ပြိတ္တာဘုရင်များ၏ သနားဖွယ်ရာ အဆုံးသတ်
Vol. 5 Ch. 67
ရှုပ်ထွေးသည့် ခံစားချက်များဖြင့် အန်လင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ငါးတုံးအား ထုတ်ယူကာ ပြီးပြည့်စုံသော အခြေခံ ဓားနည်းစနစ် စုဆောင်းမှု စာအုပ်ကို သူ၏ သိုလှောင်လက်စွပ် အတွင်း ထည့်သိမ်း လိုက်တော့သည်။
သူ့တွင် ဝန်ခံစရာတစ်ခု ရှိသည်။ ထိုစာအုပ်သည် သူ့အတွက် အမှန်တကယ်ကို သင့်လျှော်လွန်းသည်။ ထိုစာအုပ်သည် သူ၏ အရေးကြီး ပြဿနာများအား ကူညီဖြေရှင်း ပေးနိုင်သည်။
ဘုန်း ... ကောင်းကင်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံအား ကြားလိုက်ရသဖြင့် အန်လင်းသည် ခေါင်းမော့ကာ ကြည့်လိုက်သည်။ တာအိုသခင် တိမ်တိုက် စူးစမ်းသည့် သွေးအရိုးခေါင်းအား ခြေမွ ဖျက်ဆီးလိုက်သည်ကို တွေ့လိုက်မိသည်။
သောကဗျာပါပွေ ပြိတ္တာဘုရင်၏ မှော်ရတနာသည် သူ့အသက်ဝိညာဉ်နှင့် ချိတ်ဆက် ထားသည်။ ထို့ကြောင့် ထိုမှော်ရတနာ ဖျက်ဆီး ခံလိုက်ရသည်နှင့် သူသည်လည်း သွေးနက်များအား ပါးစပ်နှင့်အပြည့် အန်လိုက်သည်။
ဓားအင်မော်တယ် မြစ်စိမ်းသည် ထိုအခွင့်အရေးအား ဖမ်းဆုပ်လိုက်သည်။ ချက်ချင်း ဆိုသလိုပင် ကောင်းကင်တွင် ဓားစိတ်ဆန္ဒများ ဖုံးလွှမ်းလာသည်။ ဓားမှနေ ဖျက်ဆီးနိုင်သည့် စွမ်းအားအပြည့်နှင့် ဓားချက် ထွက်ပေါ်လာပြီး ကောင်းကင်မှ စီးဆင်းနေသော ကြီးမားကျယ်ပြန့်ကာ လှိုင်းလေ ထန်လျက်ရှိသည့် မြစ်ကဲ့သို့ပင် ဖြစ်သည်။
“မဟုတ်ဘူး …” သောကဗျာပါပွေ ပြိတ္တာဘုရင်၏ မျက်နှာတွင် စိတ်အားငယ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ကြောက်မက်ဖွယ် ဓားချက်အား ကြည့်နေရင်းနှင့် သူသည် ကာကွယ် တားဆီးနိုင်စွမ်း မရှိတော့သည်ကို သိလိုက်ရသည်။
မျက်တောင်တစ်ချက် ခပ်လိုက်သည့် အချိန်မှာပင် သောကဗျာပါပွေ ပြိတ္တာ၏ ခန္ဓာကိုယ်သည် ဓားချက်အား ခံစားလိုက်ရပြီးနောက် အဆုံးသတ် သွားတာ့သည်။
***
သောကဗျာပါပွေပြိတ္တာဘုရင်၏ သေဆုံးခြင်းသည် အခြားပြိတ္တာဘုရင် နှစ်ကောင်အား ကြောက်ရွံ့မှုကြောင့် ဖျော့တော့ သွားစေသည်။ တာအိုသခင် တိမ်တိုက် စူးစမ်းနှင့် ဓားအင်မော်တယ် မြစ်စိမ်းတို့သည် သူတို့၏ တိုက်ပွဲအား ဝင်ရောက်လာပါက သူတို့အနေဖြင့် ရှင်သန်နိုင်ရန် လမ်းစမရှိတော့ချေ။
ထို့ကြောင့် ကျန်ရှိနေသည့် ပြိတ္တာဘုရင် နှစ်ကောင်သည် အစွမ်းကုန် တိုက်ခိုက်ကြတော့သည်။
