ဓားအင်မော်တယ် အန်လင်း
Vol. 5 Ch. 66
မင်းသား မင်းသမီးတို့သည် ယုံကြည်မှု အပြည့်ဖြင့် အဆုံးထိ ဆက်သက် သရုပ်ဆောင်ဖို့ရန် ဆန္ဒရှိနေကြသည်။
အမှန်ပင်။ အစ်ကိုကြီး ပညာရှိမှာ သေဆုံးခဲ့ရပြီ။
ယခုအခါတွင် လူသား ကျင့်ကြံသူများသည် အစ်ကိုကြီးအတွက် လက်စားချေ ရလိမ့်မည်။
လူသားကျင့်ကြံ သူများသည် ပို၍ပင် ဒေါသတကြီး တိုက်ခိုက် လာကြသည်။ ပြိတ္တာကျင့်ကြံသူများမှာ ကြောက်ရွံ့ထိတ်လန့်စွာ ဆုတ်ခွာ နေကြရသည်။
“မောင်ရိုင်းစိုင်းရေ … ငါတို့ဘာလုပ်ကြမတုန်း …” ဒေါသကုမ္ဘာန်ပြိတ္တာဘုရင်သည် စိုးရိမ်စွာဖြင့် မေးသည်။
ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် တိုက်ပွဲအခြေအနေအား စစ်ဆေး လိုက်ပြီးနောက် အလျင်အမြန်ပင် ဆုံးဖြတ်ချက် ချလိုက်သည်။ “ငါတို့တွေထဲကနေ သစ္စာဖောက်ကောင် ပေါ်လာတာကြောင့် ငါတို့ဘက်က အားနည်းသွားတာပဲ … ဆက်ပြီး တိုက်နေမယ်ဆိုရင် သေချာပေါက် မျိုးတုန်း ကုန်လိမ့်မယ် … ဆုတ်ကြမယ်ဟေ့ …”
ထိုသို့ပြောပြီး သည့်နောက်တွင် ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် အလင်းတန်း အသွင်ပြောင်းကာ ထွက်ပြေး သွားတော့သည်။ ကျန်ရှိသည့် ပြိတ္တာဘုရင် နှစ်ကောင် သည်လည်း လိုက်ပါသွားကြသည်။
စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် ထိုအခြေအနေအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ မည်သည့်အတွက် ပြိတ္တာဘုရင်များအား လွတ်မြောက်ခွင့် ပြုနိုင်မည်နည်း။
ရွှမ်ယွမ်ချန်သည် ချက်ချင်း ဆိုသလိုပဲ ဓားပျံအား စီးနင်းကာ ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ လမ်းအား ပိတ်လိုက်သည်။ သူက စိတ်ဝိညာဉ် တစ်ရာထိုက်ချီ နည်းစနစ်အား ကျွမ်းကျင် တတ်မြောက်ပြီး ဖြစ်သည်ကြောင့် သူ၏ဓားများသည် ပိုက်ကွန်သဖွယ် ဖြစ်လာပြီး ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ လမ်းအား ပိတ်ဆို့ လိုက်လေသည်။
ထွက်ပြေးချင်တယ်ပေါ့ …။ ဆုတောင်းလေ …။
ရွှမ်ယွမ်ချန်၏ ထိုက်ချီဓား ပိုက်ကွန်သည် အလွန်လုံခြုံ စိတ်ချရသည်။
တိုက်ခိုက်ချင်တယ်ပေါ့ …။ ဆုတောင်းနေလိုက် …။
ရွှမ်ယွမ်ချန်၏ ခံစစ်သည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာ အားကောင်းသေးသည်။ ဝမ်ရွှမ်ကျန့် အဆင့်ရှိသူ မဟုတ်လျှင် သူ့အားထိခိုက်အောင် ပြုလုပ်နိုင်ရန် အခွင့်အရေးပင် မရှိချေ။
