နတ်ဝိညာဉ်အဆင့် အပြောင်းအလဲ
Vol. 42 Ch. 624
မဟာရှားသို့သွားသည့်လမ်းတါင် အားလုံးအနားယူကြသည်။ လုယန်လည်း နတ်ဝိညာဉ်အဆင့်၏ ထူးခြားချက်များကို ပြန်သုံးသပ်ခွင့်ရသည်။
ကောင်းကင်ပလ္လင်တွင် နတ်ဝိညာဉ်အဆင့်သို့ ရောက်ကတည်းက အဖြစ်အပျက်များ မရပ်မနားကြုံခဲ့သည်။ ကောင်းကောင်းလေ့လာချိန်မရခဲ့။
"လေဟာနယ်စွမ်းအား.."
လက်ကိုဆန့်ထုတ်လိုက်သည်။ လက်ဝါးထဲမှလေဟာနယ် အနည်းငယ်တုန်ခါသွားသည်။ ချိုးဖျက်သည်။ ဆန့်ထွက်သည်။ ပျက်စီးသည်။ ပြန်ဖွဲ့စည်းသည်။ လေဝဲအသွင်ဖြစ်လာသည်။
နတ်ဝိညာဉ်အဆင့်၏ ထူးခြားချက်တစ်ခုက လေဟာနယ်စွမ်းအားအခြေခံအဆင့်ကို ကျွမ်းကျင်လာခြင်းဖြစ်သည်။
မှော်လက်စွပ်များသည် အသုံးအများဆုံးလေဟာနယ်မှော်ပစ္စည်းများဖြစ်သည်။
မှော်လက်စွပ်တစ်ခုဖန်တီးဖို့ အနည်းဆုံး နတ်ဝိညာဉ်အဆင့်ရှိရမည်။ ပိုကြီးမားသည့်လေဟာနယ်များကို ထိန်းချုပ်ဖို့ ဝိညာဉ်ပြောင်းအဆင့် သို့မဟုတ် စုစည်းခြင်းအဆင့်စွမ်းအားလိုသည်။
တာအိုလမ်းစဉ်ဂိုဏ်း၏ ကျောက်စိမ်းတံဆိပ်တို့သည် ထူးခြားသည့် မှော်လက်စွပ်အမျိုးအစားဖြစ်သည်။ အကြီးအကဲကျိုးရှင်းက ဖန်တီးသည်။
အမယွမ်ထံမှ ချင်ဖုန်းဓားမရမီ လုယန်ပိုင်ဆိုင်သည့် အဖိုးတန်ဆုံးမှော်ပစ္စည်းက ထိုကျောက်စိမ်းတံဆိပ်ဖြစ်သည်။
သူ့အမြန်နှုန်း၊ စွမ်းအား၊ ပေါ့ပါးမှု၊ ဝိညာဉ်အာရုံ။ အားလုံး အကြီးအကျယ်ပြောင်းလဲသွားသည်။
မဟာရှားနံပတ်တစ်ပါရမီရှင်ဟုခေါ်သူတို့သည် သူနှင့်ယှဉ်လျှင် ဘာမှမထူးခြား။
သိစိတ်နယ်မြေလည်း ဆယ်ဆမကကျယ်ပြန့်သွားသည်။ ဘောလုံးကွင်းတစ်ကွင်းစာရှိသည်။ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်၏ ဝိညာဉ်စွမ်းအားပမာဏဖြစ်သည်။
သူအလိုရှိလျှင် နတ်ဝိညာဉ်အဆင့်များကို ဝိညာဉ်အာရုံဖြင့်တိုက်ခိုက်၍ အနည်းဆုံး မူးဝေသွားအောင် အများဆုံး ရူးသွပ်သွားအောင် တိုက်ခိုက်နိုင်သည်။
ဖြေးညှင်းစွာ သူမျက်လုံးမှိတ်လိုက်သည်။ အတွေးကိုစုစည်း၍ ခပ်တိုးတိုးအော်ဟစ်လိုက်သည်။
"ဝိညာဉ်ခွဲမယ်"
ဝိညာဉ်များသာ အာရုံခံနိုင်သည့် လေပြင်းတစ်ခု တိုက်ခတ်လာသည်။
ဝိညာဉ်အခြေခံမတည်ငြိမ်လျှင် အန္တရာယ်များသည်။
သို့သော် လုယန်ဝိညာဉ်အတွက် ထိုလေပြင်းက လေပြေလောက်သာရှိသည်။
ဝိညာဉ်ခွာထုတ်ပြီးနောက် သူ့အာရုံများပို၍ ထက်မြက်လာသည်။
