ဒီဗိုင်းဆန္ဒအဆင့်အား ဉာဏ်အလင်းပွင့်ခြင်း၊ လင်းနယ်မြေ၏ ဂိတ်တံခါးပွင့်လာခြင်း (၂)
Vol. 24 Ch. 354
“သခင်မလေးသု.. ခင်ဗျားကို ခုနစ်စင်ကြယ်အကယ်ဒမီဆီ အတူ လိုက်ပို့ပေးပါ့မယ်။”
ရွှီယန်က ပြောသည်။
“ကျေးဇူးတင်ပါတယ် သခင်လေးရွှီ”
သုယွီယင်းမှာ အလွန် ဝမ်းသာသွား၏။
“တောင်းပန်ပါတယ်.. ကျွန်တော့ မြေးမလေးကို အသက်ချမ်းသာပေးပါ”
ရုတ်တရက် ရှေ့မှ အသနားခံ တောင်းပန်သံတစ်ခု ပဲ့တင်ထပ်လာသည်။
ရွှီယန်က မျက်မှောင်ကြုတ်သွား၏။ နှစ်ဦးသား အရှိန်မြှင့်ကာ အသံလာရာသို့ အမြန်ရောက်ရှိသွားကြသည်။
မြင်ကွင်းထဲတွင် ပါးလွှာသော ဝတ်စုံနှင့် အမျိုးသမီးနှစ်ဦး ရှိနေပြီး ပိတ်စပါးလွှာ၏ အောက်တွင် သူမတို့၏ သေးသွယ်သော ကိုယ်ခန္ဓာများအား မှိန်ဖျော့စွာ မြင်နေရ၏။
ထိုနေရာတွင် အဘိုးအိုတစ်ဦးက သူ၏နောက်တွင် မိန်းကလေးငယ် တစ်ဦးကို ကာကွယ်ထားသည်။ မိန်းကလေးငယ်မှာ အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ် ခန့်သာ ရှိသေးကာ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်နူးညံ့သည်။
ပုံမှန် လှပသော မျက်နှာတွင် ယခုအချိန်၌ ရှုပ်ထွေးကြောက်ရွံ့နေသော အမူအရာကို တွေ့ရ၏။
အဘိုးအိုမှာ သိုင်းသခင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် အဝတ်ပါးနှင့် ထိုအမျိုးသမီးနှစ်ဦးမှာ စစ်ဘုရင်အဆင့်များ ဖြစ်ကြ၏။
“နင့်ရဲ့ မြေးမလေးကို ငါတို့ ရေခဲမိခင်ဆီ ပို့ဖို့ ကမ်းလှမ်းခံရတာ ဂုဏ်ယူစရာ တစ်ခုပဲ။ နင့်မြေးမလေးရဲ့ နှစ်လိုစဖွယ် အသွင်ကို ကြည့်ရတာ ငါတို့သခင်မ အတော်လေး နှစ်သက်မှာ သေချာတယ်။ သူမရဲ့မျက်နှာကို ထောက်ပြီး နင့်ကို အသက်ချမ်းသာပေးမယ်။ သွားတော့”
အမျိုးသမီးတစ်ဦးက လက်ကို ဝှေ့ယမ်းလိုက်ရာ အဘိုးအိုမှာ လွင့်စင်ထွက်သွားခဲ့သည်။ သူမသည် လျင်မြန်စွာ ဆွဲယူလိုက်ပြီး မိန်းကလေးငယ်ကို လက်ထဲ၌ ဖမ်းလိုက်သည်။
“အဘိုး”
မိန်းကလေးမှာ ကြောက်လန့စွာဖြင့် ဖြူဖျော့သွားခဲ့သည်။
အဘိုးအိုက ပြန်ထလာပြီး ဒေါသတကြီး စိုက်ကြည့်ကာ စစ်ဘုရင်များအား အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ပြင်၏။
“မင်းတို့ ရေခဲမိခင်က အပြစ်မဲ့တဲ့ မိန်းကလေးငယ်တွေ အများကြီးကို သတ်ခဲ့ပြီးပြီ။ ငါ့မြေးမလေးသာ သူမလက်ထဲ ရောက်သွားရင် အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး။ ငါနင်တို့ကို အသေခံပြီး တိုက်မယ်”
