ကောင်းကင်လူသားအား သတ်ဖြတ်ခြင်း၊ ဒီဗိုင်းန္ဒအဆင့်သို့ ချိုးဖျက်ခြင်း
Vol. 24 Ch. 357
ကျောင်မင်အတွက် ရွှီယန်၏ ခွန်အားမှာ အမှန်တကယ်ကို အံ့ဩဖွယ် ကောင်းပေမယ့် သူ့ကို ဓါးသုံးချက်ဖြင့် သတ်ဖြတ်ချင်သည့် စိတ်ကူးမှာ အလွန် တုံးအလွန်လှသည်။ ဘာပဲဖြစ်ဖြစ် သူသည် အဖွဲ့အစည်းရှိ စွမ်းအားကြီး လက်သီးသိုင်းပညာ တစ်ခုကို ကျင့်ကြံထား၏။
၎င်း၏ အဖျက်စွမ်းအားက ကြီးမားကာ တစ်ချက်ချင်းစီတိုင်းတွင် ကြယ်အလင်းပင်လယ်တစ်ခု ဝန်းရံနေ၏။ ကြွေကျလာသည့် ကြယ်တာယာသဖွယ် ဖျက်ဆီးခြင်းတို့ကို သယ်ဆောင်ထားသည်။
သူသည် ထိုအတတ်၏ အစောပိုင်းအဆင့်သို့သာ အောင်မြင်သေးပြီး အဖျက်စွမ်းအားကို အကောင်းမွန်ဆုံး ထုတ်လွှတ်နိုင်စွမ်း မရှိသေးပေမယ့် ရွှီယန်က ဖန်တီးထားသည့် ပုံရိပ်ယောင်မြင်ကွင်းကို ဖျက်စီးပစ်ရန် ပြဿနာမရှိဟု ယုံကြည်နေဆဲ ရှိသည်။
ကောင်းကင်လူသားငယ် အဆင့်တွင် ကျောင်မင်သည် အသန်မာဆုံး မဟုတ်ပေလိမ့်မည်။ သို့ပေမယ့် အားနည်းသူလည်း မဟုတ်ပါ။
ယုံကြည်ချက်အပြည့်နှင့် လက်သီးချက်ကို ထုတ်ဖော်ကာ တစ်ချက်တည်းနှင့် ပုံရိပ်ယောင်များကို ဖျက်စီးပစ်ရန် လုံလောက်နေပြီဟု တွေးမိသည်။ ပြီးနောက် ထိုအခွင့်အရေးကို အသုံးပြုကာ ရန်သူကို ဖိနှိပ်ရန်အတွက် တိုက်စစ်များကို စွမ်းအားကြီးမားစွာ ဆက်လက် ထုတ်လွှတ်မည် ဖြစ်၏။
“ဝုရှ်”
ပါးလျသည့် လေညှင်းက ကျောင်မင်ကို ဖြတ်ကျော်သွား၏။ သူက မှင်သက်သွားသည်။ ဒီလေသည် မည်သည့်နေရာမှ လာသနည်း။ သူ၏ လက်သီးချက်ကို လစ်လျူရှုကာ ညင်သာသည့်အသွင်နှင့် လူကို တိုက်ရိုက်ထိတွေ့နိုင်သည်လား။
လျှပ်တစ်ပြတ်အတွင်း ဦးခေါင်းအတွင်း၌ ပြင်းထန်သည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ဒီဗိုင်းစွမ်းအားက ယိမ်းခါနေပြီး အသိစိတ်က အမှောင်ထုသို့ နစ်မြုပ်ကာ ဦးနှောက်က မူးဝေသွားသည်။
ထိုလေညှင်းသည် သူ၏ ရုပ်ခန္ဓာကို ဖြတ်သန်းတိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ အသိစိတ်အတွင်းသို့ ဝင်ရောက်ကာ ဒီဗိုင်းအဆီအနှစ်အား တိုက်ရိုက် ထိုးနှက်လာခြင်း ဖြစ်၏။
အစက ညင်သာပေမယ့် လျှပ်တစ်ပြတ်အတွင်းတွင် စူးရှကာ သေစေနိုင်သည့် စွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ အသိစိတ်ကို ဖြစ်နှိပ်သတ်ဖြတ်လိုသည့်နှယ် ရှိ၏။
“အား…”
ကျောင်မင်၏ ခန္ဓာကိုယ်က ယိုင်နဲ့သွားပြီး လက်သီးအလင်းက မှိန်ဖျော့သွားသည်။ သူသည် လုံးဝ မတည်မငြိမ် ဖြစ်လာခဲ့၏။
“မဟုတ်ဘူး”
ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ ဤသည်မှာ မည်ကဲ့သို့သော ကျင့်ကြံခြင်းအတတ်တစ်ခု ဖြစ်သနည်း။ စိတ်ဝိညာဉ်ခန္ဓာအား တစ်ခါတည်း တိုက်ခိုက်နိုင်သည်လား။
