လျှိုမြောင် နှင်းဝက်ဝံ၊ သုံးပေရွှေခန္ဓာ
Vol. 24 Ch. 347
"ပြောကြတာတော့ နတ်ဆိုးအရှင်သခင်ကြီးက လင်းယွီဂိတ်တံခါးကနေ အတွင်းဘက်နယ်မြေကို ထွက်ပြေးလွတ်မြောက်လာခဲ့တာတဲ့။ သူ့နောက်ကနေ ဒီနေရာထိရောက်အောင် စွမ်းအားကြီးပုဂ္ဂိုလ် တစ်စုလည်း လိုက်လံခဲ့ပြီး အတင်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်.."
"နတ်ဆိုးအရှင်သခင်ကြီးက တစ်ယောက်တည်းနဲ့ လိုက်လံသတ်ဖြတ်သူ အားလုံးကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမယ့် သူလည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်.."
ကျစ်ယွင်က စိတ်လှုပ်ရှားစွာ ပြောသည်။
"လင်းယွီ ဂိတ်တံခါးလား.."
မုန့်ချုံမှာ သိလိုစိတ်တို့ဖြင့် ပြည့်နက်နေ၏။
"ဒဏ္ဍာရီတွေအရတော့ အဲ့ဒါက လင်းနယ်မြေကို သွားနိုင်တဲ့ ဂိတ်တံခါးတဲ့။ အသေးစိတ်ကိုတော့ ကျွန်မလည်း သေသေချာချာ နားမလည်ဘူး။ လင်းယွီဂိတ်တံခါးအကြောင်းကို သိတဲ့လူတွေက အတွင်းဘက်နယ်မြေမှာ အရမ်းကို ရှားပါးတယ်.."
"ကျွန်မလည်း အဲ့အကြောင်းကို အခွင့်အရေးအချို့ကြောင့် သိခဲ့ရတာ။ ဖခင်ဘုရင်ကြီးတောင်မှ အဲ့အကြောင်းကို မသိဘူး.."
ကျစ်ယွင်က ကြီးစွာသော ဂုဏ်ယူမှုဖြင့် ပြော၏။ သူတို့သည် လျှိုမြောင်၏ အနက်ပိုင်းသို့ ဆက်လက် လျှောက်သွားရင်းမှ အေးစက်မှုက ပိုမိုကြီးထွားလာခဲ့၏။
နောက်ဆုံးတွင် ကျစ်ယွင်ကိုယ်တိုင်ပင် အနည်းငယ် ခက်ခဲလာခဲ့ဟန် တူသည်။
"ဒီအအေးနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်.."
မုန့်ချုံက မျက်မှောင်ကျုံ့သွားပြီး ပြောသည်။
"အဲ့ဒါက နတ်ဆိုးအရှင်သခင်ကြီးကို ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြတဲ့လူတွေ ချန်ရစ်ခဲ့တဲ့ အကြွင်းအကျန်စွမ်းအားပဲ.."
ကျစ်ယွင်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် အကြွင်းအကျန် စွမ်းအားတို့ ရှိနေဆဲဖြစ်၏။
ဤသည်က အရင်တုန်းက တိုက်ပွဲအတွင်းတွင် ပါဝင်ခဲ့သည့်လူများ မည်မျှစွမ်းအားကြီးမားပုံကို ပြသနေပါသည်။
ထို့အပြင် လျှိုင်မြောင်၏ မြေမျက်နှာသွင်ပြင် အနေအထားနှင့် အခြား အချက်အလက်များကြောင့်လည်း ဖြစ်ပေလိမ့်မည်။
အခြေအနေကို အခွင့်ကောင်းယူကာ ကျစ်ယွင်သည် မုန့်ချုံအပေါ်သို့ တွဲခိုလာခဲ့ပြန်၏။ ကြောင်ငယ်လေးတစ်ကောင်ကဲ့သို့ ရှိနေပါတော့သည်။
မုန့်ချုံ၏ မရီတျန်များက လှည့်လည်နေပြီး အေးစက်မှုက သူ၏ မရီတျန်အတွင်းသို့ ဝင်ရောက်သွားသည်။
စိတ်ဝိဉာဉ်ရွှေခန္ဓာအား အားဖြည့်ပေး၏။
