ကောင်းကင်လူသားအား သတ်ဖြတ်ခြင်း၊ ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ခြင်း(၂)
Vol. 24 Ch. 358
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ အဝေးရှိ လေထဲမှ ပုံရိပ်တစ်ခု ပေါ်လာ၏။ လျှင်မြန်စွာ ချဉ်းကပ်လာနေပြီး ကောင်းကင်ကို ဖြတ်သန်းသည့် မိုးကြိုးရိုင်းတစ်ခုသဖွယ် ရှိနေပါသည်။ မုန့်ချုံဖြစ်၏။
“ဂျူနီယာညီလေး.. ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”
ရွှီယန်က အံ့ဩစွာ မေးသည်။
ထို့အပြင် မုန့်ချုံလာသည့် လားရာမှာ ကောင်းကင်လူသား လာခဲ့သည့် လာရာနှင့် တိုက်ဆိုင်နေပုံ ရ၏။
မုန့်ချုံမှာ အံ့ဩနေ၏။ သူသည် ကောင်းကင်လူသား၏ အတွင်းဘက်နယ်မြေသို့ ရောက်လာရခြင်း ရည်ရွယ်ချက်ကို သိလိုစိတ်ကြောင့် နောက်မှ လိုက်ခဲ့၏။
သို့ပေမယ့် သူ့ကို အံ့ဩစေသည်ကား ထိုလူမှာ မရှိတော့လေပြီ။ စီနီယာအစ်ကိုကြီးက သတ်ဖြတ်လိုက်ခြင်း ဖြစ်၏။
ကျစ်ယွင်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။ ဤသည်မှာ ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။ ဒီလိုနှင့် သေသွားခဲ့သည်လား။
သူမသည် ရွှီယန်အား ဒဏ္ဍာရီများထဲရှိ သတ္တဝါတစ်ကောင်အလား ကြည့်နေမိသည်။
“အဲ့ဒီ ကောင်းကင်လူသားကြောင့် မင်းရောက်လာတာလား”
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး မေးသည်။
“အစ်ကိုကြီး.. အဲ့ဒီ ကောင်းကင်လူသားက ဘာရည်ရွယ်ချက်နဲ့ ဒီကို ရောက်လာတာလဲ”
မုန့်ချုံ၏ လက်ရှိ သိလိုမှုမှာ ကောင်းကင်လူသားနှင့် စီနီယာအစ်ကိုကြီးတို့ အဘယ်ကြောင့် ရန်သူများ ဖြစ်လာသနည်းဟု ဖြစ်၏။
“ငါလည်းမသိဘူး.. တစ်ယောက်ယောက်ကို လာရှာတာ ဖြစ်မှာပေါ့”
ရွှီယန်က ပုခုံးတွန့်သည်။ သူ၏အသွင်က မနှစ်မြို့မှုအချို့ ပါဝင်နေ၏။
“အဲ့ကောင်က သူ့ကိုယ်သူ အရမ်းတွေ မြင့်မြတ်နေသလိုနဲ့ အခြားလူတွေကို ခွေးတွေ၊ ဝက်တွေလို အထင်သေးနေတာ.. ပြီးလည်းပြီးရော ဓါးသုံးချက်တည်းနဲ့ သေသွားခဲ့တယ်.. သူ့ရဲ့ ခွန်အားက ဘာမှလည်း ထူးကဲမနေဘူး..”
ကျစ်ယွင် “..”
