← Chapters

ကောင်းကင်ငှက်မွှေး ရက်ကန်းသမားတစ်ရာ

Vol. 135 Ch. 1741

ကောင်းကင်ငှက်မွှေး ရက်ကန်းသမားတစ်ရာ

Vol. 135 Ch. 1741

လန်ယွီတျန်းက တာအိုအသုဘခေါင်းတလားကို အကဲခတ်နေရင်း ချီးကျူးလိုက်သည်။ “အစ်ကိုကြီး၊ ဒီခေါင်းတလားက အစ်ကိုကြီးရဲ့ အခေါင်းထက် အများကြီး ပိုကောင်းတယ်… သုံးထားတဲ့ သစ်သားကလည်း အရည်အသွေး မြင့်တယ်… ပစ္စည်းတွေကလည်း အကောင်းစားတွေချည်းပဲ… သံချောင်းတိုင်းကို နေရာမှန်အောင် စိုက်ထားတာဗျ”

ချင်မူလည်း အလွန်ပျော်ရွှင်သွားကာ ပြုံးဖြဲနေသည်။ “အေး မဆိုးဘူးမလား… ဒီလို အရည်အသွေးမြင့်တဲ့ ခေါင်းတလားမျိုးကို သာမန်လူတွေ သုံးနိုင်မှာ မဟုတ်ဘူး… ငါ့အခေါင်းတောင် ဒါ့ထက် အဆင့်တစ်ဆင့် နှစ်ဆင့်လောက် နိမ့်တယ်”

လန်ယွီတျန်းက ပုတ်သင်ညိုလေးပမာ ခေါင်းညိတ်လိုက်သည်။ သေချာစစ်ဆေးပြီးနောက်တွင်မူ ပြဿနာကို သူ တွေ့သွား၏။ “ဒီခေါင်းတလားက ဖျက်ဖွင့်ဖို့ ခက်လိမ့်မယ်အစ်ကိုကြီး… အချိန်နည်းနည်းတော့ ပေးရလောက်တယ်…”

ချင်မူ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “ဒါဆိုလည်း နည်းလမ်းရှာမနေနဲ့တော့… ရှင်းအန်းကို တန်းရှာမယ်… ငါ့အခေါင်းကို ရှင်းအန်း သွန်းပေးခဲ့တာ… သွန်းတောင် သွန်းပေးနိုင်သေးတာပဲ ဖျက်လည်း ဖျက်နိုင်လိမ့်မယ်”

လန်ယွီတျန်းမှာ စပ်စုချင်သဖြင့် မဝံ့မရဲ မေးလေသည်။ “ဒီခေါင်းတလားထဲက လူက ဘယ်သူလဲ… ကျွန်တော်တို့ အစွမ်းကုန် မကယ်တင်ရင် သူ စိတ်ဆိုးမှာလား”

“မဆိုးပါဘူးကွာ… ခေါင်းတလားထဲကလူက ထိုက်ယီလေ… သူက သိပ်သဘောထားကြီးတယ်”

လန်ယွီတျန်းလည်း ထိုက်ယီ၏ အတိတ်က လုပ်ရပ်များကို ပြန်တွေးမိပြီး အမှန်ပင် သဘောထားကြီးသူ ဖြစ်ကြောင်း သဘောတူလိုက်သည်။ ထို့ကြောင့် စိတ်အေးသွား၏။

ချင်မူ တွက်ချက်မိသည်။ “ရှင်းအန်းကို ရှာရတာ မလွယ်ဘူး… လူ ရှာတဲ့ကိစ္စမှာ ကောင်းကင်နတ်အရှင်ရုံထက် တော်တဲ့သူ မရှိနိုင်ဘူး… သူကတော့ ရှင်းအန်းကို ရှာတွေ့မှာ သေချာတယ်… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရုံက အခု ဘိုးဘေးနန်းတော်ဆီ သွားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို လိုက်သတ်နေတယ်… ထိုက်ယီကို ကယ်ဖို့ ရှင်းအန်းကို အလောတကြီး ရှာစရာလည်း မလိုသေးပါဘူး… ထိုက်ယီ အနှိပ်စက်ခံနေရတာ နှစ်ကုဋေပေါင်းများစွာ ကြာနေပြီပဲဟာ … ရက်အနည်းငယ်လောက်က ဘာမှမဖြစ်ဘူး… အရေးအကြီးဆုံးက သွေးယဇ်ပူဇော်ပွဲကနေ ရောက်လာတဲ့ တာအိုသိုင်းပညာရှင်သုံးယောက်ကို ပြန်ပို့ဖို့ပဲ”

