← Chapters

အစီရင်ခံစရာတစ်ချို့

Vol. 42 Ch. 625

အစီရင်ခံစရာတစ်ချို့

Vol. 42 Ch. 625

နတ်မယ်စကားအတော်အဓိပ္ပါယ်ရှိသည်ဟု လုယန်ခံစားရသည်။ သို့သော် သေချာပြန်စဉ်းစားလျှင်လည်း တစ်ခုခုတော့မူမမှန်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်အကြောင်း နတ်မယ်ဆက်ရှင်းပြသည်။

"ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က နင့်ရဲ့အစိတ်အပိုင်းတစ်ခုပဲ။ နင်တတ်ထားတဲ့ ပညာရပ်အားလုံးကိုသိတယ်။ နင်မတတ်တဲ့ပညာဆို သူမသိဘူး။

သူ့ဘာသာတွေးခေါ်နိုင်တဲ့ဉာဏ်မျိုးမရှိဘူး။ ဗီဇစိတ်အပေါ်အခြေခံပြီး အကောင်းဆုံးရွေးချယ်မှုတွေကိုပဲ လုပ်တာ။

နင်နဲ့သူ့ကြားမှာ ကွာခြားချက်က အဲဒါပဲ။ သူက ဘယ်အချိန် ဘယ်တိုက်ကွက်နဲ့ ဘယ်လောက်စွမ်းအားထည့်ပြီး လှုပ်ရှားရမယ်ဆိုတာကိုသိတာ။ နင်က အဲဒါတွေအားလုံးမှာ မမီဘူး။

တစ်နည်းပြောရရင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က နင့်ရဲ့စွမ်းအားအကြီးဆုံး အနေအထားပဲ။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အနိုင်ယူဖို့ ကိုယ့်အားနည်းချက်တွေလိုအပ်ချက်တွေတွေကိုဖြည့်ဆည်းရမယ်။ အရာရာတိုင်းမှာ နတ်ဝိညာဉ်ထက်သာရမယ်"

"...နတ်မယ် လောလောဆယ် စကားမပြောပါနဲ့ဦး။ နတ်ဝိညာဉ် ကျုပ်ကိုမရိုက်အောင် မတားနိုင်ဘူးလား"

အရိုက်ခံရင်း နားထောင်နေရခြင်းဖြစ်၍ လုယန် အကြံကုန်နေသည်။

"နင့်စိတ်ကူးယဉ်အတွေးကိုသုံးပါ။ ဖြတ်ထားတဲ့ကြိုးကို ပြန်ဆက်လိုက်ရုံပဲ။ အဲဒါဆို အဆင်ပြေသွားမယ်"

လုယန် ဝေဒနာကိုကြိတ်မှိတ်သည်းခံ၍ မျက်လုံးမှိတ်ပြီး အဆက်အသွယ် ပြန်တည်ဆောက်လိုက်သည်။

နတ်ဝိညာဉ် တိုက်ခိုက်မှုရပ်၍ ငြိမ်သွားသည်။

လုယန် နတ်ဝိညာဉ်ကိုကြည့်၍ စိတ်ခြောက်ခြားနေဆဲဖြစ်သည်။

သိစိတ်နယ်မြေတွင်သာမဟုတ်လျှင် ပြားချပ်နေအောင် သူရိုက်ခံရလိမ့်မည်။ ဒဏ်ရာအပြင်းအထန်ရပြီး မတ်တပ်ပင်ရပ်နိုင်မည်မဟုတ်။

"ဒါဆို တစ်ခြားလူတွေက သူတို့နတ်ဝိညာဉ်တွေကို တိုက်ခိုက်ဖို့ ထိန်းချုပ်နိုင်တဲ့အချိန်မှာ ကျုပ်က နတ်ဝိညာဉ်ကိုမနိုင်မချင်း ကိုယ့်ဘာသာပဲ တိုက်ခိုက်နေရဦးမှာလား"

"အဲလိုလည်းမဟုတ်ပါဘူး။ ငါနင့်ကိုမေးမယ်။ နတ်ဝိညာဉ်ဆိုတာ ဘာအဓိပ္ပါယ်လဲ"