ဒီအချိန်၌ မုန့်ချုံတစ်ယောက် ရုတ်တရက် နားလည်မှုအချို့ ရလာခဲ့သည်။ နေစိတ်ဝိဉာဉ်ခန္ဓာသည် စွမ်းအားကြီးမားသည့် ယန်စွမ်းအင်နှင့် အလွန်သန်မာလှ၏။ သို့ရာတွင် ၎င်းကို မွမ်းမံကာ မြှင့်တင်လိုပါက သူ့အနေနှင့် ခန္ဓာကိုယ်ကို ပျိုးထောင်ရန် အခြေခံတစ်ခုအား စုဆောင်းရန် လိုအပ်ပါသည်။
ထိုအထဲတွင် ရွှေခန္ဓာ၏ မရီတျန်များကို ပျိုးထောင်ရန်မှာ အရေးအကြီးဆုံး ဖြစ်၏။ ဒီအချိန်၌ အေးစက်မှုကို အသုံးပြုကာ ကိုယ့်ကိုယ်ကို ပျိုးထောင်ပြီး နေစိတ်ဝိဉာဉ်ခန္ဓာ၏ ယန်စွမ်းအင်ကို လှုံ့ဆော်ပါက ယင်နှင့်ယန်အကြား တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်ကာ ပြောင်းလဲမှုအား ရရှိလာနိုင်ကြောင်းကို ရုတ်တရက် နားလည်လာခဲ့သည်။
'အဆင့်ချိုးဖျက်ဖို့က မျက်စိရှေ့ကို ရောက်နေပြီ။ အခွင့်အလမ်း ပေါ်လာခဲ့ပြီ..'
မုန့်ချုံမှာ အလွန်စိတ်လှုပ်ရှားနေ၏။ ရှေ့သို့ ဆက်လက်လျှောက်လှမ်းရင်းမှ ရှေ့ရှိ တောင်စောင်းအောက်တွင် လှိုဏ်တစ်ခုကို တွေ့လိုက်ရသည်။ ထူထဲသည့် ရေခဲလွှာကြီးနှင့် ဖုံးလွှမ်းနေပုံ ပေါ်၏။ လှိုဏ်မှ အေးစက်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပါသည်။
လှိုဏ်ငယ်အတွင်းရှိ ထူထဲသည့် ရေခဲလွှာအောက်တွင် ပျက်စီးနေသည့် အရိုးတစ်ခု ရှိနေပုံအား ရေးတေးတေး တွေ့ရ၏။ ထို့အပြင် အေးစက်မှု အရင်းအမြစ်မှာ ထိုအလောင်းဆီမှ လာနေခြင်း ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးအရှင်သခင်ကြီးအား ဝိုင်းဝန်းသတ်ဖြတ်ခဲ့သည့် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အကြွင်းအကျန် အလောင်းဖြစ်သည်။
၎င်းက ကျင့်ကြံထားသည့် အဆုံးစွန်သော အေးစက်မှုစွမ်းအားတို့ ပါဝင်နေပြီး ရေခဲလွှာအတွင်းတွင် စုစည်းလာခဲ့ပုံ ပေါ်သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် ၎င်းသည် ဆိုးရွားစွာ အေးစက်နေဆဲရှိ၏။
ဒီစွမ်းအားကြီးပုဂ္ဂိုလ်၏ စွမ်းအားမှာ အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှပါသည်။
မုန့်ချုံက သူတို့၏ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်မိသည်။ အကြောင်းပြချက် အချို့ကြောင့် ဒီနေရာကို အနည်းငယ် ထူးဆန်းနေသည်ဟု အမြဲတမ်း ခံစားနေရ၏။
နေရာက စွမ်းအားကြီးသူများ၏ အကြွင်းအကျန်စွမ်းအားတို့ကို စုစည်းနေစေပြီး လျှိုမြောင်အတွင်း၌ ဖြည်းဖြည်းချင်း ပျံ့နှံသွားစေခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ယခုမျှ အချိန်အတော်ကြာပြီးသည့် တိုင်အောင် စွမ်းအားကြီးသူများ၏ အကြွင်းအကျန်စွမ်းအားမှာ အံ့သြစရာကောင်းနေဆဲ ရှိ၏။
'နတ်ဆိုးအရှင်သခင်ကြီးကို ဒီနေရာမှာ ဝိုင်းဝန်းသတ်ဖြတ်ဖို့ ရွေးချယ်ခဲ့တာလည်း ဒီထူးခြားချက်ကြောင့်ပဲ ဖြစ်လိမ့်မယ်..'