အတွေးတစ်ချက်ဖြင့် ဓားအလင်းတန်းတစ်တန်းသည် ဟင်းလင်းပြင်ကို ထိုးခွဲကာ ပျောက်ကွယ်သွားသည်။

ကမ္ဘာဦးဘုံ၏ ကောင်းကင်ယံတွင် ဓားအလင်းတန်းတစ်ချက် ဝင်းခနဲ လက်လာသည်။ ထိုအလင်းတန်းက မိုင်ပေါင်းသောင်းချီ၍ ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားရာ အလွန်ပင် ခမ်းနားထည်ဝါသော မြင်ကွင်း ဖြစ်ပေ၏။

ထိုဓားအလင်းတန်းက တောက်ပလွန်းလှသဖြင့် နေလုံးကြီး၏ အလင်းရောင်ကိုပင် ဖုံးလွှမ်းသွားကာ လူအများမှာ မော့ကြည့်မိလိုက်ကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကုန်စက်ရုံတွင် အလုပ်လုပ်နေသော ရှန့်ကျွင်းလည်း ခေါင်းမော့၍ လှမ်းကြည့်လိုက်သည်။ ရုတ်တရက် အလုပ်သမားခေါင်းဆောင်က အော်လေသည်။ “ရှန့်လေး၊ မင်း အာရုံလွင့်သွားပြန်ပြီ… မြန်မြန် အလုပ်လုပ်စမ်း… ဒီလ လစာမရဘဲ နေမယ်…”

ရှန့်ကျွင်းက ခဏမျှ တွန့်ဆုတ်သွားပြီးနောက် မျက်နှာပေါ်မှ အညစ်အကြေးများကို သဘက်ဖြင့် သုတ်လိုက်သည်။ သူက အလုပ်သမားခေါင်းဆောင်ဆီ ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ကျွန်တော့်ကို ခေါ်ဖို့ ဓားချီ ထုတ်လွှတ်လိုက်တယ်… အရေးကြီးတဲ့ ကိစ္စ ဖြစ်မှာ သေချာတယ်… ကျွန်တော် အခု သွားမှ ဖြစ်မယ်… ကျွန်တော့်ကို နှစ်ရက်လောက် ခွင့်ပေးပါ”

အလုပ်သမားခေါင်းဆောင်က ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက မင်းကို ခေါ်တယ် ဟုတ်လား… တာအိုသိုင်းပညာရှင်တွေကို ဓားနဲ့ ခုတ်ဖို့ မင်းကို ခိုင်းနေတာလို့ပဲ ပြောလိုက်ပါတော့လား... ပုံစံလေးကြည့်‌တော့ သနားကမားနဲ့ ... ရေသာခိုချင်နေတယ်... နောက်တစ်ခါ ခွင့်ယူရင် ဒီလအတွက် လစာအကုန် အဖြတ်ခံရမယ်”

ရှန့်ကျွင်း၏ မျက်နှာမှာ နီရဲသွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြနေသည်။ “တကယ်ပါ… ကောင်းကင်နတ်အရှင်မူက ကျွန်တော့်ကို ခေါ်တာပါ… ကျွန်တော် ဘယ်တော့မှ မလိမ်ဖူးဘူး”

ပတ်ဝန်းကျင်မှ အလုပ်သမားများက ဟားတိုက် ရယ်မောကြသည်။ ရှန့်ကျွင်းမှာလည်း မတတ်နိုင်တော့ပေ။ သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာပြီးနောက် ဒေသခံတို့၏ ဘဝကို တွေ့ကြုံခံစားကြည့်ရန် ကြံစည်ခဲ့သည်။ အစပိုင်းတွင် ပျော်စရာကောင်းသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ပျင်းရိသူများကို လက်မခံချေ။