လုယန်ခဏစဉ်းစားပြီး ပြောသည်။

"ဒန်ထန်မှာ မွေးဖွားတယ်။ ကလေးတစ်ယောက်နဲ့တူတယ်။ သန့်စင်ကြည်လင်တဲ့ချီတွေနဲ့ဖွဲ့စည်းထားတယ်။ စွမ်းအားကြီးတယ်။ တစ်ခြားလူတွေကို ပူးကပ်လွှမ်းမိုးနိုင်စွမ်းရှိတယ်"

"မသေမျိုးတွေဟာ သက်တန်းအကန့်အသတ်မရှိဘူး။ ငါက ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်။ ကလေးတစ်ယောက်နဲ့ သိပ်မကွာဘူး။ ငါ့ဝိညာဉ်ကို သန့်စင်တဲ့ချီတွေနဲ့ ဖွဲ့စည်းထားတယ်။ ငါ့စွမ်းအားကတော့ ပြောစရာမလိုပါဘူး။ ရှောင်ယွမ်နဲ့တန်းတူပဲ။ ငါနင့်ခန္ဓာကိုယ်ကိုလည်း ပူးကပ်နိုင်တယ်လေ။

ဒီတော့ ငါကနင့်ဒန်ထန်ထဲမှာ ရှိနေတဲ့အချိန် ငါကနင့်နတ်ဝိညာဉ်ပေါ့။ တစ်နည်းပြောရရင် နင့်မှာ နတ်ဝိညာဉ်နှစ်ခုရှိနေတဲ့သ‌ဘောပဲ ငါစိတ်ကြည်တဲ့အချိန်ဆို တိုက်ပွဲမှာ ကူညီပေးကောင်းပေးနိုင်ပါတယ်"

လုယန် "..."

စေတနာကို ကျေးဇူးတင်ပါတယ် နတ်မယ်။ ဒါပေမယ့် သိစိတ်နယ်မြေမှာပဲ အေးအေးသက်သာ အိပ်နေပါ။ ပြဿနာမရှာပါနဲ့။

"ဒါဆို ဒီပြိုင်ဘက်ကင်းနတ်ဝိညာဉ်က အခုဘာမှအသုံးမဝင်ဘူးပေါ့"

"အဲလိုလည်းမဟုတ်ပါဘူး။ ဘယ်လိုပဲပြောပြော သူကနင့်ရဲ့အစိတ်အပိုင်းပဲ။ နင်သေရင် သူလည်းပျောက်သွားမှာပဲ။

တကယ်လို့ နင်အနိုင်မယူနိုင်တဲံ ရန်သူတစ်ယောက်နဲ့ ကြုံလာရင်..."

လုယန် ဝမ်းသာသွားသည်။

"သူက ကျုပ်ကို ကူပြီးတိုက်ခိုက်ပေးမယ်ပေါ့"

"နင့်ကိုယ်ထဲကနေ မြန်မြန်ထွက်ပြေးသွားလိမ့်မယ်"

"..."

လုယန် စိတ်ပျက်လက်ပျက် နဖူးကိုနှိပ်နေသည်။ သို့သော် ဝိညာဉ်ခန္ဓာဘဝဖြင့် နဖူးကိုနှိပ်နယ်သော်လည်း ဘာမှမထူးခြားနိုင်ကြောင်း ပြန်သတိရလာသည်။

လုယန် နတ်ဝိညာဉ်အဆင့်အပြောင်းအလဲများ သုံးသပ်ရင်း ဈာန်ဝင်နေသည်ကို မုန်ကျင်းကျိုးမြင်သည်။ အတော်လေးမနာလိုတိုရှည်ဖြစ်နေသည်။

ဖီးနစ်ဘိုးဘေးကိုတွေ့ခဲ့သူသည် လုယန်။ နာမည်ကြီးခဲ့သူသည် လုယန်။ နတ်ဝိညာဉ်တည်ဆောက်ခဲ့သူသည် လုယန်။

နတ်ဆိုးနယ်မြေသို့သွားသည့် ခရီးစဉ်တင် သူက ကြည့်ရှုသူသက်သက် ဖြစ်နေသည်။

လုယန် မျက်လုံးဖွင့်ကြည့်သည်။ မကျေမနပ်စိုက်ကြည့်နေသည့် မုန်ကျင်းကျိုးမျက်နှာကိုမြင်ရသည်။

တစ်ချက်ကြည့်ရုံဖြင့် မုန်ကျင်းကျိုးအတွေးကို ခန့်မှန်းမိသဖြင့် တွေးတွေးဆဆနှစ်သိမ့်သည်။

