လျှို့ဝှက်ရန်သူ
Vol. 42 Ch. 627
တိုက်ပွဲအကြောင်း ကျန်းလျန်ယိပြန်စဉ်းစားနေသည်။ စိတ်လှုပ်ရှားစရာကောင်းသလို အလွန်လည်းအန္တရာယ်များသည်။
"ဂိုဏ်းချုပ်ပီသတယ်။ တကယ်စွမ်းအားကြီးတာပဲ။ ခုနက ဂိုဏ်းချုပ်ယွမ်နဲ့ သီးခြားလေဟာနယ်မှာ ငါတိုက်ခိုက်တယ်။ တစ်ခဏအတွင်း တိုက်ကွက်တစ်ရာကျော်သွားတယ်။
အနိုင်အရှုံးဆုံးဖြတ်ဖို့ခက်တယ်။ စိတ်ဓာတ်စစ်ဆင်ရေးတွေ နည်းဗျူဟာတွေက ရှုပ်ထွေးလွန်းလို့ လွယ်လွယ်နဲ့ ရှင်းပြလို့မရဘူး။
ဂိုဏ်းချုပ်ယွမ်ရဲ့ တိုက်ကွက်တွေက ရက်စက်တယ်။ နောက်မျိုးဆက်တွေရဲ့ တောက်ပမှုပြယုဂ်ပဲ။
လက်ရှိခေတ်က အရင်ကနဲ့မယှဉ်နိုင်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ငါအမြင်တော့ ဒီအတွေးဟာမှားတယ်။
ခေတ်သစ်ရဲ့ထိပ်ဆုံးစွမ်းအားရှင်ဖြစ်တဲ့ ဂိုဏ်းချုပ်ယွမ်က အားလုံးကို သက်သေပြလိုက်ပြီ။
ငါတို့နှစ်ယောက်တိုက်ပွဲက ပြင်းထန်တယ်။ လေဟာနယ်တွေ ကြေမွသွားတယ်။ အချိန်စက်ဝန်းတုန်ခါသွားတယ်။ အဖျက်ချီတွေ နေရာအနှံ့ပဲ။
အစက ဖီးနစ်ပြန်မွေးဖွားခြင်းနည်းလမ်းနဲ့ ငါ့စွမ်းအားကိုထုတ်ပြီး အပြီးသတ်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ။ ဒါပေမယ့် စိတ်မကောင်းစရာက ငါတို့ရဲ့ သီးခြားလေဟာနယ်ဂိတ်တံခါး အမှတ်မထင်ပွင့်သွားပြီး ငါပြုတ်ကျလာတယ်။
တိုက်ပွဲက အနိုင်အရှုံးမကွဲပြားပဲ အဆုံးသတ်သွားတယ်။ သရေလို့ပဲ သတ်မှတ်ရတော့မှာပေါ့"
လုယန် "..."
ကန်ထန် "..."
