← Chapters

ကံဆိုးမည့်လူ

Vol. 42 Ch. 630

ကံဆိုးမည့်လူ

Vol. 42 Ch. 630

ကျန်းလျန်ယိ ဇဝေဇဝါဖြစ်သွားသည်။

နာမည်အရ နဂါးမျိုးနွယ် ဖီးနစ်မျိုးနွယ်တို့နှင့် ပတ်သက်သည့် ကျင့်စဉ်ကျမ်းဖြစ်ပုံရသည်။ လူသားတို့၏ ခန္ဓာအသွင်ပြောင်းကျင့်စဉ်ပညာဖြစ်မည်။

"လူသားတွေ နဂါးတွေ ဖီးနစ်တွေအသွင်ပြောင်းတဲ့ ကျင့်စဉ်ပညာမျိုး ရှေးဟောင်းခေတ်က တစ်ခါမှမမြင်ဖူးပါဘူး။

နောက်ပိုင်းခေတ်မှ ပေါ်လာတာများလား"

စိတ်ဝင်စားသွားသဖြင့် စာအုပ်ကိုဂရုတစ်စိုက်ဖွင့်ကြည့်သည်။

ထို့နောက်တွင် မဖွယ်မရာစကားလုံးမျိုးစုံ မြင်ကွင်းတွင်ပေါ်လာသည်။ နဂါးနှင့်ဖီးနစ်မိတ်လိုက်ပုံကို ကွက်ကွက်ကွင်းကွင်းဖော်ပြထားသည်။ ကျန်းလျန်ယိ အတော်လန့်သွားပြီး ဓာတ်လိုက်သကဲ့သို့ စာအုပ်ကိုပစ်ချလိုက်သည်။

"ဒါ...ဒါဘာသဘောလဲ။ ဒီလိုစာအုပ်တွေ ရှေးဟောင်းခေတ်က မရှိပါဘူး"

"အကြီးအကဲလျန်ယိ၊ ဘာဖြစ်တာလဲ"

ဆူဆူညံညံအသံကြားသဖြင့် လုယန် အပြေးရောက်လာသည်။

ဒုတိယထပ်သည် အလွန်တရာတိတ်ဆိတ်သည်။ အသံနည်းနည်းထွက်ရုံဖြင့် တစ်ခြားလူများ အာရုံစိုက်မိသည်။

"ဒီစာအုပ်ကိုဘယ်သူရေးတာလဲ"

"ဘယ်စာအုပ်လဲ"

ဒီစာအုပ်ကို ဘာလို့နေရာတိုင်းတွေ့နေရတာလဲ...

ပထမဆုံးအကြိမ် ကျမ်းစာတိုက်သို့လာစဉ်က ထိုစာအုပ်ကို သူတွေ့သည်။ လျှို့ဝှက်ကျမ်းတစ်ခုတွေ့ပြီထင်ခဲ့သည်။ ကျမ်းစာတိုက်မှ စီနီယာအကိုတစ်ယောက်က ထိုစာအုပ်သည့် တားမြစ်စာအုပ်ဖြစ်ကြောင်းပြောသည်။

နတ်ဆိုးနယ်မြေသို့ ခရီးမထွက်မီ ထိုစာအုပ်ရေးသူသည် တာအိုရှင်ဝစီပိတ်ဖြစ်ကြောင်း ဒုအကြီးအကဲထံမှ သိခဲ့ရသည်။ ကျမ်းစာတိုက်တွင် သိမ်းထားသည့်စာအုပ်သည် မူရင်းစာအုပ်ဖြစ်နိုင်သည်။

အပြင်လောကမှ စာအုပ်မိတ္တူအားလုံးကို ဖျက်ဆီးပြီးဖြစ်သည်။ ပထမထပ်တွင်တွေ့ခဲ့သည့်စာအုပ်ကို ကျမ်းစာတိုက်မှစီနီယာအကိုက ယူသွားသည်။

ယခုဘာကြောင့် ဒုတိယထပ်တွင် တစ်အုပ်ရှိနေသည်မသိ။

ဆရာ...ကျမ်းစာတိုက်မှာ မိတ္တူတွေ ဘယ်နှစ်အုပ်များရှိနေတာလဲ...