ယခင်က နတ်ဘုရားမိစ္ဆာများ မဆိုထားနှင့်၊ ကောင်းကင်နတ်သိုင်းပညာရှင်များပင် သာမန်သေမျိုးတို့၏ ကိုးကွယ်ခြင်း ခံခဲ့ရသည်။ သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အစားအသောက်၊ အဝတ်အထည်တို့အတွက် ပူစရာမလိုခဲ့ပေ။

သို့သော် ယခု ထာဝရငြိမ်းချမ်းရေးအင်ပါယာကမူ အရည်အချင်းရှိသူကိုသာ မြှောက်စားသည်။ လူတစ်ယောက်သည် အရည်အချင်းဖြင့် အသက်မွေးရ၏။ ကောင်းကင်နတ်သိုင်းပညာရှင် သို့မဟုတ် နတ်ဘုရားမိစ္ဆာတစ်ပါး၏ အဆင့်အတန်းကို အားကိုး၍ အချောင်လိုက်နေရန် မဖြစ်နိုင်တော့ချေ။

ရှန့်ကျွင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ဘဝကို တွေ့ကြုံခံစားလိုသော်လည်း ငွေမရှိလျှင် ဘာမှလုပ်၍မရ။ မည်မည်ရရ တတ်သည့် ပညာ မရှိသော်လည်း ကံကောင်းစွာဖြင့် သူ၌ ခွန်အားနှင့် တိကျသေသပ် ဓားမသိုင်း ရှိနေခဲ့သည်။ ထို့ကြောင့် ပါ့ကျိုးကုန်ထုတ်စက်ရုံတွင် အလုပ်လျှောက်ပြီး စားစရိတ်အတွက် ငွေရှာကာ အနိုင်နိုင် ရပ်တည်နေခဲ့ရသည်။

“ရှန့်လေး… နောက်နှစ်ရက်နေရင် ပစ္စည်း ပို့ရတော့မယ်… မင်း သွားရင် ငါတို့ အလုပ်မပြီးတော့ဘူး”

အလုပ်သမားများ၏ ရယ်သံများ တိတ်သွားမှ အလုပ်သမားခေါင်းဆောင်က လေသံတိုးတိုးဖြင့် ပြောသည်။ “မင်းက အရည်အချင်း ရှိတယ်… ငါ စက်ရုံမှူးကို မင်းအတွက် လစာနှစ်ဆ ပေးခိုင်းလိုက်မယ်”

သူ စကားမဆုံးခင်မှာပင် ကောင်းကင်ယံက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။ ဧရာမ မျက်နှာကြီးတစ်ခုသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အရှေ့ဘက် ကောင်းကင်တစ်ခြမ်းကို ဖုံးလွှမ်းလျက် ပေါ်ထွက်လာ၏။ ထိုမျက်နှာမှာ ကောင်းကင်နတ်အရှင်မူ၏ မျက်နှာ ဖြစ်ကြောင်း ထင်ရှားလှသည်။

“ရှန့်ကျွင်း… ရှန့်ကျွင်း…”

ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော ထိုမျက်နှာက ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်ရင်း ချင်မူ၏ အသံ ထွက်ပေါ်လာသည်။ “တာအိုသိုင်းပညာရှင်တွေ ရောက်လာပြီ… ငါ မင်း အကူအညီ လိုတယ်… မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိနေသေးရင် ဓားအလင်းတန်း ပေါ်လာတဲ့နေရာဆီ အမြန်လာခဲ့… ငါ မင်းကို စောင့်နေတယ်”

အလုပ်သမားခေါင်းဆောင်နှင့် အလုပ်လုပ်နေသော ကောင်းကင်နတ်သိုင်းပညာရှင်များလည်း မှင်သက်သွားကြသည်။ သူတို့အားလုံး ရှန့်ကျွင်းဘက်သို့ လှည့်ကြည့်လိုက်ကြပြီး စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ ‘ဒီရှန့်လေးက ကောင်းကင်နတ်အရှင်မူ ရှာနေတဲ့ ရှန့်ကျွင်း ဟုတ်နေတာလား’