ဒေါသကုမ္ဘာန်ပြိတ္တာဘုရင်သည် သူ့သက်တမ်းအား လျော့ကျစေသည့် လျှို့ဝှက်နည်း စနစ်တစ်ခုကို အသုံးပြုလိုက်သည်။ ထိုနည်းစနစ်သည် သူ့အား အချိန်တိုအတွင်း စွမ်းအား ကြီးလာစေနိုင်သည်။ သူ၏ လက်သည်းနက်များသည် လူသားများထက်ပင် ကြီးမားလာပြီး အလွန်ရက်စက်မည့်ပုံ ပေါ်သည်။
သူက ရူးသွပ်ရလောက်အောင် လျင်မြန်သည်။ ကြမ်းကြုတ်သည့် သားရဲတစ်ကောင်နှင့် တူပြီး ကယ်တင်ရှင်အား ရုတ်တရက် တိုက်ခိုက်လာသည်။
ကယ်တင်ရှင်သည် သူ၏ ဆေဘာ အလင်းဓားအား ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်ထံသို့ ခုတ်ပိုင်းလိုက်သည်။ မမျှော်လင့်ထားစွာပင် ပြိတ္တာဘုရင်သည် ထိုဓားချက်အား ရှောင်တိမ်းခြင်း မပြုပေ။ ထို့အပြင် ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်သည် ၎င်း၏ လက်သည်းနက်များဖြင့် သူ့အား လွှဲရိုက်လာသည်။
ဆေဘာအလင်းဓားသည် မှော်စွမ်းအင်ဖြင့် ပြုပြင်မွန်းမံ ထားသဖြင့် အလွန်အမင်း စွမ်းအားကြီးသည်။ ထို့နောက်တွင် ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်၏ လက်သည်းနက်များအား နှစ်ပိုင်း ပိုင်းလိုက်တော့သည်။ သို့သော်လည်း ကယ်တင်ရှင်သည် စိတ်ထဲတွင် မကောင်းသည့် ခံစားချက်များ မြင့်တက် လာနေသည်။
ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်၏ အခြားလက်သည်း တစ်ခုသည် သူ့အရှေ့သို့ ရောက်ရှိလာသည်ကြောင့် ဓားဖြင့် ကာကွယ်ရုံသာ တတ်နိုင်လိုက်သည်။
ဘုန်း …
ထိုလွှဲရိုက်ချက်ကြောင့် ကယ်တင်ရှင်သည် အနောက်သို့ လွင့်ပျံသွားသည်။
ကြီးမားသည့်အားသည် သူ့ခန္ဓာကိုယ်အား ဆုတ်ဖဲသကဲ့သို့ ရှိနေပြီး ပါးစပ်နှင့်အပြည့် သွေးအန် လိုက်ရသည်။
ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်သည် ကယ်တင်ရှင်၏ အနောက်သို့ မလိုက်တော့ဘဲနှင့် အစွမ်းကုန်သုံးကာ ထွက်ပြေးတော့သည်။ တာအိုသခင် တိမ်တိုက် စူးစမ်းနှင့် ဓားအင်မော်တယ် မြစ်စိမ်းတို့သည် ထိုအချင်းအရာအား မြင်သည်နှင့် ချက်ချင်းဆိုသလို လိုက်လံ ဖမ်းဆီးကြတော့သည်။ ရွှမ်ယွမ်ချန်၏ တိုက်ပွဲသည်တော့ သူတို့၏ အကူအညီ မလိုအပ်သဖြင့် သူ့အား စိတ်ပူစရာ မလိုအပ်တော့ပါ။
***
ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် ရူးသွပ် သွားတော့မည်ဟု ခံစားနေရသည်။