"ဒီစာအုပ် ဘယ်သူရေးတာလဲ"

ကျန်းလျန်ယိ ဒေါသထွက်နေသည်။ အရှက်ခွဲသလိုခံစားနေရသည်။ စာရေးသူကို အလွတ်မပေးနိုင်။

ထိုမေးခွန်းကြောင့် လုယန် ကျောစိမ့်သွားသည်။ ဖြေလိုက်လျှင် သူ့ဆရာအသက်အန္တရာယ်ကြုံနိုင်မှန်းသိသည်။

တပည့်ဖြစ်သည့်သူ့အပေါ် ဝစီပိတ် ကောင်းကောင်းဆက်ဆံခဲ့ပါသည်။

ဂိုဏ်းတွင် အမြဲရှိမနေ၊ သူ့ကိုကျင့်စဉ်လမ်းညွှန်မပေး၊ သူ့နောက်ခံ မကြေညာရဲအောင် အပြင်လောကတွင် နေရာတိုင်းရန်သူဖွဲ့၊ မကြာခဏထောင်ကျခဲ့သဖြင့် တော်ဝင်စာမေးပွဲသူဖြေခွင့်မရှိ။

သို့သော် ဘယ်လိုအမှားများကျူးလွန်သည်ဖြစ်စေ ဝစီပိတ်သည် သူ့ဆရာဖြစ်သည်။

"ကျုပ်ဆရာ တာအိုရှင်ဝစီပိတ်ရေးခဲ့တာပါ"

ထိုကပ်ဆိုးက သူ့ဆရာနှင့် ကံရေစက်ပါသည်။ အန္တရာယ်လည်းဖြစ်သလို အခွင့်အရေးလည်းဖြစ်သည်။

ဖိအားရှိမှ စိတ်အားထက်သန်မည်ဟု ယွမ်ကျိကို သူ့ဆရာအမြဲသင်ခဲ့သည်။ ဝစီပိတ်ကိုယ်တိုင်လည်း ထိုဖိအားအတွက် ကောင်းကောင်းပြင်ဆင်ထားပြီးဖြစ်မည်။

ကျန်းလျန်ယိ ခေါင်းတစ်ချက်ငြိမ့်သည်။ နှုတ်ခမ်းထောင့်တွင် ကြောက်စရာအပြုံးတစ်ခုပေါ်လာသည်။

"ငါတို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ဂိုဏ်းချုပ် တာအိုရှင်ဝစီပိတ်လား"

"ဟုတ်ပါတယ်"

"အခုသူဘယ်မှာလဲ"

"နေရာစုံလျှောက်သွားနေတာပါ။ ဘယ်ရောက်နေလဲ မသိပါဘူး။ ဂိုဏ်းအကြီးအကဲတွေတောင် သူ့ကိုမရှာနိုင်ဘူး"

"နားလည်ပြီ။ ငါအပြင်ရောက်ရင် သူ့ကိုရှာမယ်"

ကျန်းလျန်ယိ စာအုပ်ကိုယူသွားသည်။ ထိုစာအုပ်မှအကြောင်းအရာများကို တစ်ခြားလူများမမြင်သင့်။

ထိုခဏမှာပင် ခါးကုန်းအဘိုးအိုတစ်ယောက် အနားသို့ရောက်လာသည်။ ရုပ်ရည်ကသာမန်သာဖြစ်သည်။

"ဧည့်သည်တာအိုရှင်၊ ဒီစာအုပ်ကို ကျုပ်တို့ကျမ်းစာတိုက်က ပိုင်ပါတယ်။ ရှောင်ယွမ်ပေးလိုက်တဲ့ထောက်ခံချက်က မင်းကို ကျမ်းစာတိုက်ထဲ လွတ်လွတ်လပ်လပ် စာဖတ်ခွင့်ပြုရုံပါ။ စာအုပ်ကိုယူသွားခွင့် ရှိတယ်လို့ ပြောမထားဘူးမဟုတ်လား"