အဘိုးအိုသည် ဝမ်းနည်းမှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေ၏။ ရေခဲမိခင်သည် နှစ်စဉ်နှစ်တိုင်း မိန်းကလေးငယ်များစွာကို ပြန်ပေးဆွဲကာ ရေခဲမျှော်စင်သို့ ခေါ်ဆောင်လေ့ရှိသည်။ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ခြင်း မရှိပဲ မည်သူမျှ ပြန်မလာခဲ့ကြပေ။
သူမသည် နတ်ဆိုးတစ်ပါးပင်။ သူ၏ မြေးမလေးပါ ပစ်မှတ်ထားခံရမည်ဟု တစ်ခါမျှ ထင်မထားခဲ့ပေ။
“သေချင်တယ်ဆိုရင်လည်း ငါတို့က ဖန်တီးပေးရမှာပေါ့”
ဝတ်စုံပါးနှင့်အမျိုးသမီးက အဘိုးအိုကို မထီမဲ့မြင် ကြည့်သည်။ စစ်ဘုရင်အဆင့် ဖြစ်သည့် သူမအတွက် သိုင်းသခင်အဆင့် သိုင်းပညာရှင်လေး တစ်ဦးကို လက်တစ်ချက် ခါလိုက်ရုံဖြင့် သေဆုံးစေနိုင်၏။
သူမ၏ လက်ဝါးဖြင့် ရိုက်လိုက်ရာ အေးခဲသော စွမ်းအားတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
အဘိုးအိုက ဒေါသတကြီး အော်မြည်၏။ အသက်မရှင်နိုင်ကြောင်းအား သိရှိသော်လည်း တွန့်ဆုတ်မနေဘဲ သေစေနိုင်သည့် ရလဒ်ကို ကြိုသိနေလျှင်တောင် တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့သည်။
ရွှီယန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ကျယ်လောင်ျသာ အသံတစ်ခုနှင့်အတူ အမျိုးသမီး၏ တိုက်ခိုက်မှုကို ပျက်ပြယ်သွားစေခဲ့သည်။
“သူမကို လွှတ်လိုက်”
သူသည် အခြားသူများ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်သော်လည်း အဘိုးအို၏ မြေးမလေးအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာနှင့် ကာကွယ်ရန် အသက်ပေးဝံ့သည့် သတ္တိကို မြင်တွေ့ရပြီးနောက် စိတ်ထဲတွင် ခံစားသွားရသည်။ ခဏတာမျှ သူ၏မိခင်ကို သတိရသွား၏။
သူ၏ မိခင်သည်လည်း သူ့ကို အလားတူ ချစ်ခင်ခဲ့ပြီး ဆရာသမားများအား ရှာဖွေရန် ဝေးလံသော ခရီးများသို့ပင် သွားခွင့်ပြုခဲ့သည်။
ဝတ်စုံပါးဝတ် အမျိုးသမီးနှစ်ဦးမှာ အံ့အားသင့်သွားပြီး ရွှီယန်နှင့် သုယွီယင်းတို့ဆီသို့ အကြည်လွှဲကာ ကြည့်မိသည်။ သူမတို့၏ မျက်နှာများက ဝင်းလက်သွားကြ၏။
“လူငယ်.. သူမကို ကယ်ချင်တယ်ဆိုရင် ငါတို့နဲ့အတူ ရေခဲမိခင်နဲ့ တွေ့ဖို့ လိုက်ခဲ့ရလိမ့်မယ်”
ဒီလူငယ်သည် ရုပ်ရည်ချောမောပြီး ခွန်အားကြီးမား၏။ ဤသည်မှာ သူမတို့သခင်မ လိုချင်နေသည့် အရာဖြစ်သည်။
မကြာသေးမီက သူမတို့သည် ချောမောသော ယောက်ျားပျိုနှစ်ဦးကို ခေါ်ယူပေး၏။ သိုင်းသခင်များ ဖြစ်ပေမယ့် ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်မရှိသည့်အပြင် အထူး ချောမောခြင်းလည်း မရှိသဖြင့် သူမကို စိတ်ကျေနပ်မှု မရစေခဲ့ပေ။
