← Chapters

အခန်း (၆၂၆)

Vol. 42 Ch. 626

အခန်း (၆၂၆)

Vol. 42 Ch. 626

"ပြီးတော့ မင်းရောပဲ ညီလေးမုန်...အဲ မဟုတ်သေးဘူး။ မစ်ရှင်ခန်းမဒုသခင်မုန်ပေါ့။ မစ်ရှင်ခန်းမကို မင်းတို့နှစ်ယောက်ပဲ တာဝန်ယူသင့်ပြီ"

ခေတ်အပြောင်းအလဲများနှင့် လိုက်မမီတော့သဖြင့် အနားယူသင့်ပြီဟု သူခံစားရသည်။ ရာထူးဆင်းပေး၍ လုပ်ကိုင်နိုင်စွမ်းရှိသူများကို ဦးဆောင်ခိုင်းသင့်သည်။

ထိုနှစ်ယောက်နှင့်မတွေ့မီ လွန်ခဲ့သည့်နှစ်နှစ်က သူ့ကိုယ်သူ အရွယ်ကောင်းဆဲ အနာဂတ်အလားအလာကောင်းသည့် စုစည်းခြင်းအခြေခံအဆင့်တစ်ယောက်ဟု ထင်ခဲ့သည်။

မစ်ရှင်ခန်းမကို တာဝန်ယူစဉ်ကာလအတွင်း နူးညံ့သိမ်မွေ့သည့် ကိစ္စများမှ လိုချင်သည့် သတင်းအချက်အလက်ကို သူနှိုက်ထုတ်နိုင်သည်။ ရှုပ်ထွေးသည့် ပြဿနာများကို ဖြေရှင်းပြီး အမှန်တရားကိုရှာနိုင်သည်။

မကောင်းသူပယ်ကောင်းသူကယ်သည့် မစ်ရှင်များချပေးပြီး ဂျူနီယာများလေ့ကျင့်နိုင်အောင် စီမံနိုင်ခဲ့သည်။

သူသည် တာအိုလမ်းစဉ်ဂိုဏ်း၏ အမာခံကျောရိုးဟုပြောလျှင် လွန်မည်မထင်။

ယခု သူသည်အမာခံမဟုတ်တော့ဟု ခံစားရသည်။ ထိုနှစ်ယောက်၏ကိစ္စများကို လုံးဝနားမလည်တော့။

ပထမဆုံးခရီးစဉ် ထာဝရဂိုဏ်းသို့ဝင်သည်။ ထို့နောက် ဂိုဏ်းဖြိုချခံရသည်။

ဒုတိဘခရီးစဉ် လီဟော်ရန်သည် ကိုးငရဲဂိုဏ်းချုပ်ဖြစ်ကြောင်း သိလာကြသည်။

တတိယခရီးစဉ် ကောင်းကင်ရုံးတော်ဂိုဏ်းကိုတည်ထောင်၍ ကိုးငရဲဂိုဏ်းနှင့်လက်တွဲသည်။

စတုတ္ထခရီးစဉ် ကူးဖြတ်ခြင်းအဆင့် မဟာယုကျင့်ကြံသူကို ချင်းကျိုးတွင်တွေ့သည်။ အမယွမ် ဝင်လှုပ်ရှားရသည်။

ပဥ္စမခရီးစဉ် ဟန်ရွှေ့မြို့တွင် မဟာယုကျင့်ကြံသူသုံးယောက်နှင့်တိုးသည်။ အားလုံးကူးဖြတ်ခြင်းအဆင့်များဖြစ်သည်။ သုံးယောက်လုံးကိုဖမ်းလာကြသည်။

ဆဋ္ဌမခရီးစဉ် ဒဏ္ဍာရီဖီးနစ်ဘိုးဘေးကို အသက်သွင်းပြီး နတ်ဆိုးနိုင်ငံတည်ပွဲ ဂယက်ထအောင်လုပ်ခဲ့သည်။

..မင်းတို့က ကန်ထန်ကို ရှေးဟောင်းသမိုင်းကူညီလေ့လာဖို့သွားတာလို့ ငါကြားပါတယ်။ ဘယ်လိုလုပ် ဖီးနစ်ဘိုးဘေးကို ခေါ်ထုတ်လာတာလဲ...