ကျန်းလျန်ယိ၏ စိတ်ထားအရ သူရှုံးသွားလျှင်ပင် တာအိုနှလုံးပျက်စီးမည်ဟု လုယန်မထင်မိ။
နတ်မယ်က ကျန်းလျန်ယိ၏ တိုက်ပွဲရလာဒ်ကို အတော်ကျေနပ်နေသည်။
"ငါ့ရဲ့အမည်မခံတပည့် ပီသလိုက်တာ။ အရေးကြီးတဲ့အချိန်မှာ အနိုင်ရနှုန်းကို ဒီလိုနည်းလမ်းသုံးပြီး ထိန်းသိမ်းနိုင်တယ်။
တကယ်အလားအလာကောင်းတဲ့ ပါရမီပဲ။
ငါက ရှောင်ယွမ်နဲ့ လက်ရည်တူတိုက်ခိုက်မယ်။ နင်နဲ့ဒုခေါင်းဆောင်ကလည်း ငါ့ကိုကူညီမယ်ဆိုရင် အောင်ပွဲရမှာ သေချာပေါက်ပဲ"
လက်ရည်တူတိုက်ပွဲများတွင် အသေးအဖွဲအပြောင်းအလဲလေးတစ်ခုပင် တိုက်ပွဲရလာဒ်ကို ပြောင်းလဲနိုင်သည်။
ယွမ်ကျိ သီးခြားလေဟာနယ်မှ ပျံထွက်လာသည်။ ကျန်းလျန်ယိပြောနေသည့် တိုက်ပွဲသရုပ်ဖော်ကိုကြားပြီး နည်းနည်းစိတ်ပျက်သွားသည်။
...ရှင်ပဲ ရှေးဟောင်းနတ်စွမ်းအားနည်းနည်းပြချင်လို့ပါဆိုပြီး အရင်တိုက်ခိုက်ခဲ့တာပဲ။ စက္ကန့်ပိုင်းအတွင်း မှော်ပညာရာချီထုတ်သုံးခဲ့တာပဲမဟုတ်လား။
"အမယွမ်"
လုယန် ရိုရိုသေသေနှုတ်ဆက်သည်။
"နတ်ဝိညာဉ်အဆင့်ကိုရောက်ပြီပေါ့။ မဆိုးပါဘူး။ အခြေခံကလည်း အားကောင်းတယ်။ အဆင့်တက်ပြီးစမှာတောင် အခြေတည်ငြိမ်အောင် လုပ်ဖို့မလိုဘူး။ ပြိုင်ဘက်ကင်းသန္ဓေရှိခဲ့တဲ့လူ တကယ်ပီသပါတယ်"
ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။ လုယန်တိုးတက်မှု မြန်ဆန်သည်။ နတ်ဆိုးနယ်မြေတွင်ရှိခဲ့သည့် ခြောက်လအတွင်း ရေသာမခိုခဲ့မှန်း သိသာသည်။
"ကန်ထန်၊ အကြီးအကဲခြောက်က မင်းကိုလွမ်းနေတာ။ အခု ဂိုဏ်းကိုပြန်ရောက်ပြီဆိုတော့ သူ့ကိုသွားတွေ့လိုက်တာကောင်းမယ်။ အကြီးအကဲက မင်းကိုလာရှာရရင် မသင့်တော်ဘူး"
"ကောင်းပါပြီ"
ယွမ်ကျိရှေ့တွင် ကန်ထန်သည် နတ်ဆိုးနယ်မြေ၌ရှိခဲ့စဉ်ကလို စည်းမဲ့ကမ်းမဲ့ပုံစံမျိုးမဟုတ်တော့။ ပြောစကားနားထောင်သည်။
ကန်ထန်တောင်ပေါ်မှ ဆင်းသွားပြီးနောက် ယွမ်ကျိက လုယန်ကိုထိုင်ရန် အချက်ပြသည်။ ကျန်းလျန်ယိကိုလည်း ကျောက်သားထိုင်ခုံတွင် ထိုင်ဖို့ဖိတ်ခေါ်သည်။
"အမယွမ်၊ ဒါတွေက နတ်ဆိုးနယ်မြေကနေ ကျုပ်ပြန်ယူလာတဲ့ အထူးထွက်ကုန်တွေပါ"
ရတနာများထုတ်ပြသကဲ့သို့ လုယန်က ကျောက်စိမ်းတံဆိပ်ထဲမှ တော်ဝင်ပလ္လင်များဆွဲထုတ်သည်။ ကျူးထန်အတင်းလက်ဆောင်ပေးလိုက်သည့် ပလ္လင်များဖြစ်သည်။