မြင့်မြတ်သည့် ကောင်းကင်လူသား တစ်ယောက်သည် ဓါးသုံးချက်တည်းနှင့် သေဆုံးခဲ့ရသည်လား။
“ဂျူနီယာညီလေး.. မင်းမှာ သူ့ရဲ့နောက်ခံနဲ့ ပက်သက်ပြီး ဘာသိထားတာ ရှိလဲ”
ရွှီယန်က မေးစမ်းသည်။
မုန့်ချုံက မြောက်ဘက်ဆီသို့ သူ၏ ခရီးစဉ် အစအဆုံးကို ပြောပြသည်။ လင်းနယ်မြေ၏ အကြောင်းနှင့် လင်းယွီဂိတ်တံခါး ပွင့်လာခြင်းအကြောင်းတို့လည်း အပါအဝင် ဖြစ်၏။
“နတ်ဆိုးအရှင်သခင်ကြီးလား”
ရွှီယန်က အံ့ဩသွားပြီးနောက် ရှင်းပြသည်။
“သခင်မလေးသုနဲ့ငါ သွားခဲ့တဲ့ ကောင်းကင်လူသား သင်္ချိုင်းက နတ်ဆိုးအရှင်သခင်ကြီးရဲ့ သင်္ချိုင်းပဲ။ သူ့ကို စိတ်ဝိညာဉ်နယ်မြေမှာ သွေးနတ်ဆိုးလို့ ခေါ်ကြတယ်”
“အဲ့ဒီအပြင် အကြီးအကဲဝူကို ဝင်ပူးထားတုန်းက မင်းသတ်လိုက်တာက နတ်ဆိုးအရှင်သခင်ကြီးပဲ ဖြစ်မယ်လို့ ငါထင်တယ်”
မုန့်ချုံက မှင်သက်သွား၏။ ညီအစ်ကိုနှစ်ယောက်တို့သည် သူတို့သိသည့် အချက်အလက်များကို ပြောကြားရင်းမှ မုန့်ချုံသတ်ဖြတ်ခဲ့သည့် အကြွင်းအကျန် ဝိညာဉ်အား နတ်ဆိုးအရှင်သခင်ကြီး ဖြစ်သည်ဟု အကြမ်းဖျင်းး အတည်ပြုနိုင် ခဲ့ကြသည်။
နောက်ဆုံးတွင် နှစ်ယောက်သား စိတ်ဝိညာဉ်နယ်မြေ ဂိတ်တံခါး အကြောင်းကို ဆက်လက်ပြောကြ၏။
“စိတ်ဝိညာဉ်နယ်မြေကို ငါသွားရမယ်… ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး”
ရွှီယန်က တည်ငြိမ်စွာ ပြောသည်။
စိတ်ဝိညာဉ်နယ်မြေသို့ မသွားခင်တွင် သဟွကို တည်ငြိမ်အောင် လုပ်ရပေမည်။
မုန့်ချုံလည်း ခေါင်းညှိတ်၏။ စိတ်ဝိညာဉ်နယ်မြေသို့ သွားရန် ကိစ္စမှာ သေချာပေါက်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် ကောင်းကင်လူသား အကြောင်းသို့ ပြန်လည် ရောက်ရှိသွားကြ၏။ ယခုအချိန်၌ လူက သေပြီဖြစ်ရာ အတွင်းဘက်နယ်မြေသို့ ရောက်ရှိလာရခြင်း အကြောင်းကို စုံစမ်းရန် နည်းလမ်းမရှိတော့ပေ။
ရွှီယန်က ကျောင်မင်၏ သိုလှောင်အိတ်ကို ဖွင့်သည်။ အတွင်းထဲ၌ စိတ်ဝိညာဉ်ဆေးပင်နှင့် စိတ်ဝိညာဉ်ပုံဆောင်ခဲများ အပြင် စူးရှကာ အေးစက်သည် သံလက်အိတ် တစ်စုံတို့လည်း ရှိနေ၏။
ရှင်းလင်းစွာပင် သေဆုံးသွားခဲ့သည့် ကောင်းကင်လူသား၏ လက်နက်ဖြစ်ပေမည်။ တစ်ဖက်လူသည် အလွန် မောက်မာပြီး ရွှီယန်၏ ခွန်အားမှာ အလွန် ကြီးမားနေသဖြင့် ထုတ်ယူအသုံးပြုရန် အချိန်မရခဲ့ခြင်း ဖြစ်သည်။