နောက်တစ်ကြိမ်မင်းတို့အပြင်ထွက်ရင် ဘာတွေဖြစ်လာမယ်ဆိုတာတောင် ငါမခန့်မှန်းနိုင်ဘူး...

ဒဏ္ဍာရီ မသေမျိုးတစ်ဝက်။ ခရီးတစ်ခါထွက်ရုံဖြင့် အသက်သွင်းခဲ့သည်။ မသေမျိုးတစ်ဝက်တိုက်ပွဲဖြစ်အောင် ဖန်တီးခဲ့သည်။

ကူးဖြတ်ခြင်းအဆင့်ခြောက်ယောက် မသေမျိုးတစ်ဝက်နှစ်ယောက်ပါဝင်သည့် တိုက်ပွဲမျိုး သူ့တစ်သက်တစ်ခါမှမမြင်ဖူး။ ထိုနှစ်ယောက်က မြင်ရုံသာမဟုတ်။ အဓိကတိုက်ပွဲဖန်တီးသူများဖြစ်သည်။

"မဟုတ်ဘူး.. မဟုတ်ဘူး။ ဒါတော့မဖြစ်ပါဘူး"

လုယန် အတင်းလက်ခါ၍ တိုင်ပုဖန်ကမ်းလှမ်းချက်ကိုငြင်းသည်။

"ထိုင်ပါ၊ ငါ့ဆရာကို ငါပြောလိုက်မယ်။ သူလည်း သေချာပေါက်သဘောတူမှာပါ"

"မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်က အဆင့်နိမ့်ပါတယ်။ ဒီတာဝန်မျိုးယူဖို့ ကျင့်စဉ်အားနည်းလွန်းပါတယ်"

မုန်ကျင်းကျိုးလည်း လုယန်စကားကို ထောက်ခံရန် ထရပ်လာသည်။

"ဟုတ်ပါတယ်။ သူမစ်ရှင်ခန်းမသခင်မဖြစ်နိုင်ပါဘူး။ သူက ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ သခင်လေးပါ။ အကြီးအကဲလျန်ယိရဲ့ အကိုကြီးပါ။

အကြီးအကဲလျန်ယိလည်း အခု ကျုပ်တို့ဂိုဏ်းမှာရောက်နေတယ်။ ဒီအကြောင်း သူသိရင်လည်း သဘောတူမှာမဟုတ်ဘူး"

တိုင်ပုဖန် မုန်ကျင်းကျိုးကို တအံ့တဩလှည့်ကြည့်သည်။ နားမလည်အောင်ဖြစ်နေသည်။

နတ်ဆိုးနယ်မြေတွင် ထိုနှစ်ယောက် ဘာတွေလုပ်ခဲ့သည်မသိ။

သူ့လက်နှစ်ဘက်ကို လုယန်ပုခုံးပေါ်တင်၍ သူ့ထိုင်ခုံပေါ်ဖိချသည်။

ပြုံးရွှင်သည့်မျက်နှာ ချိုသာသည့်စကားသံဖြင့် လုယန်ကို လက်ဖက်ရည်ကိုယ်တိုင် ငှဲ့ပေးသည်။

"လုပ်ပါ၊ သခင်လု။ နတ်ဆိုးနယ်မြေက ခင်ဗျားအတွေ့အကြုံတွေ ပြောပြပါဦး"

နှစ်ယောက်လုံးက တစ်လှည့်စီမေးမြန်းရင်း လိုသည့်အချက်အလက်များ ဖြည့်ဆည်းရင်း နတ်ဆိုးနယ်မြေအတွေ့အကြုံများကို ပြောပြကြသည်။

