ညှို့ယူဖမ်းစားခြင်းနည်းစနစ်
Vol. 5 Ch. 69
ထိုအသံအား ကြားသည့်အခါတွင် ကျင့်ကြံသူအားလုံးသည် အန်လင်း၏ အိတ်ကပ်အား ကြည့်လာကြသည်။
“တာအိုသခင် အန်လင်း … မင်းက ကောင်မလေးကို ဖွက်ထားတယ် ဟုတ်လား …” ကယ်တင်ရှင်သည် အံ့ဩတကြီး ရေရွတ်လိုက်သည်။
“အန်လင်း …”
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး သည်လည်း အံ့ဩစွာဖြင့် “အဲဒီအချက်ကို ဘေးဖယ် လိုက်စမ်းပါဦး … အဓိကအချက်က အဲဒီပန်းပွင့်လေးက ကြိုးစားကြည့်မယ်လို့ ပြောလိုက်တယ်လေ … အဲဒါက အကြံကောင်းများ ဖြစ်နေမလား …”
“အဲဒီအချက်ကို ဘေးဖယ်ထားဦး ဆိုတာ ဘာအဓိပ္ပာယ်လဲ … ဘယ်လိုပဲဖြစ်ဖြစ် လုံးဝမဖြစ်နိုင်ဘူး …” အန်လင်းက ကျယ်လောင်စွာ ချေပသည်။ သူ၏ ချေပချက်အား မည်သူကမျှ အာရုံမရှိပေ။ ကျင့်ကြံသူ အားလုံးတို့သည် ရဲရဲနီနေသည့် ပန်းပွင့်လေးအား မျှော်လင့်ချက် သန်းနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ကျင့်ကြံသူများသည် ညင်းပန်းမှုအား လက်လျှော့ရန် ကြံစည်နေစဉ်မှာပင် ရှောင်းဟုန်သည် စကားပြောလာခြင်း ဖြစ်သည်။ ထိုအချက်သည် သူတို့နှလုံးသားထဲမှ မျှော်လင့်ခြင်း မီးတောက်လေးအား လောင်ကျွမ်း စေလိုက်နိုင်သည်ကို သံသယဖြစ်ရန်ပင် မလိုအပ်တော့ချေ။
လူတိုင်း၏ အာရုံစိုက်နေမှုကြောင့် ရှောင်းဟုန်သည် အနည်းငယ် ရှက်ရွံ့နေလေသည်။ ထို့ကြောင့် အိတ်ကပ်ထဲသို့ အနည်းငယ် ကျုံ့ဝင် လိုက်သည်။ “ရှောင်းဟုန်လေးက အောင်မြင်မယ်လို့တော့ အာမ မခံနိုင်ပါဘူး… ဒါပေမဲ့ နည်းလမ်း တစ်ခုတော့ ရှိပါတယ် …” သူမက သိမ်မွေ့စွာ ပြောသည်။
အန်လင်းက ရှောင်းဟုန်အား ဆွဲထုတ် လိုက်ပြီးနောက် သူ့လက်ဖဝါးပေါ်တွင် တင်လိုက်သည်။ “စိုးရိမ်မနေနဲ့ … နင့်ရဲ့ နည်းလမ်းဆိုတာ ငါတို့ကို အရင်ပြော …” သူက စိတ်အား ထက်သန်စွာ ပြောသည်။
လူအများရှေ့သို့ ရောက်ရှိလာမှုကြောင့် ရှောင်းဟုန်၏ မျက်နှာလေးသည် ရှက်ရွံ့ကာ နီမြန်းလာသည်။ သူမမျက်နှာသည် နီနေပြီးသား ဖြစ်ပေမဲ့လို့ပေါ့။
“အမ် … ဒီလိုပါ … ရှောင်းဟုန်ရဲ့ စိတ်ဝိညာဉ်အမြုတေက ပေါ်လာတော့မှာမို့ ပြောင်းလဲတဲ့ ဖြစ်စဉ်တွေ စတင်နေပါပြီ … ရှောင်းဟုန်လေးရဲ့ မှော်စွမ်းရည်တစ်ခုက နိုးထလာခဲ့ပါတယ် …” ရှောင်းဟုန်က မဝံ့မရဲဖြင့် ပြောသည်။
အန်လင်း မျက်လုံးများက အရောင်လက်လာပြီး “ဘာမှော်စွမ်းရည်တုန်း …”
“ရှောင်းဟုန်ရဲ့ မှော်စွမ်းရည်က အရမ်းစွမ်းအား ပြင်းပါတယ် … သူ့ကို ညှို့ယူ ဖမ်းစားခြင်း နည်းစနစ် လို့ ခေါ်ပါတယ် …”