ကောင်းကင်လူသားငယ် အဆင့်တွင် ကျင့်ကြံသူတစ်ယောက်သည် သူတို့၏ စိတ်ဝိညာဉ်ကို ပျိုးထောင်ကာ ကျယ်ပြောသည့် စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားပေမယ့် ထိုစိတ်ဝိညာဉ်ခန္ဓာလေးမှာ ပုံရိပ်ယောာင်ဆန်ပြီး အလွန် ချိနဲ့သည့် အဆင့်တွင်သာ ရှိနေပါသေးသည်။
စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတစ်ယောက် ဖြစ်လာမှသာလျှင် ဒီဗိုင်းဝိညာဉ်အား ပြည့်စုံစွာ စုစည်းနိုင်မည် ဖြစ်၏။
ပြောကြသည်မှာ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများသာလျှင် လူတစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်သည့် စွမ်းအားတို့ ပိုင်ဆိုင်နိုင်ကြသည်။
ထိုအချိန်၌ ဒီဗိုင်းဝိညာဉ်သည် အမှီအခို ကင်းမဲ့စွာ နေထိုင်နိုင်ပြီးဖြစ်ကာ ထိုကဲ့သို့သော စွမ်းရည်တို့ကို ပိုင်ဆိုင်နိုင်လာခြင်း ဖြစ်၏။
သို့ရာတွင် ရွှီယန်မှာ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မဟုတ်ပေ။ ထိုသို့ဆိုပါက အဘယ်ကြောင့် စိတ်ဝိညာဉ်အသိစိတ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်သည့် နည်းလမ်းတို့ကို ပိုင်ဆိုင်ထားရသနည်း။
ကျောင်မင်တွင် ထိုအကြောင်းပြချက်ကို စဉ်းစားနေရန် အချိန်မရှိပေ။ အသိစိတ်အား အမှောင်ထုတစ်ခု ဖုံးလွှမ်းလာသည်ကို ခံစားလိုက်ရသည်နှင့် စိတ်ဝိညာဉ်က လှုပ်ခါကာ နည်းနည်းချင်းစီ လှီးဖျက်ခြင်း ခံရသကဲ့သို့ ရှိသည်။
“အန္တရာယ်”
ဤသည်မှာ သေခြင်းရှင်ခြင်း အန္တရာယ်တစ်ခု ဖြစ်၏။
“အားးး”
ရုတ်တရက် ပြင်းထန်စွာ အော်ဟစ်လိုက်ရင်းက သူ၏ အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့သည်။ လက်သီးချက်များကို အသည်းအသန် ထုတ်လွှတ်ရင်းက ခန္ဓကိုယ်ပတ်ဝန်းကျင်တွင် စွမ်းအားကြီးမားသည့် ခုခံခြင်း အားတစ်ခုကို ဖြစ်ပေါ်စေသည်။
တစ်ချိန်တည်းတွင် သူ၏ စိတ်ဝိညာဉ်အဆီအနှစ်အား ပျိုးထောင်သည့် နည်းလမ်းကို အသုံးပြုကာ လျှင်မြန်စွာ ပြန့်ကြဲလာနေသည့် အသိစိတ်ကို စုစည်းရန် ကြိုးစားသည်။ စိတ်အစဉ်အား မဲမှောင်စေသည့် အမှောင်တိမ်ထုမှ လွတ်မြောက်စေရန် ရည်ရွယ်၏။
သူသည် ဆုတ်ခွာရန်လည်း ပြင်ဆင်လိုက်သည်။
“ရွှင်…”
ဓါးစက်ဝန်းနှစ်ခုက သူ့အပေါ်သို့ သက်ဆင်းလာ၏။ ကြီးမားသည့် အန္တရာယ် ခစားချက်က ကျရောက်လာခဲ့
သည်။
“အုန်း”
သူထုတ်လွှတ်လိုက်သည့် လက်သီးစွမ်းအားနှင့် ကြယ်အလင်း အားလုံးတို့ တစ်စတစ်စ ပြိုလဲကုန်၏။ ကျောင်မင်လည်း စူးရှသည့် ဓါးအလင်းတစ်ခုကို ခံစားလိုက်ရပြီး ရုတ်တရက် နောက်ထပ် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။ ထိုအလွန် အန္တရာယ်များလှသည့် တိုက်ခိုက်မှုကို ခုခံနိုင်ရန် ရည်ရွယ်၏။