စကားသံက အတော်သက်တမ်းရင့်နေသည့်လူတစ်ယောက်မှန်း သိသာသည်။ ဖြေးဖြေးချင်း ညင်ညင်သာသာပြောသည်။

"အကြီးအကဲထောင်"

လုယန် လက်နှစ်ဘက်ဆုပ် အရိုအသေပြုလိုက်သည်။

ထိုလူသည် ဘိုးဘေးဆရာတို့မျိုးဆက်ဖြစ်သည်။ အငြိမ်းစားယူပြီးနောက် ကျမ်းစာတိုက်ကို စောင့်ကြပ်နေခြင်းဖြစ်သည်။ ကျင့်စဉ်အဆင့်ကို ခန့်မှန်းမရ။

ကျန်းလျန်ယိက နှာခေါင်းတစ်ချက်ရှုံ့၍ သူ့ရုပ်ရည်အစစ်ကို ပြလိုက်သည်။ အဘိုးအိုကို လုံးဝအရေးမစိုက်။

"ဖီးနစ်ဘိုးဘေးလား"

အကြီးအကဲထောင် မျက်လုံးပြူးသွားသည်။ မျက်ခုံးလှုပ်လာသည်။

ဂိုဏ်းအကြီးအကဲရှစ်ယောက်ထက် ဝါရင့်သည့် မျိုးဆက်ဟောင်းကျင့်ကြံသူဖြစ်၍ ကျန်းလျန်ယိရုပ်ထုကို နတ်ဆိုးနယ်မြေတွင် သူမြင်ဖူးခဲ့သည်။

"အင်း...ဒါကို ငါယူသွားမယ်ဆိုရင်ရော ဘာဖြစ်လဲ"

အကြီးအကဲထောင်ကလည်း ပြတ်သားသည်။

"ဒါဆိုရင်လည်း ယူသွားပါ။ ကျုပ်မတားပါဘူး"

လုယန် "..."

......

တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် အားလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။ သို့သော် အပြင်ဘက်တွင် ဒဏ္ဍာရီဖီးနစ်ဘိုးဘေးနိုးထလာသည့်သတင်းက တော်မီးလိုပျံ့နှံ့၍ ဂယက်ထနေသည်။

နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်၊ ဗုဒ္ဓနိုင်ငံ၊ တော်ဝင်နန်းတော်၊ နတ်ဆိုးဂိုဏ်းသုံးဂိုဏ်း၊ မြေအောက်မှောင်ခိုဈေး။ နေရာတိုင်းမှကျင့်ကြံသူများ ထိုသတင်းကြောင့် အံ့ဩနေကြသည်။

"နှစ်သုံးသိန်းကြာအောင်ပျောက်သွားတဲ့ ဖီးနစ်ဘိုးဘေးကက အသက်ရှင်နေသေးတယ်ပေါ့။ တိုက်ခိုက်စွမ်းအားလည်း လျော့မသွားဘူး။ မသေမျိုးတွေအောက်မှာ နံပတ်တစ်ဆိုတဲ့ အရှင်ကျူးထန်ကို အနိုင်ယူခဲ့တာလား"

"ဒါတင်ဘယ်ကမလဲ။ ဖီးနစ်ဘိုးဘေးက ကောင်းကင်ရုံးတော်ရဲ့ တောင်ဝင်ကာကွယ်သူလေးယောက်ထဲက တစ်ယောက်တဲ့။ နတ်ဆိုးနိုင်ငံတည်အခမ်းအနားမှာ ကောင်းကင်ရုံးတော်သခင်လေးနဲ့အတူ ရောက်လာတာ"