မုန့်ချုံက ကိုယ့်ကိုယ်ကို စဉ်းစားသည်။ တောင်နံရံအတွင်းရှိ လှိုဏ်ငယ်ဆီသို့ လျှောက်သွားရင်းမှ အေးစိမ့်မှုက ပိုမိုပိုမိုကာ ပြင်းထန်လာခဲ့၏။ သေးငယ်သည့် အပ်များသဖွယ် ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်စိမ့်ဝင်လာခဲ့သည်။
"မုန့်ချုံ... နင်အဲ့ဒီ့ကိုသွားပြီး ဘာလုပ်မလို့လဲ။ ဒီမှာ ခဲကုန်တော့မယ်.."
ကျစ်ယွင်၏ ခန္ဓာကိုယ်က တုန်ခါနေပြီး အေးစက်မှုကြောင့် သူမ၏သွားများပင် တစ်ခုနှင့်တစ်ခု ရိုက်နေပါပြီ။ မျက်နှာက ဖြူရော်လာခဲ့၏။
မုန့်ချုံက သူမကို သူ၏ခန္ဓာကိုယ်မှ ဆွဲဖြုတ်ကာ နောက်သို့ ပစ်လိုက်သည်။
"ငါခဏလောက် ကျင့်ကြံချင်လို့... နင်အပြင်မှာ စောင့်နေဦး.."
သူသည် ကျစ်ယွင်၏ ဒေါသထွက်နေသည့် အသွင်အပြင်ကို လျစ်လျူရှု့ကာ လှိုဏ်ငယ်အတွင်းသို့ တစ်ခါတည်း လျှောက်သွား၏။
အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အပ်များကဲ့သို့ အေးစက်မှုတစ်ခုကို ခံစားလိုက်ရပြီး ၎င်းသည် သူ့ကို ဆက်တိုက် လှုံ့ဆော်နေပါသည်။ နေစိတ်ဝိဉာဉ်ခန္ဓာက ချက်ချင်းပင် စတင်လှည့်လည်လာ၏။ ရွှေရောင်အလင်းက တောက်ပကာ သူ့ကို လူသားသဏ္ဍာန် နေတစ်ခုနှင့် တူလာစေသည်။
"ဒီလူက ဆိုးဆိုးရွားရွား သေဆုံးခဲ့တာပဲ.."
မုန့်ချုံသည် ထူထဲသည့် ရေခဲအောက်ရှိ အကြွင်းအကျန် အလောင်းကို ကြည့်သည်။ ကြည့်ရသည်မှာ ဆယ်ကြိမ်မက ဓားဖြင့် ခုတ်ပိုင်းခံရပြီး သေဆုံးခဲ့ရဟန် တူ၏။
သူသည် လှိုင်းငယ်အတွင်းတွင် တင်ပျဥ်ခွေထိုင်ကာ ကိုယ့်ကိုယ်ကို စတင်ကျင့်ကြံသည်။ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်၏။
ကျစ်ယွင်မှာ မလှမ်းမကမ်းမှသာ စိတ်ရှည်စွာ စောင့်နေနိုင်ပါသည်။ မုန့်ချုံ၏ ကျင့်ကြံမှုပြီးစီးရန် စောင့်စားနေ၏။ လျှိုမြောင်၏ အနက်ပိုင်းဆီသို့ ကြည့်ကာ သူမ၏ မျက်လုံးများထဲ၌ သတိကြီးမှုတစ်ခု ပေါ်လာခဲ့သည်။
'ကျောက်စိမ်းတံဆိပ်ပြားက နတ်ဆိုးအမဲလိုက်ခြင်း တိုက်ပွဲပြင်မှာ တကယ်ပဲ ရှိတာလား။ လင်းယွီဂိတ်တံခါးက ဒီနေရာကနေ မဝေးဘူး။ ဒါပေမယ့် အဲ့ဒါကို ဘယ်လိုများဖွင့်ရမှာလဲ။ ဘာလို့ရော မတွေ့ရသေးတာလဲ..'
ကျစ်ယွင်က အိတ်အတွင်းမှ သေးငယ်သည့် စာအုပ်တစ်အုပ်ကို ထုတ်ကာ ဂရုတစိုက်ဖြင့် စတင်လေ့လာသည်။
အချိန်က ကုန်ဆုံးနေ၏။ တင်ပျဉ်ခွေထိုင်နေသည့် မုန့်ချုံမှာ ရွှေရောင်အလင်းဖြင့် လင်းလက်နေပါသည်။
လှိုဏ်ငယ်အတွင်းရှိ ရေခဲလွှာတို့ စတင်အရေပျော်လာခဲ့၏။ ပြီးခဲ့တုန်းက ပျံ့နှံ့လျှက်ရှိသည့် အေးစက်မှုတို့ ပျောက်ကွယ်သွားခဲ့သည်။
"ဘုန်း.."