သို့ရာတွင် ထိုလက်သီးချက်အား ထုတ်လွှတ်လိုက်သည့် အချိန်၌ မူလက စူးရှလှသည့် ဓါးအလင်းသည် လျှပ်တစ်ပြတ်အတွင်း တရဆက် စီးဆင်းလာကာ တိုက်ခိုက်မှုမှ ခုခံမှုအဖြစ် ပြောင်းလဲသွားသည်။ အန္တရာယ်ကို မခံစားခဲ့ရသည့် ဓါးအလင်းသာလျှင် ခုခံမှုမှ စူးရှသည့် သတ်ဖြတ်ခြင်း ဆန္ဒတစ်ခု ပေါ်လာခဲ့၏။
သူ၏ ခုခံမှုတို့ ပြိုလဲကာ ကျောင်မင်တစ်ယောက် ထိတ်လန့်မှုဖြင့် ဖြူရော်သွားသည်။ ပြင်းထန်သည့် ခေါင်းကိုက်မှုက ပျောက်ကွယ်မသွားသေးပေ။ အသိစိတ်က ဝေဝါးနေဆဲ ရှိကာ တုံ့ပြန်မှု အမြန်နှုန်းမှာ လျော့နည်းနေ၏။
သို့ပေမယ့် ကျောင်မင်မှာ သိုင်းပညာ ကောင်းကင်လူသားတစ်ဦး ဖြစ်နေပါသေးသည်။ ထိုကဲ့သို့သော အရေးမသာလှသည့် အခြေအနေ၌ပင်လျှင် အန္တရာယ်အတွင်း၌ အသက်ကယ်စွမ်းရည် တစ်ခုကို အသုံးပြုနိုင်သေး၏။
“ဘုန်း”
ကျောင်မင်၏ ခန္ဓာကိုယ်မှ အလင်းစက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ခုခံခြင်း အလွှာတစ်ခုအဖြစ် ဖွဲ့စည်းလာခဲ့သည်။ ဤသည်မှာ အရေးအကြီးဆုံး အခိုက်အတန့် ဖြစ်သည်။
စိတ်ဝိညာဉ်ပျိုးထောာင်ခြင်း အတတ်အား လှည့်လည်မှုအောက်တွင် သူ၏အသိစိတ်က အနည်းငယ် ပြန်လည်ကြည်လင်လာခဲ့၏။ ကိုယ်ပိုင်စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပြတ်သားစွာဖြင့် လောင်ကျွမ်းစေလိုက်ပြီး ခုခံမှုအား ထုတ်လွှတ်ခဲ့သည်။
ခန္ဓာကိုယ်တစ်ဝိုက်ရှိ အပြစ်အနာအဆာ ကင်းမဲ့စွာ ဖြစ်တည်လာသည့် ခုခံခြင်း စွမ်းအားက ထိုသေစေနိုင်သည့် တိုက်ခိုက်မှုကို ယာယီ ကာကွယ်လိုက်နိုင်၏။
တစ်ချိန်တည်းတွင် တန်ပြန်ထိခိုက်မှုတို့ကို ဂရုစိုက်မနေတော့ပဲ အခြေခံကို ထိပါးမည်ဆိုလျှင်တောင် တုံ့ဆိုင်းခြင်း အလျဉ်းမရှိစွာ စိတ်ဝိညာဉ်စုဆောင်းခြင်း အတတ်ကိုသာ အရူးအမူး လှည့်လည်ပြီး အသိစိတ်ကို ရှင်းလင်းလာအောင် ပြုလုပ်သည်။
ယခုအချိန်၌ အနည်းငယ်သော တုံ့ဆိုင်းမှုတစ်ခုပင်လျှင် ဒီနေရာ၌ အသက်အား ချန်ထားခဲ့ရနိုင်စေလောက်၏။ ပြိုဆင်းနေသည့် အသိစိတ်တို့အား ပြန်လည် စုစည်းရန်သာ ကြိုးစားသည်။
“ဘဇ်”
သူ၏ အသိစိတ်အတွင်းတွင် ဓါးအလင်းတစ်ခု ပေါ်ပေါက်လာသည့်နှယ် ရှိ၏။ ညင်သာသည့် လေညှင်းတစ်ခု ပေါ်လာခဲ့ပြန်သည်။ ဒီအချိန်၌ ကျောင်မင်၏ ပုံစံက ကြီးစွာ ပြောင်းလဲသွားသည်။
သူ၏ ပြန်လည် ကောင်းမွန်လာခါစ ရှိသေးသည့် အသိစိတ်မှာ ရုတ်တရက် ပြင်းထန်သည့် လေပြင်း၏ မွှေနှောက်ခြင်းအား ခံလိုက်ရသည့်နှယ် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။
