ကြွားလုံး
Vol. 42 Ch. 628
သူ့အတွေးများ အခုတလော နည်းနည်းအခြေအမြစ်မရှိဖြစ်လာကြောင်း သတိထားမိသည်။ အတွေးစိတ်ကိုချက်ချင်းထိန်း၍ သူ့တိုက်ခိုက်စွမ်းအားကို အကဲဖြတ်သည်။
အသန်မာဆုံးရွှေသန္ဓေကျင့်ကြံသူအဖြစ်မှ နတ်ဝိညာဉ်အဆင့်သို့တက်ခဲ့သည်။ သူ့ထက်အဆင့်မြင့်သူများကို တိုက်ခိုက်နိုင်သည်။ ဝိညာဉ်ပြောင်းအခြေခံအဆင့်များကိုပင် တိုက်ခိုက်နိုင်လောက်သည်။
သို့ဆိုလျှင် ဝိညာဉ်ပြောင်းအခြေခံအဆင့်တိုက်ခိုက်စွမ်းအား ပိုင်ဆိုင်သည့်သဘောဖြစ်သည်။
ထို့ပြင် ပူးကပ်ခြင်းပညာဖြင့် နတ်မယ်ထံမှ အကူအညီတောင်းနိုင်သည်။ အရိပ်တုလက်သီးဖြင့် ယွမ်ကျိကို ဆင့်ခေါ်နိုင်သည်။ သို့ဆိုလျှင် သူ့တိုက်ခိုက်စွမ်းအား အဆင့်သစ်တစ်ခုမြင့်သွားသည်။
ထိုအားသာချက်များ အတူစုပေါင်းလိုက်လျှင် မသေမျိုးတစ်ယောက်ကို သူတကယ်ယှဉ်နိုင်လောက်သည်။
"အကြီးအကဲလျန်ယိ၊ ကျွန်မတို့ဂိုဏ်းရဲ့ ဧည့်သည်အကြီးအကဲလုပ်ဖို့ စိတ်ဝင်စားလား"
ယွမ်ကျိ ပွင့်လင်းစွာ ဖိတ်ခေါ်သည်။
"ဧည့်သည်အကြီးအကဲဆိုတာဘာလဲ"
ကျန်းလျန်ယိမျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာသည်။
နတ်ဆိုးနိုင်ငံ၏ အုပ်ချုပ်သူအစစ်။ ဖီးနစ်ဘိုးဘေး။ မသေမျိုးများအောက်တွင် စွမ်းအားအကြီဆုံး။ ယွမ်ကျိနှင့် 'သရေ'တိုက်ခိုက်နိုင်သူ။ သူ့အသဆင့်အတန်းက ထင်ရှားနေသည်။
တာအိုလမ်းစဉ်ဂိုဏ်းကို ဘယ်လိုဝင်မည်နည်း။
ထို့ပြင် ဧည့်သည်အကြီးအကဲဆိုသည်က ဘယ်လိုအကျိုးအမြတ်ရှိ၍ ဘယ်တာဝန်မျိုးထမ်းဆောင်ရမည်ကိုလည်း သူမသိ။
ယွမ်ကျိ ထပ်ပြောသည်။
"ထာဝရနတ်မယ်က ကျွန်မတို့ဂိုဏ်းရဲ့ ပထမဆုံးဧည့်သည်အကြီးအကဲပါ"
"ဒီလိုစိတ်ရင်းနဲ့ဖိတ်ခေါ်တာကို ဘယ်ငြင်းလို့ရပါ့မလဲ"
ယွမ်ကျိနှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။
"ဒါဆို တာအိုလမ်းစဉ်ဂိုဏ်းက ကြိုဆိုပါတယ်။ အကြီးအကဲလျန်ယိက ဂိုဏ်းရဲ့ ဒုတိယဧည့်သည်အကြီးအကဲဖြစ်လာမှာပါ။
ဒါပေမယ့် အကြီးအကဲရဲ့အများသိနာမည်က ကောင်းကင်ရုံးတော်ရဲ့ တော်ဝင်ကာကွယ်သူပါ။ ကျွန်မတို့ဂိုဏ်းကို ပေါ်ပေါ်ထင်ထင်ဝင်မယ်ဆိုရင် ကောင်းကင်ရုံးတော်နဲ့ ကျွန်မတို့ဂိုဏ်း ဆက်စပ်နေတာ လူတွေခန့်မှန်းမိလာမယ်။
ဒီတော့ ဧည့်သည်အကြီးအကဲဖြစ်တာကို လျှို့ဝှက်ပေးထားဖို့ တောင်းဆိုပါတယ်"