ဝိညာဉ်ခွဲထုတ်ခြင်းသည် နတ်ဝိညာဉ်အဆင့်၏ နောက်ထပ်ထူးခြားချက်တစ်ခုဖြစ်သည်။ သို့သော် လုယန်က အခြေတည်အဆင့်တွင် လုပ်နိုင်ခဲ့သည်။
အရင်က ကျားနတ်ဆိုးကိုသတ်၍ သရဲကျွန်များထိန်းချုပ်နိုင်သည့် မှော်ပညာကိုရခဲ့သည်။ ကျင့်ကြံခဲ့သည်။ သူ့ဝိညာဉ်သူ သရဲကျွန်ဟုသဘောထားခဲ့သည်။ ဝိညာဉ်ခွဲထုတ်သည့်ကိစ္စ အောင်မြင်ခဲ့သည်။
သို့သော် ထိုစဉ်က သူ့ဝိညာဉ်သည် အလွန်အားနည်းသည်။ အနှောက်အယှက်နည်းနည်းတွေ့ရုံဖြင့် ဒဏ်ရာရနိုင်သည်။
ထိုထက်ဆိုးဝါးလျှင် ကျင့်စဉ်အခြေခံထိခိုက်နိုင်သည်။ ထို့ကြောင့် ထိုနည်းလမ်းကို သူမသုံးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံသူတစ်ယောက် တစ်ခြားတစ်ယောက်ကို ပူးကပ်ဖို့ အချက်နှစ်ချက်လိုသည်။
အနည်းဆုံး နတ်ဝိညာဉ်အဆင့်စွမ်းအားရှိရမည်။
ပူးကပ်ခြင်းနိယာမနှင့်လိုက်လျောညီထွေရှိရမည်။ မပူးကပ်မီ အဆင့်ဆင့်လုပ်ဆောင်ရမည့် အစီအစဉ်များရှိသည်။
"ဝိညာဉ်ခွဲထုတ်ပြီးရင် မိုင်ထောင်ချီခရီးဆန့်နိုင်တယ်လို့ ပြောကြတယ်။ မနက်ခင်းမှာ ပင်လယ်ကိုကြည့်ပြီး ညနေချိန် ထင်းရှူးပင်တွေကို ကြည့်နိုင်တယ်တဲ့။
အခုစမ်းကြည့်ရမယ့်အချိန်ပဲ"
စိတ်လှုပ်ရှားစွာရယ်မော၍ ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်လိုက်သည်။ ရှေ့သို့စွမ်းအားပြည့် ပျံသန်းသည်။ သူဘယ်လောက်ပျံသန်းနိုင်သည်ကို ကြည့်လိုသည်။
ထို့နောက် တိမ်ကြားထဲတွင် ကျင့်ကြံနေသည့် သူ့ခန္ဓာကိုယ် တဖြေးဖြေးဝေးကျန်ခဲ့သည်ကို မြင်ရသဖြင့် မျက်လုံးပြူးသွားသည်။
ထိုတိမ်တိုက်ကို ကျန်းလျန်ယိက ထိန်းချုပ်မောင်းနှင်နေခြင်းဖြစ်သည်။ လုယန်၏ဝိညာဉ်ပျံသန်းနှုန်းဖြင့် လက်မမီနိုင်။
"ဟေး...စောင့်ကြပါဦး"
လုယန်၏ဝိညာဉ် အလောတကြီးအော်ဟစ်လိုက်သည်။
"အတော်ဆိုးတဲ့ကောင်ပဲ"
လုယန်၏ထူးခြားသည့်အမူအရာကိုသတိထားမိသဖြင့် မဟာအကြီးအကဲက ရယ်မောလျက် ဝိညာဉ်ကို ပြန်ဆွဲခေါ်လိုက်သည်။
လုယန် ရှက်ရှက်ဖြင့်ခေါင်းကုတ်၍ သူ့ကိုယ်ထဲမှအပြောင်းအလဲများကို ဆက်လေ့လာသည်။
ဒန်ထန်ထဲတွင် နတ်ဝိညာဉ်ဝဝကစ်ကစ်ကိုတွေ့သည်။ နတ်မယ်က ထိုဘေးတွင် အူတက်မတတ်ရယ်မောနေသည်။
"ဟားဟားဟားဟား လျန်ယိ တိမ်တိုက်ထိန်းချုပ်နေတဲ့အချိန် နင်က ဝိညာဉ်ခွဲထွက်ရဲတယ်ပေါ့။ လမ်းပြတ်ကျန်ခဲ့မှာမကြောက်ဘူးလား"
