← Chapters

စစ်မေးနည်း တစ်ရာ့ရှစ်နည်း

Vol. 5 Ch. 68

စစ်မေးနည်း တစ်ရာ့ရှစ်နည်း

Vol. 5 Ch. 68

မြေပြင်ရှိ ပြိတ္တာကျင့်ကြံသူများသည် သုတ်သင်ခံလိုက်ကြရပြီ ဖြစ်သည်။

ပြိတ္တာဘုရင် လေးဦးထဲတွင် တစ်ဦးသည် မမျှတစွာ သေဆုံး သွားခဲ့ရသည်။ နှစ်ဦးသည် သနားစဖွယ် သေဆုံးခဲ့ရသည်။ တစ်ဦးသည် အသက်ရှင်လျက် ဖမ်းဆီး ခံထားရသည်။

လူသားကျင့်ကြံသူ အများအပြားသည် ဒဏ်ရာ ရရှိကြသော်လည်း အသေအပျောက် မရှိချေ။

မျှော်လင့်ထားသည်ထက် အခြေအနေ ပိုကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။

လူသားကျင့်ကြံသူများသည် ဤတိုက်ပွဲမှနေ ကြီးမားသည့် အောင်မြင်မှုကြီး ရရှိခဲ့သည်။

“အစ်ကိုကြီး ပညာရှိရေ … ကျွန်မတို့က အစ်ကိုကြီးရဲ့ သေဆုံးခြင်းအတွက် လက်စားချေ လိုက်နိုင်ပြီ …” ထျန်းလင်းလင်းက ပျော်ရွှင်စွာ အော်ဟစ် လိုက်သည်။

သူမသည် သရုပ်ဆောင်ခြင်းတွင် နစ်မြောနေပြီး သူမကိုယ်သူမ ရပ်တန့်နိုင်ခြင်း မရှိတော့ချေ။

ထိုစကားအား ကြားလိုက်သည့်အခါတွင် ကျင့်ကြံသူများသည် သိလျက်နှင့် ပြုံးလိုက်ကြသည်။

ဝန်ခံရမည်ဆိုလျှင် သူတို့သည် သူတို့၏ သရုပ်ဆောင်မှုနှင့် ပတ်သက်၍ အလွန် ကျေနပ်ပီတိ ဖြစ်မိသည်။ သူတို့၏ ပြဇာတ်တွင် ပညာရှိ ပြိတ္တာဘုရင်သည် သနားဖွယ် အကောင်းဆုံးသော ဇာတ်ကောင်ဖြစ်သည်။

“တာအိုသခင် အန်ရေ … နောက်တစ်ခါ အမေရိကကို သွားရင် မင်းအတွက် အော်စကာဆု တစ်ခုလောက် ခိုးခဲ့ပေးမယ် … လီယိုနာဒိုရဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို မင်းအတွက် ခိုးပေးမယ်ကွာ …” ကယ်တင်ရှင်သည် အန်လင်း၏ ပုခုံးအားပုတ်ကာ ရယ်မော နေလသည်။ ကယ်တင်ရှင်သည် အမေရိက သို့သွားကာ ပစ္စည်းသွားခိုးလေ့ ရှိသည်။

သူတို့အားလုံး သိကြသည်မှာ ပညာရှိပြိတ္တာဘုရင်အား တစ်ပတ် ရိုက်ခဲ့သူသည် အကြောက်အရွံ့မဲ့သည့် အန်လင်းမှလွဲ အခြားမရှိချေ။

သူ၏ သရုပ်ဆောင်မှုကြောင့် ရန်သူအဖွဲ့သည် သူတို့၏ အသန်မာဆုံးသော သူတစ်ယောက်အား ဆုံးရှုံးရခြင်း မဟုတ်ခဲ့လျှင် သူတို့သည် ထိုတိုက်ပွဲအား လွယ်လွယ်ကူကူနှင့် အဆုံးသတ်နိုင်မည် မဟုတ်။

ထျန်းလင်းလင်း သည်ပင်လျှင် ရင်ထဲထိလောက်သည့် သရုပ်ဆောင် စွမ်းရည်အား ထုတ်ဖော်ခဲ့သေးသည် မဟုတ်ပါလား။