"သဘာဝကျပါတယ်။ ဒါဆို ဂိုဏ်းကိုဝင်ရင် ဘာအကျိုးအမြတ်တွေရမှာလဲ။ ငါကဘာတာဝန်မျိုး လုပ်ရမှာလဲ။ ဂိုဏ်းမှာဘယ်လောက်ကြာကြာနေရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးရှိလား"
"ဧည့်သည်အကြီးအကဲအဖြစ် လက်ခံတာကိုက တာအိုလမ်းစဉ်ဂိုဏ်းအတွက် ဂုဏ်ယူစရာဘာ။ အကြီးအကဲရဲ့လွတ်လပ်ခွင့်ကို မချုပ်ချယ်ရဲပါဘူး။
နောင်တစ်ချိန် ဂိုဏ်းမှာအန္တရာယ်တစ်ခုခုကြုံခဲ့ရင်သာ ကူညီပေးပါ။ အပြန်အလှန်အနေနဲ့ ကျွန်မတို့ဂိုဏ်းကနေ ရှင်တစ်ခုခုလိုချင်တာရှိရင်ပြောပါ။ လက်ဆောင်ပေးပါ့မယ်။
ကျမ်းစာတိုက်လိုနေရာမျိုးတွေကိုလည်း ရှင်သွားလို့ရပါတယ်"
ကျန်းလျန်ယိ စဉ်းစားသည်။ အရှုံးတော့မရှိ။ မသေမျိုးအမလည်း ဧည့်သည်အကြီးအကဲဖြစ်သည်။
အောင်းလင်းကိုရှာတွေ့လျှင်လည်း တာအိုလမ်းစဉ်ဂိုဏ်း၏ဧည့်သည်အကြီးအကဲဖြစ်လာလိမ့်မည်။ အဝင်နောက်ကျသူဖြစ်၍ အရင်ဂိုဏ်းဝင်သူကို စီနီယာဟု လေးလေးစားစားခေါ်ရမည်။
နှစ်ဘက်လုံးအကျိုးရှိသည်။
ဂိုဏ်းကပေးမည့်ပစ္စည်းများကိုတော့ လောလောဆယ် သူစိတ်မဝင်စား။
ကျမ်းစာတိုက်သည် နေရာကောင်းတစ်ခုဖြစ်သည်။ ကျင့်ကြံသူလောက၏ အနက်နဲဆုံးအသိပညာများကို ထိန်းသိမ်းထားသည်။ သွားကြည့်သင့်သည်။
"အကြီးအကဲလျန်ယိအနေနဲ့ ဘာဆက်လုပ်ဖို့ရည်ရွယ်ထားလဲ"
ကျန်းလျန်ယိ ခဏစဉ်းစားပြီး အလေးအနက်ပြောသည်။
"ဒီအနာဂတ်လောကသစ်အကြောင်း ငါမသိသေးဘူး။ မရင်းနှီးသေးတဲ့ ကျင့်ကြံသူလောကထဲ လှည့်ပတ်ကြည့်မယ်။ ငါ့ယောက်ျားနဲ့ရှောင်လင်းရဲ့သဲလွန်စကိုရှာမယ်။
တစ်ခြားမသေမျိုးသုံးယောက်ရဲ့ သဲလွန်စကိုပါရှာတွေ့ခဲ့ရင်တော့ ပိုကောင်းတာပေါ့"
"အဲလိုဖြစ်သင့်ပါတယ်"
ယွမ်ကျိ ကျောက်စိမ်းတံဆိပ်တစ်ခုထုတ်၍ ကျန်းလျန်ယိကိုပေးသည်။
"ဒါကဘာလဲ"
"ကျင့်ကြံသူလောကရဲ့ မြေပုံပါ။ အသေးစိတ်အချက်တွေတော့ နည်းနည်းကွဲလွဲမယ်။ အကြမ်းဖျင်းတော့ မှန်မှာပါ"
"ကျေးဇူးတင်ပါတယ်"
အချင်းချင်းငြင်းပယ်လျှင် စိမ်းလွန်းရာကျသည်။
"ရှောင်လု၊ မင်းကအဆင့်တက်ပြီဆိုတော့ နတ်ဝိညာဉ်အဆင့်'ဉာဏ်အလင်းနှလုံး'ကျင့်စဉ်အခန်းကို ရေးဖို့အာရုံစိုက်ပါ။ ငါနောက်မှ ပြန်စစ်ဆေးပေးမယ်"
ကြီးမားသည့်ဖိအားတစ်ခုကို လုယန်ခံစားလိုက်ရသည်။ ခေါင်းကိုက်လာသည်။ နတ်ဆိုးနယ်မြေခရီးစဉ်ကြောင့် နွေးထွေးနေသည့်စိတ်များ ချက်ချင်းအေးခဲသွားသည်။
ကျင့်စဉ်ကျမ်းရေးရလျှင် နောက်တစ်လလုံး ကျမ်းစာတိုက်မှထွက်နိုင်မည်မဟုတ်တော့။