ရုတ်တရက် ရှန့်ကျွင်းက ဟင်းလင်းပြင်အား ထိုးခွဲထွက်ခွာသွားချေပြီ။ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံကြီး သုံးဆယ့်ငါးချက် ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွား၏။ ‘ရှန့်လေး’သည် စက်ရုံမှနေ၍ ခြေတစ်လှမ်းတည်းဖြင့် ဟင်းလင်းပြင်အလွှာ သုံးဆယ့်ငါးလွှာကို ဖြတ်ကျော်သွားခဲ့သည်။

“ကျွန်တော် ခွင့် နှစ်ရက် ယူပါရစေ… အလုပ်ပြီးအောင် ပြန်လာလုပ်ပေးပါ့မယ်…”

‘ရှန့်လေး’ ၏ အသံက ကောင်းကင်ဘုံအပြင်ဘက်မှ ပျံ့လွင့်လာသည်။ စက်ရုံထဲတွင် လူတိုင်းမှာ မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း အချိန်အတော်ကြာသည့်တိုင် အသိပြန်မဝင်နိုင်ကြပေ။

ဟင်းလင်းပြင်အလွှာ သုံးဆယ့်ငါးလွှာမြောက်၊

လောကပေါင်းကူးရွှေသင်္ဘောပေါ်၌ ချင်မူနှင့် လန်ယွီတျန်းတို့ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ရုတ်တရက် ပုံရိပ်တစ်ခု လှုပ်ခတ်သွားပြီး သာမန်ရုပ်ရည်ရှိသော လူငယ်တစ်ယောက် သူတို့အရှေ့တွင် ပေါ်လာသည်။

ချင်မူမှာ စိတ်အားတက်ကြွစွာဖြင့် ပြောတော့သည်။ “ရှန့်ကျွင်း ရောက်လာပြီ... ညီလေးယွီ၊ ဒီတိုက်ပွဲမှာ ငါတို့သုံးယောက် တာအိုသိုင်းပညာရှင်တစ်ယောက်စီ တာဝန်ယူရမယ်… ငါတို့ထဲမှာ အားအနည်းဆုံးက မင်းပဲ… မင်း ဘယ်သူ့ကိုမှ သတ်စရာ မလိုဘူး… ငါ ဒါမှမဟုတ် ရှန့်ကျွင်း ပြိုင်ဘက်ကို အနိုင်တိုက်ပြီးတဲ့အထိ အဲဒီတာအိုသိုင်းပညာရှင်ကို ဟန့်တားထားပေးရုံပဲ… ပြီးတာနဲ့ မင်းကို ချက်ချင်း လာကူမယ်…”

လန်ယွီတျန်းမှာ ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် ပြောသည်။ “ဒါဆို မြန်မြန်လာကြနော်… မီလော့နန်းတော်က တာအိုသိုင်းပညာရှင်ကို ကျွန်တော် တားထားနိုင်မှာ မဟုတ်ဘူး”

ချင်မူက ခိုင်မာပြတ်သားစွာ ကတိပေးသည်။ “စိတ်ချ… ငါနဲ့ ရှန့်ကျွင်းက မြန်ပါတယ်… ရှန့်ကျွင်း…”

သူ၏အကြည့်က ရှန့်ကျွင်းပေါ်သို့ ကျရောက်သွားပြီး လေးနက်သော လေသံဖြင့် ပြောသည်။ “ဒီတစ်ခါ မီလော့နန်းတော်က ဘယ်သူလာလဲ ငါမသိဘူး… ဒါပေမဲ့ ရှစ်နှစ်ကြာတဲ့အထိ အလုံးစုံ မဆင်းသက်သေးတာကြောင့် လာတဲ့သူက သာမန် မဟုတ်တာ သေချာတယ်… ခန်းမသခင်အဆင့် ဖြစ်ဖို့ များတယ်… မင်းရဲ့ တာဝန်က ပြိုင်ဘက်ကို သတ်ဖို့ပဲ… မင်း သူ့ကို မသတ်နိုင်ခဲ့ရင်…”

