← Chapters

ကျူးကျော်လာသူမှန်သမျှ သေရမည်

Vol. 135 Ch. 1743

ကျူးကျော်လာသူမှန်သမျှ သေရမည်

Vol. 135 Ch. 1743

ချင်မူက ဓားတာအိုတောအုပ်ထဲသို့ အေးအေးလူလူ လမ်းလျှောက်ဝင်သွားသည်။ သူ၏ ရုပ်ခန္ဓာသည် အကောင်အထည် မရှိသကဲ့သို့ ဓားကျိုးများအကြား ဖြတ်သွား၏။ “ပြန်သွား... မီလော့နန်းတော်ဆီ ပြန်သွားရင် ငါ မင်းကို အသက်ချမ်းသာခွင့်ပေးမယ်”

ထိုက်ရှီတာအို၏ သဘာဝပြောင်းလဲမှုများက ချင်မူ၏ခန္ဓာကိုယ်ပေါ်တွင် သိသာစွာ ထင်ဟပ်နေသည်။

မှန်ထဲရှိ လူဆီမှ ကျယ်လောင်စွာ ရယ်မောသံ ထွက်လာသည်။ ထိုသူ၏ အရိုင်းဆန်သော အသွင်သည် ဓားတာအိုတောအုပ်အတွင်းရှိ နတ်ဓားအားလုံး၏ ပြောင်လက်နေသော မျက်နှာပြင်ထက်၌ ဘွားခနဲ ပေါ်လာ၏။ “သခင်လေးခုနစ်၊ ငါက ရောက်လာပြီးမှတော့ ပြန်သွားမှာ မဟုတ်ဘူး… ဒါက ငါ ရှင်သန်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ… ဘာပဲဖြစ်ဖြစ် လက်မလျှော့ဘူး… မင်းက တာအိုကို အောင်မြင်သေးတာမှ မဟုတ်တာ…. သခင်လေးခုနစ်လည်း မဟုတ်သေးဘူး… ငါ့ရဲ့ပြိုင်ဘက်‌‌တောင် ဟုတ်ပါ့မလား”

ချင်မူ လက်ကို မြှောက်ရုံသာ မြှောက်လိုက်သည်။ ဓားတာအိုတောအုပ်အတွင်းရှိ နတ်ဓားအားလုံး ရုတ်တရက် ကြေမွသွားချေပြီ။

ကုဋေကုဋာချီသော ဓားအပိုင်းအစများ၏ မှန်ကဲ့သို့ မျက်နှာပြင်ထက်တွင် ချူကောခန်းမသခင်၏ ပုံရိပ်များ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ချူကောခန်းမသခင်များက တစ်ပြိုင်တည်း ပြောကြသည်။ “သခင်လေးခုနစ်၊ မင်းက တာအိုမအောင်မြင်သေးတော့ ငါ့ရဲ့လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ဘယ်လောက် ကျယ်ပြန့်လဲ မသိဘူး… ငါ့အမွေအနှစ်က သိပ်ကို ရှေးကျတယ်… ငါက ခုနစ်စင်းမြောက် စကြ၀ဠာကတည်းက တာအိုကို အောင်မြင်ခဲ့တာ…. အဲဒီခေတ်က ငရဲဧကရာဇ်ခေတ်… ဒါပေမဲ့ အနိုင်မခံအရှုံးမပေးတဲ့ ငရဲဧကရာဇ်တောင် မဟာပျက်စီးခြင်းကပ်ဘေးထဲမှာ သေဆုံးခဲ့ရတယ်… ငါကတော့ ရှင်သန်ကျန်ရစ်ခဲ့တယ်…. ငါ့တာအိုသစ်ပင်မှာ တာအိုသစ်သီးငါးလုံးနဲ့ တာအိုပန်းပွင့်တစ်ပွင့် ရှိတယ်… မီလော့နန်းတော်ရဲ့ သခင်လေး မဟုတ်ပေမယ့် ငါ့ရဲ့စွမ်းဆောင်ရည်တွေက သခင်လေးတွေအောက် အများကြီးနိမ့်ကျ‌နေမှာ မဟုတ်ဘူး”