သူမသည် ကယ်တင်ရှင်အား သူမအတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် အော်စကာဆုအား ခိုးယူခဲ့ပေးပါရန် တောင်းဆို နေလေသည်။ ဘယ်လိုနည်းနှင့်မဆို သူမသည် ထိုပြဇာတ်၌ အကောင်းဆုံး ပူးပေါင်း ပါဝင်ပေးခဲ့သူ ဖြစ်သည်။

ကျင့်ကြံသူများသည် အန်လင်း ပတ်လည်တွင် ဝန်းရံနေကြပြီး သူ့အား အလွန်အမင်း ချီးကျူး ဂုဏ်တင် နေကြလေသည်။ သူတို့ အားလုံးတို့သည် အန်လင်းအား ‘ရုပ်ရှင်ဘုရင်’ ဘွဲ့ကိုပင် အပ်နှင်းလိုသည့် ဆန္ဒရှိကြသည်။

ထိုသို့ အာရုံစိုက် ခံနေရခြင်းကြောင့် သူက အနည်းငယ် ရှက်ရွံ့မိလေသည်။ ထို့ကြောင့် ခေါင်းကုတ်ကာသာ ကျေးဇူးတင်စကား ပြောနေတော့သည်။

စုရှောင်လန်သည် အန်လင်း၏ လွန်လွန်ကဲကဲ သရုပ်ဆောင်မှုများအား မြင်တွေ့ဖူးခြင်း ရှိသည်ကြောင့် အခြားသူများအား တစ်ပတ် ရိုက်နေသည်ကို မြင်ရသည့်အခါတွင် သူမသည် နည်းနည်းလေးမျှပင် အံ့ဩသွားခြင်း မရှိပါ။ ထို့အစား သူမသည် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်ကိုသာ စိတ်ဝင်တစား ကြည့်နေလေသည်။

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် လှုပ်ရှားနိုင်ခြင်း မရှိသော်ငြား နားကန်း နေခြင်းတော့ မဟုတ်ပေ။

သူတို့ ပြောဆိုနေသည်များကို ကြားသည့်အခါတွင် သူက ရူးသွပ် နေသည့်သူ မဟုတ်သည့် အတွက်ကြောင့် နားမလည်ဘဲ မရှိချေ။

သူတို့၏ ပြောဆိုနေမှုများအား ကြားရသည့်အခါတွင် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် မျက်လုံးများ ဖောင်းလာပြီး ဒေါသထွက် လွန်းသဖြင့် မူးမေ့ သွားမတတ်ပင် ဖြစ်သည်။

ဪ … သရုပ်ဆောင်တာတဲ့လား …

မင်းသားက ပညာရှိပြိတ္တာဘုရင် မဟုတ်ဘဲ အဲဒီကျင့်ကြံသူတွေ အားလုံးတဲ့လား …

မိုးကောင်းကင်ရေ … ကျွန်တော်က ပညာရှိ ပြိတ္တာဘုရင်အပေါ် ဘာတွေ လုပ်မိလိုက်ပြီလဲဗျာ …

လူတွေက ပြောကြတယ်လေ … ရက်စက်မှုနဲ့ အကြင်နာမဲ့မှုတွေက ပြိတ္တာ ဘုရင်တွေရဲ့ ထူးခြားတဲ့ အမူအကျင့်တွေ ဆိုပြီးတော့ … သူတို့ ကျင့်ကြံသူအဖွဲ့က ကျွန်တော်တို့ထက် ပိုပြီးတော့တောင် ရက်စက် နေသေးတယ် … ဘာလို့များ ကျွန်တော်တို့ကပဲ မကောင်းတဲ့ သူတွေလို့ သတ်မှတ်ခံရတာလဲဗျာ …

ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် နှလုံးသားအား ဆွဲဆုပ် ခံထားရသည်ဟု ခံစားနေရပြီး သူ့ရင်ထဲတွင် တင်းကျပ်လာသည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏ ပြိတ္တာဆိုသည့် ဖြစ်တည်မှုအား စတင်မေးခွန်း ထုတ်မိတော့သည်။

ပြိတ္တာဘုရင် တစ်ယောက်အနေဖြင့် လူသားကျင့်ကြံသူများ၏ တစ်ပတ် ရိုက်ခံရခြင်းကြောင့် သူသည် အလွန်ရှက်ရွံ့ကာ သေချင်စိတ် ပေါက်နေလေပြီ။

