ကြောက်စရာကျူးထန်
Vol. 42 Ch. 622
ထိုစကားသူ့နှုတ်မှထွက်သွားသည်နှင့် သူ့အသက် အာမခံချက်မရှိတော့သလို ခံစားလိုက်ရသည်။ သူ့ကံကြမ္မာမရေရာတော့။
ကျန်းလျန်ယိက အေးစက်စက်တစ်ချက်ကြည့်လိုက်သည်။ သို့သော် တိုက်ခိုက်ခြင်းမပြု။
ကျူးထန်လိမ်ညာမည်ကိုစိုး၍ ဘာမှဖုံးကွယ်မထားဘဲ စိတ်ထဲပေါ်လာသမျှကိုဖြေရန် အရိယဖလစွမ်းအားဖြင့် လျှို့ဝှက်ပြီးကြိုတင်အမိန့်ပေးထားသည်။
ကျူးထန် အလိုအလျောက် ချက်ချင်းပြန်ဖြေမိသည်။
"ချီလင်မသေမျိုးက သေသွားတာကြာပြီလို့ ထင်ခဲ့တာ"
ပြောလိုက်ပြီးမှာ ကိုယ့်ပါးကိုယ်ရိုက်ချင်စိတ်ပေါက်သွားသည်။ အရင်က စကားပြောလျှင် အမြဲတမ်းသေချာတွေးပြီးမှပြောသည်။ ယနေ့ ဘာဖြစ်နေသည်မသိ။
ကျန်းလျန်ယိ "..."
အမှန်တရားကို အတင်းပြောခိုင်းခြင်းသည်လည်း မကောင်းသည့်အချက်များရှိပုံရသည်။
ကျူးထန်သည့် သူ့ယောက်ျားအကြောင်း သဲလွန်စသိဖို့မဆိုထားနှင့်။ သေသည်ရှင်သည်ကိုပင် သိဟန်မတူ။
စိတ်ငြိမ်သွားပြီးနောက် ကျူးထန် ချွေးပြန်လာသည်။ ခြေလက်များအေးစက်လာသည်။
ကျန်းလျန်ယိမေးပုံအရ ချီလင်မသေမျိုး အသက်ရှင်နေသေးသည့်သဘောဖြစ်သည်။ သူ့အနေဖြင့် အရိယဖလဖိအားကို မခံစားရသည်မှာ သူ့ကျင့်စဉ်စွမ်းအားက အားနည်း၍သာဖြစ်မည်။
ချီလင်အသက်ရှင်နေသေးပြီး ကျန်းလျန်ယိကို သူဆန့်ကျင်ခဲ့ကြောင်း သိသွားလျှင်...
အကျိုးဆက်ကို သူမတွေးရဲတော့။ ချီလင်မသေမျိုးကို ရင်ဆိုင်ရလျှင် အသက်အပိုပါလည်း ချမ်းသာရာရမည်မဟုတ်။
"မသေမျိုးအမကို နင်သိလား"
"ဘယ်သူရယ်"
ကျူးထန် တစ်ခါမှမကြားဖူး။
"ငါလေ၊ ထာဝရနတ်မယ်ပေါ့"
နတ်မယ် လုယန်ကိုယ်ထဲမှ ထွက်လာသည်။
သခင်-ကျွန်တံဆိပ်ရှိနေပြီဖြစ်၍ ကျူးထန် သူ့အကြောင်းကို ဖွင့်ပြောမည်မဟုတ်။
ထာဝရနတ်မယ်ကိုကြည့် ကျူးထန်လန့်ဖြတ်သွားသည်။ ချက်ချင်းခုန်ထလာသည်။ အသံများတုန်ရင်နေသည်။
"မသေမျိုး..."