ချင်မူက မြေပြင်ပေါ်မှ မရေမတွက်နိုင်သော ဓားအပိုင်းအစများအား ကြည့်ကာ ပြုံးလိုက်သည်။ “ကြည့်ရတာ ခင်ဗျားက တာအိုရဖို့ ထွက်လာခဲ့တာပေါ့ ... ကျုပ်ရဲ့ မိတ်ဆွေဟောင်းသာ အသက်ရှင်နေသေးရင် ခင်ဗျားကို တွေ့ရတာ သိပ်ပျော်ပြီး တာအိုမိတ်ဆွေတစ်ယောက်အဖြစ် ဆက်ဆံလိမ့်မယ်”

မရေမတွက်နိုင်သော ဓားအပိုင်းအစတို့၏ မျက်နှာပြင်ထက်ရှိ ချူကောခန်းမသခင်၏ ပုံရိပ်များ ပျောက်ကွယ်သွားသည်။ နောက်ဆုံးပုံရိပ်တစ်ခုသာ ချန်ထားခဲ့ပြီး ၎င်းက မျက်နှာပြင်တစ်ခုမှ တစ်ခုဆီသို့ လျှောက်သွားနေသည်။ “သခင်လေးခုနစ်က နောက်ပြောင်နေတာပဲ ... ငါ့အစွမ်းတွေက ထွက်ပြေးဖို့အတွက် မဟုတ်ဘူး…. အေး မင်းကတော့ ငါ့အစွမ်းတွေကို ဘယ်နားလည်နိုင်ပါ့မလဲ ... အခုထိ တာအိုမှ မရသေးတာ… နောက်နောင် တာအိုရလာရင်တော့ ငါ့ဆရာတောင် ချီးကျူးလိမ့်မယ်… အဲ့ဒီအချိန်ကျ ငါ ယှဥ်နိုင်တော့မှာမဟုတ်ဘူး”

သူ၏ပုံရိပ်သည် ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီး မျက်နှာပြင်နှစ်ခုထဲသို့ ဝင်ရောက်သွား၏။ တစ်ခုချင်းစီက မတူညီစွာ လှုပ်ရှားရင်း ရယ်မောလိုက်၏။ “ဆိုတော့ မင်း အတိတ်ဆီ ပြန်ပြီး သခင်လေးခုနစ်ဖြစ်အောင် လုပ်လိုက်လေ… ‌ဒီ ၁၇ စင်းမြောက် စကြဝဠာမှာ စိုးရိမ်ပူပန်စရာတွေ အရမ်းများတယ်… သခင်လေးရဲ့ ဉာဏ်ပညာကို အနှောင့်အယှက်ပေးနေကြသလိုပဲ ဖြစ်လိမ့်မယ် …. အတိတ်ကိုသာ ပြန်သွားလိုက်ရင် အရာအားလုံးက သခင်လေးနဲ့ မဆိုင်တော့ဘူး… သခင်လေးလည်း စိတ်အေးလက်အေး တာအိုရနိုင်ပြီ”

ချင်မူလည်း ရယ်မောလျက် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူက မျက်နှာပြင်တစ်ခုထဲ၌ ပေါ်ထွက်လာပြီး ချူကောခန်းမသခင်နှင့် မျက်နှာချင်းဆိုင်လိုက်လေသည်။ “ကျုပ် အတိတ်ဆီ ပြန်သွားပြီး မီလော့နန်းတော်က သခင်လေးခုနစ် ဖြစ်လာမှာပါ… ဒါပေမဲ့ အဲ့ဒါမတိုင်ခင် မီလော့နန်းတော်ကို အရင်ဆုံး ဖြေရှင်းဖို့ လိုသေးတယ်”

ချူကောခန်းမသခင် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်က ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ သူကား မျက်နှာပြင်ထဲမှ ထွက်ခွာပျောက်ကွယ်သွားချေပြီ။

သူ နောက်ထပ်မျက်နှာပြင်တစ်ခုဆီသို့ ရောက်လာသည့်အချိန်တွင်လည်း ချင်မူက သူ့အား အသင့် စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။

“ကျုပ်က ၁၇ စင်းမြောက် စကြ၀ဠာမှာ တာအိုရခဲ့တယ်လို့ပဲ ထင်ခဲ့တာ”