ထိုသို့ဖြင့် ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် အလွန်စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာ လူသား၏ ဖမ်းဆီးခြင်းအား ခံလိုက်ရတော့သည်။ သူသည် ဒေါသထွက် လွန်းသဖြင့် ပေါက်ကွဲတော့ မတတ်ပင်။
ဒေါသကုမ္ဘာန်ပြိတ္တာ ဘုရင်သည်လည်း တူညီသည့် အနေအထားတွင် ရှိနေလေသည်။ သူ့အား ကယ်တင်ရှင်မှ ပိတ်ဆို့ထားခြင်း ဖြစ်သည်။
ကယ်တင်ရှင်သည် ဖက်တီး ဖြစ်သော်လည်း အလွန်လျင်မြန် ဖြတ်လတ်သည်။ သူသည် ဆေဘာအလင်းဓားအား ကိုင်ဆောင်သည်။ ထိုဆေဘာဓားသည် အလွန်အားကောင်းပြီး ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်၏ လက်သည်းနက် များကိုပင် ဒဏ်ရာရစေသည်။
သောကဗျာပါပွေ ပြိတ္တာဘုရင်သည် သနားစရာ အကောင်းဆုံး ဖြစ်လေသည်။
တာအိုသခင် တိမ်တိုက် စူးစမ်းသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အပြင် သူသည် ချုပ်နှောင်ခြင်း နည်းစနစ် အများအပြားကို တတ်ကျွမ်းလေသည်။ သတ်ဖြတ်ခြင်း အထူးပြုသူ ဓားအင်မော်တယ် မြစ်စိမ်းနှင့် ပူးပေါင်းလိုက်သည့် အခါတွင် …
သောကဗျာပါပွေ ပြိတ္တာဘုရင်သည် ဘာမျှ မလုပ်နိုင်တော့ချေ။ သူသည် နာမည်အတိုင်း သောကဗျာပါ ပွေနေရလေပြီ ဖြစ်သည့်အတွက် စိတ်အားငယ် နေမိသည်။
“တာအိုသခင် တိမ်တိုက်စူးစမ်းရဲ့ တိမ်မြူခိုး ချုပ်နှောင်ခြင်း နည်းစနစ်က ချုပ်နှောင်ခြင်း နည်းစနစ်တစ်ခုတင် မကဘဲ တိုက်ခိုက်တဲ့ အခါမှာလည်း သုံးနိုင်တယ် … သောကဗျာပါပွေ ပြိတ္တာဘုရင်ကတော့ ရှုံးတော့မယ် …” ဟောင်ရှန့်ရှန့်က ပြောသည်။
“ကယ်တင်ရှင်ရဲ့ ဆေဘာအလင်းဓားက အမေရိကကနေ ခိုးလာတဲ့ နည်းပညာမြင့် လက်နက် မဟုတ်လား … သူ့ကိုယ်ပိုင်စွမ်းအားနဲ့ ပေါင်းစပ်လိုက်တော့ သူက ဒေါသကုမ္ဘာန်ပြိတ္တာဘုရင်ရဲ့ သွေးလက်သည်း နက်တွေကိုပါ ဒဏ်ရာရသွားစေခဲ့တာ … အရမ်းကို အားကောင်းတာပဲ …” ထျန်းလင်းလင်းသည် အလွန်အံ့အား သင့်နေလေသည်။
အန်လင်းသည် ထိုနှစ်ယောက်၏ ပြောဆိုနေခြင်းကို မြင်ရသည့်အခါတွင် စကားတစ်ခွန်းမှပင် မဆိုနိုင်လောက်အောင် ဆွံ့အနေမိသည်။
သို့သော်လည်း လက်ရှိတိုက်ပွဲတွင် သူတို့နှစ်ဦးအား မလိုအပ်ပေ။
ပြိတ္တာကျင့်ကြံသူပေါင်း နှစ်ဆယ်ကျော်ခန့် ရှိသော်လည်း သူတို့၏ ကျင့်ကြံခြင်း အခြေခံများသည် တူညီမှုမရှိကြချေ။ အချို့မှာ သန်မာပြီး အချို့သည် အားနည်းကြသည်။