သို့ပေမဲ့လည်း လူသားကျင့်ကြံ သူများသည် သူ့အား သေခြင်းတရားကို ရှာဖွေခွင့် သိမ်းဆည်း ထားကြသည်။ လူသားကျင့်ကြံသူများသည် ပြောဆိုဆွေးနွေးပြီးသည့် အခါတွင် ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အား အာရုံစိုက် လာကြပြန်သည်။

စစ်ဆေး မေးမြန်းမည့်အချိန် စတင်ပြီပဲ ဖြစ်ပါသည်။

ရွှမ်ယွမ်ချန်သည် ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အား စကားပြောနိုင်စေရန် အချုပ်အနှောင် တချို့အား ဖယ်ရှား ပေးလိုက်သည်။

“မင်းတို့ မျိုးမစစ်ကောင်တွေက ပညာရှိပြိတ္တာဘုရင်ကို သတ်လိုက်တယ်ပေါ့ … မင်းတို့ အားလုံးက ယုတ်မာကောက်ကျစ်ပြီး အရှက်မဲ့လွန်းတယ် … မင်းတို့ လူသားတွေက အရှက်တရား ဆိုတာကို သိကြရဲ့လား …” ချုပ်နှောင်ခြင်းမှ လွတ်မြောက်သည်နှင့် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် ပြင်းထန်စွာ ပြစ်တင် ကြိမ်းမောင်းတော့သည်။

“ဟင် … အစ်ကိုကြီးပညာရှိကို ရှင်တို့တွေပဲ သတ်ပစ်လိုက်တာ မဟုတ်ဘူးလား … ဘာလို့ ကျွန်မတို့ကို အပြစ်တင်နေရတာလဲ …” ထျန်းလင်းလင်း၏ မျက်နှာလှလှလေးတွင် စိတ်ရှုပ်ထွေးမှုများ ပေါ်လာပြီး သူမနှုတ်ခမ်းများသည် မကျေနပ်မှုကြောင့် တွန့်ကွေးသွားသည်။

ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် ထျန်းလင်းလင်း၏ စကားအား ကြားလိုက် ရသည့်အခါတွင် သွေးဆူပွက် လာတော့သည်။ ထို့နောက်တွင် ဒေါသတကြီး ဖြစ်လာပြီး သူ့ပါးစပ်ထောင့်မှနေ သွေးများ တစိမ့်စိမ့် စီးကျလာလေသည်။

သောက်ကျိုးနည်းကွာ …

နင်က အခုထိ ပညာရှိပြိတ္တာဘုရင်ကို အစ်ကိုကြီးပညာရှိလို့ မျက်နှာပြောင်တိုက်ပြီး ခေါ်နေတုန်းပဲလား … အရမ်းကို အရှက်မဲ့လိုက်တာ …

“ကောင်းပြီ … ကောင်းပြီ … ငြင်းခုန်တာကို ရပ်လိုက်တော့ … အလုပ်လေးတွေ လုပ်ကြမယ် …” အန်လင်းသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အား သနားဂရုဏာ အပြည့်ဖြင့် ကြည့်လိုက်သည်။

ကျင့်ကြံသူ အားလုံးတို့သည် သဘောတူကြောင့် ပြသည့်အနေဖြင့် ခေါင်းညိတ် လိုက်ကြသည်။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ဤအခြေအနေအား နားလည်အောင် ပြုလုပ်ရန် ဖြစ်သည်။

တာအိုသခင် တိမ်တိုက်စူးစမ်းသည် ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အား ကြည့်ကာ မေးသည်။ “မင်းတို့ ပြိတ္တာတွေက စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် လူသား ကျင့်ကြံသူတွေကို ထောင်ခြောက်ဆင်ဖမ်းပြီး ဘာအတွက် သတ်မှာလဲ … မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ …”