***
ကယ်တင်ရှင်သည် အလွန်အမင်း ကြောင်အ သွားတော့သည်။ “ဘုရားရေ … အန်လင်းရေ … မင်း ပန်းပွင့် စိတ်ဝိညာဉ်လေးကို ဘာတွေ လုပ်လိုက်တာတုန်း … သာမန် ပန်းပွင့်စိတ်ဝိညာဉ်ရဲ့ အထဲမှာ မှော်စွမ်းရည်တစ်ခု နိုးထလာတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ … မင်း … မင်း … မဟုတ်မှလွဲ …”
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေးသည်လည်း ကြောင်အလျက် ရှိသည်။ “အဲဒီကို အသာထားစမ်းပါ … အဓိကအချက်က ဒီပန်းပွင့်က ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်ကို ဖျားယောင်းဖို့ စီစဉ်နေတယ်လေ …”
ထိုမှတ်ချက် စကားများအား ကြားသည့်အခါတွင် အန်လင်းသည် အော်ငိုမိတော့ မတတ်ပင် ဖြစ်သည်။ “ဘာသောက်စကားတွေ ပြောနေကြတာတုန်း … ငါက ပန်းပွင့် စိတ်ဝိညာဉ်လေးက ဘာမှမလုပ်ထားပါဘူးနော် …”
ရှောင်းဟုန် သည်လည်း အလေးအနက်ဖြင့် ခေါင်းညိတ်လိုက်ပြီး အန်လင်းအတွက် ရှင်းပြဖို့ ကြိုးစားလိုက်သည်။ “အမှန်ပဲ … ရှင်တို့က အများကြီး တွေးနေကြတာပဲ … သခင်က ကျွန်မကို ကောင်းကောင်း ဆက်ဆံပါတယ်နော် … ကျွန်မသဘောအကျဆုံး အရာကတော့ သခင့်ရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုပါပဲ …”
ထိုစကားအား ကြားလိုက်သည့်အခါတွင် ကျင့်ကြံသူ အားလုံးတို့သည် အန်လင်းအား ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့ပြောသည်မှာ … မင်းက ပန်းပွင့်ကို တစ်နေ့လုံး ဖက်ထားတယ်ပေါ့ … မင်းက ဖွံ့ဖြိုးမှု အားနည်းနေတာလား ဘာလား …။
ရှောင်းဟုန်၏ ကြောက်မက်ဖွယ် ဖွင့်ဟ ဝန်ခံချက်ကြောင့် အန်လင်း မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့သီ လာတော့သည်။
ဒီကောင်မလေးက ဘာလို့များ ငါ့ကို တစ်ပတ်ရိုက် နေရတာတုန်း …
ရှောင်းဟုန်သည် သူမနှင့် သူမသခင်၏ ဆက်ဆံရေးအား လှပအောင် ပုံဖော်ပေးချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံသူများသည် သူမ၏ သခင်အား ပိုလို့ပင် နားလည်မှု လွဲသွားကြပုံရသည်။ ထိုသည်က သူမ၏ ဦးခေါင်း သေးသေးလေး ထက်တွင် ရေစက်များ ဖြစ်ပေါ် လာသကဲ့သို့ပင်။
ထိုအချိန်မှာပင် ရွှမ်ယွမ်ချန်က စကားပြောလာပြီး လူတိုင်း၏ အာရုံကို လမ်းကြောင်း ပြောင်းလိုက်သည်။ “ရှောင်းဟုန်ရေ … နင်က နင့်ရဲ့ ညှို့ယူဖမ်းစားခြင်း နည်းစနစ်ကို ပြိတ္တာဘုရင်အပေါ် သုံးမယ်ဆိုတော့ အဲဒီစနစ်ရဲ့ သက်ရောက်မှုတွေက ဘာတွေလဲ …”