နတ်မယ်အကြောင်းတော့ ချန်ထားသည်။ လုယန်၏ကံကြောင့် ဖန်တီးခြင်းရှေးဟောင်းမြေတွင် စူးစမ်းရင်း ကျန်းလျန်ယိကိုနှိုးခဲ့သလိုသဘော ဖြစ်သွားသည်။

တိုင်ပုဖန် နဖူးကိုလက်ဖြင့် အုပ်လိုက်သည်။ ထူးခြားဆန်းကြယ်လွန်းသည့် သူတို့အတွေ့အကြုံများကို နားမလည်နိုင်တော့။

"ဒါဆို မင်းတို့ပြောတဲ့သဘောက နတ်ဆိုးနိုင်ငံလည်း ကောင်းကင်ရုံးတော်အပိုင်ပဲပေါ့"

"အဲလိုနားလည်လို့ရပါတယ်။ တစ်ခြားဘာမှပြောစရာမရှိတော့ရင် ကျုပ်တို့သွားတော့မယ် အကိုတိုင်"

လုယန် သတိဖြင့်ပြောသည်။ တိုင်ပုဖန် နဖူးကိုလက်ဖြင့်အုပ်နေသည့်အချိန်ကို အခွင့်ကောင်းယူပြီး မုန်ကျင်းကျိုးနှင့်အတူ အမြန်ထွက်သွားသည်။

အကြောင်းအရာများကြား တိုင်ပုဖန် အတွေးနက်လျက်သား ကျန်ရစ်ခဲ့သည်။

သူတို့နှစ်ယောက် မစ်ရှင်ခန်းမတံခါးတွင် လမ်းခွဲ၍ သက်ဆိုင်ရာတောင်ထိပ်သို့ ပြန်ကြသည်။

ပြန်ရောက်သည်နှင့် နတ်ဝိညာဉ်အဆင့်သို့တက်ရန် မုန်ကျင်းကျိုးရည်ရွယ်ထားသည်။

သူ့လှိုဏ်ဂူဝတွင် လောင်မာက အေးအေးလူလူမြက်ခြောက်ဝါးနေသည်။

"လောင်မာ၊ နတ်ဆိုးနယ်မြေကနေ ကျုပ်ပြန်လာပြီ။ ဒီတစ်ခေါက်ခင်ဗျားလိုက်မလာတာ တကယ်နစ်နာသွားပြီ။ ခရီးစဉ်က တကယ်အကျိုးရှိခဲ့တယ်"

မြင်းအိုနားထောင်ထောင် မထောင်ထောင် သူအရေးမစိုက်။ ခြောက်လအတွင်း နတ်ဆိုးနယ်မြေမှ အတွေ့အကြုံများကို ပြန်ပြောပြသည်။

အားလုံးသိရပြီးနောက် မြင်းအို နောင်တကြီးစွာရသည်။ ကြောက်လန့်နေခဲ့သဖြင့် မသေမျိုးတစ်ဝက်တိုက်ပွဲ ကြည့်ခွင့်မရလိုက်သည့်အဖြစ်ကြောင့် ကိုယ့်ကိုယ်ကို မုန်းမိသည်။

ဖီးနစ်ဘိုးဘေး၏ထောက်ခံမှုသာရလျှင် ဘာကိုကြောက်စရာရှိမည်နည်း။

နတ်ဆိုးနယ်မြေကို စိတ်အေးလက်အေး သူလှည့်လည်သွားလာနိုင်သည်။

နောက်တစ်ကြိမ် ထိုအဖြစ်မျိုးမကြုံစေရတော့။ နောက်တစ်ကြိမ် ထိုကောင်လေးနာက်လိုက်ပြီး လောကကြီးကို ကြည့်ရမည်။