သူက လျှို့ဝှက်နည်း စနစ်အား သုံးပြီး သူ၏ ကျင့်ကြံခြင်း အခြေခံကို မြှင့်တင်ကာ ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားနေလေသည်။ သို့သော်လည် ရွှမ်ယွမ်ချန်၏ ဖမ်းဆီးထားမှုကြောင့် သူ၏ အားထုတ်မှုတို့သည် အကျိုးမဲ့ဖြစ်ရသည်။
လွန်ခဲ့သည့်အချိန်က သူ့အား လာရောက် တားဆီးသူမှာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သည့်အတွက် သူက ပျော်ရွှင်နေခဲ့သည်။ သူ့တွင် လွတ်မြောက်ဖို့ရန် အခွင့်အရေး ရှိနေသေးသည် မဟုတ်ပါလား။
သို့သော်ငြား ယခုအခါတွင် သူနားလည် သဘောပေါက် လိုက်ရသည်မှာ သူ့အား တားဆီးထားသည့် ထိုမအေပေး ကျင့်ကြံသူမှာ အားလုံးထဲတွင် အသန်မာဆုံးသူ ဖြစ်သည် ဟူ၍ပင်။
သူ၏ လျှို့ဝှက်နည်း စနစ်အား အသုံးပြုပြီးသည့် နောက်တွင် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့် ကျင့်ကြံသူများ ထက်ပင် သန်မာလိမ့်မည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း သူသည် ရွှမ်ယွမ်ချန်အား နည်းနည်းလေးပင် ထိခိုက်အောင် မပြုနိုင်ခဲ့ချေ။
ရွှမ်ယွမ်ချန်သည် သူ၏တိုက်ခိုက်မှုအား အချိန်တိုင်းတွင် သူ့ခန္ဓာကိုယ်၌ ဒဏ်ရာတစ်ခု ပေါ်လာစမြဲသာ။ သို့ပေမဲ့လည်း သူ၏ တန်ပြန် တိုက်ခိုက်မှုတွင် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ မပါဝင်သည့်အတွက် သူ၏ ရည်ရွယ်ချက်မှာ ထင်ရှားလွန်းသည်။ ထိုအကောင်သည် သူ့အား တားဆီးထားရုံတင် မကဘဲ အသက်ရှင်လျက်ပါ လိုချင်နေလေသည်။
သာမန်တိုက်ပွဲများတွင် အသက်ရှင်လျက် ဖမ်းဆီးရခြင်းသည် သတ်ဖြတ်ရခြင်းထက် ပိုမိုခက်ခဲသည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်အား သတ်ဖြတ်ရာတွင် သူတို့အစွမ်းရှိသမျှ အကုန်အသုံးပြုကာ တိုက်ခိုက်ရန် လိုအပ်သည်။ သို့ပေမဲ့လည်း လူတစ်ယောက်အား အသက်ရှင်လျက် ဖမ်းဆီးလိုလျှင်မူ ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် တိုက်ခိုက်ရန် လိုအပ်သလို သူတို့၏ စွမ်းအားကိုလည်း ဂရုတစိုက် ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။
ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် သူ၏ အိပ်မက်ထဲတွင်ပင်လျှင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှင်လတ်လတ် ဖမ်းဆီးခြင်းအား ခံရလိမ့်မည်ဟု မြင်မက်ခဲ့ဖူးမည် မဟုတ်။
ဝှစ် ...