“အင်း … ရှောင်းဟုန်က ညှို့ယူဖမ်းစားခြင်း နည်းစနစ်ကို ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အပေါ် အသုံးပြုမယ်ဆိုရင် သူ့ရဲ့ ရမ္မက်တွေကို နိုးထစေနိုင်တယ် … အဆုံးမသတ်နိုင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်စေနိုင်တယ် … သူလိုချင်တာကို မရအောင် တားဆီးပေးနိုင်တယ် … သူ့ရဲ့ ရမ္မက်တွေ နိုးထလာတဲ့အခါမှာ စိတ်တွေ တက်ကြွပြီး ဆာလောင်လာလိမ့်မယ် … အဲဒီအချိန်ကျရင်တော့ ရှောင်းဟုန်ပြောမျှ သူက နာခံလာလိမ့်မယ် …” ရှောင်းဟုန်က ချိုသာစွာ ပြောသည်။
ရွှမ်ယွမ်ချန်သည် မေးစေ့အား အသာပွတ်လိုက်ပြီး “အဲတော့ ရိုးရိုးလေး စဉ်းစားမယ်ဆိုရင် … အဲဒါက မိန်းမလှတွေနဲ့ သူ့ကို ဆွဲဆောင်မယ် … ဒါပေမဲ့ သူတို့နဲ့ ပျော်ပါးခွင့် မရှိဘူး … ပြီးရင် သူ့စိတ်တွေ ရူးသွပ်သွားတဲ့အထိ ဖြစ်လာပြီဆိုရင် နင့်ရဲ့နည်းစနစ်ကို အသုံးချမယ် … အဲလိုလား …”
ရှောင်းဟုန်သည် လေးနက်စွာဖြင့် ခေါင်းညိတ် လိုက်သည်။ “ဟုတ်တယ် … ဟုတ်တယ် … ဟုတ်တယ် … အဲဒီလိုမျိုး အတိအကျပါပဲရှင် …”
ထျန်းလင်းလင်း၊ သာယာသည့် အသံပိုင်ရှင် နတ်သမီးလေးနှင့် အမျိုးသမီး ကျင့်ကြံသူများသည် ထိုစကားအား ကြားသည့်အခါတွင် ရှက်သွေးဖြာ သွားတော့သည်။ ဟောင်ရှန့်ရှန့်သည် အထင်သေးသည့် ပုံစံဖြင့် တံတွေး ထွေးလိုက်သည်။
သို့သော်လည်း အမျိုးသား ကျင့်ကြံသူအချို့သည် ထိုစကားအား ကြားရသည့်အခါတွင် မျက်လုံးများ လက်လာကြသည်။
“အဲဒါ မဆိုးဘူး … ငါ့ဂိုဏ်းကနေ ရထားသည့် သတင်းတွေအရဆိုရင် ပြိတ္တာဘုရင်တွေထဲမှာ ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်က မိန်းမနဲ့ ပတ်သက်လာရင် အလွန်အမင်း ရာဂကြီးလွန်း တယ်တဲ့လေ … အဲဒါက သူ့ရဲ့ အားနည်းချက် ဖြစ်နိုင်တယ် … အဲအချက်ကို အသုံးချမယ်ဆိုရင် ငါတို့က အောင်မြင်နိုင်တယ် …” ဓားအင်မော်တယ်မြစ်စိမ်းက ပြောသည်။
အမျိုးသားကျင့်ကြံသူ အားလုံးသည် သဘောတူညီသည့် အနေဖြင့် ခေါင်းညိတ် လိုက်ကြပြီး ရှောင်းဟုန်အား စိတ်လှုပ်ရှားနေသည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။
အန်လင်းသည် အနည်းငယ် စိုးရိမ်လျက်ရှိသည်။ “ရှောင်းဟုန်ရေ … နင်က မိန်းမလှလေးပုံ ပြောင်းပြီးတော့ ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်ကို ဆွဲဆောင်မလို့လား …”
ရှောင်းဟုန်က ခေါင်းခါလိုက်ပြီး “သခင်ရေ … ရှောင်းဟုန်လေးက ပုံမပြောင်း နိုင်သေးပါဘူး ... အဲဒါကြောင့် မိန်းမလှ တစ်ယောက်လိုမျိုး ပြောင်းလို့ မရနိုင်သေးပါဘူး … ရှောင်းဟုန်ရဲ့ မှော်စွမ်းရည်က ပုံရိပ်တွေကို သူ့စိတ်ထဲ တိုက်ရိုက် ပို့လိုက်ပြီး သူ့ကို အဲဒီပုံရိပ်တွေကနေ ခံစားရအောင် လုပ်မှာပါ … သူက တက်ကြွလာပြီး သူ့ရဲ့ ရမ္မက်တွေက အရမ်းကို နိုးထလာပြီဆိုရင် ရှောင်းဟုန်ရဲ့ ညှို့ယူဖမ်းစားခြင်း နည်းနစ်က အောင်မြင်သွားပါပြီရှင် …”
