အဆင့်သစ်တစ်ခု
Vol. 42 Ch. 629
ထိုက်ချိစက်ဝန်းအကြောင်းပြောသည့် ဂိုဏ်းတူအကိုသည် မုန်ကျင်းကျိုးငှားထားသည့်လူလားဟုပင် လုယန်သံသယဖြစ်မိသည်။
ကျန်းလျန်ယိ တအံ့တဩကြည့်နေသည်။ ရှေးဟောင်းခေတ်တွင် ပါရမီရှင်များစွာ ကျင့်စဉ်သဘောတရားများစွာ ကိုယ်တွေ့မြင်ဖူးသည်။ ထိုထိုက်ချိသဘောတရားကို တစ်ခါမှမကြားဖူး။ နှစ်သုံးသိန်းကြာပြီးနောက် ထိုသို့ပြောင်းလဲသွားသလားမသိ။
လက်ရှိဖီးနစ်မျိုးနွယ် လူသားများကို အမီမလိုက်နိုင်သည်မှာ မဆန်းတော့။ သူတို့အတွေးသည် လူသားများလောက် မဖွံ့ဖြိုး။
တစ်ခြားအံ့ဖွယ်မြင်ကွင်းများက မုန်ကျင်းကျိုး ငွေဖြင့်ဝယ်ထားခြင်းဖြစ်သည်။ သို့သော် နတ်ဝိညာဉ်နှစ်ခုမှဖြစ်ပေါ်လာသည့် သန့်စင်ယန်ထိုက်ချိပုံရိပ်က အစစ်အမှန်ဖြစ်သည်။
လုယန် စိတ်သက်သာရာရသွားသည်။ သူနတ်ဝိညာဉ်တည်ဆောက်စဉ်က ဘာရည်ရွယ်ချက်မှမရှိခဲ့။ ပုံရိပ်တစ်ခုခုရှိခဲ့လျှင် နတ်ဝိညာဉ်က သူ့ကိုရိုက်နှက်နေသည့်ပုံရိပ်သာ ဖြစ်လိမ့်မည်။
လုံးဝအရှက်ကွဲလိမ့်မည်။
မဟုတ်သေး...အဆင့်တက်သူက ဂိုဏ်းသခင်လေးလုသာဖြစ်သည်။ သူနှင့်ဘာမှမဆိုင်။
ကျန်းလျန်ယိ သေချာစဉ်းစားပြီးနောက် မုန်ကျင်းကျိုး၏ နောက်ထပ်ထူးခြားချက်ကို သတိထားမိလာသည်။
"နတ်ဝိညာဉ်နှစ်ခုရှိတဲ့လူက ငါပထမဆုံးမြင်ဖူးတာပဲ"
"ရှေးဟောင်းခေတ်မှာ နတ်ဝိညာဉ်နှစ်ခုသန့်စင်တဲ့လူတွေမရှိဘူးလား"
ကျန်းလျန်ယိ ခေါင်းခါသည်။
"ရွှေသန္ဓေအဆင့်မှာ ရွှေသန္ဓေနှစ်ခုတည်ဆောက်တဲ့လူတွေတော့ရှိတယ်။ ဒါပေမယ့် အဲဒီ့သန္ဓေနှစ်ခုက ဂုဏ်သတ္တိချင်းမတူဘူး။
နတ်ဝိညာဉ်အဆင့်ကျင့်ကြံချိန်မှာ ယင်ယန်သဘောတရားအရ သန္ဓေတစ်တည်းအဖြစ်ပေါင်းရတယ်။ ပြီးမှ သန္ဓေကိုခွဲပြီး နတ်ဝိညာဉ်တည်ဆောက်တာ။
နတ်ဝိညာဉ်အဆင့်ကို 'ကလေးငယ်အဆင့်'လို့ ဘာကြောင့်မခေါ်လဲသိလား"
"ရှင်းပြပါဦး အကြီးအကဲ"
"ဝိညာဉ်ဆိုတာ အဦးအစ၊ ပထမဆုံးဖြစ်တည်မှုကို ဆိုလိုတာ။ ရှင်းအောင်ပြောရရင် နတ်ဝိညာဉ်အဆင့်ဆိုတာ ကလေးငယ်ဖြစ်တည်မှုရဲ့ ကနဦးအဆင့်ပဲ"
"အဲတော့"
"အဲတော့ ဒီမုန်မျိုးရိုးဟာ နတ်ဝိညာဉ်အဆင့်လို့ပြောမရဘူး။ အမွှာဝိညာဉ်အဆင့်ပဲ"
လုယန် မျက်ခုံးတစ်ချက်တွန့်သွားသည်။ ကျန်းလျန်ယိ၏ နာမည်ပေးစွမ်းရည်က နတ်မယ်နှင့် တန်းတူအဆင့်ရှိသည်။
သိစိတ်နယ်မြေမှနတ်မယ်က ခေါင်းငြိမ့်သည်။
"အမွှာဝိညာဉ်အဆင့်၊ တကယ့်နာမည်ကောင်းပဲ။ လက်တွေ့သဘာဝနဲ့ကိုက်ညီတယ်"
လုယန် "..."