ဓားကွန်ယက် အတွင်းတွင် အဖြူရောင် အလင်းတန်းတစ်ခု ရှိနေသည်။
ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် ချက်ချင် ဆိုသလိုပင် ထိုဓားစိတ်ဆန္ဒ အတွင်းမှ ထွက်ပြေးရန် အားထုတ် လိုက်သည်နှင့် သူ့ရင်ဘတ်တွင် နောက်ထပ် ပြတ်ရှရာတစ်ခု ပေါ်လာပြန်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ အပြည့်နှင့်ဖြစ်ကာ သွေးနက်များ ပေကျံလျက် ရှိနေပြီး ဖြစ်သည်။
ရွှမ်ယွမ်ချန်သည် ယခင်အတိုင်း အစွန်းအထင်း မရှိဖြစ်ကာ သူ၏ ဝတ်ရုံဖြူမှာလည်း လေတွင် တလှပ်လှပ် လွင့်နေဆဲ ဖြစ်လေသည်။
“အေး … သုံးဆယ်နဲ့မှ ငါးကြိမ်တိတိ ရှိနေပြီ … မင်းက ဆက်ပြီး ပြေးချင်နေသေးတာလား …” ရွှမ်ယွမ်ချန်သည် ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်မှ သုံးဆယ့်ငါးခုသော ဒဏ်ရာများအား ကြည့်ကာ ထူးမခြားသည့် လေသံဖြင့် ပြောသည်။
“မအေပေး မင်းကိုငါ သတ်ပစ်မယ် ကြည့်နေ …” ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်မှာ အလွန်ဒေါသ ထွက်နေလေပြီ။ သူ၏ ဧရာမဓားကြီးမှ ဓားနက်တစ်ခု ထွက်ပေါ်လာပြီး ရွှမ်ယွမ်ချန်အား ခုတ်ပိုင်းလိုက်သည်။
ရွှမ်ယွမ်ချန်၏ ဓားသည်လည်း ဓားချက်တစ်ခု ပစ်လွှတ်လိုက်သည်။ လေထု အလယ်တွင် ဓားခုတ်ချက် နှစ်ခုသည် ကျယ်လောင်စွာ ရင်ဆိုင် တိုက်မိကြသည်။ ထိုရင်ဆိုင်တွေ့မှမှုနေ စွမ်းအင်များ ထွက်ပေါ်လာကာ လေပြင်း မုန်တိုင်းတစ်ခုပင် ပေါ်လာပြီး အနီးမှာရှိသည့် သစ်ပင်များသည် အမြစ်မှနေ ကျွတ်ထွက်သွားကြသည်။
ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် ဒုတိယ တိုက်ခိုက်မှုအား အသုံးမပြု နိုင်ခင်မှာပင် ဓားအလင်းတစ်ခု ရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်အား ထိုးစိုက်လိုက် ပြန်သည့်အတွက် သွေးအန်ထွက်ရပြန်သည်။
“သုံးဆယ့်ခြောက်ကြိမ် ရှိပြီနော် …” ရွှမ်ယွမ်ချန်က တည်ငြိမ်စွာပင် ပြောသည်။
“ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင် …”
ထိုအချိန်တွင်ပင် အခြားတိုက်ပွဲ တစ်ခု၌ ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်သည် လျှို့ဝှက်နည်း စနစ်အား အသုံးပြုကာ သူ၏ကျင့်ကြံခြင်း အခြေခံအား မြှင့်တင်ပြီး နောက်တွင် ထွက်ပြေးနေသည်မှာ ဆယ်မီတာ အကွာအဝေးသို့ပင် ရောက်ရှိနေလေပြီ ဖြစ်သည်။
သို့သော်လည်း သူ့အနောက်တွင် လိုက်ဖမ်းလျက် ရှိသူများသည် တဖြည်းဖြည်း ပိုမိုနီးကပ် လာကြသည်။