ချင်မူက သူ့အား ပြောနေသည်။ “ဒါပေမဲ့ ဆရာပြောတာ မှန်မှန်း သိပ်မကြာခင်ကမှ သိခဲ့ရတယ်… ကျုပ်တာအိုဟာ မဟာပျက်စီးခြင်းကပ်ဘေးတွေကို မကြုံတွေ့ရသေးတာကြောင့် မပြီးပြည့်စုံသေးတာ… တာအိုရချင်ရင် အတိတ် ပြန်သွားပြီး ဖရိုဖရဲ မဟာပျက်စီးခြင်းကပ်ဘေးကို ကိုယ်တိုင် တွေ့ကြုံခံစားဖို့လိုတယ်”

ချူကောခန်းမသခင်၏ ခန္ဓာကိုယ်က တဖျတ်ဖျတ် လှုပ်ခတ်လျက် မရေမတွက်နိုင်သော မျက်နှာပြင်များတစ်လျှောက် ဖြတ်သန်းသွားသည်။ မျက်နှာပြင်တစ်ခုစီတိုင်းတွင် ချင်မူတစ်ယောက်စီက သူ ရောက်လာမည်ကို အေးဆေးတည်ငြိမ်စွာ စောင့်ဆိုင်းနေသဖြင့် သူ့မှာ အံ့ဩနေမိသည်။

“ဒါကြောင့် ကျုပ် ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်… အခု ကျုပ်က မီလော့နန်းတော်ရဲ့ သခင်လေးခုနစ် မဖြစ်သေးတာကို အခွင့်ကောင်းယူပြီး မီလော့နန်းတော်ကို ချေမှုန်းပစ်မယ်”

ချူကောခန်းမသခင်၏ နဖူးတွင် ချွေးများ စို့လာသည်။ သူက မရေမတွက်နိုင်သော ခန္ဓာကိုယ်များအဖြစ် ခွဲထွက်၍ မျက်နှာပြင်အားလုံးတွင် တစ်ပြိုင်နက် ထွက်ပေါ်လာ၏။ သို့‌သော် မျက်နှာပြင်တိုင်း၌ ချင်မူတစ်ယောက်စီ ရှိနေသဖြင့် အံ့ဩမှင်သက်နေရသည်။

“မီလော့နန်းတော်ကို ချေမှုန်းမှာတဲ့လား”

ချူကောခန်းမသခင်က စိတ်ကို တည်ငြိမ်‌စေလိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “သခင်လေးခုနစ်၊ မင်းက မီလော့နန်းတော်က သခင်လေးလေ…. ဒါတောင် မီလော့နန်းတော်ကို ချေမှုန်းချင်တယ်ပေါ့… ဆရာ့ကို မျက်နှာပြောင်တိုက်နေတာလား”

“အခု ကျုပ်က မီလော့နန်းတော်ရဲ့ သခင်လေးမဟုတ်သေးဘူး‌လေ… မီလော့နန်းတော်ကို ချေမှုန်းတာက ကျုပ်အတွက် ကိုယ်ကျင့်တရား ဖောက်ဖျက်တဲ့ ၀န်ထုပ်၀န်ပိုး ဖြစ်‌စေမှာမဟုတ်ဘူး”

ချင်မူ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။ “ကျုပ်ရဲ့ တာအိုနှလုံးသားကို တိုက်ခိုက်ရင်လည်း ကျုပ်အပေါ် ဘာသက်ရောက်မှုမှ မရှိဘူး… ဒါ့အပြင် ဆရာဟာ မီလော့နန်းတော်ကို တည်ထောင်ခဲ့တုန်းက အခုလို ဖြစ်နေတာကိုလည်း မြင်ချင်မှာမဟုတ်ဘူး… ကျုပ် သူ့ကိုယ်စား မီလော့နန်းတော်ကို ကူညီဖျက်ဆီးပေးရင် သူ သိပ်ကိုပျော်နေမှာပဲ… ကျုပ် မီလော့နန်းတော်ကို ဖျက်ဆီးပြီး အတိတ်ဆီ ပြန်သွားတဲ့အခါ ဆရာက ကျုပ်ကို တပည့်အဖြစ် လက်ခံပြီး ဂရုစိုက်‌ပေးလိမ့်မယ်”

ချူကောခန်းမသခင်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ချင်မူပြောသည့်အတိုင်း မှန်ကန်၏။ မီလော့နန်းတော်သခင်သည် ဤသခင်လေးခုနစ်ကို အလွန်ဂရုစိုက်သည့်အပြင် အလိုလိုက်ထားသည်ဟု ဆိုနိုင်သည်။