အနည်းဆုံးတော့ ထပ်ဆင့်ဝိညာဉ်အဆင့်လို့ ခေါ်ကြပါလား...
မုန်ကျင်းကျိုးအဆင့်ကို ဘယ်လိုခေါ်ခေါ်ကိစ္စမရှိ။ သို့သော် သူကိုယ်တိုင်ကလည်း ဝိညာဉ်နှစ်ခုပိုင်ရှင်ဖြစ်နေသည်။
နတ်ဝိညာဉ်နှစ်ခုက လှိုဏ်ဂူထဲသို့ ဝင်သွားသည်။ နိမိတ်ပုံရိပ်မျိုးစုံက ပွင့်ချပ်များအဖြစ်ပြောင်းသွားပြီး မိုးအဖြစ်ရွာချသည်။
မုန်ကျင်းကျိုးနှုတ်ခမ်းတွင် တွန့်ပြုံးရိပ်ပေါ်လာသည်။ လှိုဏ်ဂူတံခါးကို တွန်းဖွင့်သည်။ အဆင့်တက်ရသည်ကို အတော်ပျော်ရွှင်နေသည့်ပုံစံရှိသည်။
သို့သော် သူ့ဖျော်ဖြေမှုသူ ပျော်နေခြင်းဖြစ်ကြောင်း လုယန်တစ်ယောက်သာသိသည်။
"ဂုဏ်ယူပါတယ် ညီလေးမုန်၊ နတ်ဝိညာဉ်အဆင့်ကိုရောက်ပြီဆိုတော့ မင်းအနာဂတ်က အကန့်အသတ်မရှိတော့ဘူး"
"အမွှာနတ်ဝိညာဉ်တဲ့လား။ မကြားဖူးဘူး။ ညီလေးမုန်၊ မင်းက သမိုင်းမှာ ပထမဆုံးဦးဆောင်သူပဲ။ တကယ်ထူးခြားတယ်"
"နတ်ဝိညာဉ်အဆင့်ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် အကိုမုန်။ အကို့ကိုနမူနာယူပြီး ကျုပ်တို့အစွမ်းကုန်ကြိုးစားပါ့မယ်"
"အားလုံးက ချီးကျူးလွန်နေပါပြီ ဂိုဏ်းတူညီအကိုမောင်နှမတို့။ ကျုပ်က သာမန်နတ်ဝိညာဉ်အဆင့်ပါပဲ။ ဒီလောက်ချီးကျူးမခံထိုက်ပါဘူး"
စကားအရ ငြင်းလိုက်သော်လည်း စိတ်ထဲတွင် ပျော်မြူးနေသည်။
လူအများစုထွက်သွားပြီးနောက် လုယန်နှင့်လျန်ယိ အနားသို့လျှောက်သွားသည်။
"လောင်လု၊ မင်းရောက်နေတာလား။ ခုနက ငါ့ပြကွက်တွေ မင်းမြင်လိုက်လား။ စောစောကြိုအဆင့်တက်မိလို့ ဒီလိုလူအများချီးကျူးမခံရတာကို မင်းဝမ်းနည်းနေမှာပေါ့"
မုန်ကျင်းကျိုးက လုယန်ကို ကြွားသည်။
လုယန်ဘေးတွင် ကျန်းလျန်ယိပါလာသည်ကို သတိထားမိပြီးနောက် သူ့အမူအရာနည်းနည်းပြောင်းသွားသည်။ ချက်ချင်းနှုတ်ဆက်သည်။
"အကြီးအကဲလျန်ယိ၊ တွေ့ကြပြန်ပြီနော်"
ကျန်းလျန်ယိရုပ်ဖျက်ထားသော်လည်း မုန်ကျင်းကျိုးခန့်မှန်းနိုင်သည်။
မုန်ကျင်းကျိုးနှုတ်ဆက်သံကြောင့် လောင်မာ(မြင်းအို) ပြေးလာသည်။ လူစကားဖြင့်ပြောသည်။
"တွေ့ရတာဝမ်းသာပါတယ် ဖီးနစ်ဘိုးဘေး"
သူ့ဘဝတွင် ထိုဒဏ္ဍာရီပုဂ္ဂိုလ်မျိုးတွေ့ခွင့်ရမည်ဟု ထင်မထားခဲ့။