“ဟေး … ဒီလူအိုကြီးရဲ့ အမြန်နှုန်းကို ပြိုင်ဖို့ကြိုးစားနေတာလား … ငယ်ပါသေးတယ်ကွာ …” တာအိုသခင် တိမ်တိုက်စူးစမ်းသည် မုတ်ဆိတ်ဖြူများအား သပ်လျက် သူ့မျက်နှာတွင် လှောင်ပြောင် သရော်လိုဟန် ရှိနေသည်။
သူက အဖြူရောင် တိမ်တိုက်အား စီးနင်းကာ အသံသွားနှုန်းထက် ပိုမိုလျင်မြန်သည့် အရှိန်ဖြင့် ပျံသန်းလျက်ရှိသည်။
တာအိုသခင် တိမ်တိုက်စူးစမ်း … တိမ်မြူခိုးတို့၏ လမ်းစဉ်ကို လေ့ကျင့်ထားသူ၊ ပတ်ဝန်းကျင်ရှိ လေထုအား အသုံးပြုနိုင်သူသည် သူနှင့် အဆင့်တူ ကျင့်ကြံသူ အားလုံးထက် ပိုမိုမြန်ဆန် ပေသည်။
သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသည့် ဒေါသကုမ္ဘာန် ပြိတ္တာအရှင်သည် မည်သည့်နည်းနှင့် သူ့လက်အတွင်းမှ လွတ်မြောက် နိုင်မည်နည်း။
“ရပ်စမ်း …” တာအိုသခင် တိမ်တိုက် စူးစမ်းသည် လေထုအား ဖမ်းဆွဲ လိုက်ပြီးနောက် တိမ်မြူခိုးတို့သည် စုပြုံ လာလေသည်။ ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်၏ ရှေ့မှောက်တွင် တိမ်မြူခိုးတို့ဖြင့် ဖွဲ့စည်းထားသော မြေပြင်ကို အက်ကွဲစေနိုင်သည့် စွမ်းအားများ ပါရှိသည့် ဧရာမလက်ကြီး ပေါ်လာပြီး သူ့အား ပြင်းထန်စွာ ရိုက်ချ လိုက်လေသည်။
ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်သည် အရှိန်လျှော့လိုက်ခြင်း မရှိသော်ငြား တစ်ခုခု မတုံ့ပြန်လျှင် သူ့တွင် လွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိလိမ့်မည် မဟုတ်တော့ပေ။
ထို့ကြောင့် သူ၏ လက်သည်းနက်ကိုသာ ဆန့်ထုတ်လိုက်ကာ ထိုဧရာမ လက်ကြီးအား ဆုတ်ဖြဲရန် ကြိုးစားလိုက်သည်။
ဘုန်း …
ထိုလက်ကြီးအတွင်း ပါဝင်သည့် စွမ်းအင်များသည် အပြင်သို့ ပေါက်ကွဲ ထွက်လာပြီး ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်အား ကြမ်းတမ်းစွာ ရိုက်ချလိုက်သည့် အခါတွင် သွေးအန်ထွက် လုမတတ်ပင် ဖြစ်ရသည်။
ထိုလက်၏ ခွန်အားကို လျှော့တွက်မိခဲ့သည်။ ထိုလက်တွင် ပါဝင်သည့် စွမ်းအားသည် သူ၏ အကာအကွယ်မန္တန်ကို လွယ်ကူစွာ ချိုးဖြတ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။
ထိုအချိန်မှာပင် တာအိုသခင် တိမ်တိုက်စူးစမ်းသည် သူ့အား ဖမ်းမိသွားတော့သည်။
လွတ်မြောက်ရန် လမ်းစမရှိတော့သည်ကို မြင်လိုက်ရသည့်အခါတွင် ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်၏ မျက်လုံးများသည် သွေးရောင်လွှမ်းလာသည်။ “မင်းသေပြီသာမှတ် …”