ထိုစကားအား ကြားလိုက်သည့်ခါတွင် အမျိုးသား ကျင့်ကြံသူများသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး အန်လင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချ လိုက်တော့သည်။
ကျေးဇူးတင်လိုက်တာ … ဒီနည်းစနစ်က ထင်ယောင်ထင်မှား ဖြစ်စေတဲ့ နည်းစနစ်မို့ တော်ပါသေးတယ် …
“ကောင်းပြီလေ … အဲဒါဆိုရင် သွားပြီးတော့ ကြိုးစားကြည့် …” ထိုသို့ပြောရင်း အန်လင်းသည် ရှောင်းဟုန်အား ကိုင်ကာ ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင် အရှေ့သို့ သွားလိုက်သည်။
“အာ … သခင်ရေ … ရှောင်းဟုန်က စလို့မရသေးဘူးရယ် … အရင်းအမြစ်တွေ လိုအပ်နေတာ ရှိသေးတယ် …”
“အရင်းအမြစ် ဟုတ်လား …” အန်လင်းက စိတ်ရှုပ်စွာဖြင့် မျက်တောင်ခတ် လိုက်သည်။
“ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်ကို ဆွပေးမဲ့ အမျိုးသမီးလှလှတွေ လိုသေးတယ်လေ … ပုံဖော်ဖို့ လိုအပ်တယ်လေ … အဲတော့မှ အလှလေးကို သုံးပြီး သူ့ရဲ့ ရမ္မက်တွေကို နိုးထလာစေမှာပေါ့ …”
အန်လင်းသည် ထိုအချက်နှင့် ပတ်သက်၍ မကောင်းသည့် ခံစားချက်များ ရနေလေသည်။ “တ … တခြား လိုအပ်ချက်တွေရော ရှိသေးလား …”
“မရှိတော့ပါဘူး … သူတို့အားလုံးက အမျိုးသမီးလို ဝတ်ပြီး ရှောင်းဟုန်လေး ရှေ့မှာ ရပ်နေရုံပါပဲ … အဲဒါမှ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ပုံရိပ်တွေ ဖန်တီးလို့ ရမှာလေ …” ရှောင်းဟုန်က ရှင်းပြသည်။
ကျင့်ကြံသူ အားလုံးသည် ထိုရှင်းလင်းချက်အား ကောင်းကောင်း ကြားလိုက်ကြသည်။
အန်လင်းသည် အမျိုးသမီး ကျင့်ကြံသူများအား လှည့်ကြည့်လိုက်သည်။
“လုံးဝပဲ …” စုရှောင်လန်က တည့်တိုးပင် ပြောသည်။
“ငါက လိုလီလေးလေ … ချမ်းသာပေးပါနော် …” ထျန်းလင်းလင်းက ပြောသည်။
အန်လင်းမှာ အံကိုသာ ကြိတ်လိုက်မိသည်။ အခုတော့ နင်က အရှက်မရှိ ကိုယ့်ဘာသာ လိုလီလို့ ခေါ်နေပြီပေါ့ …။ “ဟမ် … နင်တို့က ငါ့ကို ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်ကို ဖျားယောင်း စေချင်နေတာလား … ဒါက ဟန်ဆောင်တာ ဖြစ်နေရင်တောင် အရမ်းကို မသတီစရာ ကောင်းလွန်းတယ် … ငါကတော့ လုံးဝပဲ …” သာယာသည့် အသံပိုင်ရှင် နတ်သမီးလေးက ရွံရှာစွာဖြင့် ပြောသည်။