တစ်ချက်ကြည့်သည်နှင့် ၎င်းတို့သည် ထူးကဲလှ၏။ ဤသည်မှာ ကောင်းကင်လူသား တစ်ယောက်၏ လက်နက်များ ဖြစ်ကြသည်။
ရွှီယန်က လက်အိတ်များကို ထုတ်ကာ ကြည့်သည်။
“ဂျူနီယာညီလေး.. မင်းယူလိုက်”
ဒီလက်အိတ်များမှာ သူနှင့် သင့်တော်ခြင်း မရှိပေ။ သို့ပေမယ့် မုန့်ချုံနှင့် အလွန် လိုက်ဖက်ညီ၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် ယူလိုက်၏။
ရွှီယန်က သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို ထုတ်သည်။
“ရွှေရှင်းနန်းတော်က ကျောင်မင်ဆိုပါလား”
ရွှေရှင်းနန်းတော်ဟူသည် ကျောင်မင်၏ နောက်ခံ အဖွဲ့အစည်း ဖြစ်ပေလိမ့်မည်။
“သူ့ရဲ့ ခွန်အားက ဒီလောက်တောင် ညံ့နေရာ အံ့ဩစရာ မရှိဘူး.. လက်စသတ်တော့ နိမ့်ကျတဲ့ မိစ္ဆာဂိုဏ်းတစ်ခုက လာတာကို”
ရွှီယန်က အထင်သေးမှု အချို့ဖြင့် မှတ်ချက်ပေး၏။
အိတ်ထဲတွင် အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် အများအပြား ရှိလင့်ကစား ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက်အတွက် အလွန် နည်းပါးနေပါသေးသည်။ ငမွဲမဟုတ်ပါက မည်သည် ဖြစ်နိုင်မည်နည်း။
ဒီနေရာရှိ ကိစ္စများ ပြီးဆုံးပြီဖြစ်ရာ ချန်းလန်ကျွန်းသို့ ပြန်သင့်လေပြီ။ ရေခဲနန်းတော်မှာ တိုက်ပွဲအတွင်းတွင် လုံးဝ ပျက်စီးသွားခဲ့၏။ စိတ််ဝိညာဉ်ဆေးပင်အချို့ သိုလှောင်ထားလျှင်တောင် ယခုအချိန်၌ ပျက်စီးသွားခဲ့တာ ကြာပြီဖြစ်လိမ့်မည်။
တိုက်ပွဲ ပြီးဆုံးပြီးနောက် သုယွီယင်း၏ ထိတ်ဖြာနေရသည့် နှလုံးသားက နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ ရွှီယန်မှာ အမှန်တကယ်ကို အနှိုင်းမဲ့လှ၏။ ကောင်းကင်လူသားအဆင့် သိုင်းသမားပင်လျှင် အသတ်ခံခဲ့ရသည်။
“သခင်မလေးသုကို ခုနစ်စင်ကြယ် အကယ်ဒမီကို ငါလိုက်ပို့လိုက်ဦးမယ်.. မင်းရော ညီလေး”
“ကျွန်တော်လည်း အစ်ကိုကြီးနဲ့ လိုက်ခဲ့မယ်လေ”
မုန့်ချုံက ခေါင်းလှည့်ကာ ကျစ်ယွင်ကို မေးသည်။
“နင်ကတော့ ကိုယ့်ဘာသာ လုပ်ချင်တာလုပ်တော့”
ကျစ်ယွင်က နှစ်ကြိမ်လောက် နှာခေါင်းရှုံ့ပြီးနောက် ပြောသည်။
“မုန့်ချုံ.. ငါနင့်ကို ပြီးရင် လာရှာမယ်။ ငါတို့အတူတူ လင်းယွီဂိတ်တံခါးကို ဝင်ကြမယ်။ ဘယ်လိုလဲ”
“လင်းယွီဂိတ်ကို ဘယ်တော့ ဝင်မလဲလို့ ငါမသေချာသေးဘူး။ နင်နဲ့ငါရဲ့ လမ်းကြောင်းကလည်း တူချင်မှ တူလိမ့်မယ်”
မုန့်ချုံက ခေါင်းကိုယမ်းသည်။