"အကောင်းဘက်ကကြည့်မှပေါ့။ အခုငါ နတ်ဝိညာဉ်အဆင့်ကိုရောက်သွားပြီဆိုတော့ မင်းက ရွှေသန္ဓေအဆင့်အားလံးမှာနံပါတစ်ဖြစ်လာပြီလေ။

အဲလိုတွေးကြည့်ရင် မင်းစိတ်သက်သာရာရမသွားဘူးလား"

မုန်ကျင်းကျိုး ခေါင်းငြိမ့်လိုက်မိသည်။ ထို့နောက် မဟုတ်သေးကြောင်း နားလည်လာသည်။

"အဓိပ္ပါယ်မရှိတာကွာ။ ရွှေသန္ဓေအဆင့်မှာဆိုရင်တောင် ငါမင်းကိုနိုင်ပါတယ်"

လုယန် ခေါင်းခါသည်။

"ငါမယုံဘူးကွာ။ အခုတိုက်ခိုက်ကြည့်မလား။ မင်းငါ့ကိုနိုင်ရင် ရွှေသန္ဓေအဆင့်မှာအသန်မာဆုံးဆိုတာ ငါလက်ခံမယ်"

"မင်းအရှက်ရောရှိရဲ့လား"

နှစ်ယောက်သား စကားနိုင်လု၍ ရန်ဖြစ်ရင်း နောက်ဆုံးတွင် ရှားနိုင်ငံနယ်စပ်သို့ရောက်လာသည်။

နယ်စပ်ဖြတ်ကျော်ရန် မှတ်ပုံတင်ပြရသည်။ ပါလာသည့်ပစ္စည်းများ စစ်ဆေးခံရသည်။ မဟာရှားတည်ဆောက်စအချိန်က စနစ်များမပြည့်စုံသေးချိန်တွင် ကျင့်ကြံသူတစ်ယောက် အရှေ့ပင်လယ်မှရေများ ခိုးယူလာသည့်အဖြစ်မျိုး ရှိခဲ့ဖူးသည်။

ထို့ကြောင့် ကျန်းလျန်ယိက ပြတ်ပြတ်သားသား နယ်စပ်ကိုခိုးဝင်ဖို့ဆုံးဖြတ်သည်။

သူ့နောက်ခံက ထင်ရှားလွန်းသည်။ အစစ်ဆေးခံလျှင် မလိုအပ်သည့်ဒုက္ခများစွာ ဖြစ်လာမည်။ မြို့တော်တစ်ခုလုံး အနှောက်အယှက်ဖြစ်လာလိမ့်မည်။

ရှားပါးသတ္တဝါတစ်ကောင်လို့ သူ့ကိုကြည့်ဖို့ လူများအပြေးရောက်လာမည်။ ထိုအဖြစ်မျိုးကို သူစိတ်ပျက်သည်။

ထို့ပြင် ကောင်းကင်ရုံးတော်၏တော်ဝင်ကာကွယ်သူလေးယောက်ထဲမှ တစ်ယောက်အနေဖြင့် တာအိုလမ်းစဉ်ဂိုဏ်းနှင့်အတူဝင်လျှင်လည်း အလိမ်ပေါ်သွားမည်။

ခိုးဝင်ပြီးနောက် ကျန်းလျန်ယိ ခရီးစဉ်အရှိန်မြှင့်လိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ချောချောမွေ့မွေ့ရောက်လာသည်။

"နေရာကမဆိုးဘူးပဲ"

ကျန်းလျန်ယိ မှတ်ချက်ပြုသည်။

ဂိုဏ်းနယ်မြေက ကျယ်ပြန့်သည်။ ကူးဖြတ်ခြင်းအဆင့် မှော်စက်ဝန်းဖြင့် ကာထားသည်။ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသည်။ ဖီးနစ်မျိုးနွယ်၏စွမ်းအားနှင့် တန်းတူနီးပါးရှိသည်။