"ကောင်းကင်ရုံးတော်က ဒီလောက်တောင်အင်အားကောင်းတယ်ပေါ့"

"ငါပြောသားပဲ။ ကောင်းကင်ရုံးတော်ဂိုဏ်းဟာ ရှေးဟောင်းကောင်းကင်ရုံးတော်အစစ်ပါလို့။ စာအုပ်နည်းနည်းလောက်ဖတ်ပြီး ကောင်းကင်ရုံးတော်ဂိုဏ်းကအတုလို့မပြောနဲ့။ အခုအမှန်တရားက ပေါ်လာပြီပဲ။

ဖီးနစ်ဘိုးဘေးပေါ်လာပြီ။ နတ်ဆိုးမသေမျိုးရဲ့ပုံစံအစစ်ဟာ ချီလင်ပဲ။ ဒဏ္ဍာရီတော်ဝင်သားရဲပဲ"

"ပြီးတော့ ချီလင်နဲ့ဖီးနစ်ဘိုးဘေးက လင်မယားတွေတဲ့။ ဖီးနစ်မျိုးနွယ်ရဲ့အခြေခံအင်အားက ခန့်မှန်းမရနိုင်အောင်ပါပဲ။

မသေမျိုးတစ်ဝက်တွေကြားမှာ ဖီးနစ်ဘိုးဘေးကို ဘယ်သူမှမစော်ကားရဲဘူးဆိုတဲ့ ရှေးဟောင်းခေတ်ကောလဟာပေါ်ခဲ့တာ မဆန်းတော့ဘူး။

ချီလင်မသေမျိုးရဲ့ထောက်ခံမှုရှိနေမှတော့ ဘယ်သူစော်ကားရဲမှာလဲ"

ဘုံဆိုင်ငယ်တစ်ခုတွင် သောက်စားနေသူတစ်စု နတ်ဆိုးနယ်မြေကိစ္စကို စိတ်အားထက်သန်စွာပြောနေကြသည်။ မသေမျိုးတစ်ဝက်တိုက်ပွဲကို ကိုယ်တွေ့ကြုံခဲ့သလိုလေသံမျိုးဖြစ်သည်။

"နေပါဦး၊ အရှင်ကျူးထန်နဲ့ ဖီးနစ်ဘိုးဘေး။ နတ်ဆိုးနယ်မြေမှာ မသေမျိုးတစ်ဝက်နှစ်ယောက်ရှိနေတာလား"

အပြင်ပန်းတွင် ဘယ်အင်အားစုမှ မသေမျိုးတစ်ဝက်တစ်ယောက် ရှိကြသည်မဟုတ်။ အမြင့်ဆုံး ကူးဖြတ်ခြင်းအဆင့်သာရှိသည်။

ထို့ကြောင့် နတ်ဆိုးနယ်မြေက ရုတ်တရက် စွမ်းအားအကြီးဆုံးအင်အားစုဖြစ်လာသည်။

"မသေမျိုးတစ်ဝက် အင်း..."

အခြေတည်အဆင့်ဖြစ်စေ နတ်ဝိညာဉ်အဆင့်ဖြစ်စေ မသေမျိုးတစ်ဝက်အဆင့်ကို လေးစားကြသည်။ သူတို့တစ်သက်တာတွင် ဘယ်တော့မှမရောက်နိုင်သည့် အဆင့်ဖြစ်သည်။

အခြေတည်အဆင့်အများစုက 'မသေမျိုးတစ်ဝက်အဆင့်'ဆိုသည်ကို မသိကြ။ တစ်ဆင့်စကားဖြင့်ကြားပြီး ကြွားလုံးထုတ်နေကြခြင်းဖြစ်သည်။

ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများကို ကျင့်ကြံမှုလောက၏ကျောရိုးဟု သတ်မှတ်ကြသည်။ သူတို့အာရုံက ထက်မြက်သည်။ ထိုသတင်းမှ ထူးခြားချက်ကို ရိပ်မိသည်။

"ရှေးဟောင်းမသေမျိုးတစ်ဝက်နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပေါ်လာတာဟာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ ဒါဟာ မဟာကပ်ရဲ့ ရှေ့ပြေးနိမိတ်ပဲ..."