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် ရက်စက်မှု အပြည့်ဖြင့် ပြုံးလိုက်သည်။ “ငါသေသွားရင်တောင် မင်းတို့ကို မပြောနိုင်ဘူး … ရှင်းလား … မင်းတို့အားလုံး ပြိတ္တာဘုံမှာ ရာသက်ပန် နစ်မြုပ်ပြီး ဓားသွားတစ်ထောင်ရဲ့ ပိုင်းဖြတ်ခြင်းခံရလို့ နာကျင်မှုကို ခံစားရပါစေလို့ ငါကျိန်ဆိုတယ် … မင်းတို့အားလုံးရဲ့ စိတ်ဝိညာဉ်တွေက နှစ်သန်းပေါင်း ရာနဲ့ချီ လောင်ကျွမ်းခံရပြီး ဘယ်တော့မှာ မလွတ်မြောက်ပါစေနဲ့လို့ ငါကျိန်ဆိုတယ် … မင်းတို့အားလုံး …”

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် သူတို့အားလုံး၏ အပြုအမူ အသေးစိတ်အား ပြန်မြင်ယောင်ကာ တစ်သီတစ်တန်းကြီး ကျိန်ဆဲတော့သည်။

“ညင်းပမ်းမှုလေး ဘာလေး နည်းနည်းလောက် လိုအပ်နေပြီ …” အန်လင်းက ခေါင်းခါ လိုက်ပြီးနောက် သူ့ဘေးတွင် ရှိနေသည့် ကျင့်ကြံသူများအား မေးလိုက်သည်။ “ဘယ်သူ အရင်စချင်လဲ …”

ပြိတ္တာဘုရင်၏ မျက်လုံးထဲတွင် လူသတ်ချင်သည့် အရိပ်အယောင်များ ပေါ်လာသည်။ “မင်းတို့ အစွမ်းရှိသလောက် လာချမ်းပါ … အရင်က ငါဘယ်လိုမျိုး နာကျင်မှုတွေကို ခံစားခဲ့ရတယ် ထင်လို့လဲ … ဟက် ဟက် … မင်းတို့အားလုံး ငါ့ကို အချက် တစ်သောင်းလောက် လှီးဖြတ်ရင်တောင်မှ ငါ့ဆီကနေ သတင်း သေးသေးလေးတောင် ရမယ်မထင်နဲ့ …”

ကယ်တင်ရှင်က အရင်ဆုံး ပြောလာသည်။ “ငါလုပ်မယ် …”

ထိုသို့ ပြောပြီးနောက်တွင် သူသည် အိတ်ကပ် အတွင်းရှိ ဆေးထိုးပြွန် တစ်ခုအား ထုတ်ယူလိုက်သည်။ “ဒါက နာကျင်မှုကို တိုးလာစေတဲ့ မူးယစ်ဆေး တစ်မျိုးပဲ … Aimeihuaရဲ့ ဇီဝဓာတ်ခွဲခန်း ထဲကနေ ခိုးလာခဲ့တာ … ဒီဆေးကို ထိုးသွင်းလိုက်တာနဲ့ ခန္ဓာကိုယ် တစ်ခုလုံးက နာကျင်မှု ရောက်ရှိနိုင်တဲ့ နေရာအားလုံးက အရမ်းကို အထိမခံနိုင် ဖြစ်လာလိမ့်မယ် … ပုရွက်ဆိတ် အကောင်တစ်သောင်းက နှလုံးသားကို ဝိုင်းကိုက်သလိုမျိုး နာကျင်ခံစား ရလိမ့်မယ်တဲ့ …”

ထိုစကားအား ကြားလိုက်သည့် အခါတွင် ကျင့်ကြံသူ အားလုံးတို့သည် မျက်နှာရှုံ့မဲ့ လာကြသည်။ Aimeihuaသည် အမေရိကန် စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော ထိပ်တန်း ဇီဝမွေးမြူရေးစခန်း ဖြစ်သည်။

ဒီလူက အမေရိက ကနေ ပစ္စည်းတွေ ဘယ်လောက်တောင် ခိုးလာခဲ့တာတုန်း။

“ပြီးတော့ ငါက ဒီဆေးကို ငါ့ရဲ့ဆေးလုံး သန့်စင်တဲ့ နည်းစနစ်တွေနဲ့ ပြုပြင်ပြောင်းလဲ ထားသေးတယ် … စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် သာမန်ကျင့်ကြံသူတွေ ကတော့ သူတို့ခန္ဓာကိုယ်ရဲ့ သဘာဝ စွမ်းအားလောက်နဲ့ ဒီဆေးရဲ့ အာနိသင်ကို ချေဖျက်နိုင်မှာ မဟုတ်လောက်ဘူး …”