အကြီးအကဲငါးယောက် အတူပါလာသဖြင့် မြစ်ဝိညာဉ်က သူ့ကိုမစစ်ဆေးဘဲ လွှတ်ပေးသည်။

ဂိုဏ်းအတွင်းပိုင်းသို့ရောက်မှ ကျန်းလျန်ယိ တကယ်အံ့အားသင့်လာသည်။

ပါရမီရှင်များပေါ်များသည်။ ဖီးနစ်မျိုးနွယ်ထက် များစွာသာလွန်သည်။

ရှေးဟောင်းခေတ်က မျိုးနွယ်များသည် လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ သွေးဆက်ကိုအဓိကထား၍ တည်ထောင်ကြသည်။ ရှေးဟောင်းခေတ်ကုန်ဆုံးပြီးမှ ဂိုဏ်းများပေါ်လာသည်။ အရင်က သူမမြင်ဖူး။

လုယန်မိတ်ဆက်ပေးထားသော်လည်း အရင်က သူသိပ်အရေးမစိုက်ခဲ့။ ယခုကိုယ်တိုင်မြင်မှ နားလည်လာသည်။ ဂိုဏ်းဆိုသည့်အယူအဆကို သူလျှော့တွက်ခဲ့မိသည်။

နတ်ဆိုးမျိုးနွယ်တို့ သွေးဆက်သန့်စင်မှုကို အဓိကထားသည်က ထိုသွေးဆက်သည် စွမ်းအားကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။

မျိုးနွယ်တိုင်းသည် သန့်စင်သွေးဆက်နတ်ဆိုးမျိုးနွယ်ဖြစ်အောင် ကျင့်ကြံကြသည်။ သွေးဆက်စွမ်းရည်ကို တိုးမြှင့်ကြသည်။

ဂိုဏ်းများကတော့ သွေးဆက်ကိုအဓိကမထား။ ပါရမီကို အဓိကထားသည်။ ဓာတ်ခံကိုလိုက်၍ သင်ကြားသည်။ ကိုယ့်အစွမ်းနှင့်ကိုယ်ရှိသည်။

ထိုအချက်သည် နတ်ဆိုးမျိုးနွယ်တို့ထက် များစွာပိုအဆင့်မြင့်သည်။

"ရှောင်တိုင်က နတ်ဆိုးနယ်မြေအကြောင်း ငါတို့သတင်းပို့တာကို စောင့်နေတော့မယ်ထင်တယ်။

လုယန်နဲ့မုန်ကျင်းကျိုး၊ အဲဒီ့ကအခြေအနေတွေကို မင်းတို့နှစ်ယောက်နားအလည်ဆုံးပဲ။ ဒီတော့ ရှောင်တိုင်ဆီ သွားသတင်းပို့လိုက်ပါ"

ဂိုဏ်းထဲရောက်ပြီးနောက် အကြီးအကဲငါးယောက် စိတ်ဓာတ်တက်ကြွလာသည်။ တစ်ခြားအကြီးအကဲသုံးယောက်ကို နတ်ဆိုးနယ်မြေအတွေ့အကြုံများ ကြွားလုံးထုတ်ရန် သွားရှာကြသည်။

ခရီးထွက်ခဲ့မိသည့်အဖြစ်ကို အတော်ဝမ်းသာနေကြသည်။

လုယန် အသိပြန်ဝင်လာချိန်တွင် ကန်ထန်၊ မုန်ကျင်းကျိုး၊ ကျန်းလျန်ယိနှင့်သူသာ ကျန်ခဲ့တော့သည်။

"အမသုံး၊ အကြီးအကဲလျန်ယိကို ကောင်းကင်ဂိတ်တောင်ထိပ်ဆီ ခေါ်သွားပေးပါလား"

"ကောင်းပြီလေ"

လုယန်နှင့်မုန်ကျင်းကျိုးတို့ မစ်ရှင်ခန်းမထဲ ဝင်ကြသည်။ တိုင်ပုဖန်အခန်းသို့ တန်းသွားသည်။

တရားမျှတမှုအတွက် မကြာခဏထူးထူးခြားခြားစွမ်းဆောင်ခဲ့သူများဖြစ်၍ သူတို့ကို တိုင်ပုဖန်က ချီးကျူးသည်။ အကြောင်းကြားစရာမလိုဘဲ တိုက်ရိုက်ဝင်လာခွင့်ပေးထားသည်။

"ဒေါက် ဒေါက်"

ယဉ်ကျေးမှုအရ လုယန် တံခါးခေါက်လိုက်သည်။

"ဝင်ခဲ့ပါ"