"ဟာ...လောင်မာ၊ ခင်ဗျားက စကားပြောနိုင်တယ်ပေါ့"
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ အချင်းချင်းသိကြသည်မှာ နှစ်ချီကြာခဲ့သော်လည်း ဤမြင်းအိုစကားပြောသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
ကျန်းလျန်ယိက လောင်မာကို တစ်ချက်ကြည့်သည်။
"နတ်ဆိုးဘုရင်အဆင့်၊ မင်းက ဒီကောင်လေးရဲ့ ကာကွယ်သူလား"
လောင်မာ မလိမ်ရဲ။
"ကျုပ်အကိုတာဝန်ပေးထားတာပါ။ ဒီကောင်အိမ်ပြန်ရောက်လို့ ကျုပ်အကိုလက်နဲ့မသေခင် တစ်ခြားဘယ်သူမှ သူ့ကိုမသတ်စေရဘူး"
မုန်ကျင်းကျိုး "..."
အဘိုးကြီး...ခင်ဗျား အညှိုးအတေးကြီးလှချည်လား။ ကျုပ်တောင် ကျုပ်လုပ်ခဲ့တာတွေ မေ့လုနီးပါးဖြစ်နေပြီ...
မုန်ကျင်းကျိုးသည် အညှိုးအတေးထားတတ်သူမဟုတ်၍ ကံကောင်းသည်။
မြင်းအို၏နားကျည်းချက်ကို အရေးမစိုက်တော့ဘဲ နတ်ဝိညာဉ်အဆင့်တက်သည့်ကိစ္စ လုယန်နှင့် စတင်ဆွေးနွေးသည်။
"လောင်မုန်၊ ဂုဏ်ယူပါတယ်။ အမွှာနတ်ဝိညာဉ်နဲ့လူမျိုး တစ်ခါမှမမြင်ဖူးဘူးလို့ အကြီးအကဲလျန်ယိကပြောတယ်။
တစ်ခါမှမရှိခဲ့ဖူးတာမျိုးဆိုတော့ နတ်ဝိညာဉ်အဆင့်လို့မခေါ်ဘဲ အမွှာဝိညာဉ်အဆင့်လို့ခေါ်သင့်တယ်တဲ့"
ဆိုးလိုက်သည့်နာမည်ဟု မုန်ကျင်းကျိုးပြောလိုက်ချင်သည်။ သို့သော် ဖီးနစ်ဘိုးဘေးပေးသည့်နာမည်ဖြစ်သည်။ လူကိုယ်တိုင်လည်းရှိနေသည်။ သူမဝေဖန်ရဲ။
"...နာမည်ကောင်းပါပဲ"
"ဘယ်လိုလဲ၊ အဆင့်တက်ပြီးတော့ ဘယ်လိုအပြောင်းအလဲတွေ ခံစားရလဲ"
လုယန် စိတ်လှုပ်ရှားစွာမေးသည်။
ဝိညာဉ်နှစ်ခုရှိနေသဖြင့် သာမန်နတ်ဝိညာဉ်အဆင့်နှင့် ကွဲပြားပေလိမ့်မည်။
"စွမ်းအားအကြောင်းတော့ မပြောတော့ဘူး။ အများကြီးတိုးတက်လာတာပေါ့။ အရေးကြီးဆုံးက ငါ့သွေးထဲမှာ အပြောင်းအလဲတစ်ခု ခံစားမိလာတာပဲ"
"သွေးထဲကအပြောင်းအလဲ...ဘယ်လိုအပြောင်းအလဲမျိုးလဲ"
မုန်ကျင်းကျိုးက လေးနက်တည်ကြည်သည့်မျက်နှာဖြင့်
"ယန်ဓာတ်တွေ မြင့်တက်လာတယ်"
"...တစ်ခြားအပြောင်းအလဲရောရှိလား"
လုယန် ကြောင့်တက်တက်ကြည့်မေးသည်။ မကြာမီ လောင်မုန်ခန္ဓာကိုယ် ထန်စန်းကိုယ်တော်၏အသားလို့ ဖြစ်လာတော့မည်။