ကျောက်ထိုင်ခုံများနေရာတွင် ပလ္လင်များအစားထိုးလိုက်ပြီးနောက် လေထုက ချက်ချင်းပြောင်းလဲသွားသည်။
"ရှောင်လု၊ စီနီယာနတ်မယ်၊ နတ်ဆိုးနယ်မြေမှာ ဘာတွေလုပ်ခဲ့လဲ။ အကြီးအကဲလျန်ယိ ဘာကြောင့်အသက်ပြန်ရှင်လာတာလဲ"
ယွမ်ကျိက စိတ်ထိန်းချုပ်ထားသည့်လေသံဖြင့် မေးသည်။
အမှန်တော့ ကန်ထန်နှင့်ကျန်းလျန်ယိပေါ်လာချိန်တွင် သူလည်း အတော်အံ့အားသင့်ခဲ့သည်။
ထိုကိစ္စ လုယန်နှင့်နတ်မယ်ကြောင့်ဖြစ်ကြောင်း တွေးနေစရာပင်မလို။
နတ်မယ်ထွက်လာသည်။ ဒူးတစ်ဝက်ကွေးပုံစံဖြင့် ဝင်ထိုင်သည်။
လူတစ်ယောက်၊ နတ်ဆိုးတစ်ယောက်၊ ဝိညာဉ်တစ်ခု အတွေ့အကြုံများ အသေးစိတ်ပြန်ပြောကြသည်။ လောကတည်ဆောက်ပုံ၊ ချီလင်ချန်ခဲ့သည့် ပုံရိပ်မှတ်တမ်း၊ ရှေးဟောင်းခေတ်တိုက်ပွဲနောက်ကွယ်မှ ကြိုးကိုင်သူအကြောင်းများ ပြောပြသည်။
ယွမ်ကျိ အတော်ကြာအောင် အသံတိတ်သွားသည်။ ဤတစ်ကြိမ် ထင်မှတ်မထားဘဲ တကယ်အကျိုးများခဲ့သည်။
"မသေမျိုးတွေရဲ့တိုက်ပွဲကို အချိန်တိုအတွင်း မဆုံးဖြတ်နိုင်ဘူး။ အထူးသဖြင့် ပုန်းနေတဲ့ကြိုးကိုင်သူက ကြောင်းကျိုးအရိယဖလပိုင်ရှင်ဖြစ်နေရင် ရင်ဆိုင်ဖို့ ပို၍ခက်ခဲတယ်။
ရှေးမသေမျိုးလေးယောက်ကို ခုနစ်ရက်ခုနစ်ညကြာ တိုက်ခိုက်နိုင်တယ်ဆိုတော့ ရန်သူက ထင်ထားတာထက် ပိုအားကောင်းနေတယ်"
နတ်မယ်ခေါင်းငြိမ့်သည်။
"ငါလည်းအဲလိုပဲတွေးပါတယ်"
ထို့နောက် ဒေါသသံဖြင့်
"ချီလင်မသေမျိုးဆိုတဲ့ကောင်၊ သူဘာတွေစီစဉ်နေလဲမသိဘူး။ ဒါမှမဟုတ် သူအိပ်မောကျနေတာများလား။ လျန်ယိက နတ်ဆိုးနိုင်ငံမှာ ဒီလောက်နာမည်ကြီးသွားတာတောင် သူပေါ်မလာဘူး"
ထိုသို့ဖြစ်လာစေလို၍လည်း ကျန်းလျန်ယိ နတ်ဆိုးနိုင်ငံတည်ပွဲတော်တွင် လူလုံးထွက်ပြခဲ့ခြင်းဖြစ်သည်။
ကောင်းကင်ပလ္လင်ထက်တွင် သူရပ်နေလျှင် နတ်မယ် ပြန်ရှင်သန်ပြီးသည့်သဘောဖြစ်သည်။ ထိုအဓိပ္ပါယ်ကို ချီလင်မသေမျိုးသိစေချင်သည်။
သို့သော် ချီလင်ပေါ်မလာ။ သူ့အခြေအနေ အတော်ရှုပ်ထွေးနေသည့်သဘောဖြစ်သည်။
အကြောင်းတစ်ခုကြောင့် အိပ်စက်နေခြင်းလား။ သို့မဟုတ် နတ်မယ်ကို သူတွေ့၍မရခြင်း၊ မတွေ့သင့်သေးခြင်းကြောင့်လားမသိ။
ပုံရိပ်မှတ်တမ်းထဲတွင် ယုံကြည့်ချက်အပြည့်ဖြင့် ချီလင်ကပြောသည်။
ရန်သူက အရမ်းအန္တရာယ်များတယ်။ အားလုံးငါ့တာဝန်ထားပါ...