“ဘာပဲဖြစ်ဖြစ်ပါ. ငါသေချာပေါက် နင့်ကို လာရှာမယ်”
ကျစ်ယွင်က ခိုင်မာစွာဖြင့် ပြော၏။
“နင့်ဘာသာ လုပ်ချင်တာလုပ်”
မုန့်ချုံက အာရုံထားမနေတော့ပါ။
ကျစ်ယွင်က ထွက်ခွာသွားပြီးနောက် ဒီတစ်ကြိမ်တွင် လိုအပ်သည်များကို ရရှိခဲ့ရာ ကိုယ့်ကိုယ်ကိုယ် အထိုင်ချရန် ပြင်ဆင်သည်။ ခွန်အားကို မြှင့်တင်ကာ ကိစ္စအချို့အားလည်း လုပ်ဆောင်ရန် ရှိသေး၏။
ရွှီယန်က သုယွီယင်းကို ခုနစ်စင်ကြယ် အကယ်ဒမီသို့
လိုက်ပို့ပေးသည်။ မုန့်ချုံလည်း အတူ လိုက်ပါလာ၏။ လင်းယွီဂိတ်တံခါး၏ ပွင့်လာမှုမှာ ခေတ်သစ်တစ်ခုသို့ ရောက်ရှိလာခြင်း၏ လက္ခဏာရပ် ဖြစ်သည်။
ကျောင်မင်ကဲ့သို့ လင်းယွီဂိတ်တံခါးမှ ထွက်ပေါ်လာမည့် ဒုတိယမြောက်၊ တတိယမြောက် သိုင်းသမားများ ရှိလာနိုင်၏။
ထို့အပြင် ကျောင်မင်၏ သေဆုံးမှုကြောင့် ရွှေရှင်းနန်းတော်မှ နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ် တစ်ဦးကို စေလွှတ်လာမည်လား။
ချန်းလန်ကျွန်းပေါ်တွင် လီရွှမ်မှာ သက်တောင့်သက်သာ ဘဝတွင် နေထိုင်နေ၏။ နှင်းဝက်ဝံနှင့် ကောင်းကင်လူသား၏ အကြွင်းအကျန် ဝိညာဉ်ကို သတ်ဖြတ်ပြီးနောက် မုန့်ချုံဆီမှ မည်သည့် တန်ပြန်အကျိုးပြုမှုမှ မလာတော့ပါ။
ရွှီယန်မှာ တည်ငြိမ်စွာသာ ရှိနေပြီး ကောင်းကင်လူသား သင်္ချိုင်းတွင် မည်သည့် အထူးအခြေအနေမှ ပေါ်မလာခဲ့ပေ။ သိသာစွာပင်။ ထိုနေရာတွင် မည်သည့် အန္တရာယ်မှ မရှိပါ။
“ဂူး.. ဂူးး..”
ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် ချန်းလန်ကျွန်း၌ အသံများဖြင့် ပြည့်နှက်နေခဲ့၏။ ဆူညံသံများမှာ ကြောင်နီ၏ အတွင်းမှ လာခြင်းဖြစ်သည်။
ဧရာမ ကြောင်နီမှာ မြေပြင်ပေါ်၌ လဲလျောင်းနေ၏။ ရံဖန်ရံခါ မိုးချိန်းသကဲ့သို့ အသံများ မြည်လာပြီး အရှိန်အဝါ သဲ့သဲ့လည်း ပေါ်ထွက်လာသည်။ မဟာ နတ်ဆိုးသားရဲတစ်ကောင် အဖြစ် ပြောင်းလဲခါနီးတွင် ရှိနေ၏။
လီရွှမ်မှာ အလွန် ဝမ်းသာနေ၏။ ကျပန်း ဖမ်းဆီးခဲ့သည့် ကြောင်နီသည် ယခုအခါ၌ နတ်ဆိုးသားရဲတစ်ကောင် အဖြစ် ပြောင်းလဲတော့ပေမည်။
“ဒီကောာင်သာ တကယ် ပြောင်းလဲသွားရင် ငါ့ကို
ဘယ်လို တန်ပြန်အကျိုးပြုမှုတွေများ ရလာစေမလဲ”
မျှော်လင့်မှုတို့ဖြင့် ပြည့်နှက်နေ၏။
“ဆရာ.. ကြောင်နီက နတ်ဆိုးသားရဲအဖြစ် ပြောင်းလဲတော့မှာလား”
စုလင်းရှုံက စိတ်လှုပ်ရှားစွာ မေးသည်။
“ဟုတ်မှာပေါ့”
လီရွှမ်က ခေါင်းညှိတ်သည်.