ရှန့်ကျွင်းက သူ၏ဆိုလိုရင်းကို နားလည်သဖြင့် ပြန်သည်။ “ဒုက္ခိတဖြစ်ပြီးမှ ထွက်သွားစေရမယ်… ငါ့ဓားအောက်ကနေ ဘာဒဏ်ရာမှမရဘဲ ထွက်သွားဖို့ လုံးဝမဖြစ်နိုင်ဘူး… ငါ သူ့ကို တာအိုဒဏ်ရာ ပေးပြီးရင် မင်းက တာအိုဒဏ်ရာရဲ့ အမှတ်အသားတွေကို ခြေရာခံနိုင်တယ်… သူ့ကို ရှာဖို့ မခက်တော့ဘူး…”

ချင်မူ သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။ “မင်းရဲ့ စကားကြောင့် ငါ စိတ်အေးသွားပြီ… ညီလေး၊ မီလော့နန်းတော်က တာအိုသိုင်းပညာရှင်သုံးယောက်ရဲ့ နေရာတွေ”

လန်ယွီတျန်းသည် သူ၏ချီစွမ်းအင်ကို ကမ္ဘာဦးဘုံ၏ ပထဝီမြေပုံအဖြစ် ချက်ချင်း ဖွဲ့တည်စေလိုက်ကာ မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်သုံးယောက် ဆင်းသက်လာသည့် နေရာများကို အမှတ်အသားပြုလိုက်သည်။ “ဒီ တာအိုသိုင်းပညာရှင်သုံးယောက်က အလုံးစုံနီးပါး ဆင်းသက်ပြီးနေပြီ… သူတို့ကို လှန့်လိုက်ရင် သတိထားမိပြီး ထွက်ပြေးသွားလိမ့်မယ်… ထွက်ပြေးသွားတာနဲ့ ရှာဖို့ ခက်သွားပြီ … ပိုကြောက်စရာကောင်းတာက သူတို့ရဲ့ မဟာတာအိုကို အန္တိမဟင်းလင်းပြင်မှာ ခတ်နှိပ်လိုက်ရင် သူတို့ရဲ့ အစွမ်းက အထွတ်အထိပ်ကို ပြန်ရောက်သွားလိမ့်မယ်… အဲဒီအချိန်ကျရင် ကျွန်တော်တို့ထဲက ဘယ်သူမှ သူတို့တစ်ယောက်ချင်းစီကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး”

ချင်မူက မြေပုံပေါ်ရှိ အမှတ်အသားပြုထားသော နေရာသုံးနေရာကို လေ့လာပြီး လေးနက်စွာ ပြောသည်။ “ဒါကြောင့် ဒီသွေးယဇ်ပလ္လင် ဆယ့်ခြောက်ခုကို ထိမရဘူး… တစ်ခုခုကို ဖျက်ဆီးလိုက်ရင် သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်… ငါတို့ ဒီသုံးယောက်ရဲ့ နေရာကို တစ်ပြိုင်တည်း ရောက်သွားဖို့လိုတယ်… ညီလေး၊ မင်း လောကပေါင်းကူးရွှေသင်္ဘောကို ယူပြီး အဝေးဆုံးနေရာဆီ သွား… ရွှေသင်္ဘောက လမ်းတစ်လျှောက်မှာ အရှိန်တင်သွားလိမ့်မယ်… မင်း အဲဒီကို ရောက်တဲ့အချိန်မှာ သူ့ရဲ့အမြန်နှုန်းက အထွတ်အထိပ်ကို ရောက်နေလိမ့်မယ်… သူ့ကို သင်္ဘောနဲ့သာ ဝင်တိုက်လိုက်… ရှန့်ကျွင်း…”