"အကြီးအကဲလျန်ယိက အမယွမ်နဲ့ တွေ့ပြီးပြီလားမသိဘူး"

လုယန် နည်းနည်းစိုးရိမ်နေသည်။

လုယန်တောင်ထိပ်သို့ ရောက်လာသည်။ စိုးရိမ်နေပုံရသည့် ကန်ထန်ကိုသာမြင်ရသည်။ ယွမ်ကျိနှင့် ကျန်းလျန်ယိအရိပ်အယောင်ကို မမြင်ရ။

ကန်ထန်က ကျောက်စားပွဲတစ်ခုတွင် ထိုင်နေသည်။ လက်ချောင်းနှင့်လက်ညှိုးများကို အချင်းချင်းဆုပ်နယ်နေသည်။ စိတ်မငြိမ်သည့်လက္ခဏာဖြစ်သည်။

"အမသုံး၊ အမယွမ်နဲ့ အကြီးအကဲလျန်ယိ ဘယ်သွားလဲ"

"ဪ၊ မောင်လေးလု၊ ခုနကပဲ ဘာစိတ်ကူးပေါက်တယ်မသိဘူး။ အကြီးအကဲလျန်ယိက အမယွမ်ကိုတွေ့တွေ့ချင်း အရည်အချင်းစစ်ဆေးချင်တယ်လို့ပြောတယ်။ အမယွမ်ကလည်း ချက်ချင်းသဘောတူတယ်။

တိုက်ကြခိုက်ကြရန် ဆူဆူညံညံဖြစ်မှာစိုးလို့ အမယွမ်ဖန်တီးထားတဲ့ သီးခြားလေဟာနယ်ထဲ ဝင်သွားကြတယ်။ အဲဒီ့ကတည်းက ငါစောင့်နေတာ အခုထိပဲ"

လုယန် မင်သက်မိသွားသည်။

အကြီးအကဲလျန်ယိ..ခင်ဗျားတကယ်ရဲတင်းတာပဲ။ အမယွမ်ကို ရောက်ရောက်ချင်းစိန်ခေါ်တယ်ပေါ့

"အမသုံးက အမယွမ်ရှုံးမှာကို စိုးရိမ်နေတာလား"

ကန်ထန်က သက်ပြင်းချ၍ လုယန်ကို ထိုင်ဖို့လက်ဟန်ပြသည်။

"ဒီလောကကို အခုမှရောက်လာတဲ့ အကြီးအကဲလျန်ယိ တိုက်ပွဲရှုံးပြီး တာအိုနှလုံးပျက်စီးသွားမှာ ငါစိုးရိမ်နေတာပါ။

အမယွမ်က တိုက်ခိုက်ပြီဆို ဘယ်တုန်းကမှ အားလျှော့မသုံးတတ်ဘူး။ ငါသိထားသလောက်တောင် သူ့ကြောင့် တာအိုနှလုံးပျက်စီးသွားတဲ့ ငါတို့အကိုအမတစ်ချို့ရှိတယ်။ တာအိုနှလုံးပြုပြင်ဖို့ နှစ်ပေါင်းရာချီအချိန်ယူခဲ့ရတယ်"

"သူတို့က တာအိုနှလုံးကိုဘယ်လိုပြန်ပြုပြင်ကြလဲ"

လုယန် စပ်စုလိုက်သည်။ တာအိုစိတ်နှလုံးပြုပြုင်၍ရကြောင်း ပထမအကြိမ်ကြားဖူးခြင်းဖြစ်သည်။ ပေးဆပ်မှုကတော့ ကြီးမားသည်။ နှစ်ပေါင်းရာချီအချိန်ယူရသည်။

"ကျင့်စဉ်စွမ်းအားကိုနှိပ်ကွပ်ပြီး အဆင့်နိမ့်ကျင့်ကြံသူလို့အယောင်ဆောင်တယ်။ လူငယ်တွေကြားမှာ ဆောင့်ကြွားကြွားလုပ်တယ်။ တစ်ခြားလူတွေက သူတို့စွမ်းအားနိမ့်တာ ပါရမီနည်းတာကိုလှောင်မယ်။ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောကြမယ်။