မိန်းမ၊ မင်းသေချာပေါက် ထာဝရ(-)ကိုတွေ့လိမ့်မယ်...
မင်းပြန်ရှင်သန်လာတဲ့အတွက် ဝမ်းသာပါတယ် ထာဝရ(-)...
ထိုစကားလုံးများပြောပြီးပြီးချင်း ပုန်းနေသည့်ရန်သူက လျှို့ဝှက်လုပ်ကြံသွားခြင်းလည်းဖြစ်နိုင်သည်။
ယွမ်ကျိ ခေါင်းခါသည်။
"တကယ်တော့ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိသေးတယ်မဟုတ်လား။ ရှင်တို့နှစ်ယောက်လုံး အဲဒါကို မတွေးချင်ကြလို့ပါ"
ယွမ်ကျိစကားကို လုယန် နားမလည်။
သို့သော် နတ်မယ်နှင့် ကျန်းလျန်ယိတို့က မျက်နှာနည်းနည်းပျက်သွားသည်။
ယွမ်ကျိဆက်ပြောသည်။
"ချီလင်သေသွားတာလည်းဖြစ်နိုင်တယ်။ အရိယဖလဖိအားပျောက်သွားမယ်။ မသေမျိုးတစ်ဝက်တစ်ယောက်က ဒါကိုအခွင့်ကောင်းယူပြီး မသေမျိုးဖြစ်လာမယ်။ ဖိအားကိုပြန်တည်ဆောက်မယ်လေ"
လုယန်ရင်ထဲ ဒိန်းခနဲဖြစ်သွားသည်။ ထိုသို့လည်း တကယ်ဖြစ်နိုင်သည်။
"ဒါပေမယ့် မသေမျိုးအဆင့်တက်ရင် ဖုံးကွယ်လို့မရနိုင်တဲ့ မိုးမြေအပြောင်းအလဲတွေ ပေါ်လာတယ်လို့ ပြောတယ်မဟုတ်လား။
အဲဒီ့မသေမျိုးတစ်ဝက် မသေမျိုးအဆင့်တက်တာကို ဘယ်သူမှ သတိမထားမိကြတာလား"
"မသေမျိုးအဆင့်တက်တာ တကယ့်အပြောင်းအလဲကြီးတွေပေါ်လာတယ်။ ဒါပေမယ့် ဖုန်းကွယ်ဖို့ မဖြစ်နိုင်ဘူးရယ်တော့ မဟုတ်ဘူး။
ဥပမာ တပ်ဖွဲ့နှစ်ခု တိုက်ပွဲဖြစ်နေချိန် ဒါမှမဟုတ် မသေမျိုးတစ်ယောက်တိုက်ခိုက်နေချိန်ကိုသုံးပြီး အဆင့်တက်တာကို ဖုံးဖိလို့ရတယ်။
လွန်ခဲ့တဲ့နှစ်တစ်သိန်းက ဒီနည်းလမ်းသုံးပြီး လူတစ်ယောက် မသေမျိုးအဆင့်တက်ခဲ့တယ်။
ဒါပေမယ့် ချီလင်မသေမျိုးသေသွားဖို့ကတော့ ဖြစ်နိုင်ခြေ အရမ်းနည်းပါတယ်။ သူ့အရိယဖလစွမ်းရည်တွေကြောင့် သူ့ကိုသတ်ဖို့ဆိုတာ အရမ်းခက်တယ်လေ။
ဒီလိုအဆင့်မြင့်တိုက်ပွဲကြီးတစ်ခုဖြစ်ရင် ရှေးကျမ်းစာတွေမှာ မှတ်တမ်းရှိမှာပဲ"
ယွမ်ကျိစကားကြောင့် နတ်မယ်နှင့်ကျန်းလျန်ယိတို့ နည်းနည်းစိတ်သက်သာရာရသွားသည်။
ယွမ်ကျိဆက်ပြောသည်။
