနှင့်မြစ်များ ပေါ်လာသည်။ တိရစ္ဆာန်အားလုံး အပြင်အားလုံး လျှပ်စီးအသွင်ပြောင်း၍ လောကကိုဖျကဆီးသည်။
လျှပ်စီးက ခရမ်းပြာရောင်စီးကြောင်းတစ်ခုအသွင်ဖြင့် ကျန်းမင်ကျိကို ပြင်းထန်စွာရိုက်ခတ်သည်။
ထိုအဖြစ်ကိုကြည့်နေသည့် စုစည်းခြင်းကျင့်ကြံသူတစ်ချို့ အလန့်တကြားထခုန်ကြသည်။ သူတို့ ထိုမိုးကြိုးအောက်ရောက်လျှင် ပြာကျသွားမည်မှန်းသိသည်။
"ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ် - "အသက်သုံးရှူစာအတွင်း မရှောင်နိုင်စေရ""
ကျိယုမိန် အော်ဟစ်လိုက်သည်။
"သေလိုက်စမ်း"
ကျန်းမင်ကျိက မြင့်မြတ်ခြင်းငါးမျိုးအလံဖြေချ၍ ခပ်ပြင်းပြင်းလှုပ်ခါသည်။
အလံံတလူလူလွင့်နေသည်။ စေတနာ၊ ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်း၊ ဉာဏ်ပညာ နှင့် ယုံကြည်ခြင်းဟူသည့် ရှေးစာလုံးငါးလုံးပေါ်လာသည်။
ခရမ်းပြာလျှပ်စီးက ထိုအလံပေါ်ကျသွားသော်လည်း စွမ်းအားရိုက်ခတ်မှုလုံးဝပေါ်မလာ။
"မဖြစ်နိုင်ဘူး"
ကျိယုမိန် အံ့အားသင့်သွားသည်။
သူ့အားအကိုးရဆုံးတိုက်ကွက်ကို တစ်ဘက်က အလွယ်တကူချေဖျက်သွားသည်။
ကျန်းမင်ကျိ လှောင်ပြုံးပြုံးနေသည်။ သို့သော် သူ့အလံသည် အဆင့်မြင့်အကာအကွယ်ရတနာဖြစ်ကြောင်း၊ ယင်နှင့်ယန်ကို ပြောင်းလဲနိုင်ကြောင်း၊ မှော်ပညာများ မထိုးဖောက်နိုင်ကြောင်း သူထုတ်မပြော။
"ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ် - "အသက်သုံးရှူစာအတွင်း မရှောင်နိုင်စေရ""
"-ကံကြမ္မာဆိုတာ ခန့်မှန်းမရ"
ထူးဆန်းသည့်အားလှိုင်းတစ်ခု ကျန်းမင်ကျိ၏လက်ချောင်းထိပ်တွင် စုစည်းလာသည်။
မူမမှန်ကြောင်းရိပ်စားမိသဖြင့် ကျိယုမိန်လှည့်ထွက်ပြေးသည်။ ထိုစည်းမျဉ်းက အသက်တစ်ရှူစာအတွင်း ထွက်ပြေး၍မရကြောင်း နားလည်လိုက်သည်။ တိုက်ခိုက်မှုကိုခုခံရသည်။
"မင်းတစ်ယောက်တည်း ခုခံနိုင်စွမ်းရှိတယ်ထင်မနေနဲ့"
မှော်လက်စွပ်ထဲမှ ခြင်္သေ့သားရေတစ်ခု ကျိယုမိန် ဆွဲထုတ်သည်။ သူ့အရင်မျိုးနွယ်ခေါင်းဆောင် ကျိရှုံး၏အလောင်းဖြင့် ဖန်တီးထားသည့် မှော်လက်နက်ဖြစ်သည်။
"ဖျောက်"
ကျန်းမင်ကျိ၏လက်ချောင်းက ထိုခြင်္သေ့သားရေကိုထိုးဖောက်၍ ကျိယုမိန်နဖူးကိုလာထိသည်။
"မင်းဘာလုပ်လိုက်တာလဲ"
တစ်ခုခုထူးဆန်းသည်ကို ကျိယုမိန် ခံစားရသည်။ သို့သော် ပြောမပြတတ်။