အတိတ်စကြဝဠာများတွင် သောင်းကျန်းခဲ့သော ချင်မူ၏ လုပ်ရပ်များမှာ မီလော့နန်းတော်ကို အရှက်ရစေရုံသာမက အလွန်ဆိုးရွားသော အပြစ်များလည်း ဖြစ်ခဲ့ကြ၏။ အခြားသခင်လေးများပင်လျှင် ချင်မူအပေါ် မကျေနပ်မှုများ ရှိကာ မုန်းတီးစက်ဆုပ်ကြသည်။

မီလော့နန်းတော်ရှိ အခြားသူများသည်လည်း ချင်မူ့အပေါ် မကျေနပ်ကြပေ။ အမြင်ကပ်သူက ခပ်များများပင်။

သို့ထိတိုင် မီလော့နန်းတော်သခင်က ချင်မူအပေါ်တွင် အလွန်အမင်း ယုံကြည်သေးသည်။ တစ်ခွန်းတစ်လေမှ အပြစ်တင်ခြင်းမရှိဘဲ စိတ်တိုင်းကျ လုပ်ခွင့်ပေးထားခဲ့သည်။

‘သူ ပြောတာများ မှန်နေတာလား… မီလော့နန်းတော်က တကယ်ပဲ သူ့လက်ချက်နဲ့ လုံးဝပျက်စီးသွားမှာလား… သေပြီ… ငါ့နှလုံးသားကို သူ တိုက်ခိုက်သွားပြီပဲ”

ချူကောခန်းမသခင် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူ့မှာ ချင်မူ၏နှလုံးသားကို မတိုက်ခိုက်နိုင်သည့်အပြင် ချင်မူ၏ တိုက်ခိုက်မှုကိုပင် ခံလိုက်ရချေပြီ။ သူ့ကဲ့သို့ မြင့်မားသောအဆင့်အထိ ကျင့်ကြံထားသူအတွက် တာအိုနှလုံးသား အနည်းငယ် လှုပ်ရှားသွားရုံဖြင့် ရန်သူလက်ထဲ ကျရောက်သွားရန် လုံလောက်ပေသည်။

သူ၏ တာအိုနှလုံးသား လှုပ်ရှားသွားလျှင်ချင်း မျက်နှာပြင်အားလုံးရှိ ချင်မူများက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

မျက်နှာပြင်အားလုံးရှိ မရေမတွက်နိုင်သော ချူကောခန်းမသခင်များကလည်း တစ်ပြိုင်နက်တည်း ‌အော်ဟစ်ရယ်မောလိုက်ကြသည်။ “သခင်လေးခုနစ်၊ ငါ့ရဲ့တာအိုနှလုံးသားကို တုန်လှုပ်စေလို့ အသုံးမဝင်ဘူး…. ငါ့ရဲ့ ကျင့်စဉ်နဲ့ မဟာတာအိုက သိပ်ကို ဆန်းကြယ်နက်နဲတယ်… မင်းသာ ငါ့ရဲ့ ကိုယ်အစစ်နဲ့ တိုက်ခိုက်တာဆိုရင် ငါ နည်းနည်း ခေါင်းခြောက်ရဦးမယ်… ဒါပေမဲ့ မှန်ထဲမှာ ငါနဲ့တိုက်ခိုက်ရင်တော့ မင်း သေချာပေါက် ရှုံးနိမ့်မှာပဲ”

မရေမတွက်နိုင်သော မျက်နှာပြင်များအတွင်းမှ ချူကောခန်းမသခင်တို့က ပြေး၀င်လာကြသည်။ မျက်နှာပြင်တစ်ခုစီတိုင်းမှ ချူကောခန်းမသခင်များ ထုတ်ဖော်သည့် ကောင်းကင်နတ်သိုင်းမှာ တစ်ခုနှင့်တစ်ခု မတူညီဘဲ ထပ်နေခြင်း မရှိချေ။

ဤသည်ကား သူ၏ ပြိုင်ဘက်ကင်းသော သိုင်းကွက်ပင်။

သူသည် မရေမတွက်နိုင်သော ပုံရိပ်များအဖြစ် ခွဲထွက်နိုင်သည့်အပြင် အဆိုပါပုံရိပ်များသည် မတူညီသော စွမ်းဆောင်ရည်များနှင့် အတွေးအခေါ်များအား တစ်ပြိုင်တည်း ပိုင်ဆိုင်ထားကြ၏။ သို့ဖြစ်၍ မရေမတွက်နိုင်သော ရန်သူများကို တစ်ချိန်တည်း ခုခံတိုက်ခိုက်နိုင်သည်။