အခန်းထဲမှ တိုင်ပုဖန်အသံ ပေါ်လာသည်။

တိုင်ပုဖန် စိတ်ကောင်းဝင်နေသည်။ အခုတလော နတ်ဆိုးလမ်းစဉ်လှုပ်ရှားမှုများ လျော့သွားသည်။ အေးအေးလူလူနေခွင့်ရသည်။

ထိုင်ခုံတွင် သီချင်းညည်းရင်းထိုင်နေသည်။

ထို့နောက် အခန်းထဲဝင်လာသည့် လုယန်နှင့်မုန်ကျင်းကျိုးကို မြင်သွားသည်။

"ဪ၊ မင်းတို့နှစ်ယောက်ကို မမြင်ရတာတောင် နှစ်ဝက်လောက်ကြာပြီ။ ကန်ထန်က မင်းတို့ကို နတ်ဆိုးနယ်မြေထဲ ခေါ်တယ်လို့ကြားတယ်။

အချိန်တွက်ကြည့်ရင် မင်းတို့ နတ်ဆိုးနိုင်ငံတည်ပွဲတော်ကို မီခဲ့မှာပေါ့။ ပွဲတော်ကြည့်ပြီးမှ ပြန်လာကြတာလား။ အတော်မြန်တာပဲ"

နတ်ဆိုးနယ်မြေအကြောင်း မဟာအကြီးအကဲ သတင်းပို့မည်ကို သူစောင့်နေခဲ့သည်။ ယခု လုယန်တို့က အရင်ရောက်လာသည်။

သူ့ဆရာတို့အဖွဲ့က အပျင်းထူသဖြင့် အငယ်နှစ်ယောက်ကို သတင်းပို့ခိုင်းခြင်းဖြစ်ကြောင်း သူခန့်မှန်းမိသည်။

"ဟုတ်တယ်၊ အမကန်ထန်နဲ့အဖော်ပြုရင်း နတ်ဆိုးနယ်မြေမှာ အတော်အမြင်ကျယ်ခဲ့ရပါတယ်။ မဟာအကြီးအကဲက နတ်ဆိုးနယ်မြေအဖြစ်အပျက်တွေ အကိုတိုင်ဆီ သတင်းသွားပို့ဖို့ပြောလို့ပါ"

"ဟားဟား။ ကဲဒါဆို ပြောပါဦး။ နတ်ဆိုးနယ်မြေမှာ မင်းတို့ဘာတွေကြုံခဲ့ရလဲ။ ဒဏ္ဍာရီဘိုးဘေး ကျန်းကျူးထန်ကို မြင်ခဲ့ရလား"

"မြင်ခဲ့ပါတယ်"

"သူကဘယ်လိုလဲ။ လေးစားစရာဟန်ပန်မျိုးရှိလား"

လုယန် ခပ်တိုတိုပြောပြသည်။

"ဒီလိုရှိပါတယ်။ အိပ်ပျော်နေတဲ့ ဖီးနစ်ဘိုးဘေးကျန်းလျန်ယိကို ကျုပ်နှိုးခဲ့တယ်။ ကောင်းကင်ရုံးတော်ဂိုဏ်းထဲကိုတောင် ခေါ်သွင်းခဲ့တယ်။

အကြီးအကဲလျန်ယိနဲ့ကျုပ် နိုင်ငံတည်ပွဲတော်တက်တယ်။ သူကလည်း ဒီအခွင့်အရေးကို အသုံးချပြီး အရှင်ကျူးထန်ကို ဆူပူငေါက်ငမ်းတယ်။

နောက်ဆုံး မသေမျိုးတစ်ဝက်တိုက်ပွဲတစ်ခု ဖြစ်လာတယ်။ ပြီးတော့ ကူးဖြတ်ခြင်းနတ်ဆိုးအင်ပါယာခြောက်ယောက်လည်း တိုက်ခိုက်ကြတယ်"

ထိုစကားကြားပြီးနောက် တိုင်ပုဖန် ဘာမှမပြောဘဲ ထရပ်လာပြီး ဘေးသို့ဖယ်ပေးသည်။ ထို့နောက် ဖိတ်ခေါ်သည့်လက်ဟန်ပြ၍

"လာပါ ညီလေးလု၊ အခုချိန်ကစလို့ မင်းဟာ မစ်ရှင်ခန်းမသခင်ဖြစ်သွားပါပြီ"

**********************************

All Chapters