ရှေးဟောင်းမသေမျိုးလေးယောက် အုပ်စိုးသည့်ခေတ်တွင် သူနေထိုင်ခဲ့သည်။ မသေမျိုးတို့၏ဩဝါဒများကို နားထောင်ခဲ့သည်။ ရင်းနှီးခဲ့သည်။
ထိုအဆုံးမဲ့စွမ်းအားမျိုးကို မသေမျိုးတစ်ယောက်သာ ပိုင်ဆိုင်သည်။
သခင်လု၏ခန္ဓာကိုယ်ထဲတွင် မသေမျိုးတစ်ယောက်ရှိနေသည်။
ရှေးဟောင်းကောင်းကင်ရုံးတော်ကိစ္စများကို ပြန်စဉ်းစားကြည့်သည်။ ဤမသေမျိုးသည် ရှေးဟောင်းခေတ်က ငါးယောက်မြောက်လျှို့ဝှက်မသေမျိုးဖြစ်သည့် ကောင်းကင်ပဲဝါအရှင်သာဖြစ်လိမ့်မည်။
ဂိုဏ်းသခင်လုကို တိကျန်းအကြီးအကဲ မထိန်းချုပ်နိုင်သည်မှာ မဆန်းတော့။ ဤမသေမျိုးကူညီခဲ့ခြင်းဖြစ်မည်။
ကျူးထန် ကိုယ့်ကိုယ်ကို နားလည်လာသည်။ သူသည် ရှေးဟောင်းခေတ်မဟာနတ်ဆိုးဖြစ်သော်လည်း ရှေးဟောင်းခေတ်အကြောင်းများ သိပ်နားမလည်။ ရေတွင်းထဲမှ ဖားသူငယ်လိုသာဖြစ်သည်။
သူသိသမျှက အပေါ်ယံသာဖြစ်သည်။
"ဟုတ်ပါပြီလေ။ ငါ့ကိုမမှတ်မိတဲ့ တစ်ခြားလူတစ်ယောက်တွေ့ပြန်ပြီပေါ့"
နတ်မယ် အလိုမကျဟန်ဖြင့်ပြောသည်။ အံ့ဩခြင်းတော့မရှိ။ သူနှင့်အရင်းနှီးဆုံးဖြစ်သည့် ကျန်းလျန်ယိပင် မမှတ်မိလျှင် ကျူးထန်လိုလူက မှတ်မိစရာအကြောင်းမရှိ။
ကျူးထန်က နတ်မယ်ထိုင်ဖို့ လေးခုမြောက်ပလ္လင်ကို အလိုက်တသိထုတ်ပေးသည်။
လေးယောက်သားအတူဝိုင်းထိုင်၍ စကားဆက်ပြောသည်။
"နင်ဘာလို့ အိပ်စက်ဖို့ ဆုံးဖြတ်လိုက်တာလဲ။ ဘာလို့အခုမှ နိုးထလာတာလဲ"
"မသေမျိုးလေးယောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးကြောင့်ပေါ့။ သူတို့ရန်သူဘယ်သူလဲဆိုတာ မသိရသေးဘူး..."
ကျူးထန် ပြောနေရင်းမှ နတ်မယ်ကိုဖျတ်ခနဲလှည့်ကြည့်သည်။ ပို၍ထိတ်လန့်တုန်လှုပ်လာသည်။
ကောင်းကင်ရုံးတော်သခင်။ ငါးယောက်မြောက်လျှို့ဝှက်မသေမျိုး။ ရှေးဟောင်းမသေမျိုးလေးယောက်၏ရန်သူ။ အတိတ်တစ်ချိန်ကရင်ဆိုင်ခဲ့ရသည့်ရန်သူသည် ဤမသေမျိုးဖြစ်နေမလားမသိ...
နတ်မယ်က ဒေါသဖြင့်စိုက်ကြည့်သည်။
"ငါ့ကိုမကြည့်နဲ့။ ဆက်ပြော"
ကျူးထန် ထိတ်လန့်သွားသည့်စိတ်ကို တည်ငြိမ်အောင်အမြန်ထိန်းလိုက်သည်။ သေမင်းနှုတ်ခမ်းဝတွင် လမ်းလျှောက်နေရသလို သူခံစားရသည်။
ချီလင်မသေမျိုး သူ့ကိုသတ်ဖို့ လက်တစ်ချက်လှုပ်ရုံသာဖြစ်သည်။ မသေမျိုးလေးယောက်ကို တိုက်ခိုက်ခဲ့သည့် ကောင်းကင်ရုံးတော်သခင်က ချီလင်ထက်ပင် ပိုစွမ်းအားကြီးလိမ့်မည်။
ကောင်းကင်ပလ္လင်တွင် ဝင်လှုပ်ရှားခဲ့သူသည် ထိုမသေမျိုးဖြစ်နေလျှင်...