သူ၏ မျက်လုံးများက အရောင်လက်လာသည််။ “မင်း အနီးဆုံးတစ်ယောက်ကို သွားသတ်… ဒီတာအိုသိုင်းပညာရှင် ဆင်းသက်လာတဲ့နေရာက ထူးဆန်းတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အနောက်တောင်အရပ်က တားယိုမြို့ထဲမှာပဲ… တားယိုမြို့က လူဦးရေများတယ်… သူ ဆင်းသက်တဲ့နေရာကို ကြည့်ရတာ မြို့ရဲ့ စည်ကားတဲ့နေရာ ဖြစ်လောက်တယ်… တားယိုမြို့ကို မဖျက်ဆီးဘဲ မြို့သူမြို့သားတွေကို မထိခိုက်စေဘဲ သူ့ကို သတ်ဖို့ဆိုရင်တော့ မင်းရဲ့ စွမ်းရည်အပေါ် မူတည်သွားပြီ… မင်းက သူ့နဲ့ အနီးဆုံးပဲ… ဒါကြောင့် လမ်းမှာ မင်းရဲ့ အရှိန်အဝါကို ထိန်းညှိပြီး တန်ပြန်နည်းလမ်းကို ဖြည်းဖြည်းချင်း စဉ်းစားလို့ ရတယ်”

ရှန့်ကျွင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ချင်မူ၏ အကြည့်သည် တတိယနေရာပေါ်သို့ ကျရောက်သွား၏။ “ငါက မင်းတို့ရဲ့ အမြန်နှုန်းကို စောင့်ကြည့်ပြီး အကောင်းဆုံးအချိန်ကို တွက်ချက်မယ်… ပြီးရင် တတိယတာအိုသိုင်းပညာရှင်ကို သွားသတ်မယ်… မင်းတို့တစ်ယောက်ချင်းစီ ကိုယ့်ပြိုင်ဘက်ကို တွေ့တဲ့အချိန်က ငါ လှုပ်ရှားမယ့်အချိန်ပဲ…”

သူက မတ်တပ်ထရပ်လိုက်ပြီး ထိုက်ယီ၏ခေါင်းတလားကို ကောင်းကင်ရတနာထဲသို့ သိမ်းဆည်းလိုက်သည်။ “သွားစို့”

လောကပေါင်းကူးရွှေသင်္ဘောက လန်ယွီတျန်းကို ဦးစွာသယ်ဆောင်ရင်း ဟင်းလင်းပြင်အလွှာ သုံးဆယ့်ငါးထပ်မြောက်မှ ရွက်လွှင့်ထွက်ခွာသွားသည်။

ချင်မူ ရှန့်ကျွင်းကို ကြည့်လိုက်သည်။ ရှန့်ကျွင်းလည်း ခြေလှမ်းလိုက်ပြီး တားယိုမြို့ဆီသို့ အလျင်မလိုသော ခြေလှမ်းများဖြင့် လျှောက်သွားသည်။

ချင်မူက ရှန့်ကျွင်း၏အမြန်နှုန်းကို တွက်ချက်ပြီး လောကပေါင်းကူးရွှေသင်္ဘောကို အရှိန်မြှင့်လိုက်သည်။ သို့မှသာ ရှန့်ကျွင်း တားယိုမြို့သို့ ရောက်သည့်အခါ ရွှေသင်္ဘောကလည်း အဝေးဆုံးရှိ တာအိုသိုင်းပညာရှင်အရှေ့သို့ တစ်ပြိုင်နက် ရောက်ရှိလိမ့်မည်။

သူတို့နှစ်ဦး၏အမြန်နှုန်းကို သေချာအောင် လုပ်ပြီးနောက် သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

နေ့တစ်ဝက်ကြာသော် ရှန့်ကျွင်း တားယိုမြို့သို့ ရောက်လာသည်။ မြို့ထဲ၌ လူများ သွားလာလှုပ်ရှားနေကြပြီး အလွန်စည်ကားနေသည်ကို တွေ့လိုက်ရသည်။ တားယိုမြို့သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားများအတွက်သာမက ရွှင်ပျော်ပျော်ကျေးရွာသားများ အခြေချရန် စီစဉ်ပေးထားသော နေရာလည်း ဖြစ်၏။ ထို့အပြင် ချိမင်ကောင်းကင်ဘုံသားတို့လည်း များစွာရှိပေသည်။