ကယ်တင်ရှင်၏ ဝဖိုင့်ဖိုင့် မျက်နှာတွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက်တွင် ဆေးထိုးပြွန်အား မြှောက်လိုက်ပြီးနောက် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ သွေးကြောထဲသို့ ထိုးသွင်း လိုက်လေသည်။

အချိန်တိုလေး အတွင်းမှာပင် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် အလွန်နာကျင်စွာ အော်ဟစ် လာတော့သည်။ သောင်းနှင့်ချီသည့် ပုရွက်ဆိတ် များသည် သူ့နှလုံးသားအား ကိုက်ဖြတ် နေသည်နှင့် တူညီသော နာကျင်မှုသည် ခန္ဓာကိုယ်၏ အထိမခံနိုင်သည့် နေရာများတွင် ကြီးမားစွာ သက်ရောက် နေလေသည်။ ထိုနာကျင်မှုသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

“ဘယ်လိုလဲ … ပြောမှာလား မပြောဘူးလား …” ကယ်တင်ရှင်သည် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အား ကြည့်ကာ မေးလိုက်သည်။

“မပြောဘူး … မင်းရဲ့ နာကျင်မှုက အခုထက် အဆတစ်ရာလောက် ပိုပြင်းရင်တောင် အသုံးမဝင်ဘူး …” ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်က အော်ဟစ်လိုက်သည်။

ဖက်တီးသည့် မျက်မှောင်ကြုတ် လာသည်။ ထိုသည်မှာ သူ၏ ကြောက်မက်ဖွယ် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။

သူက ထိုဆေး၏ ပြင်းအားကို တိုးမြှင့် လိုက်လျှင်တောင် ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်သည် ထုံသွားမည် ဖြစ်သည်။ ထိုသည်က အကူအညီမဖြစ်ဘဲ စစ်ဆေးမှုအား အဟန့်အတား ဖြစ်နေနိုင်လိမ့်မည်။

ထိုအချိန်မှာပင် စုရှောင်လန်က ရှေ့ထွက်လာသည်။ သူမလက်ချောင်း ထိပ်များတွင် ကောင်းကင်ဇာမဏီ မီးလျှံများ ကခုန်လျက် ရှိသည်။ “ငါလုပ်ကြည့်မယ် …”

ထိုသို့ပြောပြီးနောက် ကောင်းကင်ဇာမဏီ မီးလျှံသည် ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်အား လောင်ကျွမ်းတော့သည်။

“အို့ …” ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။

သူက အဆုံးမဲ့သည့် မီးလျှံလွင်ပြင်၏ အလယ်တွင် ရောက်ရှိကာ သူ့ခန္ဓာကိုယ်မှာ အဆက်မပြတ် လောင်ကျွမ်းခြင်း ခံနေရာသည်ဟု ခံစားနေရသည်။ မီးလျှံများသည့် သူ့အရေပြား၏ တစ်လက်မပင် မကျန် လောင်ကျွမ်းနေပြီး သူ၏ ကိုယ်တွင်း ကလီစာများသည် ကင်ထား သလိုပင် ခံစား နေရသည်ကြာင့် အရမ်းကို နာကျင်နေလေသည်။

“ပြောမှာလား မပြောဘူးလား …” စုရှောင်လန်သည် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အား သူမ၏ ကြည်လင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“မပြောဘူး … နင့်ရဲ့ မီးလျှံတွေ အဆတစ်ရာလောက် ပိုပူလာရင်တောင် ဘယ်တော့မှ မပြောဘူး …” ပြိတ္တာဘုရင်သည် ခေါင်းမာစွာ ငြင်းဆန် နေတုန်းပင်။

စုရှောင်လန်သည် ခေါင်းခါ လိုက်ပြီးနောက် “ငါက အဆ တစ်ရာလောက်တော့ မမြှင့်နိုင်ဘူး … နှစ်ဆလောက်ပါပဲ …”

“အား …” ပြိတ္တာဘုရင်၏ နာကျင်မှုကြောင့် အော်ဟစ်သံသည် ကောင်းကင်နှင့် မြေပြင်ကိုပင် ရိုက်ခတ် သွားစေသည်။