သူ့ခန္ဓာကိုယ်မှနေ ကြီးမားသည့် အငွေ့အသက် ထွက်ပေါ်လာပြီး အမြောက်ဆံ တစ်ခုကဲ့သို့ တာအိုသခင် တိမ်တိုက်စူးစမ်းထံ ပစ်လွှတ်ကာ သူ၏ အားကောင်းသည့် လက်သည်းနက်ကြီးဖြင့် တိမ်တိုက်စူးစမ်းအား ရင်ဘတ်မှနေ ဖမ်းဆုပ်လိုက်သည်။
တာအိုသခင် တိမ်တိုက်စူးစမ်းသည် မျက်ခုံးတွန့်လိုက်ပြီး “သောက်ရူးကောင်ရေ … မင်းကိုယ်မင်း ဘယ်နေရာကို ဆွဲခေါ်နေမှန်းကော သိရဲ့လား …”
ထိုသို့အော်ဟစ်ပြီး နောက်တွင် သူသည် တိမ်မြူခိုးလက်ဝါး တစ်ဆယ့်ရှစ်ချက်အား ထုတ်ဖော်လိုက်သည်။ တိမ်ဖြူလက်ဝါးသည် ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်အား ကြီးမားသည့် စွမ်းအားဖြင့် ရိုက်ချတော့သည်။
ဘုန်း … ဘုန်း … ဘုန်း …
ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်သည် နောက်တစ်ဖန် ထွက်ပြေးဖို့ ကြိုးစားပြန်သည်။ ထိုင်းမှိုင်းသည့် အငွေ့အသက် များသည့် သူ့အား ကော်ကဲ့သို့ ကပ်ငြိနေပြီး ခန္ဓာကိုယ်အတွင်း စိမ့်ဝင်ကာ သူ၏ စွမ်းအားများကို စားသုံး နေလေသည်။
သူက အလွန်အမင်း စိတ်ပင်ပန်း နေလေပြီ။ ပြေးတမ်းရိုက်တမ်း ပြုလုပ်နေခြင်းမှ မေ့လျော့ကာ သူသည် သောက်ရူးကောင်ဟု ကြိမ်းမောင်းခြင်း ခံလိုက်ရသေးသည်။ သူသည် မည်သည့်အချိန်မှ စကာ ထိုကဲ့သို့ ဆိုးဝါးစွာ ပြုမူခဲ့သနည်း။
သူက ခေါင်းငုံ့ခံ မနေနိုင်တော့ပါ။ အော်ဟစ် လိုက်ပြီးနောက် လက်သည်းနက် အားသုံးကာ တာအိုသခင် တိမ်တိုက်စူးစမ်း၏ ရင်ဘတ်သို့ ရိုက်ချ လိုက်ပြန်သည်။
တာအိုသခင် တိမ်တိုက် စူးစမ်းသည် နောက်တစ်ကြိမ် ဒေါသတကြီး ဖြစ်လာပြန်သည်။ “သောက်ရူးကောင် … ထပ်လုပ်ပြန်ပြီလား …”
ဘုန်း …
ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်သည် တိမ်ဖြူလက်ဝါး ရိုက်ချက်ကြောင့် နောက်တစ်ဖန် သွေးအန် ရပြန်သည်။
ထိုသည်မှာ တာအိုသခင် တိမ်တိုက်စူးစမ်း၏ အားအပြင်းဆုံး ရိုက်ချက် ဖြစ်သည်။ ယင်းရိုက်ချက်သည် ထိခိုက်ဖျက်ဆီး နိုင်ရုံတင်မက စိတ်စွမ်းအင် များကိုပါ စုပ်ယူနိုင်သည်။ ထိုရိုက်ချက်အား ခံရပြီးနောက်တွင် ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်သည် ရုတ်တရက် ဆိုသလို မောပန်းလာသည်။
ထိုအချိန်မှာပင် ဓားအင်မော်တယ် မြစ်စိမ်းသည် ရောက်ရှိလာပြီး အခွင့်အရေးအား ဖမ်းဆုပ်ကာ ပြိတ္တာဘုရင်ကို အစွမ်းကုန် တိုက်ခိုက် လိုက်တော့သည်။
အစိမ်းရောင် ဓားချက်သည် လေကိုဖြတ်ကာ ချက်ချင်း ဆိုသလိုပင် ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်အား ပိုင်းဖြတ် လိုက်တော့သည်။