ကျူးထန် ကြက်သီးထသွားသည်။
ဂိုဏ်းသခင်လုနှင့် ကောင်းကင်ရုံးတော်သခင်ကြားမှ ဆက်ဆံရေးကိုပြန်စဉ်းစားကြည့်သည်။ ကောင်းကင်ရုံးတော်သခင်နှင့် အဆင်ပြေအောင်မပေါင်းနိုင်လျှင် ဂိုဏ်းသခင်လေးလုကို မျက်နှာချိုသွေးခြင်းသည်လည်း အကျိုးရှိနိုင်သည်။
ကျူးထန်ဆက်ပြောသည်။
"မိတ်ဆွေကျန်း၊ မင်းလည်း ဟိုတိုက်ပွဲကို ကိုယ်တွေ့ကြုံခဲ့တာပဲမဟုတ်လား။ အဲဒါက မသေမျိုးတစ်ဝက်တွေ ဘယ်တော့မှမရောက်နိုင်တဲ့အဆင့်မျိုးလေ။
ရိုက်ခတ်မှုတွေ အပျက်အစီးတွေက အရမ်းကျယ်ပြန်လွန်းတယ်။ တိုင်းတာမရအောင် များလွန်းတယ်။ စိတ်ပျက်အားငယ်စရာဖြစ်လာတယ်"
"ငါက စိတ်မပျက်ပါဘူး"
ကျန်းလျန်ယိ စကားပြင်ပေးသည်။
"ကျုပ်ကတော့ စိတ်ပျက်သွားတယ်။ ထာဝရဖြစ်တည်မှုဆိုတာ မရှိဘူးလို့ ကျုပ်တွေးမိခဲ့တယ်။
ရှေးဟောင်းမသေမျိုးလေးယောက်တောင် အမြဲတမ်း မအုပ်ချုပ်နိုင်လောက်ဘူး။
ရှေးဟောင်းမသေမျိုးလေးယောက်ခေတ်မှာ ကျုပ်မတောက်ပနိုင်တော့ အိပ်စက်ပြီး မသေမျိုးတွေမရှိတဲ့အချိန် မသေမျိုးတစ်ဝက်တွေပါမရှိတဲ့အချိန်ကိုစောင့်မယ်လို့ တွေးခဲ့တယ်။
အဲဒီအချိန်ကျမှ နိုးထမယ်လေ။ တွေးလေလေ ဒီစိတ်ကူးကောင်းတယ်လို့ မြင်လာလေပဲ။ ကောင်းကင်ရတနာတွေချက်ချင်းစုစည်းပြီး ခေါင်းတလားထဲထည့်မြုပ်တယ်။ ပြီးတော့ အိပ်စက်ခဲ့တယ်။
မသေမျိုးတွေမရှိတဲ့ခေတ်တစ်ခုမှာ ကျုပ်ကိုပြန်အသက်သွင်းဖို့ ကျုပ်မျိုးဆက်တွေကိုမှာခဲ့တယ်။ အဲဒါက တိကျန်းတွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်အနေနဲ့ မျိုးရိုးအဆက်ဆက်လက်ဆင့်ကမ်းတယ်။
လွန်ခဲ့တဲ့နှစ်နှစ်ရာကျော်က ကျုပ်မျိုးဆက်တွေ ကျုပ်ကိုနှိုးကြတယ်။ နိုးလာတော့ တကယ့်ခေတ်ကောင်းတစ်ခု ရောက်နေတာတွေ့တယ်။ မသေမျိုးတစ်ဝက်တွေက ပြိုင်ဘက်ကင်းပဲ။
နောက်တော့ နှစ်နှစ်ရာအားဖြည့်ရင်း အချိန်ကုန်တယ်။ နတ်ဆိုးနိုင်ငယ်ကို တည်ဆောက်တယ်။ ဒီမနက်မှ နတ်ဆိုးနိုင်ငံတည်ဆောက်ပြီးတာပါ။ မင်းတို့က လာတိုက်ခိုက်ကြတယ်လေ"
ကျူးထန် ဘာသဲလွန်စမှမသိကြောင်း သဘောပေါက်သွားသဖြင့် ကျန်းလျန်ယိ အချိန်ကုန်ခံပြီး ဆက်မမေးတော့ဘဲ ထွက်သွားရန်ပြင်သည်။
"ငါအရင်က ပြောခဲ့သလိုပဲ ဖီးနစ်မျိုးနွယ်က နတ်ဆိုးနိုင်ငံအဖွဲ့ဝင်ဖြစ်လာလိမ့်မယ်။ နတ်ဆိုးနယ်မြေကို စုစည်းပြီးတာနဲ့ နတ်ဆိုးနိုင်ငံကိုအုပ်ချုပ်ဖို့ နင်အာရုံစိုက်သင့်တယ်။ ငါနင့်ကို အမြဲတမ်း စောင့်ကြည့်နေမယ်"
ရှေးဟောင်းခေတ်က မသေမျိုးများသည် သက်ရှိကြယ်ပေါင်းသောင်းချီကို အုပ်စိုးခဲ့သည်။ မသေမျိုးတစ်ဝက်များသည် ရာဂဏန်းလောက်အုပ်စိုးနိုင်သည်။
နတ်မယ်ကတော့ ချွင်းချက်ဖြစ်သည်။ တစ်ခုတည်းသာအုပ်ချုပ်သည်။
ကျူးထန်က အုပ်ချုပ်ရေးအတွေ့အကြုံရှိသည်။
နတ်ဆိုးမြို့တော်၏ နန်းတော်မှထွက်လာပြီးနောက် နတ်မယ် လုယန်ကိုယ်ထဲသို့ ပြန်ဝင်သည်။
"ဘယ်ကိုဆက်သွားကြမလဲ"
"ဖီးနစ်မျိုးနွယ်ကိုပေါ့"
...