"ရှိလောက်တယ်။ ဒါပေမယ့် အခုထိတော့ မတွေ့သေးဘူး။ ဖြေးဖြေးချင်း စစ်ဆေးကြည့်မှရမှာ"
ပြိင်ဘက်ကင်းနတ်ဝိညာဉ်အကြောင်း နတ်မယ်သိပြီးဖြစ်၍ ထိုနတ်ဝိညာဉ်အသုံးချပြုံကို လုယန်ချက်ချင်းသိသည်။
မုန်ကျင်းကျိုးအခြေအနေက ဘယ်သူ့ကိုမှမေးစရာမရှိ။ ဖြေးဖြေးချင်းသာလေ့လာရမည်။
"မင်းရောဘယ်လိုလဲ။ မင်းရဲ့နတ်ဝိညာဉ်ကဘာနဲ့တူလဲ"
မြားဦးလှည့်လာသဖြင့် လုယန် လန့်သွားသည်။
"ငါ့နတ်ဝိညာဉ်က ရှေးဟောင်းမသေမျိုးကိုယ်တိုင် လမ်းညွှန်ပေးထားတာ။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်လို့ခေါ်တယ်။
ငါ့ကိုယ်စား အလိုလို သူတိုက်ပွဲဝင်ပေးတယ်။ အကောင်းဆုံးတိုက်ကွက် အသင့်ကောင်းဆုံးစွမ်းအားကို အသင့်တော်ဆုံးအခြေအနေမှာ အသုံးချပြီး ရန်သူကိုအနိုင်ယူနိုင်တယ်။ ငါ့ထက်တောင်သာတယ်။
မုန်ကျင်းကျိုး သက်ပြင်းရှည်ချလိုက်သည်။
လောင်လု၏နတ်ဝိညာဉ်က အတော်အားကြီးပုံရသည်။ သူ့နတ်ဝိညာဉ်နှင့်မတူ။
"ကဲပါ၊ မင်းကအဆင့်တက်ပြီးစဆိုတော့ အခြေခံစွမ်းအားကို တည်ငြိမ်အောင်လုပ်ဖို့လိုတယ်။ အကြီးအကဲနဲ့ငါ မင်းကိုအနှောက်အယှက်မပေးတော့ပါဘူး။ လိုက်လည်းမပို့နဲ့တော့"
လုယန် နှုတ်ဆက်၍ ကျန်းလျန်ယိနှင့်အတူ ကျမ်းစာတိုက်ဆီ ထွက်လာခဲ့သည်။
ကျမ်းစာတိုက်အဝင်တံခါးတွင် မမြင်တာကြာပြီဖြစ်သည့် ကျိုးလုလုကိုတွေ့သည်။
ခါတိုင်းလိုပင် စာအုပ်တစ်အုပ်ထဲ ဈာန်ဝင်နေသည်။
"စာဖတ်နေပြန်တာလား အမကျိုး"
လုယန်က အပြုံးဖြင့်နှုတ်ဆက်သည်။
"မတွေ့တာကြာပြီပဲ မောင်လေးလု"
လုယန်မှန်းသိလိုက်သဖြင့် ကျိုးလုလုစိတ်သက်သာရာရသွားသည်။
"နတ်ဆိုးနယ်မြေမှာ ခြောက်လလောက်နေခဲ့တယ်ကြားတယ်"
ကျိုးလုလုက လုယန်ကို အားကျဟန်ဖြင့်ကြည့်သည်။
သူလည်း အပြင်လောကသို့အမြဲထွက်ချင်သည်။ သို့သော် ရှက်ကြောက်တတ်သူဖြစ်၍ ဂိုဏ်းမှထွက်လေ့မရှိ။ မရင်းနှီးသည့် နတ်ဆိုးနယ်မြေလိုနေရာမျိုးကိုသွားဖို့ဆိုလျှင် ပြောစရာပင်မလိုတော့။
"အမကျိုးသွားချင်ရန် နတ်ဆိုးနယ်မြေနယ်စပ်ကို သွားကြည့်လို့ရပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း တိုးလာတာပေါ့"
"နေပါစေ နေပါစေ။ ဂိုဏ်းမှာပဲ နေတော့မယ်။ ဒါနဲ့..သူက..."