မုန့်ချုံ၏ အရှိန်အဝါတို့ မြင့်တက်လာခဲ့၏။ ရွှေရောင်အလင်းက တောက်ပကာ သူ၏ အငွေ့အသက်တို့မှာ ပိုမိုသန်မာလာခဲ့သည်။ အမွေးအမျှင်မရှိသည့် ဦးခေါင်းက အလင်းပြန်နေပြီး မျက်လုံးများက တစ်ဝက်တစ်ပြက် မှိတ်နေကာ ဗာဂျရာအားဟတ်တစ်ယောက်နှင့် တူညီနေပါတော့သည်။
မလှမ်းမကမ်းမှ ကြည့်ရှု့နေသည့် ကျစ်ယွင်မှာ မှင်သက်သွား၏။ သူမ၏ မျက်လုံးများက ဝမ်းသာမှုတို့ဖြင့် ပြည့်နှက်နေသည်။
ကြီးမြတ်သောနေ ရွှေခန္ဓာ၏ အဆင့်ချိုးဖျက်မှုမှာ သဘာဝအတိုင်းသာ ရှေ့ဆက်သွားသည်။ မုန့်ချုံသည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ချိန်တွင် ပြောင်းလဲမှုတို့ ဖြစ်ပေါ်ကာ ဗာဂျရာစိတ်ဝိဉာဉ်ခန္ဓာအား ရရှိခဲ့၏။
'ငါ့ရဲ့ ခွန်အားတွေ တိုးတက်လာခဲ့ပြန်ပြီ..'
မုန့်ချုံသည် ကိုယ့်ကိုယ်ကိုရှိ ပြောင်းလဲမှုများကို ခံစားကာ စိတ်လှုပ်ရှားလာခဲ့၏။
'ဒီပြောင်းလဲမှုက စိတ်ဝိဉာဉ်ခန္ဓာကို ပိုပြီးတော့တောင်မှ သန်မာလာစေတယ်။ ပိုနက်ရှိုင်းတဲ့ အခြေခံလည်း ရလာစေတယ်။ ဒါက ထုံးရွှမ်အဆင့်ပဲ..'
မုန့်ချုံက မတ်တတ်ရပ်သည်။ ခန္ဓာကိုယ်ကို စူးစမ်းကြည့်၏။ သူ၏ မရီတျန်များက ကျယ်ပြန့်လာခဲ့၏။
ယခုအချိန်၌ သုံးမီတာ နေစိတ်ဝိဉာဉ်ခန္ဓာအား စုစည်းကာ သေးငယ်သည့် လူ့ဘီလူးတစ်ယောက်သဖွယ် လျှပ်တပြက်အတွင်း ပြောင်းလဲနိုင်နေပါပြီ။
'ရတနာလက်နက်တွေတောင် ငါ့ရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေဖို့ မနည်းကြိုးစားရလိမ့်မယ်..'
ဆရာဖြစ်သူ၏ အထွတ်အထိပ် စစ်ဘုရင်များစွာတို့အား တစ်ယောက်တည်းနှင့် အနိုင်ယူခဲ့ပုံကို ပြန်လည်တွေးတောကြည့်ပြီးနောက် မုန့်ချုံလည်း သူ၏လက်ရှိခွန်အားနှင့် တူညီလုနီးပါး လုပ်နိုင်လောက်မည်ဟု ခံစားရသည်။
သုံးမီတာ နေစိတ်ဝိဉာဉ်ခန္ဓာကို အသုံးပြုကာ လူ့ဘီလူးလေးတစ်ယောက်သဖွယ် ပြောင်းလဲပြီး ရန်သူများ၏ တိုက်ခိုက်မှုကို လျစ်လျူရှု့နိုင်သည်။ ကြမ်းတမ်းစွာ
ပြေးဝင်တိုက်ခိုက်နိုင်၏။
'ဒီနတ်ဆိုးအမဲလိုက်ခြင်း တိုက်ပွဲပြင်က နေရာကောင်းတစ်ခုပဲ..'