“ဟိုပေါ်ဒီပေါ်တွေ ဝတ်ပြီးတော့ ပန်းပွင့် စိတ်ဝိညာဉ်အတွက် သရုပ်ဆောင် ပေးရမယ်ပေါ့ … အေး လိုအပ်ချက်က တစ်ခုတည်း ဖြစ်နေရင်တောင် ငါက လက်မခံနိုင်ဘူး …” ဟောင်ရှန့်ရှန့်သည် မုန်းတီးစွာ ပြောသည်။
မရှေးမနှောင်းမှာပင် အခြားသော အမျိုးသမီး ကျင့်ကြံ သူများသည်လည်း ငြင်းဆို ကြလေသည်။
အဆုံးတွင် သရုပ်ဆောင်ပေးရန် တစ်ဦး တစ်ယောက်သော်မျှ သဘောတူခြင်း မရှိကြပေ။
အန်လင်းက အလွန်အမင်း စိတ်ဓာတ် ကျနေမိပြီ။
နင်တို့ အားလုံးက ကမ္ဘာကြီးက ကာကွယ်ပြီး ငြိမ်းချမ်းရေး ယူပေးချင်လို့ ဒီကိုရောက်နေကြတာ မဟုတ်ဘူးလား …
အခုတော့ နင်တို့အားလုံးက အကူအညီ တောင်းတာကို ငြင်းပယ် လိုက်တယ်ပေါ့ … သောက်ခွေးကွာ …
အမျိုးသမီးကျင့်ကြံသူ အားလုံးတို့သည် ငြင်းပယ်ကြသည်ကို မြင်သော်လည်း ရှောင်းဟုန်သည် စိတ်ပျက်ခြင်း မရှိဘဲ “ဒီမမတွေက ရှက်နေတာဆိုတော့ နားလည်ပေးလို့ ရပါတယ်လေ … ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ အမျိုးသားတွေလည်း သရုပ်ဆောင်လို့ ရပါတယ်နော် …”
လူတိုင်းသည် ထိုစကားအား ကြားသည့်အခါတွင် ရုတ်တရက် ဆိုသလို ထိတ်လန့် သွားကြသည်။ သူတို့အားလုံးတို့သည် ရှောင်းဟုန်အား ကြောင်အလျက် ကြည့်နေကြသည်။
“ရှင်တို့ အမျိုးသမီး အဝတ်အစားတွေ ဝတ်ပြီး ကျွန်မရှေ့မှာ ရပ်နေသရွေ့ ကျွန်မက စိတ်ထဲကနေ ရှင်တို့ကို အမျိုးသားကနေ အမျိုးသမီးအဖြစ် ပြောင်းလို့ရတယ်လေ … ရင်သားတွေ ရှိလာမယ် … အသားတွေ ဖြူလာမယ် … ခါးတွေကျဉ်းသွားမယ် … အရမ်းကို လွယ်ပါတယ်ရှင် …”
ထိုအကြောင်းသည် မှားယွင်းမှု မရှိပေမဲ့လည်း အမျိုးသား ကျင့်ကြံသူများသည် ထိုစကားအား ကြားလိုက်သည့် အခါတွင် ပျို့အန်ချင် လာတော့သည်။
“မလုပ်နိုင်ဘူး …” ရွှမ်ယွမ်ချန်က ချက်ချင်းပင် ပြောသည်။
တာအိုသခင် တိမ်တိုက် စူးစမ်းသည့် သူ၏ မုတ်ဆိတ်ဖြူများအား သပ်ကာဖြင့် “ဒီအဘိုးကြီးက အိုနေပါပြီ … အဲဒါကြောင့် ငြင်းပါရစေ … ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်ကို ခြောက်လှန့် နေတာပဲ ကောင်းပါတယ် …”
“အမျိုးသမီး အဝတ်အစား တွေတဲ့လား … ဟာဗျာ … မနောက်ပါနဲ့ဗျာ …” ဓားအင်မော်တယ်မြစ်စိမ်းက ပြောသည်။
“ငါက အရမ်းဝတော့ ပန်းပွင့် စိတ်ဝိညာဉ်လေး အတွက် ခက်ခဲလိမ့်မယ် …” ကယ်တင်ရှင်သည် အပြတ်အသက်ကို ခေါင်းခါ ကြတော့သည်။
***
ထိုသို့ဖြင့် အမျိုးသား ကျင့်ကြံသူများသည် တောင်းဆိုချက်အား ငြင်းပယ် ကြလေသည်။
အန်လင်းသည် အတော်လေး စိတ်ပျက်မိသည်။ ထိုနည်းလမ်းသည် အလုပ်မဖြစ်ပေ။