"ကျုပ်နဲ့အတူ ကျမ်းစာတိုက်ကိုလိုက်ခဲ့မလား အကြီးအကဲလျန်ယိ"
ကျန်းလျန်ယိစိတ်ဝင်စားမှန်းသိ၍ လုယန် ကမ်းလှမ်းလိုက်သည်။
"ကောင်းသားပဲ"
ယွမ်ကျိ မှတ်စုတစ်ခုရေး၍ ကျန်းလျန်ယိကို ပေးသည်။
"ကျမ်းစာတိုက်စောင့်တဲ့လူကို ဒါလေးပြလိုက်ပါ။ ဝင်ခွင့်ပေးပါလိမ့်မယ်"
တောင်ပေါ်မှမဆင်းမီ တစ်ခြားဂိုဏ်းဝင်များမမှတ်မိအောင် ကျန်းလျန်ယိ ရုပ်ဖျက်သည်။
နှစ်ယောက်သား တောင်ပေါ်မှဆင်းလာသည်။ ဂိုဏ်းဝင်များ နေရာတစ်ခုဆီ ပြေးလွှားနေသည်ကို မြင်ရသည်။ စိတ်လှုပ်ရှားစရာကိစ္စတစ်ခု ရှိနေပုံရသည်။
"အဲဒါ...လောင်မုန်ရဲံလှိုဏ်ဂူရှိတဲ့ဘက်ပဲ"
မုန်ကျင်းကျိုးအဆင့်တက်တော့မည့်ကိစ္စကို သူပြန်သတိရလာသည်။ ယခုချိန်အဆင့်တက်မည်ကို သူစိုးရိမ်သည်။
ချက်ချင်းစိတ်ပြောင်းပြီး မုန်ကျင်းကျိုးလှိုဏ်ဂူဆီ ဦးတည်လိုက်သည်။
တစ်ခြားလူများထက် နောက်ကျမှရောက်သွားသည်။ ဂိုဏ်းညီအကိုမောင်နှမများ ဝိုင်းအုံနေသည်။
လုယန်နှင့်ကျန်းလျန်ယိ နောက်ဘက်တွင်သာရပ်ကြည့်ရသည်။
လုယန်နှင့်အတူရှိခဲ့သည့် ထိုကောင်လေးကို ကျန်းလျန်ယိ မှတ်မိနေသည်။ သန့်စင်ယန်ပိုင်ရှင်ဖြစ်သည်။ ယန်ချီကြောင့်နာမည်ကျော်သည့် ဖီးနစ်မျိုးနွယ်များပင် သူနှင့်ယှဉ်မရ။
မုန်ကျင်းကျိုးလှိုဏ်ဂူအပြင်ဘက်တွင် အံ့ဖွယ်မြင်ကွင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည်။ ခရမ်းရောင်ချီများ တောင်ကုန်းကို အဆက်မပြတ်လှည့်ပတ်နေသည်။ ရွှေရာင်ကြာပန်းများ မြေပြင်မှထိုးထွက်လာသည်။
ကျမ်းစာရွတ်နေသည့် အရဟတ်ပုံရိပ်များပေါ်လာသည်။ လုယန်အဆင့်တက်စဉ်ကထက် များစွာပိုခမ်းနားသည်။
လူပေါင်းများစွာ အပြေးလာကြည့်ကြသည်မှာမဆန်းတော့။
ဂိုဏ်းအကိုအမများစွာ မုန်ကျင်းကျိုးပါရမီကိုကြည့်၍ အံ့ဩလေးစားကြသည်။
"ကြည့်ဦး၊ ခရမ်းရောင်ချီက လွှမ်းခြုံနေတယ်။ အဲဒါ ခရမ်းချီမှော်အဆောင်ပဲ။ တစ်ခုကို ကျိုးဆောင်မှတ်တစ်သောင်းပေးရတယ်"
"ရွှေကြာပန်းမှော်အဆောင်ရောပဲ။ ကြာတစ်ပွင့်ကို ကျိုးဆောင်မှတ်ငါးထောင်တန်တယ်။ ကြာပွင့်တွေ တစ်ရာကျော်လောက်ရှိမယ်ထင်တယ်"
"ပြီးတော့ ဗုဒ္ဓကျမ်းရွတ်သံနဲ့ အရဟတ်ပုံရိပ်တွေ...ဘုရားရေ ကျိုးဆောင်မှတ်ဘယ်လောက်များသုံးထားလဲမသိဘူး"
"နားထောင်၊ ဖီးနစ်အော်သံလည်းပါတယ်။ ဒါမီးတောက်ဖီးနစ်ဆိုတာလား"