ကျန်းမင်ကျိကလည်း သူ့နည်းလမ်းအကြောင်း ရန်သူကိုရှင်းမပြ။
နှစ်ယောက်သားဆက်တိုက်ခိုက်ကြသည်။
ကျိယုမိန် အမှားများ ထပ်ကာထပ်ကာလုပ်မိလာသည်။ ကျင့်စဉ်လည်ပတ်မှု ထစ်ငေါ့လာသည်။ မှော်စက်ဝန်းဖန်တီးမှုများ နှေးကွေးသွားသည်။
တိုက်ဆိုင်မှုမျိုးစုံဖြစ်လာသည်။
ကံကြမ္မာသည် ခန့်မှန်းမရ။
ကြောင်းကျိုးဆက်စပ်မှုနတ်စွမ်းအားသည် ရန်သူ၏ကံကြမ္မာကို အချိန်တစ်ခုထိ လျော့ပါးအောင်လုပ်နိုင်သည်။
တစ်နည်းဆိုသော် ကျိယုမိန် ကံဆိုးအောင်လုပ်နိုင်သည်။
တိုက်ကွက်တစ်ရာကျော်လာချိန်တွင် အစကတည်းက စွမ်းအားနိမ့်သည့် ကျိယုမိန်၏ တိုက်ခိုက်မှုများက ကျန်းမင်ကျိအပေါ် လုံးဝမသက်ရောက်တော့။
ထိပ်တန်းရတနာနှင့်လည်းရင်ဆိုင်ရသလို ကံလည်းဆိုးနေသဖြင့် အမှားများတစ်ခုပြီးတစ်ခုလုပ်မိသည်။ စွမ်းအားများထိုးကျသွားသည်။
ကျန်းမင်ကျိက အညှာအတာလုံးဝမရှိ။ ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်။
"အား...."
ကျန်းမင်ကျိ ဖီးနစ်တစ်ကောင်အသွင်ပြောင်း၍ ကျိယုမိန်ရင်ဝကို သံမဏိလက်သည်းများဖြင့် ထိုးခွဲလိုက်သည်။
တိုက်ပွဲအခြေအနေ မလှတော့သဖြင့် ကျိယုမိန် ဝိညာဉ်ခွဲထုတ်ပြီး အသက်ဓာတ်စတေး၍ ထွက်ပြေးသည်။
"ဟား...အပြေးတော့မြန်သားပဲ"
ကျန်းမင်ကျိ နှာခေါင်းရှုံ့သည်။
ကျိယုမိန် ထိုမျှဆုံးဖြတ်ချက်ပြတ်သားစွာ ထွက်ပြေးမည်ဟု ထင်မထား။ အသက်ဓာတ်စတေးပြီးမလိုက်လျှင် ကျိယုမိန်ကို သူမီမည်မဟုတ်။
"ငါတိုက်ခိုက်တာကြမ်းလွန်းသွားလို့ သူကြောက်သွားတယ်ထင်တယ်"
ကျန်းမင်ကျိ ကျိယုမိန်ကို အရေးမစိုက်တော့။ ကျန်ရစ်ခဲ့သည့်အလောင်းကို မှော်လက်စွပ်ထဲထည့်၍ ဘိုးဘေးလျန်ယိနှင့်တွေ့ရန် မြို့တော်ထဲသို့သွားသည်။
...
"ဟူး...ဟူး...ဟူး..."
ကျိယုမိန်စိတ်ထဲ ကြောက်စိတ်မပြေသေး။ ကျန်းမင်ကျိ ဆက်မလိုက်လာကြောင်းသိတော့မှ ခြေလှမ်းရပ်လိုက်သည်။
"ဝိညာဉ်အဖြစ်နဲ့ မျိုးနွယ်ကိုပြန်ရင် လမ်းမှာ ငါ့ကိုလူတွေမြင်ကြဖို့များတွယ်။ တစ်ယောက်ယောက်ကို ပူးကပ်ပြီးမှ အငှားခန္ဓာကိုယ်နှင့်ပြန်မယ်"
မြို့ပြင်သို့ ကျိယုမိန်ရောက်လာသည်။ မြို့ပြင်တွင် အဆင့်နိမ့်ကျင့်ကြံသူများသာရှိသည်။ အကိုကြီးတစ်ယောက်ယောက်၏အကာအကွယ်မရှိဘဲ မြို့ထဲသို့ဝင်၍ တိုက်ပွဲမကြည့်ရဲကြ။
စိတ်ကြိုက်လူကို ကျိယုမိန်ရွေးနိုင်သည်။
"မင်းကိုရွေးမယ်"
အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်၏ သိစိတ်နယ်မြေသို့ သူအမြန်ဝင်လိုက်သည်။ ထိုလူ၏ဝိညာဉ်က ကျင့်ကြံနေသည်။ ကျိယုမိန်ကိုမြင်သည်နှင့် သူလန့်ဖျတ်သွားသည်။
"ကောင်လေး၊ မင်းနာမည်ဘယ်လိုခေါ်လဲ"
ကျိယုမိန် လှောင်ပြုံးပြုံး၍ သူ့ပုံစံအစစ်ကို ထုတ်ပြလိုက်သည်။ ငိုနေသည့်ကလေးတစ်ယောက်ကို ခြောက်လှန့်နိုင်သည့်သွင်ပြင်ရှိသည်။
"ကျုပ်...ကျုပ်နာမည်ခုန်ဟော်ပါ"
"ခုန်ဟော်တဲ့လား။ ငါမှတ်ထားလိုက်မယ်...ဟ နေပါဦး။ ဒီသံတံတိုင်းက ဘယ်ကနေရောက်လာတာလဲ"
ကျိယုမိန် တိုက်ခိုက်၍ ပူးကပ်ရန်ပြင်နေစဉ် သူနှင့်ခုန်ဟော်ကြားတွင် သံတံတိုင်းတစ်ခုရှိနေသည်ကို သတိထားမိသွားသည်။
"ဒါက ချိတ်ပိတ်တံဆိပ်ပဲ။ မင်းကိုယ်ထဲမှာ ချိတ်ပိတ်တံဆိပ် ဘယ်လိုရောက်နေတာလဲ။ ဘယ်သူ့ကို ချိတ်ပိတ်ထားတာလဲ"
ကျိယုမိန် မတွေးတတ်တော့။ ထိုစဉ် ရုတ်တရက် ရင်းနှီးနေသည့် အေးစက်စက်စကားသံကို သူကြားလိုက်ရသည်။
"ငါ့ကိုချိတ်ပိတ်ထားတာပေါ့"
ကျိယုမိန် ဖျတ်ခနဲလှည့်ကြည့်သည်။ သံတံတိုင်းထဲတွင် သူနှင့်အတူ နောက်ထပ်ထောင်ကျူးတစ်ကောင်ရှိနေကြောင်း တွေ့လိုက်ရသည်။
"ကျိရှုံး"
ကျိရှုံးက မျက်လုံးတစ်ဘက်မရှိ။ စကားသံက ပလုံးပထွေး။ ရယ်သံက အက်ကွဲရှတ၍ နားမခံသာစရာကောင်းသည်။ တမင်ဟန်လုပ်နေမှန်း သိသာသည်။
"ကျိယုမိန်၊ မင်းက ခေါင်းဆောင်ရာထူးရဖို့ မျိုးနွယ်ကိုသွေးခွဲခဲ့တယ်။ ဒီလိုအဆုံးသတ်ရမယ်လို့ မင်းတွေးဖူးလား"
"ဘာ....မင်းဘာလုပ်မလို့လဲ"
ပုံမှန်အချိန်ဆိုလျှင် ကျိရှုံးကိုသူမကြောက်။ သို့သော်် ခုနကမှ ကျန်းမင်ကျိနှင့် အသေအကြေတိုက်ခိုက်ခဲ့ရသည်။ အားအနည်းဆုံးအချိန်ဖြစ်သည်။
ယခု ခေါင်းဆောင်ဟောင်းကျိရှုံးနှင့် ရှင်ဆိုင်တွေ့သည်။ အရိုက်ခံရုံသာရှိသည်။
"ငါဘာလုပ်မလဲဆိုတော့...မင်းငါ့လို ထောင်နန်းစံပေါ့ကွာ"
ကျိရှုံး သံကုန်ခြစ်၍အော်ဟစ်လိုက်ပြီး ကျိယုမိန်ကို နှိပ်ကွပ်သည်။
ဤနေရာသည် ကျိရှုံးကို ပိတ်လှောင်ထားခြင်းဖြစ်သည်။ ကျိယုမိန် ထိုနေရာမှ ထွက်ကောင်းထွက်နိုင်သည်။ သို့သော် ကျိရှုံးကသူ့ကို လုံးဝထွက်သွားခွင့်ပြုမည်မဟုတ်။
နှစ်ပေါင်းများစွာ ဤနေရာတွင် သူပိတ်မိခဲ့သည်။ ချိတ်ပိတ်တံဆိပ်ကို ဘယ်လိုချိုးဖျက်ရမှန်း သူမသိ။ သို့သော် တံဆိပ်အသစ်တစ်ခုတော့ ဖန်တီးနိုင်သည်။
.....