သို့သော်လည်း ရုတ်တရက် ဆိုသလိုပင် လူတိုင်းသည် သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဘ … ဘာလို့ ငါ့ကို ဝိုင်းကြည့် နေကြတာတုန်း …” အန်လင်းမှာ တစ်ကိုယ်လုံး အေးစက် လာလေသည်။
ထိုအကြည့်တွေကနေ သူက စိတ်အား ထက်သန်သည့် အရိပ်အယောင်များကို မြင်နေရသည်။
“တာအိုသခင် အန်လင်းရေ … မင်းက အတော်လေးက ခန့်ညားလွန်းတယ် …” ကယ်တင်ရှင်က ပြောသည်။
“အတုအယောင် တာအိုသခင် အမျိုးသမီး အဝတ်အစားနဲ့လည်း အရမ်းလိုက်မှာ သေချာပေါက်ပဲ …” ထျန်းလင်းလင်း မျက်လုံးများသည် မျှော်လင့်ချက် အပြည့်နှင့် ဖြစ်သည်။
အန်လင်းသည် အလွန်အမင်း သတိကပ် လိုက်သည်။ “မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ … ငါလည်း အမျိုးသမီး အဝတ်အစားတွေ မဝတ်နိုင်ပါဘူးနော် …”
“ဒါပေမဲ့ … ကျောင်းသားအန်လင်းရေ … မင်းက အဖွဲ့ခေါင်းဆောင်လေ …” ရွှမ်ယွမ်ချန်က တက်ကြွစွာ ပြောသည်။
“အမှန်ပဲ … တာအိုသခင် အန်လင်းက ငါတို့ရဲ့ အဖွဲ့ခေါင်းဆောင် …” ကယ်တင်ရှင်က သဘောတူစွာ ပြောသည်။
တာအိုသခင် တိမ်တိုက် စူးစမ်းကလည်း မုတ်ဆိတ်ဖြူအား လက်ဖြင့်သပ်ကာ “မင်းက အဖွဲ့ခေါင်းဆောင် ဖြစ်တာကြောင့် အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ထွက်မပြေးသင့်ဘူး … မင်းရဲ့ ဦးဆောင်နိုင်မှုကို ဒီလိုနည်းနဲ့ ဖော်ပြရမှာ …”
အန်လင်းသည် သွေးများပင် အန်ချင်လာသည်။ သူက တကယ်ကို ထုတ်ပြောချင်နေပြီ ဖြစ်သည်။ မင်းမေကို အဖွဲ့ခေါင်းဆောင် ဖြစ်လိုက် …။ ဟေ့ … တစ်ယောက်ယောက်ကများ အဖွဲ့ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် ငါ့နေရာ လာယူနိုင်တယ်လို့ …။
ထိုအချိန်မှာပင် ရှောင်းဟုန်သည် စိတ်လှုပ်ရှားစွာဖြင့် “စိတ်မပူပါနဲ့ သခင်ရေ … ရှောင်းဟုန်လေးက သခင့်ကို အလှပဆုံးနဲ့ ဆွဲဆောင်အား ကောင်းတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လာအောင် လုပ်ပေးမှာပါ … သခင့်ရဲ့ကြီးမားတဲ့ ဂုဏ်သိက္ခာကို နည်းနည်းလေးတောင် မစွန်းပေ စေရပါဘူး …”
ထိုစကားအား ကြားလိုက်ရသည့် အခါတွင် အန်လင်းသည် မေ့လဲသွားမတတ်ပင်။ သူသည် စိတ်ဝိညာဉ်သားရဲ အတုအား မွေးထားမိချေပြီ။
ကျေးဇူးပြုပြီး အဲဒီဝိညာဉ်ကို မွေးစားပေးကြပါဗျာ …
အခြားသူများ၏ စိတ်ဝိညာဉ် သားရဲများသည် ကောင်းကင်တွင် ပျံသန်းနိုင်ပြီး မြေလျှိုး နိုင်ကြသည်။ သူတို့သည် သူတို့သခင်၏ အကောင်းဆုံးသော လက်ထောက်များ ဖြစ်ကြသည်။
သူ၏ စိတ်ဝိညာဉ် သားရဲသည် အလွန်အံ့အားဖို့ ကောင်းလွန်းလှသည်။ သူမက မည်သည့် အရာကိုမျှ မသိသည့်အပြင် သခင်ဖြစ်သူကိုပါ အမျိုးသမီးဝတ်စုံ ဝတ်ဆင် ခိုင်းနေသေးသည်။
***