"အကြီးအကဲလျန်ယိပြောတဲ့ မသေမျိုးလေးယောက်ရဲ့တိုက်ပွဲအရဆို နောက်ထပ်မေးခွန်းတစ်ခုရှိလာပြီ။
ထာဝရအရိယဖလသန္ဓေ သိမ်းယူဖို့ပြင်ဆင်နေတဲ့ မသေမျိုးကို မှတ်မိသေးလား"
လုယန်နှင့်နတ်မယ် ခေါင်းငြိမ့်သည်။ သူတို့မှတ်မိသည်။
ထာဝရအရှင်မွေးဖွားပြိးနောက် အရိပ်တစ်ခုက သူ့ကိုစောင့်ကြည့်နေခဲ့သည်။ အရိယဖလသန္ဓေကို သိမ်းယူချင်သောကြောင့်ဖြစ်သည်။
နောက်ပိုင်း ယွမ်ကျိက ထိုအရိပ်ကိုတွေ့သဖြင့် ဖျက်ဆီးလိုက်သည်။ မသေမျိုးတစ်ယောက်၏ကိုယ်ပွားရုပ်ဖြစ်ကြောင်းတွေ့ရသည်။
ထိုလူ၏အမူအရာကို ယွမ်ကျိရင်းနှီးနေသည်။ တစ်ခါက မဟာရှားသို့ခိုးဝင်လာသည့် ထိုအရိပ်၏ မူလခန္ဓာကိုယ်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။
"ဒီပြိုင်ဘက်က မသေမျိုးဆိုတာ သေချာတယ်။ ဒါပေမယ့် ရှေးမသေမျိုးလေးယောက်ကို ခုနစ်ရက်ခုနစ်ည တိုက်ခိုက်နိုင်တဲ့အဆင့်တော့မဟုတ်ဘူး"
"သူ့စွမ်းအားကို လျှိုထားတာများလား"
လုယန် ထင်ကြေးပေးသည်။
ယွမ်ကျိခေါင်းခါသည်။
"သူ့စွမ်းအားအစစ်ကို ဖုံးကွယ်ထားရင်လည်း ငါအာရုံခံနိုင်မှာပဲ။ အဲဒါ သူ့စွမ်းအားအစစ်ပါ"
"ဒဏ်ရာအပြင်းအထန်ရလို့ ကုစားနေတာရောဖြစ်နိုင်လား"
"ဒါလည်းမဖြစ်နိုင်ဘူး။ ဘယ်ဒဏ်ရာမှ နှစ်သုံးသိန်းကြာအောင် မကုရဘူး။ ငါနဲ့တိုက်ခိုက်တုန်းက သူဒဏ်ရာရထားတဲ့ပုံမပေါ်ဘူး"
လုယန် မျက်မှောင်ကျုံ့သွားသည်။ ပုန်းနေသည့်ကြိုးကိုင်သူအပြင် နောက်ထပ်ပုန်းနေသည့် ရန်သူတစ်ယောက်ရှိနေသည့်သဘောဖြစ်သည်။
ရှေးမသေမျိုးများကို တိုက်ခိုက်ခဲ့သူလောက် စွမ်းအားမကြီးလျှင်ပင် သူတို့နှစ်ယောက်လုံး မသေမျိုးများဖြစ်သည်။ လျှော့တွက်၍မရ။ နားလည်ရခက်လှသည်။
နေပါဦး...ငါကဘာလို့ သူ့ကို ရန်သူတစ်ယောက်လို့ အလိုလိုစဉ်းစားမိနေတာလဲ..
ငါက နတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတာ။ အရည်အချင်းတောင်မမီသေးဘူး...
မူမမှန်သည့်အချက်ကို လုယန် နားလည်လာသည်။ သူ့အတွေးများက မြင့်လွန်းနေသည်။
**********************************