သူ့နှလုံးသားထဲတွင် စိတ်အားငယ်ခြင်းများ ဝင်ရောက်လာသည်။ နာကျင်မှုသည် အမှန်တကယ်ကို နှစ်ဆ တိုးသွားခြင်းပင်။

သို့ပေမဲ့လည် သူမပြောသေးချေ။

စုရှောင်လန်သည် အကြံကုန်သွားပြီ ဖြစ်သည်။ ထို့နောက်တွင် တာအိုသခင် တိမ်တိုက် စူးစမ်းသည် သူ၏ စစ်မေးခြင်းအား စတင်ပြန်သည်။

သူ၏ တိမ်ချည် နှောင်မန္တန်သည် ပြင်ပခန္ဓာကိုယ်ကိုသာလျှင် တိုက်ခိုက်သည် မဟုတ်ဘဲ ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်မှ စိတ်စွမ်းအင် များကိုလည်း တုန်လှုပ်စေပြီး နာကျင်မှုသည် ပို၍ပင် တိုးလာတော့သည်။

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် တစ်ချိန်လုံး နာကျင်စွာ အော်ဟစ်နေရသည်။ သို့သော်လည်း သူက အံကြိတ်ကာဖြင့် ညင်းပန်းမှုများအား ခံယူလေသည်။

ထို့နောက်တွင် သာယာသည့် အသံပိုင်ရှင် နတ်သမီးလေးသည် သူမ၏ ဘေးဒုက္ခသံကို အသုံးပြုကာ သူ၏ အကြားအာရုံနှင့် ဝိညာဉ်ကို တိုက်ခိုက်လေသည်။

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် တစ်ချိန်လုံး နာကျင်စွာ အော်ဟစ် နေရသည်။ သို့သော်လည်း သူက အံကြိတ်ကာဖြင့် ညင်းပန်းမှုများအား ခံယူလေသည်။

ထို့နောက်တွင် အသည်းကွဲသမားလေး အကြားအမြင် ပညာရှင်သည် သူ၏ ကြေးပြား အပ်စိုက် နည်းစနစ်အား အသုံးပြုကာ ပြိတ္တာဘုရင်၏ အရေးကြီးသည့် ဆုံမှတ်များအား တိုက်ခိုက်လေသည်။

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် တစ်ချိန်လုံး နာကျင်စွာ အော်ဟစ် နေရသည်။ သို့သော်လည်း သူက အံကြိတ်ကာဖြင့် ညင်းပန်းမှုများအား ခံယူလေသည်။

ထို့နောက်တွင် ရွှမ်ယွမ်ချန်၊ ဓားအင်မော်တယ် မြစ်စိမ်းနှင့် အခြားသူတို့သည် နည်းစနစ်အမျိုးမျိုး မန္တန်အမျိုးမျိုးအား အသုံးပြုကာ မရေမတွက်နိုင်သည့် စစ်မေးခြင်း နည်းလမ်းများအား အသုံးပြုကြလေသည်။

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် တစ်ချိန်လုံး နာကျင်စွာ အော်ဟစ် နေရသည်။ သူ၏သွားများသည် အံကြိတ်ရ လွန်းသဖြင့် အပိုင်းပိုင်းပြတ်ကာ မျက်နှာသည်လည်း မျက်ရည် ချောင်းစီးလျက် ရှိသည်။ သို့သော်လည်း သူတို့၏ အကြံအစည်နှင့် ပတ်သက်၍ တစ်လုံးတစ်လေပင် ဖွင့်ဟခြင်း မရှိပါ။

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် အလွန်ပူဆွေး နေမိသည်။ သူ့မျက်လုံးများတွင် စိတ်အားငယ်မှု အပြည့်နှင့် ဖြစ်သည်။ သူက ဆင်းရဲဒုက္ခများ ဆီးကြိုနေသည့် တွင်းအတွင်းသို့ ကျရောက်နေသည်ဟု ခံစားနေရသည်။