ဦးခေါင်းတို့ နာကျင်ကာ အသိစိတ်မှာ ဖရိုဖရဲ ဖြစ်ကုန်၏။ အကြွင်းအကျန် အသိစိတ်လေးက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နည်းလမ်းအား အရူးအမူး လှည့်လည်ကာ အသိစိတ်ကို ပြန်လည်စုစည်းလိုပေမယ့် .. အန္တရာယ်အားလုံးတို့ကို ခုခံကာ ထွက်ပြေးလိုပေမယ့်… အရာအားလုံးတို့ နောက်ကျသွားခဲ့လေပြီ။
စွမ်းအားကြီးမားသူများအကြား တိုက်ပွဲတွင် အနိုင်နှင့် အရှုံးကို လျှပ်တစ်ပြတ်အတွင်း အဆုံးအဖြတ် ပေးနိုင်၏။
ရွှီယန်၏ အသံအား သူကြားလိုက်ရသည်။
“တတိယဓါးချက်… ဒါက မင်းရဲ့ အဆုံးသတ်ပဲ”
“ဘဇ်”
တောင်နှင့်မြစ်တို့ ပေါ်လာပြီး မိုးကြိုးများက ကောင်းကင်၏ ပြစ်ဒဏ်တစ်ခုသဖွယ် ကျဆင်းလာခဲ့သည်။
“ဂျုန်း”
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ အမှန်တကယ်ကို ကောင်းကင်လူသားတစ်ဦး ဖြစ်၏။ သူ့ဆီမှ လျှပ်တစ်ပြတ်လေ ဓါးဆန္ဒနှစ်ချက်အား ခံယူပြီးသည့်တိုင် စိတ်ဝိညာဉ်စိတ်မှာ လုံးဝ ပျောက်ပျက်သွားခြင်း မရှိခဲ့ပေ။
တတိယမြောက် အဆုံးမဲ့မိုးကြိုးများ ဓါးချက်က သက်ဆင်းလာခဲ့သည်။
“ဝုန်း…”
ကျောင်မင်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းကွဲထွက်သွားပြီး တူးခြစ်သည့် လောင်ကျွမ်းမှုများက ပျံ့နှံ့လာခဲ့သည်။ ဖားတစ်ကောင်ကဲ့သို့ သိုလှောင်အိတ်ငယ်တစ်ခု ကျဆင်းလာခဲ့၏။
ရွှီယန်က လက်ကိုဆန့်ကာ သိုလှောင်အိတ်ကို လက်အတွင်းသို့ ဆွဲယူလိုက်သည်။ ကျောင်မင်၏ ခန္ဓာကိုယ်မှာတော့ တချွတ်ချွတ်နှင့် လောင်ကျွမ်းကာ လေထဲတွင် ပြာများအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ထိုနေရာတွင် မှိန်ပြသည့် စိတ်ဝိညာဉ်လှိုင်းထမှုတစ်ခုသာလျှင် ရေးတေးတေး ကျန်ရစ်၏။ လေညှင်း၏ ထိတွေ့မှုနှင့်အတူ ဗလာကျင်းလင်းအဖြစ် အငွေ့ပျံသဖွယ် ပျောက်ကွယ်သွားခဲ့သည်။
ကျောင်မင်၏ စတင်ပေါ်ပေါက်လာမှုမှ ပြာများအဖြစ် ပြောင်းလဲသွားမှုသည် ခဏတာအတွင်းတွင် ဖြစ်ပွားခဲ့၏။ အရာအားလုံးအား လစ်လျူရှုကာ ရွှီယန်နှင့် အခြားလူများကို ဝက်များ၊ ခွေးများနှင့် နှိုင်းယှဉ်လိုက်ကတည်းက သူ၏ ကံကြမ္မာမှာ ချိတ်ပိတ်ပြီးသား ဖြစ်သည်။
ကောင်းကင်လူသား တစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ရွှီယန်မှာ နေရာ၌ပင် တည်ငြိမ်စွာ ရှိနေ၏။ ဒီကောင်းကင်လူသား၏ အမည်(သို့) ရေခဲမျှော်စင်သို့ ရောက်ရှိလာရသည့် အကြောင်းတို့ကိုပင် စူးစမ်းလိုခြင်း မရှိပေ။
“ငါ့ရဲ့ လျှပ်တစ်ပြတ်လေ ဓါးဆန္ဒက လုံလောက်အောင် စွမ်းအားမကြီးသေးဘူး.. နောက်တစ်ကြိမ် ခုတ်ပိုင်းချိန်ကျရင် တစ်ချက်တည်းနဲ့ ကောင်းကင်လူသားငယ် တစ်ယောက်ရဲ့ စိတ်ဝိညာဉ်ခန္ဓာကို ဖျက်ဆီးပစ်ရမယ်”