ချုန်းချီမျိုးနွယ်
သေးသေးသွယ်သွယ်လူတစ်ယောက် မျိုးနွယ်ခေါင်းဆောင် ဈေးကြီးပေး၍ဝယ်လာသည့် မှော်ဖန်လုံးကို မျက်နှာတင်းတင်းဖြင့် စိုက်ကြည့်နေသည်။
မသေမျိုးတစ်ဝက်နှစ်ယောက်တိုက်ပွဲသည့် ကြည့်ရှုလေ့လာထိုက်သည်။
"ဟုတ်တယ်၊ ကျန်းလျန်ယိပဲ။ သူကစွမ်းအားပြည့်ရှိနေတာပဲ'
ကျင်းချိုင်ဝေ စုပ်သပ်သည်။ ကျန်းလျန်ယိ နိုးထစဖြစ်၍ စွမ်းအားမပြည့်နိုင်သေးဟု သူထင်ခဲ့သည်။
ယခု ကျန်းလျန်ယိလှုပ်ရှားမှုများက ထိန်းချုပ်ထားခြင်းမရှိ။ လွတ်လပ်ပေါ့ပါးသည်။ ကျူးထန်ကို မဖမ်းမီ ဝှက်ဖဲတိုက်ကွက်များကိုပင် ထုတ်မသုံးခဲ့။
"ကောင်းကင်အရှင်ပဲဝါက သူ့ကိုနည်းလမ်းကောင်းတွေ ပေးခဲ့တာများလား"
"ဘိုးဘေး၊ ကျုပ်တို့ဘယ်လိုဆက်လုပ်မလဲ"
မျိုးနွယ်ခေါင်းဆောင် တုန်တုန်ရင်ရင်မေးသည်။
"အရင်ဆုံး၊ နတ်ဆိုးနိုင်ငံကိုဝင်ရမယ်။ မှော်စက်လုံးမှတ်တမ်းမှာ မပါပေမယ့် ကျန်းလျန်ယိစရိုက်အရ ကျူးထန်ပေါ်မှာ သခင်-ကျွန်တံဆိပ် ချန်ထားခဲ့တာဖြစ်မယ်။
နတ်ဆိုးနိုင်ငံက ကျူးထန်အပိုင်လို့ အမည်ခံပေမယ့် အမှန်တော့ ကျန်းလျန်ယိအပိုင်ပဲ။ ကျန်းလျန်ယိရှိနေရင် နတ်ဆိုးနိုင်ငံ စည်းလုံးကြမှာပဲ။ ငါတို့ချုန်းချီတွေက ပေါင်းစည်းမှုကို အမြဲငြင်းဆန်ခဲ့တယ်။
အခု နတ်ဆိုးနိုင်ငံနဲ့ သွားပေါင်းစည်းပြီး လက်ဦးမှုယူဖို့လိုပြီ"
ရှေးဟောင်းခေတ်တွင် သူနှင့်ကျန်းလျန်ယိ အမြဲတမ်းပဋိပက္ခဖြစ်ခဲ့သည်။ ကျန်းလျန်ယိစရိုက်ကို သူ့လောက်ဘယ်သူမှမသိ။
မီးခိုးများကြား သခင်-ကျွန်တံဆိပ်ခတ်ခဲ့သည်။ တစ်ခြားလူများကိုသာ လှည့်စားနိုင်မည်။ သူ့ကိုတော့ မရ။
"ဒီကောင်းကင်ရုံးတော်ပြောတဲ့ ကောင်းကင်ပဲဝါအရှင်ဆိုတာ ငါတစ်ခါမှမကြားဖူးဘူး"
မှော်စက်လုံးမှ ထပ်ကြည့်စရာမရှိတော့သဖြင့် နောက်ဘက်သို့ပစ်၍ မျိုးနွယ်ခေါင်းဆောင်ကိုပေးလိုက်သည်။
"ဒီမှတ်တမ်းမှော်ဖန်လုံးကို သိမ်းချင်လည်းသိမ်းထား၊ ဖျက်ဆီးချင်လည်း ဖျက်ဆီးလိုက်။ အပြင်လူတွေတော့ မမြင်စေနဲ့"
မျိုးနွယ်ခေါင်းဆောင် တွေးရခက်သွားသည်။
"မသေမျိုးတစ်ဝက်တွေရဲ့တိုက်ပွဲက အရေးကြီးလို့ လွယ်လွယ်မပေါက်ကြားသင့်လို့လား"
"ပါရှားမျိုးနွယ်က နင့်ကိုတမင်ဈေးမြင့်ရောင်းပြီး နင်မှော်စက်လုံးဝယ်တာကိုပါ မှတ်တမ်းတင်ထားလို့လေ"
"ဪ"
*****************************