ဒီထက်စောစော သေဖို့ကို ရွေးချယ်ခဲ့မည်ဆိုလျှင် အရမ်းကောင်းမှာပဲ …။

လွန်ခဲ့သည့် အချိန်က သူသည် ပညာရှိပြိတ္တာဘုရင်၏ သနားစဖွယ် သေဆုံးမှုကြောင့် ဂရုဏာ သက်နေမိခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ပြိတ္တာဘုရင် လေးယောက်တို့အနက် သူသည် အဆိုးဝါးဆုံးသော ကံကြမ္မာနှင့် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း နားလည် သိရှိလိုက်ရပြီ ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ညင်းပန်းနည်း အမျိုးမျိုးအား ကြုံတွေ့ရသည်။ ထိုနည်းစနစ်များသည် သူစိတ်ကူးယဉ် ထားသည်ထက်ပင် ပိုမိုဆိုးဝါး နေသေးသည်။ အချို့နည်းစနစ်များအား သူ့အနေဖြင့် တွေးတောင် မကြည့်ဖူးခဲ့ပေ။

သူသည် masochist တစ်ယောက် ဖြစ်ပါက ထိုနေရာတွင်ပင် သာယာမှုကြောင့် သေဆုံးသွားနိုင်သည်။ (masochist = နာကျင်မှု၌ သာယာသူ)

အန်လင်းသည်ပင်လျှင် ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ ခံနိုင်ရည်စွမ်းအား အထင်ကြီး လေးစားနေမိပြီ ဖြစ်သည်။

တစ်ရာ့ရှစ်မျိုးသော နှိပ်စက်နည်းများ အားလုံးကို အသုံးပြုပြီး ဖြစ်သည်။ သို့သော်လည်း ပြိတ္တာဘုရင်ထံမှ မည်သည့် သတင်းအစအနမျှ မရရှိခဲ့ပါ။

လူသားကျင့်ကြံသူများသည် ပြိတ္တာဘုရင်အား ဆက်လက် ညင်းပန်း လျက်ရှိသည်။ သူတို့သည်ပင်လျှင် sadistsများ ဖြစ်လာလုနီးနီးပင်။ ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်မှာမူ နှုတ်ခမ်း တင်းတင်းစေ့ကာ စကားတစ်လုံးမျှပင် ပြောလာခြင်း မရှိ။ (sadist = ရက်စက်ခြင်း၌ သာယာသူ)

***

အချိန်အတော်ကြာ ပြီးနောက်တွင် ကျင့်ကြံသူများသည် ပြိတ္တာဘုရင်အား မတ်တတ်ရပ်ကာ လေးစားမှု အပြည့်ဖြင့် ကြည့်နေကြတော့သည်။ ပြိတ္တာဘုရင်သည် မြေပြင်တွင် ဒူးထောက်လျက် ရှိနေသည်။ သူ့ဆံပင်များသည် ဖရိုဖရဲဖြစ်ကာ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာအပြည့်နှင့် ဖြစ်သည်။

ထိုလူ၏မျက်နှာတွင် အသက်မဲ့သည့် အမူအရာဖြစ်နေပြီး စကားတစ်ခွန်း ကိုသာလျှင် ထပ်ကာထပ်ကာ ရေရွတ် နေလေသည်။ “ငါမပြောဘူး … မပြောနိုင်ဘူး … လုံးဝမပြောဘူး …”

နှိပ်စက်ခံရခြင်းကြောင့် ကယောင်ကတမ်း ဖြစ်သွားခြင်း …။

အန်လင်းသည် ကမ္ဘာကြီးအား အသစ်တစ်ဖန် ရှုမြင် သုံးသပ်လိုက်သည်။

သူက အင်မော်တယ် ဆေးလုံးများအား မသောက်သုံး လိုတော့ပါ။ သူလိုအပ်နေသည့် အရာမှာ ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာ ဘုရင်ဆေးလုံး များသာလျှင် ဖြစ်သည်။

ကျင့်ကြံသူများအားလုံးက လက်လျှော့ လိုက်ချိန်မှာပင် အန်လင်း၏ အိတ်ကပ် အတွင်းမှ နီရဲတောက်နေသည့် ပန်းပွင့်လေး ခေါင်းပြူ ထွက်လာသည်။

“အင်း … အမ် … သခင်ရေ … ရှောင်းဟုန်လေး စမ်းကြည့်လို့ ရမလားရှင် …” သူမက ချိုသာစွာ ပြောလိုက်သည်။

***

All Chapters