အခြားတစ်ဖက်တွင်မူ သူငှားရမ်းခဲ့သည့် စစ်ကူ ၁၀ယောက်မှာ အလွန်အားကောင်းသော တာအိုခန္ဓာ အဆင့်၁၀ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် ပြိတ္တာများအား ကြောက်မက်နေရန် မလိုအပ်ပေ။
ထိုသို့ဖြင့် လူသားကျင့်ကြံသူ ၁၀ယောက်သည် ပြိတ္တာ ၁၀အား ဝိုင်းထားကာ ထွက်ပြေးရန် အခွင့်မပေးပေ။
အချို့သော ပြိတ္တာများသည် လွတ်မြောက်လိုသဖြင့် စိုးရိမ်တကြီး ဖြစ်လာကြသည်။ ထို့ကြောင့် ဓားကိုကိုင်ကာ အန်လင်းတို့အား ရင်ဆိုင်ကြသည်။
အန်လင်းသည် တုံ့ပြန်ရန် ပြင်စဉ်မှာပင် ဟောင်ရှန့်ရှန့်သည် ကြီးမားသည့် ငွေရောင်ပစ္စတို တစ်လက်အား ထုတ်လာသည်ကို မြင်လိုက်ရသည်။
ဒိုင်း … သေနတ်မှ အပြာရောင် ကျည်တစ်တောင့် ထွက်လာသည်။
ပြိတ္တာကျင့်ကြံသူသည် ရူးလောက်ဖွယ် အမြန်နှုန်းဖြင့် တုံ့ပြန်လိုက်ပြီး အံ့ဩဖို့ ကောင်းလောက်အောင်ပင် ခေါင်းစောင်းကာ ကျည်ဆံကို ရှောင်လိုက်နိုင်သည်။
သို့ပေမဲ့လည်း ထိုပြိတ္တာ၏ ခေါင်းသို့ ကျည်ဆံရှပ်ထိ သွားသည်။
ဘုန်း … ပေါက်ကွဲသွားလေပြီ။
ထိုကျည်ဆံသည် ရန်သူ့ခေါင်းနှင့်အတူ ပေါက်ကွဲသွားသည်။
သူ့အရှေ့တွင် ရှိနေသည့် ခန္ဓာကိုယ်အားကြည့်ကာ အန်လင်းသည် ပါးစပ် အဟောင်းသားဖြစ်ကာ ကြက်သေ သေနေလျက် ရှိသည်။ သူသည် အလွန်အံ့အားသင့် နေသည့်အတွက် ပြောစရာစကားပင် ဆွံ့အ သွားတော့သည်။
အဲဒါကြီးက ဘာကြီးတုန်း … ကျည်ဆံလား ဗုံးလား …။
ဟောင်ရှန့်ရှန့်၏ မျက်နှာတွင် ရွံ့ရှာမှုများ ပေါ်လာပြီး သေနတ်ပြောင်းမှ မီးခိုးငွေ့များအား မှုတ်ထုတ်လိုက်သည်။ “ငါ့ရဲ့ စိတ်စွမ်းအင်ကျည်ဆံက ဒီလောက်လွယ်လွယ် ရှောင်လို့ ရတယ်တဲ့လား …”
အိုခေပါ …။ အမှတ်ပြည့် ပေးလိုက်ပါပြီ။
မျှော်လင့်ထားသလိုပင် ကျည်ဆံများအား ဗုံးများကဲ့သို့ အသုံးပြုခြင်းသည် အထူးစစ်ဆေးရေး ဌာနမှ အဖွဲ့ဝင်များ၏ ပုံစံဖြစ်သည်။ ဘေးထိုင်ဘု ပြောနေကြသူများအား အထင်မသေးသင့်ပေ။ သူတို့သည် တစ်ချိန်ချိန်တွင် သင့်အား အံ့အားသင့် စေကြလိမ့်မည်။
ပြိတ္တာကျင့်ကြံသူ အကောင် နှစ်ဆယ်တွင် ဆယ်ကောင်သာလျှင် ကျန်ရှိတော့သည်။ လူသားကျင့်ကြံသူများသည် အပေါ်ယံ ဒဏ်ရာများသာ ရရှိကြသည့်အတွက် အန်လင်းသည် စိတ်ပူနေရန် မလိုတော့ပေ။ ထို့ကြောင့် သိုလှောင် လက်စွပ်အတွင်းမှ ရွှေရောင် ဓားတစ်လက်အား ထုတ်ယူလိုက်သည်။
“ဟမ် … အတုအယောင် တာအိုသခင်ရေ နင်ဘာတွေ လုပ်မလို့တုန်း …” အန်လင်း၏ အပြုအမူအား မြင်လိုက်သည့်အခါတွင် ထျန်းလင်းလင်းသည် သိချင်စိတ်ဖြင့် မေးလာသည်။