လုယန် မျက်မှောင်ကျုံ့လိုက်သည်။ လုယန်လှောင်ရယ်သည်ကို မခံချင်။
"နတ်မယ်၊ ကျုပ်ရဲ့ဒန်ထန်ထဲမှာ ခင်ဗျားဘာလုပ်နေတာလဲ"
"အဲဒါဘယ်လိုမေးခွန်းလဲ။ ငါဘယ်နားနေနေ နင့်အပူပါလို့လား"
နတ်မယ်က တင်ပါးပေါ်လက်ထောက်၍ ပြန်မေးသည်။
လုယန်၏ခန္ဓာကိုယ်က ကျယ်ပြန့်သည်။ ဘယ်နေရာမဆို သူသွားနိုင်သည်။
"အဲဒါကိုမပြောသေးပါဘူးလေ။ နင့်ရဲ့နတ်ဝိညာဉ်ကိုကြည့်ပါဦး။ ငါနဲ့နည်းနည်းမတူဘူးလား"
လုယန် မျက်လုံးထောင့်ကပ်ကြည့်သည်။ အဓိပ္ပါယ်မရှိဟု ခံစားရသည်။
"မဖြစ်နိုင်ပါဘူး။ ကျုပ်နတ်ဝိညာဉ်က ကျုပ်နဲ့ပဲတူ...ဟာ သောက်လခွမ်း။ ခင်ဗျားနဲ့ တကယ်နည်းနည်းတူတာပပဲ"
နတ်ဝိညာဉ်က ဖြူဖွေးဝကစ်သည်။ မျက်ခုံးများက နတ်မယ်နှင့်တူသည်။ အတော်ချစ်စရာကောင်းသည်။
ဘယ်လိုကြီးမှန်းမသိ။
"နင်မေ့နေလို့ပါ။ ငါယာယီဂိုဏ်းချုပ်လုပ်တုန်းက ဂိုဏ်းကိစ္စတွေကို ငါ့ကိုယ်စား နင်ဖြေရှင်းပေးတယ်။ ငါက နင့်ကျင့်ကြံမှုကို ကူညီပေးခဲ့တယ်လေ။
တစ်နည်းပြောရရင် နင့်ရွှေသန္ဓေကျင့်ကြံမှုတစ်စိတ်တစ်ပိုင်းကို ငါကျင့်ကြံခဲ့တာ။ နတ်ဝိညာဉ်က ငါနဲ့တူတာ မဆန်းပါဘူး"
လုယန် "..."
"ဒီလိုဖြစ်မယ်မှန်းသိရင် ခင်ဗျားကို ကျုပ်ကိုယ်စားလုံးဝကျင့်ကြံခွင့်ပေးခဲ့မှာမဟုတ်ဘူး။ ဂိုဏ်းကိစ္စတွေ ခင်ဗျားဘာသာဖြေရှင်းခဲ့သင့်တာ"
သို့သော် အခုမှပြောလည်း ဘာမှမထူးတော့။
နတ်ဝိညာဉ်အဆင့်သည် အလွန်ထူးဆန်းသည်။ လေဟာနယ်နှင့် ဝိညာဉ်ခွဲစွမ်းအားကို မပြောသေး။ အရေးကြီးဆုံးက နတ်ဝိညာဉ်ကိုယ်တိုင်ဖြစ်သည်။
ရွှေသန္ဓေအရည်အသွေးနှင့် ကျင့်စဉ်နည်းလမ်းက နတ်ဝိညာဉ်၏စွမ်းအားကို ဆုံးဖြတ်ပေးသည်။
နတ်မယ်လို ဝါရင့်ကျင့်ကြံသူရှိသဖြင့် တိုက်ရိုက်မေးလိုက်ခြင်းက ပိုကောင်းသည်။
ထိုအကြောင်းဖြေချိန်တွင် နတ်မယ်က ဂုဏ်ယူစိတ်ဖြင့် ရယ်မောနေသည်။
"ဒီနတ်ဝိညာဉ်ကို ပြိုင်ဘက်ကင်းသန္ဓေခွဲပြီး ဖန်တီးထားတာ။ ပြိုင်ဘက်ကင်းသန္ဓေရဲ့စွမ်းအားအနှစ်တွေ ဒီဝိညာဉ်ထဲမှာ စုစည်းနေတယ်။
ဒါကြောင့်နင့်ရဲ့နတ်ဝိညာဉ်က သာမန်နတ်ဝိညာဉ်တွေနဲ့ အတော်ကွဲပြားနေတာ။ တစ်ခြားကျင့်ကြံသူတွေ ဒီအဆင့်မှာ နတ်ဝိညာဉ်ကိုထုတ်ပြီး တိုက်ခိုက်ဖို့သုံးနိုင်တယ်။
အခုနင်က နတ်ဝိညာဉ်အဆင့်မှာ နင့်နတ်ဝိညာဉ်ကိုထုတ်သုံးရင် သူ့ဘာသာတိုက်ခိုက်နိုင်တယ်"