“အဲ့ဒါဆို ပြောင်းလဲပြီးရင် ခန္ဓာကိုယ်ကို စိတ်ကြိုက် ကျုံ့နိုင် ကြီးနိုင်လာမှာပေါ့”
စုလင်းရှုံက မျှော်လင့်မှုအပြည့်ဖြင့် မေး၏။
လက်ရှိ ကြောင်နီမှာ အလွန်ကြီးမားလှသည်။ လက်တစ်ခုတည်းပင်လျှင် သူမ၏ ခန္ဓာကိုယ်ထက် ကြီးမားလုနီးပါး ရှိနေ၏။
“အဲ့ဒါကတော့ သူ့ရဲ့ ဘယ်လောက် ဉာဏ်အလင်းရလာခဲ့လဲ ဆိုတဲ့အပေါ်မှာ မူတည်လိမ့်မယ်”
လီရွှမ်က တိကျစွာ ဖြေကြားခြင်း မပြုပေ။ ကြောင်နီအနေနှင့် နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ပြောင်းလဲပြီးနောက် လွတ်လပ်စွာ အရွယ်အစား ပြောာင်းလဲနိုင်မည်လား ဟူသည်ကို သူလည်း မသိပေ။
ချန်းလန်ကျွန်းပေါ်တွင် လူတိုင်း၏ အာရုံများက ပြောင်းလဲမှုပြုနေသည့် ကြောင်နီအပေါ်တွင် ကျရောက်နေ၏။ ကြောင်နီမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေရင်းမှ နေ့စဉ်နေ့တိုင်း ကြီးထွားလာနေသည်။ တောင်ငယ်တစ်လုံးနှယ် ဖြစ်လာခဲ့၏။ အရှိန်အဝါက ပိုမိုကြီးမားလာကာ လူကို ထိတ်လန့်စွာ ခံစားရစေနိုင်၏။
“ဒါက နတ်ဆိုးချီမလား…”
လီရွှမ်က စဉ်းစားသည်။
“ကြောင်နီသာ နတ်ဆိုးသားရဲအဖြစ် ပြောင်းလဲသွားရင် ခွန်အားက အထွတ်အထိပ် စစ်ဘုရင်နဲ့ နှိုင်းယှဉ်လာနိုင်လောက်မှာ။ သူ့ရဲ့ စွမ်းအားကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ အရွယ်အစားနဲ့ဆိုရင် ပုံမှန် အထွတ်အထိပ် စစ်ဘုရင်တွေ အကြားမှာ ပြိုင်ဘက်ကင်းနေမှာ”
လီရွှမ်က ကြောင်နီ၏ စွမ်းအားကို သုံးသပ်၏။
“ဘုန်း”
ထိုနေ့တွင် ကြောင်နီ၏ လည်ပင်းရှိ ထူထဲသည့် ရွှေကြိုးကြီးမှာ အရွယ်အစား ကြီးထွားလာမှုကြောင့် ပျက်စီးသွားခဲ့သည်။ ရှီအာက စိုးရိမ်စွာ ကြည့်၏။ ရွှေကြိုးကြီးကို တမင် အရွယ်အစား ကြီးမားစွာ ပြုလုပ်ထားခဲ့ပေမယ့် ပျက်စီးသွားရဆဲ ရှိသည်။ ကြောင်နီ၏ ကြီးထွားလာမှုမှာ အလွန် မြန်ဆန်လွန်းလှ၏။
“ဆွဲကြိုးအသစ်တစ်ခု လုပ်ရမယ့် အချိန်ပဲ”
စိတ်ပျက်စွာဖြင့် ရွှေကြိုးအသစ်တစ်ချောင်းအား ပြုလုပ်ရန် စတင်ပြင်ဆင်သည်။ ကြောင်နီကို ရွှေကြိုးဝတ်ခြင်းအား နှစ်သက်လာစေရန် အကျင့်လုပ်ပေးခဲ့သည့် ကိုယ့်ပါးကိုယ်သာ ချလိုက်ချင်မိသည်။