လုယန်ဘေးမှ မျက်နှာစိမ်းမိန်းကလေးကို ကျိုးလုလု သတိထားမိသွားသည်။
စည်းမျဉ်းအရ ကျမ်းစာတိုက်သို့ အပြင်လူများဝင်ခွင့်မရှိ။
"အမယွမ်ဖိတ်ခေါ်ထားတဲ့ဧည့်သည်ပါ။ ကျမ်းစာတိုက်ထဲ လှည့်ပတ်ကြည့်ချင်တယ်ပြောလို့။ ဒါက အမယွမ်ဆီက ဖြတ်သန်းခွင့်ပါ"
ယွမ်ကျိ၏ထောက်ခံချက်ပါသဖြင့် ကျိုးလုလု ဘာမှဆက်မပြောတော့။
"ဒါဆိုသွားလေ။ စာအုပ်တွေမပျက်စီးအောင်တော့ ဂရုစိုက်နော်"
"ဟုတ်ကဲ့"
ရွှေသန္ဓေအဆင့်မှ နတ်ဝိညာဉ်အဆင့်ကျင့်စဉ်နည်းလမ်းများ ထိန်းသိမ်းထားသည့် ကျမ်းစာတိုက်ဒုတိယထပ်သို့ သူတို့ဝင်ကြသည်။
လုယန် ရွှေသန္ဓေအဆင့်နှလုံးဉာဏ်အလင်းကျင့်စဉ်ကို ရေးသားစဉ်က ထိုနေရာတွင် တစ်လလုံးနေခဲ့ရသည်။
"ဖြေးဖြေးအချိန်ယူပြီးကြည့်ပါ အကြီးအကဲလျန်ယိ။ ကျုပ် ကျင့်စဉ်ပညာတွေ သွားလေ့လာားမယ်"
လုယန် ကျန်းလျန်ယိနှင့် ခဏခွဲထွက်ခဲ့သည်။
လုယန်ထွက်သွားပြီးနောက် ကျန်းလျန်ယိက သူမကြားဖူးသည့် ကျင့်စဉ်ကျမ်းများကို စိတ်ဝင်တစားကြည့်သည်။ အချိန်နှင့်အမျှပြောင်းလဲတိုးတက်မှုများကို ခံစားမိသည်။
"မဟာနေမင်းကျင့်စဉ်ပညာ...ကြိုးကြာအော်သံကျင့်စဉ်ပညာ...လယ်စိုက်နည်းပညာ...အဲ...ဒီစာအုပ်ကို ဘာလို့ချောင်ထဲမှာဝှက်ထားတာလဲ"
အရှေ့ဘက်ခြမ်း စင်အောက်ထပ်မှ ကျင့်စဉ်ပညာများကို လာရှာသူသိပ်မရှိ။ ဈေးကွက်တွင် တွေ့ရများသည့်ပညာများဖြစ်သည်။ ဖုန်အလိမ်းလိမ်းတက်နေသည်။
ထိုကျင့်စဉ်စာအုပ်များကို ဘေးသို့တွန်းရွှေ့လိုက်ချိန်တွင် နောက်ဘက်၌ လျှို့ဝှက်အံဆွဲတစ်ခုတွေ့ရသည်။ သတိထားမိဖို့ ခဲယဉ်းသည်။
ကျန်းလျန်ယိ အံဆွဲကိုဖွင့်လိုက်သည်။ အထဲတွင် စာအုပ်တစ်အုပ်တွေ့သည်။
"နဂါးနှင့်ဖီးနစ်အသွင်ပြောင်းခြင်း"
*******************************