ဤအဆင့်သို့ ရောက်ရန် ပြင်းထန်သော ခွန်အား၊ ပြိုင်ဘက်ကင်းသည့် တာအိုနှလုံးသားသာမက စွမ်းအားကြီးသော မူလဝိညာဉ်အပြင် နှိုင်းယှဉ်မရနိုင်သော မဟာတာအို သိမြင်နားလည်မှုလည်း လိုအပ်၏။

ထိုမျှသာမက အသိစိတ်အလျဥ်မှာလည်း အနှိုင်းမရှိအောင် အားကောင်းရန် လိုအပ်ပြီး တွက်ချက်နိုင်စွမ်းမှာလည်း အထွတ်အထိပ်သို့ ရောက်နေရန် လိုအပ်သည်။

ချူကောခန်းမသခင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် ခန်းမသခင်တစ်ပါး ဖြစ်လာနိုင်ခြင်းမှာ ဤအရာအားလုံးကို အောင်မြင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။

အနာဂတ် ၁၇ စင်းမြောက် စကြဝဠာတွင်ပင် မည်သူမျှ သူ၏အဆင့်သို့ မရောက်နိုင်ဟု သူ ယုံကြည်ထားသည်။

“ကောင်းကင်နတ်အရှင်ရုံရဲ့ အစွမ်းလား”

ချင်မူ၏ အံ့ဩနေသောအသံ ထွက်ပေါ်လာ၏။ “ကြည့်ရတာ ခင်ဗျားက ကျုပ်မိတ်ဆွေဟောင်းရဲ့ အပြေးစွမ်းရည်နဲ့ တူရုံတင်မကဘဲ ကောင်းကင်နတ်အရှင်ရုံရဲ့ အစွမ်းနဲ့လည်း နည်းနည်းဆင်တူတယ်... ဒါပေမဲ့ ကျုပ်က ခင်ဗျားလို လိုက်လုပ်စရာလား”

မရေမတွက်နိုင်သော မျက်နှာပြင်များတွင် ချူကောခန်းမသခင် ထုတ်ဖော်နေသည့် ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဥ်များက အဆက်မပြတ် ပြောင်းလဲနေပြီး ထပ်နေခြင်း မရှိချေ။ သို့သော် မရေမတွက်နိုင်သော ချင်မူများကတော့ တိုက်ကွက်တစ်ကွက်တည်းကိုသာ ထုတ်ဖော်ထားကြသည်။

သူ၏ချီစွမ်းအင်က ထိုက်ယီချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုက်ယီသင်ပေးခဲ့သော ပုဆိန်သိုင်းကွက်တစ်ကွက်တည်းကိုသာ ထုတ်ဖော်ထား၏။ ၎င်းက မဟာဥသျှောင်ခန်းမ၏ မဟာတာအို ၆၄၀၀ ကို ဖြေရှင်းနိုင်ခဲ့သည့် ပုဆိန်သိုင်းကွက်ပင် ဖြစ်သည်။

ထိုက်ယီ သူ့ကို ဤပုဆိန်သိုင်းကွက် သင်ပေးခဲ့စဥ်တုန်းက ဤသိုင်းကွက်၏ နာမည်ကို မပြောနိုင်ခဲ့သဖြင့် ချင်မူက မှတ်မိရန် အလွယ်ဆုံး နာမည်ပေးခဲ့၏။

ထိုက်ယီသစ်ပင်ခုတ် သိုင်းကွက်။

ချင်မူကား ၁၇ စင်းမြောက် စကြဝဠာအစတွင် ဘီလူးကြီးအဖြစ်သို့ ပြောင်းလဲ၍ ပုဆိန်ကိုင်ကာ လောကသစ်ပင်အား ခုတ်လှဲခဲ့သော ထိုက်ယီအလားပင်။ ချူကောခန်းမသခင်၏ ကောင်းကင်နတ်သိုင်းများ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ ချင်မူသည် လုံးဝဂရုမစိုက်ဘဲ ပုဆိန်ဖြင့်သာ ခုတ်နေ၏။