ဤနေရာတွင် ကုန်သွယ်ရေးလုပ်ငန်းလည်း စည်ပင်းတိုးတက်နေသည်။ အခြားသော ကောင်းကင်ဘုံများနှင့် ဆက်သွယ်ထားသော စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း တည်ဆောက်ထားသဖြင့် ဤနတ်ဘုရားမြို့တော်မှာ ထူးကဲစွာ သက်ဝင်လှုပ်ရှားနေသည်။

ရှန့်ကျွင်းက ရှုပ်ယက်ခတ်နေသော ဈေးထဲတွင် လျှောက်သွားရင်း ဤနေရာရှိ ထူးခြားမှုများကို သတိဖြင့် အာရုံခံနေသည်။ မကြာမီ သူ၏ခြေလှမ်းများ ရပ်တန့်သွားသည်။ သူက လူအုပ်ကြားမှ နေ၍ လမ်းတစ်ဖက်ခြမ်းရှိ အထည်ဆိုင်တစ်ဆိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏အကြည့်က ဆိုင်၏ ပင်မဝင်ပေါက်နှင့် တည့်တည့်ရှိ နံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားတစ်ချပ်ပေါ်သို့ ကျရောက်သွားသည်။ ထိုပန်းချီကားထဲတွင် ‘ကောင်းကင်ငှက်မွှေးမျိုးနွယ်ဝင်များ ရက်ကန်းယက်နေသော မြင်ကွင်း’ ကို သရုပ်ဖော်ထားသည်။ ပန်းချီ၏အမည်သည် ‘ကောင်းကင်ငှက်မွှေးရက်ကန်းသမားတစ်ရာ’ ဖြစ်၏။

ကောင်းကင်ငှက်မွှေးမျိုးနွယ်စုသည် အထည်ရက်လုပ်ခြင်းနှင့် အဝတ်အစားများ ချုပ်လုပ်ခြင်းတွင် ကျွမ်းကျင်ကြ၏။ ကမ္ဘာပေါ်တွင် အကောင်းဆုံး ရက်ကန်းသမားများဟု ခေါ်ဆိုနိုင်သည်။

ကောင်းကင်နတ်အရှင်မူမှအစ သာမန်ပြည်သူများအဆုံး လူတိုင်းက ကောင်းကင်ငှက်မွှေးမျိုးနွယ်စု၏ အဝတ်အစားတစ်စုံ ပိုင်ဆိုင်ရခြင်းအား ဂုဏ်ယူစရာအဖြစ် မှတ်ယူကြသည်။

ချင်မူ၏ အဝတ်အစားများကို ကောင်းကင်ငှက်မွှေးမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သူ ယွီကျောက်ချင်းက ကိုယ်တိုင် ချုပ်ပေးခဲ့ကာ မျိုးနွယ်စု၏ အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့သည်။

ဤအထည်ဆိုင်ကို ကောင်းကင်ငှက်မွှေးမျိုးနွယ်စုဝင်များက ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ဆိုင်ထဲသို့ ဝင်ထွက်သွားလာနေသော ဖောက်သည်အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး အမျိုးသားများမှာ အလွန်နည်းပါးသည်။ အထည်များ ရွေးချယ်ကာ ဆိုင်ရှင်နှင့် ဈေးဆစ်နေကြသဖြင့် ဆိုင်မှာ အလွန်စည်ကားနေသည်။

ရှန့်ကျွင်းက ‘ကောင်းကင်ငှက်မွှေးရက်ကန်းသမားတစ်ရာ’ ပန်းချီကားကို စိုက်ကြည့်ရင်း ဆိုင်ထဲသို့ လျှောက်ဝင်သွားသည်။ နာမည်တွင် ဖော်ပြထားသည့်အတိုင်း ပန်းချီကားထဲတွင် ကောင်းကင်ငှက်မွှေးမျိုးနွယ်စုမှ အမျိုးသမီးတစ်ရာက အထည်များ ရက်လုပ်ဆေးဆိုးနေကြသည်ကို သရုပ်ဖော်ထားသည်။ ပန်းချီကားထဲမှ အမျိုးသမီးများတွင် မတူညီသော မျက်နှာအမူအရာများ ရှိကြသည်။