သို့သော် ဒီနေရာရှိ လူငယ်မှာတော့ အပြစ်ဆိုစရာ မရှိအောင် ပြည့်စုံလွန်း၏။ သူမသာ ရရှိပါက အလွန် ပျော်ရွှင်ကျေနပ်သွားလိမ့်မည်။
“ကောင်းပြီ”
ရွှီယန် ခေါင်းငြိမ့်သည်။
ရေခဲမိခင်ဆိုသူသည် ဆိုးယုတ်သူတစ်ဦး ဖြစ်ပုံရသည်။ သူမသည် အမှန်ပင် လူအများအား ဒုက္ခပေးနေသူ ဖြစ်ရာ အခွင့်အရေးရတုန်း သတ်ပစ်လိုက်သင့်သည်။
ဝတ်စုံပါးနှင့် အမျိုးသမီးက မိန်းကလေးကို အဘိုးအိုထံသို့ အေးစက်စွာ ပြန်ပစ်ပေးလိုက်ရင်းက ပြောသည်။
“ဒီလူငယ်ကို နင်တို့ ကျေးဇူးတင်သင့်တယ်”
အဘိုးအိုမှာ သူ၏မြေးမလေးကို ဖမ်းဆုပ်ထားရင်းက ကျေးဇူးတင်မျက်ရည်များ စီးကျလာခဲ့သည်။ သူသည် မြေးမလေးနှင့်အတူ ဒူးထောက်ကာ ကယ်တင်ရှင်၏ နာမည်ကို မေး၏။
“ရွှီယန်”
အဘိုးအိုက တုန်ယင်စွာ ရေရွတ်သည်။
“ရွှီယန်လား”
'ဓားနတ်ဘုရား ရွှီယန်များ ဖြစ်နေမလား'
သူက တံတွေးများကို မျိုချသည်။ အလွန်တရာ အံ့အားသင့်သွားခဲ့၏။
ရေခဲမိခင်နှင့် တွေ့ရန် ခေါ်ဆောင်ခြင်းခံရသော ဒီလူငယ်အား သေဆုံးမည်ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ယခုအခါ ရွှီယန် ဖြစ်နေလေသည်။
“သခင်လေးရွှီ.. ရေခဲမိခင်ကို သတိထားပါ။ သူမက အရမ်း အန္တရာယ်များပါတယ်”
အဘိုးအိုက လေးနက်စွာ သတိပေးလိုက်သည်။
"အိုး... ဘယ်လို အန္တရာယ်များတာလဲ”
ရွှီယန် သိလိုစွာမေးသည်။
ရေခဲမိခင်ဟု ခေါ်သော ထိုစွမ်းအားကြီးပုဂ္ဂိုလ်အကြောင်းအုး သူ့မနေနှင့် တစ်ခါမျှ မကြားဖူးခဲ့ပေ။ သုယွီယင်းဘက်သို့ လှည့်ကာ မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်၏။
သို့သော် သုယွီယင်းက ခေါင်းခါပြပြီး သူမလည်း မသိကြောင်း ဖော်ပြသည်။
အဘိုးအိုက တစ်စုံတစ်ရာ ထပ်မံပြောရန် ပြင်ဆင်နေစဉ် ဝတ်စုံပါးနှင့် အမျိုးသမီးနှစ်ဦးက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြော၏။
“နောက်ထပ် စကားတစ်ခွန်း ပြောရဲရင်ပြောကြည့်.. နင်တို့ကို သတ်ပစ်မယ်”
“သခင်လေးရွှီ... သတိထားပါ။”
အဘိုးအိုသည် ဆက်လက် မပြောဝံ့တော့ပေ။ သူသည် မြေးမလေးကို ကျေးဇူးတင်ခိုင်းကာ အကြိမ်အနည်းငယ် ဦးညွှတ်ခိုင်းပြီးနောက် ခေါ်ဆောင် ထွက်ခွာသွားခဲ့သည်။
“ရွှီယန်တဲ့လား... ရေခဲမိခင်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. သူ့အတွက်တော့ ပြိုင်ဘက် မဖြစ်နိုင်လောက်ပါဘူး”
အဘိုးအိုက စဉ်းစားသည်။
ရေခဲမိခင် သံတမန်နှစ်ဦး၏ ရွှီယန်ကို ခေါ်ဆောင်သွားခြင်းသည် သူမတို့သခင်မကို သေစေရန် မိုက်မဲစွာ ပို့ဆောင်ပေးခြင်းသာ ဖြစ်လိမ့်မည်။
“သူမတို့တွေ ရွှီယန်ရဲ့ ဂုဏ်သတင်းကို မသိတာ ကံကောင်းတယ်”