ခပ်နွမ်းနွမ်းတာအိုဝတ်စုံနှင့် အဘိုးအိုက ထိုသတင်းများကိုနားထောင်ရင်း သက်ပြင်းချနေသည်။ တစ်ခြားလူများထက် သူပိုခံစားမိသည်။

"ရှောင်ယန်က ဖီးနစ်ဘိုးဘေးနဲ့ ဘယ်လိုပတ်သက်ခဲ့တာလဲ။ ကောင်းကင်ရုံးတော်ဂိုဏ်းထဲကိုတောင် စည်းရုံးနိုင်ခဲ့တာလား။ ငါတောင် ဒါမျိုးမလုပ်နိုင်ဘူး"

တာအိုရှင်ဝစီပိတ် အတော်စဉ်းစားရကြပ်နေသည်။ သူ့တပည့်လေး၏ လုပ်ဆောင်ချက်များကြားတိုင်း သူ့အသိအမြင်ကျယ်ရသည်။

"ရှောင်ယန်က သတ္တိကောင်းတာပဲ။ ဖီးနစ်ဘိုးဘေးကိုတောင် လှည့်စားရဲတယ်။ နောက်တစ်ကြိမ်သူနဲ့တွေ့ရင် သွားမထိသင့်တဲ့လူမျိုးကို မလှည့်စားဖို့ ပြောရမယ်။ မဟုတ်ရင် သေချာပေါက်ဒုက္ခရောက်မှာပဲ"

တစ်ခြားလူများကို လှည့်စားရာတွင် အတွေ့အကြုံရင့်နေသည့် တာအိုရှင်ဝစီပိတ်သည် ယနေ့ထိ အသက်ရှင်နေနိုင်သည်မှာ ကံသက်သက်ကြောင့်မဟုတ်။ စည်းမျဉ်းတစ်ခုကြောင့်ဖြစ်သည်။ သူမနိုင်သည့်လူမျိုးကို ဘယ်တော့မှသွားမထိ။

ဥပမာ ဖီးနစ်ဘိုးဘေးလို အဆင့်အတန်းရှိသူမျိုးကို သူလုံးဝရှောင်သည်။ တစ်ကြိမ်တစ်ခါပင် မကြည့်ချင်။

"အဲ...တစ်ယောက်ယောက်လာနေပြီပဲ"

ထက်မြက်သည့်အာရုံကြောင့် စုစည်းခြင်းအဆင့်တစ်ယောက် ချဉ်းကပ်လာသည်ကို သူခံစားမိသည်။ ထို့ပြင် စွမ်းအင်ရောင်က ကြမ်းတမ်းသည်။ လူသားမျိုးနွယ်မဟုတ်။

တောင့်တောင့်တင်းတင်းသက်လတ်ပိုင်းလူတစ်ယောက် ဘုံဆိုင်လေးထဲသို့ ဝင်လာပြီး ဝစီပိတ်ဘေးတွင်ထိုင်သည်။ သူ့စကားသံဩဩတွင် လေးစားမှုအပြည့်ပါသည်။

"ရေပန်းအစားဆုံး "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"ဆိုတဲ့ ပုံပြင်ဇာတ်လမ်းကို ခင်ဗျားရေးထားတာလို့ကြားတယ်။ ခင်ဗျား တပည့်လက်ခံသေးလား"

ဝစီပိတ် သက်လတ်ပိုင်းလူ၏ ရုပ်သွင်ကိုမော့ကြည့်ပြီး နည်းနည်းအံ့အားသင့်သွားသည်။

"ချုန်းချီမျိုးနွယ်ခေါင်းဆောင်"

**********************************

All Chapters