အန်လင်းက လှည့်ကြည့်လိုက်ပြီးနောက် ဓားအားနောက်ပစ်ကာ ကြောင့်ကျမဲ့ပြီး ယုံကြည်မှု ပြည့်ဝသည့် ဟန်ဖြင့် “ဟက် … ကျေးဇူးပြုလို့ အခုကစပြီး ငါ့ကို ဓားအင်မော်တယ် အန်လင်း လို့ပဲ ခေါ်ပေးပါ …”
“ထျန်းလင်းလင်း …”
အန်လင်းသည် မည်သည့်စကားမှ ထပ်မပြောတော့ပေ။ ထို့အစား ဓားကို မြှောက်ကိုင်ကာ ဓားအင်မော်တယ် တစ်ဦး၏ ဟန်ပန်ဖြင့် တိုက်ပွဲအတွင်း ပြေးဝင် သွားတော့သည်။
“ပြိတ္တာကောင် … ငါ့ရဲ့ ပျက်သုဉ်းခြင်း ဓားသွားကို မြည်းကြည့်လိုက်စမ်း …” အန်လင်းက အော်ဟစ်လိုက်ကာ သူ၏ ရွှေရောင်ဓားကြီးနှင့် ခုတ်ချလိုက်သည်။
သူ့အရှေ့တွင် ရှိနေသည့် ပြိတ္တာမှာ တာအိုခန္ဓာ အဆင့်၆ သာလျှင် ရှိနေသေးသည်ကြောင့် သူ့တိုက်ခိုက်မှုအား သိသိသာသာပင် မခံနိုင်ချေ။ ထိုပြိတ္တာ၏ ဝမ်းဗိုက်သည် အန်လင်း၏ ဓားချက်ကြောင့် ပွင့်ထွက်သွားကာ မြေပြင်တွင် လဲကျသွားတော့သည်။
ရန်သူအား တစ်ချက်တည်းဖြင့် အနိုင်ယူပြီးနောက် အန်လင်းသည် ကြောင့်ကျမဲ့ပြီး ယုံကြည်မှု ပြည့်ဝသည့် ဟန်ဖြင့် လှည့်လိုက်ကာ ရန်သူများအား ကြည့်လိုက်သည်။
ဒီတစ်ကြိမ်တွင် သူသည် တာအိုခန္ဓာ အဆင့်၈ ပြိတ္တာကောင်အား ရွေးလိုက်သည်။
“ပြိတ္တာကောင် … ငါ့ရဲ့ ကောင်းကင်ကြေမွ နတ်ဆိုးနဂါးခုတ်ချက်ကို လာမြည်းကြည့်လိုက် …”
အန်လင်းက လေထဲသို့ ခုန်ဝင်ကာ အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ပြိတ္တာ၏ ဦးခေါင်းထိပ်မှနေ ခုတ်ပိုင်း လိုက်တော့သည်။ ပြိတ္တာကောင်သည် ထိုဓားချက်၏ နာမည်ကြောင့် ကြောက်ရွံ့သွားသည့်အတွက် ချက်ချင်းဆိုသလို ထွက်ပြေးတော့သည်။
ကောင်းကင်ကြေမွ နတ်ဆိုးနဂါးခုတ်ချက် …။ ဘယ်လောက်တောင် အရှိန်အဝါကြီးလွန်းတဲ့ နာမည်လဲ။
ဘုန်း …
မြေပြင်တွင် ချိုင့်ကြောင်းတစ်ကြောင်း ပေါ်လာတော့သည်။ ထိုသည်က ထွက်ပြေးနေသည့် ပြိတ္တာကောင်အား ယခင်ကထက်ပင် ပိုမိုကြောက်လန့်စေသည်။
ထိုပြိတ္တာကောင် မသိသည့်အချက်မှာ အန်လင်းသည် သူ့ဓားအား ပတ်ပတ်လည်သို့ ကြုံသလို ဝှေ့ယမ်းနေခြင်း ဆိုသည်ကိုပင်။
ကောင်းကင်ကြေမွ နတ်ဆိုးနဂါးခုတ်ချက် တဲ့လား …။
ဟာသပဲ။ ထိုနာမည်သည် သူ့စိတ်ထဲတွင် ပေါ်လာသော မည်သည့် အဓိပ္ပာယ်မျှ ညွှန်းဆိုမရနိုင်သည့် နာမည်တစ်ခုသာ ဖြစ်သည်။
အန်လင်းသည် ဓားနှင့် ပတ်သက်၍ တစ်ခါလေးမျှ သင်ကြားဖူးခြင်း မရှိချေ။
ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့၏ လှပတင့်တယ်သော ဓားဝှေ့ယမ်း နေသည့် ပုံရိပ်များအား မြင်သည့်အခါတိုင်းတွင် သူသည် အလွန်အမင်း မနာလိုဖြစ်မိသည်။