"အဲလောက်တောင်အဆင်ပြေတယ်တယ်ပေါ့"
လုယန် အံ့အားသင့်သွားသည်။
နှစ်ကိုယ်ခွဲထားသည်နှင့် မခြားတော့။
သစ်သားကိုယ်ပွားသုံးချိန်တွင် ဝိညာဉ်အာရုံခွဲ၍ ထိန်းချုပ်စရာမလိုတော့။ တိုက်ပွဲနှစ်ခု တစ်ပြိုင်တည်းတိုက်ခိုက်နိုင်သည်။
တိုက်ခိုက်စွမ်းအား နှစ်ဆတိုးခြင်းဖြစ်သည်။
ရွှေသန္ဓေအဆင့်တွင် ရာနှုန်းပြည့်အောင်မြင်မှုနှုန်း ကြိုးစားထိန်းသိမ်းခဲ့သည်မှာ အချည်းအနှီးမဖြစ်တော့။
"ဒါကြောင့် ဒီနတ်ဝိညာဉ်မျိုးကို "ပြိုင်ဘက်ကင်းနတ်ဝိညာဉ်"လို့ နာမည်ပေးထားတယ်"
"...နာမည်ပြောင်းလို့ရလား"
"မရဘူး"
နတ်မယ်က အပြတ်ငြင်းသည်။
"ကောင်းပါပြီလေ"
"ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က စွမ်းအားကြီးတယ်။ ဒါပေမယ့် နင့်အတွက်သူ့ကို တိုက်ခိုက်စေချင်ရင် လိုအပ်ချက်တစ်ခုရှိတယ်"
"ဘာလိုအပ်ချက်လဲ"
"နင့်ရဲ့နတ်ဝိညာဉ်ကို နင်အနိုင်ယူဖို့လိုတယ်"
"..."
လုယန် နားမလည်တော့။
သို့သော် သူ့ပြိုင်ဘက်ကင်းတိုက်ခိုက်စွမ်းအားအရ ကိုယ်ပိုင်နတ်ဝိညာဉ်ကို အနိုင်ရဖို့ မခက်ခဲလောက်။
"နင်စမ်းကြည့်မလား"
နတ်မယ် အကြံပြုသည်။
"စမ်းကြည့်တာပေါ့"
နတ်မယ်က လုယန်၏ဝိညာဉ်နှင့် နတ်ဝိညာဉ်ကို သိစိတ်နယ်မြေထဲသို့ ဆွဲခေါ်သည်။ လုယန်ကို သတိပေးသည်။
"သေချာခံစားကြည့်ပါ။ နင်နဲ့နတ်ဝိညာဉ်ကြားမှာ မမြင်နိုင်တဲ့ကြိုးတစ်ချောင်းနဲ့ ဆက်သွယ်ထားသလို ဖြစ်နေမယ်"
"ဟုတ်တယ်။ ခံစားရတယ်"
"အဲဒီ့ကြိုးကိုဖြတ်လိုက်။ အာရုံခံစားချက်ကိုသုံးပါ။ အဲဒီ့ကြိုးတကယ်ရှိတယ်လို့တွေးထား။ လက်ထဲမှာကတ်ကြေးရှိတယ်လို့တွေးထား။ ကြိုးကိုဖြတ်လိုက်"
လုယန် ညွှန်ကြားချက်အတိုင်း တစ်ဆင့်ချင်းလုပ်သည်။ ကြိုးကိုဖြတ်လိုက်သည်။
နတ်ဝိညာဉ်ချက်ချင်းမျက်လုံးပွင့်လာပြီး လုယန်ဆီ တစ်ဟုန်ထိုးပြေးဝင်လာသည်။
"မြန်လှချည်လား...ဒါပေမယ့် ငါ့ကိုတော့မမီသေးပါဘူး"
ခဏအကြာတွင် လုယန် မြေပေါ်လဲနေသည်။ နတ်ဝိညာဉ်က အဆက်မပြတ်ရိုက်နှက်နေသည်။ လုယန်က နောက်ဆုံးထွက်သက်ဖြင့် နတ်မယ်ကို မော့ကြည့်သည်။
"နတ်မယ်၊ ဒီနတ်ဝိညာဉ်က ဘာလို့ဒီလောက်သန်မာနေတာလဲ"
"ငါပြောခဲ့သားပဲ။ ဒါက ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ပါလို့။ နင့်ကိုတောင်နိုင်မှတော့ ပြိုင်ဘက်ကင်းပဲမဟုတ်လား"
*******************************