စိတ်သက်သာရာရသော ခံစားချက်က အဘိုးအိုကို လွှမ်းခြုံလာခဲ့သည်။ ရေခဲမျှော်စင်၏ သံတမန်တို့သည် မိန်းကလေးငယ်များကို ဖမ်းဆီးရန်သာ ပေါ်လာလေ့ကြ၏။ လူကို ဖမ်းပြီးသည်နှင့် ရေခဲမျှော်စင်သို့ ပြန်သွားကာ သိုင်းပညာလောက၏ အရေးကိစ္စများကို လျစ်လျူရှုပြီး ဂရုစိုက်ခြင်း မရှိကြပေ။
ထို့ကြောင့် ရွှီယန်က သူ့ကိုယ်သူ မိတ်ဆက်ခဲ့သော်လည်း သူမတို့အနေနှင့် သတ်ဖြတ်ခြင်းနတ်ဘုရား တစ်ဦး၏ ရှေ့မှောက်တွင် ရောက်နေကြောင်းအား သဘောမပေါက်ခဲ့ကြခြင်း ဖြစ်သည်။
“သခင်.. ကြွပါဦး”
ဝတ်စုံပါးနှင့် အမျိုးသမီးနှစ်ဦးက ရွှီယန်နှင့် သုယွီယင်းကို ဦးဆောင်ကာ တစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ရွှီယန်သည် မတုန်မလှုပ် ရှိနေ၏။ သူ၏ လက်ရှိခွန်အားဖြင့် ကောင်းကင်လူသားငယ် တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် သတ်ဖြတ်နိုင်စွမ်း ရှိပါသည်။ လျှပ်တစ်ပြတ်လေ ဓားဆန္ဒသည် စိတ်ဝိညာဉ်၏ စွမ်းအားကို ပျိုးထောင်ထားသော ကောင်းကင်လူသားငယ် တစ်ဦးပင် ခုခံရန် ခက်ခဲလှ၏။
ရေခဲမိခင်သည် မည်မျှ အစွမ်းထက်နိုင်မည်လဲ။ သူမသည် တစ်ဝက်တပြတ် ကောင်းကင်လူသားသာ ဖြစ်နိုင်ပါသည်။
တူညီစွာပင် သုယွီယင်းလည်း ကြောက်ရွံ့ခြင်း မရှိပေ။ သူမသည် ရွှီယန်၏ စွမ်းရည်ကို အလွန်ယုံကြည်မှု ရှိ၏။
ဝတ်စုံပါးနှင့် အမျိုးသမီးနှစ်ဦးမှာမူ အလွန် ဝမ်းသာနေကြသည်။ ဤမျှ ချောမောခန့်ညားသော သခင်လေးတစ်ဦးကို ခေါ်ဆောင်လာနိုင်ခြင်းက ရေခဲမိခင်ကို အမှန်ပင် ဝမ်းသာပီတိ ဖြစ်စေလိမ့်မည်။
ထို့အပြင် ထိုယောကျားပျိုသာမက မြင်ရုံမျှဖြင့် မနာလိုစရာ ကောင်းလောက်အောင် လှပသော အမျိုးသမီးတစ်ဦးပါ ပါလာခြင်းကြောင့် ရေခဲသခင်မကို ပိုမို ကျေနပ်စေလိမ့်မည်။
နှမြောစရာပင်။ ယခုမျှ လှပသော အမျိုးသမီးသည် ရေခဲသခင်မ၏ အစွမ်းဖြင့် ကစားခံရပြီးနောက် သေဆုံးရပေတော့မည်။
ရေခဲကန်ပေါ်ရှိ ရေခဲမျှော်စင်ထိပ်တွင် ရေခဲမိခင်က သက်ပြင်းချကာ ဘေးတွင် လဲလျောင်းနေသော အဆီအနှစ်မဲ့နေသည့်ပုံ ရှိသည့် ပိန်ကြုံသည့် လူကို ကန်ထုတ်လိုက်သည်။
“တော်တော် အသုံးမကျတာပဲ.. ရုပ်ကလည်း ဆိုးနေသေးတယ်။”
ရေခဲမိခင်က သက်ပြင်းချသည်။
“သခင်မ.. ချောမောတဲ့ လူငယ်တစ်ဦးနဲ့ အလှပဂေးတစ်ဦး ရောက်လာပါပြီ”
ဝမ်းမြောက်သော အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရေခဲမိခင်က မော့ကြည့်လိုက်ပြီးနောက် မျက်လုံးများ ဝင်းလက်သွား၏။
ချောမောသော လူငယ်.. ဆွဲဆောင်မှုရှိသော အမျိုးသမီး...