ငွေကြေးအင်အားအရ တာအိုလမ်းစဉ်ဂိုဏ်းတွင် မုန်ကျင်းကျိုးကိုယှဉ်နိုင်သူ ရှားသည်။
ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများပင် အံ့ဩဘနန်းဖြစ်ကြသည်။ သူတို့ထိုမျှလောက်အကုန်အကျမခံနိုင်ကြ။
လုယန်မျက်ခုံးနည်းနည်းလှုပ်သွားသည်။ အစက သူတို့နှစ်ယောက် ဂိုဏ်းသို့ပြန်ရောက်မှ အတူအဆင့်တက်ပြီး ပွဲဆူအောင်လုပ်ဖို့ စီစဉ်ထားသည်။
တစ်သက်တစ်ခါသာ လုပ်ခွင့်ရသည့်အခွင့်အရေးဖြစ်သည်။ ခမ်းခမ်းနားနားဖြစ်ချင်ကြသည်။
ကိုးဆမသေမျိုး မသေမျိုးအဆင့်တက်စဉ်ကလည်း ထိုသို့လုပ်ခဲ့သည်ဟု နတ်မယ်ပြောပြ၍ သူစိတ်ကူးရခဲ့ခြင်းဖြစ်သည်။
မုန်ကျင်းကျိုး ထိုမျှခမ်းနားအောင်လုပ်မည်ဟု ထင်မထား။
မုန်ကျင်းကျိုးပါရမီက သူနှင့်သိပ်မကွာ။ အဆင့်တက်သည့်ကိစ္စက အတွေးတစ်ချက်သာလိုသည်။
အံ့ဖွယ်မြင်ကွင်းများ နာရီဝက်ကြာအောင် ပေါ်နေသော်လည်း အဆင့်တက်သည့်ဖြစ်စဉ် ပေါ်မလာသေး။ အဖြေတစ်ခုသာရှိသည်။ ထိုအံ့ဖွယ်ဖန်တီးချက်များပြီးအောင်စောင့်၍ အဆင့်တက်ရန်ပြင်ထားခြင်းဖြစ်မည်။
ထိုအတွေ လုယန်ခေါင်းထဲဝင်လာပြီးသည်နှင့် မြင်ကွင်းက နောက်တစ်ကြိမ်ပြောင်းလဲသွားပြန်သည်။
ကျမ်းရွတ်နေသည့်အရဟတ်ပုံရိပ်များ၊ ဝိညာဉ်သန့်ရှင်းစေသည့် ကျမ်းရွတ်သံများ၊ ရှေးဟောင်းဘိုးဘေးတို့ပုံရိပ်များ ပေါ်လာသည်။
ပူဇော်မှုတစ်ခုပြုလုပ်နေသကဲ့သို့ မုန်ကျင်းကျိုး၏လှိုဏ်ဂူရှေ့တွင် ဒူးထောက်နေသည်။
စွမ်းအားရှင်တစ်ယောက်က ပန်းတစ်ပွင့်ဖန်တီး၍ ကောင်းချီးပေးသည်။
နတ်ဝိညာဉ်၏အားကောင်းသည့်စွမ်းအင်ရောင် လှိုဏ်ဂူထဲမှ ကောင်းကင်သို့ထိုးထွက်သွားသည်။ ရှိနေသူအားလုံး နတ်ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်သည်။
"ကြည့်ဦးဟေ့၊ ညီလေးမုန်က နတ်ဝိညာဉ်နှစ်ခုရှိတယ်"
မုန်ကျင်းကျိုးနှင့်ပုံစံတူနတ်ဝိညာဉ်နှစ်ခု လေထဲတွင် ခွေလျက်သားဖြင့် လည်ပတ်၍ စွမ်းအင်ရောင်ထုတ်လွှတ်နေသည်။
တဖြေးဖြေး နတ်ဝိညာဉ်တို့လည်ပတ်မှု အရှိန်မြင့်လာသည်။ ပြည့်စုံသည့်စက်ဝန်းပုံတစ်ခုဖြစ်လာသည်။
"ထိုက်ချိအမှတ်အသားနဲ့တူတယ်။ ဝိညာဉ်နှစ်ခု လည်ပတ်နေတယ်။ ရေစီးနဲ့တူတဲ့ မျဉ်းတစ်ကြောင်း အလယ်မှာခြားထားတယ်။ တစ်ခုက ယိယန်၊ တစ်ခုက လန်ယိကို ကိုယ်စားပြုတယ်"
လုယန် "..."
ထိုက်ချိနတ်ဝိညာဉ်ဆိုပါလား...
************************************