ဓားအား နောက်ကျောတွင် လွယ်ကာ ဓားအင်မော်တယ် မြစ်စိမ်းသည် လေကို မျက်နှာမူ လိုက်ပြီးနောက် ခန့်ညားသည့် သူ့မျက်နှာတွင် ငြိမ်းချမ်းသည့် အပြုံးတစ်ခု ပေါ်လာသည်။
ရန်သူများအား အခွင့်အရေးယူကာ ချေမှုန်းရာတွင် သူက အမြဲတမ်း တော်လွန်းလေသည်။
***
ရွှမ်ယွမ်ချန်နှင့် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်တို့၏ တိုက်ပွဲ သည်လည်း ပြီးဆုံးလုနီးလာပြီ ဖြစ်သည်။
ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်တွင် ဓားချက်များ ဖုံးလွှမ်းနေပြီး သူ့အငွေ့အသက်မှာလည်း အလွန်အားနည်းနေပြီ ဖြစ်သည်။ ထိုဒဏ်ရာများသည် ရွှမ်ယွမ်ချန်ကြောင့် ရရှိလာခြင်း ဖြစ်ပြီး သူ့တွင် လွတ်မြောက်နိုင်ရန် မည်သည့် အခွင့်အရေးမှ ရှိမနေတော့သည်မှာ သိသိသာသာပင် ဖြစ်သည်။
သူ့မျက်နှာတွင် စိတ်အားငယ်မှုများ ပေါ်လာပြီး ဓားကိုပင့်ကာ သူ့လည်ပင်းတွင် ထောက်လိုက်သည်။
“ငါ့ကို အရှင်ဖမ်းဖို့ လုံးဝ ခွင့်မပြုနိုင်ဘူး … အဲလို အဖမ်းခံမဲ့အစား သေပစ်လိုက်မယ် …”
ထိုသို့ပြောပြီးနောက် သူ့ကိုယ်သူ သတ်သေရန် ကြိုးစားလေသည်။
သို့သော်ငြား ထိုအချိန်မှာပင် များပြားလှသည့် အဖြူရောင် တံဆိပ်တော် များသည် သူ၏ ဒဏ်ရာများပေါ်တွင် ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးအား ချုပ်နှောင် လိုက်တော့သည်။
ထိုအချုပ်အနှောင်သည် အလွန်သန်မာသည့်အပြင် အချိန်အကန့်သတ်မဲ့စွာ ရှိနေနိုင်သည်။ ဆိုလိုသည်မှာ အချိန်ကုန် လာသည်နှင့်အမျှ အားနည်းသွားခြင်း ပျောက်ကွယ် သွားခြင်းမျိုးလည်း ရှိမည်မဟုတ်။
ရွှမ်ယွမ်ချန်သည် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အား ကြည့်ကာ ခေါင်းခါလိုက်သည်။ “စိတ်မကောင်းပါဘူးဗျာ … ခင်ဗျားက သေခြင်းတရားကို ရွေးချယ်ခွင့် မရှိဘူး …”
“ကျုပ်က သေခြင်း ချုပ်နှောင် နတ်ဘုရား ဓားနည်းစနစ်ကို အသုံးပြုထားတာလေ …”
“ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ များလာလေလေ အဲဒီ တံဆိပ်တော်တွေက ပိုပြီးအားကောင်း လာလေလေပဲ … ခင်ဗျားက လေးဆယ့်ကိုးချက်တိတိ ပြတ်ရှခံထားရတာလေ … စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတောင်မှ အဲဒီ အချုပ်အနှောင်ကလေ မလွတ်မြောက်နိုင်ဘူးဗျ …”
ထိုသို့ပြောရင် ရွှမ်ယွမ်ချန်သည် ယုံကြည်မှုပြည့်ဝစွာ ပြုံးလိုက်သည်။ “အဲတော့ … ဂုဏ်ယူပါတယ်ဗျာ … ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်ရေ … ခင်ဗျားကတော့ အသက်ရှင်ရက်နဲ့ ဖမ်းဆီးခြင်း ခံလိုက်ရပြီပဲ ဖြစ်ပါတယ် …”
***