အဲဒီ့အချိန်ကျမှ သူတို့စွမ်းအားအစစ်နည်းနည်းထုတ်သုံးပြီး ပြန်တိုက်ခိုက်တယ်။ ချီကျင့်ကြံမှုအဆင့်ကနေစပြီး ဂိုဏ်းငယ်တစ်ခုကို ဝင်ကြတယ်။ အခြေတည်အဆင့်ရောက်တာနဲ့ အဲဒီ့ဂိုဏ်းငယ်က သူတို့ဆက်တိုးတက်အောင် မလုပ်ပေးနိုင်တော့ဘူး။ အဲဒီ့အချိန် အလတ်တန်းစားဂိုဏ်းတစ်ခုကို သူတို့ပြောင်းတယ်။

ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်ကို ဆက်ရောက်တယ်ပေါ့။ ကျင့်စဉ်ခရီးမှာ ဒီလိုအဆင့်ဆင့်ဖြတ်သန်းတဲ့ဖြစ်စဉ်တွေကို အထပ်ထပ်လုပ်တယ်။ ဒီနည်းလမ်းက အတော်လေးထိရောက်မှုရှိတယ်။

တစ်ချို့က အဲလိုလုပ်ရင်းနဲ့ အရွယ်လွန်အချစ်ဇာတ်လမ်းတွေ ဖြစ်လာပြီး လက်ထပ်ကြသွားကြတယ်။ သူတို့ဘဝရဲ့ 'ဒုတိယနွေဦး'ကို ခံစားကြတယ်။

သူတို့ရဲ့စိတ်ဓာတ်က အရင်ထက် နုပျိုသွားတယ်။ အချစ်ရဲ့စွမ်းအားနဲ့ ခွန်အားပါ တိုးလာကြတယ်လေ"

လုယန် "..."

ဒါဆို အဲဒီ့စီနီယာတွေက နှစ်ပေါင်းရာချီ ကြွားလုံးထုတ်ပြီး ဟန်ရေးပြကြတဲ့သဘောပေါ့...

သူတို့စကားပြောနေစဉ် အထက်မှ လေဟာနယ်ပွင့်သွားသည်။ ကျန်းလျန်ယိ ကောင်းကင်မှ မြေပြင်သို့ ဘုန်းခနဲကျလာသည်။ ဖုန်မှုန့်များအလိပ်လိုက်ထလာသည်။

လုယန်နှင့်ကန်ထန်တို့ အမြန်ပြေး၍ အခြေအနေစစ်ဆေးကြည့်ကြသည်။

ကျန်းလျန်ယိ အသက်မရှူတော့။ အသက်ဓာတ်လက္ခဏာ မရှိတော့။

"အကြီးအကဲလျန်ယိ၊ အဆင်ပြေရဲ့လား"

လုယန်စိုးရိမ်တကြီးမေးသံကြောင့် ကျန်းလျန်ယိ ငေါက်ခနဲထထိုင်လာသည်။ သူ့ရင်ထဲ တုန်လှုပ်နေဆဲဖြစ်သည်။

"သီသီလေးပဲ။ ဒီလောက်စွမ်းအားကြီးတဲ့မျိုးဆက်သစ်တစ်ယောက် အနာဂတ်မှာရှိနေမယ်လို့ မတွေးမိခဲ့ဘူး။

ကံကောင်းလို့ ငါမရှုံးခင် ကိုယ့်ကိုယ်ကိုသတ်သေပြီး တိုက်ပွဲအဆုံးသတ်ခဲ့တာ။ ဒီလိုဆို ဒီပွဲကို သရေပွဲလို့ ‌ပြောလို့ရသွားပြီ"

*************************************

All Chapters