သူမ၏ မျက်ဝန်းများထဲတွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး မျက်ခွံထောင့်များ၌ မှိန်ဖျော့သော အရေးအကြောင်းများ ပေါ်လာသည်။
ချန်းပိန်တွင်...
တောင်ထိပ်ရှေ့ရှိ လှိုင်းများထနေသော တံခါးသည် တဖြည်းဖြည်း ပိုမို သိပ်သည်းလာ၏။ တံခါး၏ ပုံသဏ္ဍာန်က ပိုမိုထင်ရှားလာကာ ပွင့်လုနီးပါး ဖြစ်နေပါသည်။
“လင်းယွီဂိတ်တံခါး ပွင့်တော့မယ်။”
ထန်းပေါင်စံအိမ် တည်ရှိရာ တောင်ထိပ်တွင် လူအချို့ တို့ ရပ်နေကြသည်။ ခရမ်းရောင် သရဖူ ဆောင်းထားသော လူ၏ မျက်နှာသည် ရှုပ်ထွေးသော အမူအရာဖြင့် ရှိနေ၏။
“စံအိမ်သခင်... လင်းယွီတံခါးက ဘာလို့ ပွင့်လာတာလဲ။ ဒီအခွင့်အရေးကို ယူပြီး ကျွန်တော်တို့ ဝင်သင့်လား”
မီးကဲ့ ဝင်းလက်သော မျက်လုံးများဖြင့် လူတစ်ယောက်က မေးသည်။
“ဒီအခွင့်အရေးကိုယူပြီး မင်းဝင်ချင်တယ်ဆိုရင် အဆင်ပြေတယ်.. ဒါပေမဲ့... မင်းတို့တွေက နာခံတတ်တဲ့ ကျွန်တစ်ယောက်၊ ဝက် ဒါမှမဟုတ် ခွေးတစ်ကောင်လို အထင်သေးခံရမယ့် သူတွေ ဖြစ်လာလိမ့်မယ်... မဟုတ်ရင် သေရလိမ့်မယ်”
ထိုလူက အနည်းငယ် ညို့မှိုင်းသော အမူအရာဖြင့် မေး၏။
“စံအိမ်သခင်... တကယ်ပဲ အဲ့လို ဖြစ်တာလား”
သူသည် စံအိမ်သခင်၏ စကားများကို အနည်းငယ် သံသယဖြစ်နေပုံ ရ၏။
“အတွင်းနယ်မြေက လူတွေ လင်းယွီထဲ ဝင်ရင် အဲဒါပဲ ဖြစ်တတ်တယ်။ ဒီတစ်ခါ လင်းယွီဂိတ်တံခါးက ငါ့ကို ရှာဖို့ ပွင့်လာတာ မဟုတ်ဖို့ပဲ မျှော်လင့်မိတယ်”
ခရမ်းရောင် သရဖူဆောင်းထားသော လူက သက်ပြင်းချသည်။
“ဘာဖြစ်လို့လဲ”
အခြားသူများက စံအိမ်သခင်ကို ရှုပ်ထွေးစွာ ကြည့်ကြ၏။
“ဒီနေရာမှာ ငါက မြင့်မြတ်ပြီး လေးစားခံရတယ်။ ဒါပေမဲ့ သူတို့ ငါ့ကို လာရှာပြီးရင်တော့ အမိန့်နာခံရမယ့် ကျွန်တစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဆုလာဘ်ဆိုရင်တော့ ပျော်စရာပါ.. ဒါပေမဲ့ အပြစ်ဒဏ်ဆိုရင်တော့...”