နောက်ထပ်နေ့တစ်ပိုင်းအကြာတွင် နတ်ဆိုးမြို့တော်မှတိုက်ပွဲ အဆုံးသတ်သွားသည်။ မသေမျိုးတစ်ဝက်နှစ်ယောက်၏တိုက်ပွဲကြောင့် တစ်လောကလုံးတုန်လှုပ်ရသည်။
ကျိယုမိန်ပျောက်ဆုံးနေသည်။ သေသည်ရှင်သည်မသိရ။
နဂါးမျိုးနွယ်မှ ကူးဖြတ်ခြင်းအဆင့်ကြီးအကဲများနှင့် တိကျန်းနှင့်ကျိုးယင်အကြီးအကဲတို့တိုက်ပွဲ သားရေပွဲဖြင့်အဆုံးသတ်သွားသည်။ သို့သော် ထိုစကားသည် အပေါ်ယံပြောခြင်းဖြစ်ကြောင်း လက်တွေ့မြင်သူတိုင်း သိနိုင်သည်။
တိကျန်းအကြီးအကဲနျင့် ကျိုးယင်အကြီးအကဲတို့ ဒဏ်ရာအပြင်းအထန်ရသည်။ ပြန်ပျောက်ကင်းဖို့ အချိန်အတော်ကြာ အနားယူရမည်။
နတ်ဆိုးမြို့တော်၏ တော်ဝင်နန်းတော်တွင် ကျူးထန်က လူသားအသွင်ပြောင်း၍ ဩဇာလက္ခဏာဖြစ်သည့် ပလ္လင်ပေါ်တွင် ထိုင်နေသည်။
"မင်းကြီး..."
ပတ်တီးအဖွေးသားဖြစ်နေသည့်တိကျန်းအကြီးအကဲ သူ့ဘေးတွင် ရပ်စောင့်နေသည်။
"တော်တော့၊ နောက်ဆုတ်ပါ။ မင်းဒီမှာ လုပ်စရာဘာမှမရှိတော့ဘူး"
ကျူးထန် လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်။
တိကျန်းအကြီးအကဲထွက်သွားပြီးနောက် ယောက်ျားတစ်ယောက်မိန်းမတစ်ယောက် နန်းတော်ထဲတွင်ပေါ်လာသည်။ ကျန်းလျန်ယိနှင့် လုယန်ဖြစ်သည်။
ကြီးမားခမ်းနားသည့် နန်းတော်ထဲတွင် လူသုံးယောက်သာရှိသဖြင့် ထူးထူးခြားခြားလစ်ဟာသလိုဖြစ်နေသည်။
ကျူးထန်က ဟန်ဆောင်မျက်နှာပေးဖြင့် လက်နှစ်ဘက်ကိုပွတ်ပြီး ပြုံး၍ကမ်းလှမ်းသည်။
"မိတ်ဆွေကျန်း၊ ထိုင်ပါ။ ထိုင်ခုံကအေးနေလို့ ခင်ဗျားအတွက် နွေးအောင်လုပ်ပေးထားပါတယ်"
ကျန်းလျန်ယိ လုယန်ကို လှည့်ကြည့်သည်။
"အကိုကြီးထိုင်ပါ"
လုယန် "..."
ကျုပ်လိုလူသားမျိုးနွယ်က နတ်ဆိုးနိုင်ငံရဲ့ပလ္လင်ပေါ်မှာ ထိုင်ရမှာလား...
လုယန် ကျူးထန်ကို လှည့်ကြည့်သည်။
"ခင်ဗျားပဲထိုင်ပါ"
သုံးယောက်သား ထိုသို့ပတ်ချာလှည့်၍ နေရာပေးနေသည်။ နောက်ဆုံးတွင် ကျူးထန်က မှော်လက်စွပ်ထဲမှာ ပလ္လင်နှစ်ခုထပ်ထုတ်လိုက်သည်။
ပလ္လင်သုံးခု ဝိုင်းထိုင်သည်။ ရွားသားများ မီးပုံဘေးတွင်ဝိုင်းထိုင်၍ စကားပြောကြသလိုပင်ဖြစ်သည်။
ကျန်းလျန်ယိက အသိချင်ဆုံးမေးခွန်းကို မေးသည်။
"ငါ့ယောက်ျားဘယ်ရောက်နေလဲ နင်သိလား"
"အဲ...သူအသက်ရှင်နေတုန်းလား"
******************************