ရက်များစွာအတွင်းတွင် လီရွှမ်သည် မြင်ပြင်ကျယ်၌ ရွက်လွှင့်ခြင်းကို ထားကာ ချန်းလန်ကျွန်းပေါ်တွင်သာ နေထိုင်ပြီး ကြောင်နီ၏ ပြောင်းလဲမှုကို စောင့်စားနေ၏။ မထင်မှတ်ထားသည့် အခြေအနေများ ပေါ်မလာရန် စောင့်ကြည့်သည်။
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ပေါ်လာ၏။
“သင်၏တပည့် ရွှီယန်သည် သင်ဖန်တီးထားသည့် ဒီဗိုင်းဆန္ဒအဆင့် ကျင့်စဉ်ကို ဉာဏ်အလင်းရလာခဲ့သည်။ သင်သည် ဒီဗိုင်းဆန္ဒအဆင့်သို့ ရောက်ရှိသွားသည်”
“ဘုန်း”
လီရွှမ်က အံ့ဩသွားသည်။ ရွှီယန်၏ ဉာဏ်အလင်းပွင့်မှုမှာ သူခန့်မှန်းထားသည်ထက် ပိုမို မြန်ဆန်နေ၏။
“အုမ်း”
ဒီအချိန်၌ လီရွှမ်သည် ကိုယ့်ကိုယ်ကိုယ်၏ အတွင်းရှိ သိသာသည့် ပြောင်းလဲမှုကို ခံစားလိုက်ရသည်။ နီဝမ်နန်းတော်က အသက်ဝင်ကာ ဝိညာဉ်အခြေက ပေါ်လာခဲ့သည်။
ဝိညာဉ်အခြေ၏ အပေါ်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမတို့ကို သယ်ဆောင်ထားသည့် ပျိုးထောင်ထားသော သိုင်းပညာ ဒီဗိုင်းစွမ်းအားက ဒီဗိုင်းဆန္ဒအဖြစ် ပြောင်းလဲလာခဲ့သည်။
ဒီဗိုင်းဆန္ဒသည် ချန်းလန်ကျွန်းတစ်ခုလုံးကို လွှမ်းခြုံနိုင်ပြီး သူသည် မြက်တိုင်း၊ အပင်တိုင်းကို ထိန်းချုပ်လာနိုင်ခဲ့၏။
ဒီဗိုင်းဆန္ဒ၏ လွှမ်းမိုးမှုအောက်တွင် ကျွန်းပေါ်ရှိ အရာအားလုံးတို့ ပြောင်းလဲလာသည့်နှယ် ရှိသည်။ အခိုက်အတန့် တစ်ခုတွင် လျှပ်တစ်ပြတ်အတွင်း ကျွန်းပေါ်ရှိ အင်းဆက်ငယ်တစ်ကောင်သည် ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။
ဒီဗိုင်းဆန္ဒအောက်တွင် လူတိုင်းကို မြင်နိုင်၏။ သူတို့၏ ကျင့်ကြံခြင်း တိုးတက်မှုများ၊ အစစ်အမှန်ချီ၏ ခွန်အားများ၊ အရိုး၏ ခွန်အားများ…. အစရှိသည် အားလုံးတို့ ပေါ်လာခဲ့သည်။
သူသည် ချန်းလန်ကျွန်းပေါ်ရှိ အရာအားလုံးတို့ပေါ် နားလည်မှု ရလာခဲ့၏။
ပြောင်းလဲမှု ဖြစ်စဉ်အတွင်းရှိ ကြောင်နီသည် ဒီဗိုင်းဆန္ဒအောက်တွင် ပုန်းကွယ်နေသည့် ကြီးမားသည့် စွမ်းအားတစ်ခုအား ပိုင်ဆိုင်ထားကြောင်း တွေ့ရ၏။ ဤသည်မှာ နတ်ဆိုးသားရဲ တစ်ကောင်၏ စွမ်းအားလေလား။