ခရမ်းရောင် သရဖူဆောင်းထားသော လူက ဆက်မပြောတော့ပေ။ အခြားသူများလည်း တိတ်ဆိတ်သွားကြ၏။
ထန်းပေါင်စံအိမ်နှင့် လင်းယွီတို့အကြားတွင် ဆက်စပ်မှုတစ်ခု ရှိသော်လည်း နတ်ဆိုးအရှင်သခင်ကြီး၏ ဖြစ်ရပ် ဖြစ်ပွားပြီးနောက် အဆက်အသွယ် မကြာခဏ မရှိတော့ပေ။ စံအိမ်သခင်သာလျှင် အတွင်းရေးတို့ကို သိ၏။
"အုန်း"
လင်းယွီဂိတ်တံခါးသည် အပြည့်အဝ ပေါ်ထွက်လာ၏။
ဧရာမတံခါးကြီးက ထောင်မတ်နေပြီး ယခင်က ရှိခဲ့သော တောင်ကုန်းမှာ ပျောက်ကွယ်သွားခဲ့သည်။ လင်းယွီဂိတ်တံခါး အတွင်းသို့ ယူဆောင်ခြင်း ခံလိုက်ရသလို ဖြစ်နေ၏။
ရေလှိုင်းများကဲ့သို့ လှိုင်းထနေသော တံခါးက တဖြည်းဖြည်း ဘေးနှစ်ဖက်သို့ ပွင့်လာသည်။
မုန့်ချုံက မတ်တပ်ရပ်ကာ လက်တစ်ဖက်က ဓားရိုးပေါ်တွင် တင်ထားလျက် မလန်းမကန်းရှိ ဧရာမ တံခါးကြီးကို အလေးအနက် ကြည့်နေသည်။
“မုန့်ချုံ.. ငါတို့တွေ အရင်ဆုံး ပုန်းအောင်းပြီး စောင့်ကြည့်သင့်လား”
ကျစ်ယွင်မှာ အနည်းငယ် စိုးရိမ်နေ၏။ သူမတိုလက်ထဲတွင် ယွီလင့် ရှိသော်လည်း လုံးဝ ဘေးကင်းသည်ဟု မဆိုနိုင်ပေ။ ရောက်ရှိလာသူသည် ဒီယွီလင့်အား ကိုယ်စားပြုသည့် အဖွဲ့၏ ရန်သူဖြစ်နေပါက မည်ကဲ့သို့ လုပ်မည်နည်း။ သူမတို့ကို ချက်ချင်း သတ်ပစ်မည်လား။
“မကြောက်နဲ့”
မုန့်ချုံက တည်ငြိမ်စွာဖြင့် ပြောသည်။
“ငါတို့က ဒီနေရာကနေ စောင့်ကြည့်နေရုံပဲ။ ဘာမှ ရန်မစခဲ့ဘူး။ အဲ့ဒါကိုမှ သူတို့က သတ်ချင်တုန်းဆိုရင်လည်း ငါ့ရဲ့ နတ်ဘုရားသတ်ဆေဘာ ခုတ်ချက်ကို ခံနိုင်ရည်ရှိမရှိ ကြည့်ရတာပေါ့”
ကျစ်ယွင်လည်း အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။ သူမတို့သည် အဝေးမှ စောင့်ကြည့်ရုံဖြင့် သတ်ခံရမည်လား။ တစ်ချက်ကြည့်ခွင့်ပင် မရှိပေဘူးလား။
"ဂျုန်း"
လင်းယွီတံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး ကွဲကြောင်းတစ်ခု ပေါ်လာ၏။
"ဟူးးး"
နွေဦးလေညှင်းက မြေပြင်တွင် တိုက်ခတ်သကဲ့သို့ လှိုင်းများ ပျံ့နှံ့သွားသည်။ ဧရာမတံခါးကြီး၏ ပတ်ပတ်လည်ရှိ ထူထဲနေသည့် နှင်းများသည် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ချက်ချင်း အရည်ပျော်သွားကြ၏။
ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီတို့ တံခါးပေါက်မှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် လင်းယွီတံခါးမှ ပုံရိပ်တစ်ခု လှမ်းထွက်လာခဲ့ပြီး သူ၏ လက်ဖဝါးထဲတွင် တစ်ခုခု ရှိနေပုံရသည်။
အတွင်းနယ်မြေသို့ ဝင်ရောက်ပြီးနောက် အလုံးတစ်ခုသည် သူ၏ လက်ထဲမှ ထွက်ခွာလာပြီး ဦးတည်ရာတစ်ခုဆီသို့ ပျံသန်းသွား၏။
သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ပုံရိပ်က အလုံးနောက်သို့ ချက်ချင်း လိုက်ပါသွားပြီး အရှိန် အလွန်မြန်ဆန်လွန်းကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
ယခုအချိန်၌ ပွင့်နေသော လင်းယွီဂိတ်တံခါးသည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသော်လည်း လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။