သူ၏ တိုက်ပွဲဝင်ပုံစံအား စဉ်းစားကြည့်၍ပင် မရနိုင်ချေ။ လက်သီးနှင့် ထိုးရမှာလား၊ အုတ်ခဲနှင့် ပစ်ရမှာလား။ ဘာလား ညာလား …။
သူ့ပုံရိပ်အား ကြီးမားစွာ ပြောင်းလဲဖို့ လိုအပ်နေပြီဟု ခံစားမိသည်။
ထို့ကြောင့် ရွှေရောင်ဓားအား ထုတ်ကာ အားနည်းသည့်သူအား အနိုင်ယူခြင်းဖြင့် သူ၏ ဓားအင်မော်တယ် လမ်းကြောင်းအား စတင်လျှောက်လှမ်း လိုက်တော့သည်။
သူ့အား အနည်းငယ် စိတ်ပျက်စေသည့်အရာမှာ ထိုဘေးထိုင်ဘုပြော နှစ်ယောက်သည် သူ့အား အားပေးချီးမြှောက်ခြင်း မရှိကြခြင်းပေ။ ထိုနှစ်ယောက်သည် သူ၏ ဓားစွမ်းရည်အား အထင်သေးနေကြခြင်း ဖြစ်လိမ့်မည်။ သူတို့နှစ်ဦးသည့် သူ့အား ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ပြန်လှည့်သွားကြသည်။
“ဟွန့် … ငါ့အစွမ်းတွေက ဒီလောက်ပဲလို့ ထင်နေတာလား …”
အန်လင်းက နှာမှုတ်လိုက်ပြီးနောက် သူ့လက်ချောင်းထိပ်များတွင် လျှပ်စီးကြောင်းများ စတင်စုဝေးလာသည်။
လျှပ်စီးအား လိုသလို အသုံးပြုနိုင်သည့် နည်းစနစ် …။
ထိုနည်းစနစ်သည် လေထဲမှ လျှပ်စီးများအား စုပ်ယူကာ လက်ချောင်းများ ထိပ်တွင် စုဆုံစေနိုင်သည်။ ထိုလျှပ်စီးကြောင်းများအား ဓားအတွင်းသို့ စီးဆင်း စေနိုင်သေးသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်ဓားသည် လျှပ်စီးများ တဖျစ်ဖျစ် မြည်လာပြီး အလွန်အားကောင်းသည့် စွမ်းအားများ ထွက်ပေါ်လာသည်။
“ကောင်းကင်မိုးကြိုး လျှပ်စီးခုတ်ချက် …”
အန်လင်းသည် ကျယ်လောင်စွာ အော်ဟစ် လိုက်ပြီးနောက် လျှပ်စစ် စီးကြောင်းများနှင့် တဖျစ်ဖျစ်မြည်နေသော ဓားဖြင့် သူ့အရှေ့တွင် ရှိနေသည့် ပြိတ္တာကောင်အား ပိုင်းဖြတ် လိုက်တော့သည်။
ပြိတ္တာကောင်သည် တွန်းထုတ်ရန် ကြိုးစားသော်လည်း ဓားသည် ကွဲထွက် လာလေသည်။ ထို့အပြင် လျှပ်စီးကြောင်း၏ ဖျက်ဆီးနိုင်သည့် စွမ်းအား များသည်လည်း သူ့အား ကြွပ်ရွသည်အထိ ကြော်ပြီးသား ဖြစ်သွားသည်။ ထို့နောက်တွင် ထိုပြိတ္တာကောင်သည် မြေပြင်တွင် ပုံလျက်သား လဲကျသွားတော့သည်။
“အား … အတုအယောင် တာအိုသခင်က ဓားကို ဘယ်လိုသုံးရမယ်ဆိုတာ တကယ်ကြီး သိနေတာလား …” ထျန်းလင်းလင်းသည် လျှပ်စီးကြောင်းများ၏ ဖမ်းစားခြင်းကို ခံလိုက်ရကာ သူမ၏ နူးညံ့သည့် မျက်နှာလေးတွင် အလွန်အမင်း အံ့အားသင့်နေဟန် ရှိလေသည်။