ဝါးတုတ်ဖြင့် မကြာခဏ ချိန်ရွယ်လေ့ရှိသည့် ကြောင်နီ၏ ဦးခေါင်းထိပ်ရှိ သွေးကြောမှတ်မှာ ပွင့်နေပြီး နက်နဲသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပါသည်။ အသိစိတ်အား မြှင့်တင်ပေး၏။
ကြောင်နီ၏ ရင်ဘတ်ရှိ သွေးကြောမှတ်တစ်ခုလည်း ပွင့်လှစ်ကာ ဆက်တိုက် ကျယ်ပြန့်လာနေ၏။ ကောင်းကင်နှင့် ကမ္ဘာမြေအကြားရှိ စိတ်ဝိညာဉ်စွမ်းအင်က ထိုအထဲသို့ စီးဝင်ကာ နက်နဲမှုအချို့ကို သယ်ဆောင်ထားသည်။
ကြောင်နီ၏ ဝမ်းဗိုက်တွင် အရာအားလုံးကို ဝါးမြိုနိုင်ပုံ ပေါ်သည့် နက်ရှိုင်းသည့် စွမ်းအားအချို့ ပါဝင်သည့် သွေးကြောမှတ်တစ်ခု ပွင့်လာနေ၏။ နောက်ကျောတွင်လည်း သွေးကြောမှတ်တစ်ခု ရှိသည်…..။
ထိုသွေးကြောမှတ်များသည် တစ်ခုနှင့်တစ်ခု တုံ့ပြန်မှုဖြစ်ကာ ပတ်လမ်းကြောင်းတစ်ခု ဖြစ်တည်လာခဲ့၏။ ထိုအမှတ်များထဲမှ အချို့မှာ သူညွှန်ကြားခဲ့သည်များ ဖြစ်ကြသည်။ မဟာနတ်ဆိုး ကျင့်စဉ်ပါ သွေးကြောများ ဖြစ်၏။ သူ၏ ဒီဗိုင်းဆန္ဒ ရောက်ရှိရာ နေရာတိုင်းတွင် မည်သည်မှ ပုန်းကွယ်နိုင်ခြင်း မရှိပေ။
ဒီအချိန်၌ လီရွှမ်တစ်ယောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန္ဒက ငါ့ဆန္ဒဖြစ်သည် ဟူသည့် စကား၏ ဆိုလိုရင်းကို ကိုယ်တိုင် ခံစားလာခဲ့ရသည်။ နီဝမ်နန်းတော်က ဆက်တိုက် ကျယ်ပြန့်ကာ အသက်ဝင်လာနေ၏။
ဝိညာဉ်အခြေက ပိုမိုသိပ်သည်းလာ၏။ နက်ရှိုင်းသည့် တောက်ပမှုနှင့် ငွေ့ရည်က ဝန်းရံလာပြီး ဝိညာဉ်အခြေ၏ အထက်တွင် ဒီဗိုင်းန္ဒ၏ အသွင်တစ်ခု ရှိနေပါသည်။
ဒီဗိုင်းဆန္ဒ၏ ပုံရိပ်သည် သူ၏ပုံရိပ်နှင့် ဆင်တူ၏။ ထို့အပြင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ မည်သည့် နေရာဒေသ ပတ်ဝန်းကျင်နှင့်မဆို သဟဇာတ ရှိပုံပေါ်သည်။ ‘ငါ့ရဲ့ အသွင်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အသွင်ပဲ’
သူသည် သိုင်းပညာ၏ စတုတ္ထအဆင့်ဖြစ်သည့် ဒီဗိုင်းဆန္ဒ အဆင့်သို့ ချိုးဖျက်ခဲ့၏။