သို့သော် ပန်းချီကားထဲတွင် အခြားအမျိုးသမီးများ၏ နောက်၌ ပုန်းနေသော ခြေတစ်ဖက် မသန်စွမ်းသည့် အမျိုးသမီးတစ်ဦး ပိုလာခဲ့သည်။ ဤပန်းချီကားကို ဆိုင်ထဲတွင် အချိန်အလွန်ကြာအောင် ချိတ်ဆွဲထားခဲ့သဖြင့် ပန်းချီကားထဲ၌ အမျိုးသမီးတစ်ဦး ပိုနေသည်ကို မည်သူမျှ သတိမပြုမိခဲ့ကြပေ။

ရှန့်ကျွင်း၏ ညာဘက်လက်ပေါ်ရှိ သွေးကြောစိမ်းများ ဖောင်းကြွလာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားကာ တစ်ဖန် ပြန်လည်ဖောင်းကြွလာပြန်သည်။ သူ လူအုပ်ကြားထဲတွင် လျှောက်သွားရင်း အမျိုးသမီးများကို ရှောင်နေစဉ် သူ၏ လှုပ်ရှားမှုများမှာလည်း အဆက်မပြတ် ပြောင်းလဲနေသည်။

သူ ပန်းချီကားရှေ့သို့ ရောက်သည့်အချိန်တွင် သူ၏ရုပ်ခန္ဓာမှာ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေချေပြီ။ ရုတ်တရက် သူ၏ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

ဤအခိုက်အတန့်မှာပင် ‘ကောင်းကင်ငှက်မွှေးရက်ကန်းသမားတစ်ရာ’ ပန်းချီကားထဲတွင် အမျိုးသားတစ်ဦး ရုတ်တရက် ပေါ်ထွက်လာသည်။ ပန်းချီကားထဲမှ အခြားအမျိုးသမီးများမှာ မလှုပ်မယှက် ရှိနေကြသော်လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်နှစ်ခုမှာမူ ရောယှက်သွားပြီး မျက်တစ်ခတ်အတွင်း အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်လိုက်ကြသည်။

ဆိုင်ထဲ၌ အထည်ရွေးနေသော မိန်းကလေးများမှာ ကောင်းကင်ငှက်မွှေးမျိုးနွယ်စု၏ လှပသော အထည်စများကိုသာ စိတ်ဝင်စားနေကြသဖြင့် ဤမြင်ကွင်းကို သတိမပြုမိကြပေ။

ရွှပ်

‘ကောင်းကင်ငှက်မွှေးရက်ကန်းသမားတစ်ရာ’ ပန်းချီကားထဲမှ အသံသဲ့သဲ့ ရုတ်တရက် ပျံ့လွင့်လာပြီးနောက် အနီရောင်အစက်အပြောက်တစ်ခု ပေါ်ထွက်လာသည်။ အနီရောင်အလင်းတန်းတစ်တန်းသည် လေထဲသို့ ပျံသန်းထွက်ခွာသွား၏။

ရှန့်ကျွင်းက ပန်းချီကားထဲမှ ထွက်လာပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်ခွာသွားသည်။

သူ၏အနောက် ပန်းချီကားထဲတွင် ကောင်းကင်ငှက်မွေးမျိုးနွယ်စုဝင် အမျိုးသမီးတစ်ရာသည် ရက်ယန်းယက်နေသော အမူအရာတိုင်း ရှိနေဆဲပင်။ သို့သော် ပန်းချီကားထဲ၌ ခြေထောက်နှစ်ချောင်း ပိုနေသည်။

အမျိုးသမီးခြေထောက်များ ဖြစ်၏။

‘အခု အလုပ်ကို အမြန်ပြန်သွားရင် အချိန်မီလောက်သေးတယ်’ ရှန့်ကျွင်းက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

All Chapters