“အဲတော့ ဘာဖြစ်လဲ … သူ့လှုပ်ရှားမှုတွေက အခုထိ သိမ်မွေ့မှုကို မရှိဘူး …” ဟောင်ရှန့်ရှန့်သည် တစ်ချက်မျှ ကြည့်ပြီးနောက် အကြည့်လွှဲသွားပြန်သည်။
အန်လင်းသည် သူတို့နှင့် သိပ်မဝေးသည့် နေရာတွင် ရှိနေသည်။ ထိုမှတ်ချက်များအား ကြားလိုက်သည့် အခါတွင် သူ့ရင်ထဲ၌ တင်းကျပ်လာတော့သည်။
ထိုအချိန်မှာပင် ဝတ်စုံဖြူနှင့် အမျိုးသမီး တစ်ဦးသည် ဖြည်းညင်းစွာ လျှောက်လှမ်း လာခဲ့သည်။
သူမ၏အလှသည် သဘာဝဆန်သည်။ လက်တွင် ဗောဓိပင် တစ်ပင်အား ကိုင်ဆောင်ထားသည်။ သူမသည် လှပကာ တည်ငြိမ်အေးဆေးသည့် ပုံပေါ်သည်။
“တာအိုသခင် အန်လင်းက ဓားအသုံးပြုရတာကို အရမ်းသဘောကျပုံရတယ် …”
သူမ၏ အသံမှာ သာယာပြီး ညှို့ယူနိုင်စွမ်းရှိသည်။
အန်လင်းက သေချာကြည့် လိုက်ပြီးနောက်တွင် ထိုအမျိုးသမီးသည် သူငှားရမ်းခဲ့သည့် စစ်ကူအဖွဲ့မှ သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး ဖြစ်ကြောင်း သိလိုက်ရသည်။ “အဟုတ်ပဲ … ငါ့ရဲ့ ရည်မှန်းချက်က ဒဏ္ဍာရီလာ ဓားအင်မော်တယ် တစ်ယောက် ဖြစ်လာဖို့ပဲ …” အန်လင်းက ပျော်ရွှင်စွာ ပြန်ဖြေသည်။
အန်လင်းသည် ထိုသို့ပြောရင်း အလွန်အမင်း ပျော်ရွှင်နေလေသည်။
ကြည့်ပါလား။ သူ၏ ဓားရေးမှာ အဆိုးဝါးကြီး မဟုတ်ပေ။
မြင်တဲ့အတိုင်းပဲလေ …။ သူ၏ဓားရေးကြောင့် တစ်စုံတစ်ယောက်အား ဆွဲဆောင် လိုက်နိုင်သည် မဟုတ်ပါလား။
သူ၏ ဖြေကြားချက်အား ကြားလိုက် ရသည့်အခါတွင် သာယာသည့် အသံပိုင်ရှင် နတ်သမီးလေးသည် ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် ရှားပါးသည့် စာအုပ်တစ်အုပ်အား ဆွဲထုတ်ယူလိုက်သည်။ “တာအိုသခင် အန်လင်းရေ … ဒါက ဝေ့တောင်ဓားဂိုဏ်းရဲ့ ‘ပြီးပြည့်စုံသော အခြေခံ ဓားနည်းစနစ် စုဆောင်းမှု’ စာအုပ်လေ … စိတ်ဝိညာဉ်ကျောက်တုံး ငါးတုံးဆို ဘယ်လိုလဲ … လိုချင်လား …” သူမက နူးညံ့စွာ မေးလိုက်သည်။
အန်လင်းသည် သူ့အရှေ့တွင် ရှိနေသည့် စာအုပ်အား ကြောင်အစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် စိတ်ထဲ၌ တစ်သီတစ်တန်းကြီး ကျိန်ဆဲတော့သည်။
ပြောချင်တာက သူမက ငါ့ရဲ့ ဓားစွမ်းရည်ကြောင့် ဒီကိုရောက်လာတာ မဟုတ်ဘူးပေါ့ …
အန်လင်း၏ နှလုံးသားလေးသည် ဖျစ်ညှစ်ခံထားရသလိုပင် နာကျင်နေမိသည်။
သူမ၏ မျက်လုံးထဲတွင် မျှော်လင့်သည့် အရိပ်အယောင်များ တွေ့လိုက်ရသည်။ ထို့နောက်တွင် စာအုပ်ပေါ်ရှိ တဖိတ်ဖိတ် တောက်ပနေသည့် ခေါင်းစဉ်အား ကြည့်လိုက်သည်။
အဆုံးတွင် အံကိုကြိတ်ကာဖြင့် “ကောင်းပြီ … ယူမယ် …”
***