ပုဆိန်အလင်းရောင် ကျဆင်းသွားသည်နှင့် ပြောင်လက်နေသော မျက်နှာပြင်အားလုံးဆီမှ သွေးအလင်းရောင်တို့ ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော ချူကောခန်းမသခင်များမှာ ချင်မူ၏လက်ချက်ဖြင့် တစ်ပြိုင်နက်တည်း သတ်ဖြတ်ခံလိုက်ရချေပြီ။

သွေးများက မျက်နှာပြင်များမှ စီးကျလာသည်။

ချင်မူက နတ်ပုဆိန်ကို လွင့်ပျယ်ပျောက်ကွယ်သွားစေပြီး မျက်နှာပြင်၏ အပြင်သို့ ထွက်လာ၏။ သူ ထွက်လာသည့်အခါ မျက်နှာပြင်အားလုံး ချင်မူအားလုံး တစ်ယောက်တည်းအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

ခွမ်း

ဓားမျက်နှာပြင်အားလုံး ကြေမွလျက် သဲမှုန်များအဖြစ် လွင့်ပျောက်သွားကြသည်။

ထိုဓားမျက်နှာပြင်တို့သည် ရွှင်ပျော်ပျော်ကျေးရွာမှ နတ်ဓားများ၏ အပိုင်းအစများ ဖြစ်ကြသည်။ ကျိုးပဲ့နေသော ဓားတစ်ချောင်းစီမှာ အလွန်ထူးခြားသော်လည်း သူ၏ ကောင်းကင်နတ်သိုင်းများကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

သဲမှုန်များအကြားတွင် ချူကောခန်းမသခင်မှာ မြေပြင်ပေါ်တွင် မှောက်လျက် လဲနေသည်။ သူ၏ ခါးမှာ နှစ်ပိုင်းပြတ်နေ၏။ချင်မူ့ ပုဆိန်တစ်ချက်ဖြင့် ခါးမှ ပြတ်တောက်သွားခြင်း ဖြစ်သည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ မဟာတာအိုမှာလည်း ချင်မူ၏ လက်ချက်ဖြင့် နှစ်ပိုင်းခုတ်ဖြတ်ခံထားရ၏။

“ခင်ဗျားကလည်း မီလော့နန်းတော်ရဲ့ တပည့်တစ်ယောက်ပဲ… ခင်ဗျားရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ထူးခြားပေမယ့် မီလော့နန်းတော်ရဲ့ ဘောင်ထဲကနေတော့ မလွတ်နိုင်သေးဘူး”

ချင်မူက သူ၏ ရှေ့တွင် ရပ်ကာ တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ပြီးတော့ ကျုပ် ဒီကိုမလာခင်မှာ အစ်ကိုကြီးနဲ့ တွေ့ခဲ့ပြီးပြီ… အစ်ကိုကြီးရဲ့ မဟာဥသျှောင်ခန်းမကိုလည်း ကျုပ် ပုဆိန်တစ်ချက်နဲ့ ခုတ်လှဲခဲ့တယ်… သူ့ခန်းမကို ခုတ်လှဲပြီးတဲ့နောက် ခင်ဗျားရဲ့ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ကြည့်လိုက်တော့ မီးကို ကြည့်သလိုပဲ ရှင်းလင်းပြတ်သား‌နေတာ”

ချူကောခန်းမသခင်၏ အနောက်တွင် တာအိုသစ်ပင်တစ်ပင်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ဤတာအိုသစ်ပင်မှာ ထူးဆန်း၏။ အရွက်တစ်ရွက်စီက ကြေးမုံတစ်ချပ်စီအလားပင်။ မရေမတွက်နိုင်သော ကြေးမုံများ သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသကဲ့သို့ ရောင်စုံအလင်းတန်းများကို ရောင်ပြန်ဟပ်နေကြ၏။

ချူကောခန်းမသခင်က လက်နှစ်ဖက်ဖြင့် ထောက်လိုက်ပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းဖြင့် ပျံတက်ကာ သစ်ပင်ပေါ်သို့ ဆင်းသက်သွားသည်။

သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာမူ ပြေးထွက်သွားကာ သစ်ပင်အောက်တွင် ရပ်နေ၏။

ချူကောခန်းမသခင်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေသည်။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းရှိ ဒဏ်ရာများမှာ ချင်မူ၏ ပု‌ဆိန်သိုင်းကွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်၏။ တာအိုဒဏ်ရာများက သူ၏ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို အဆက်မပြတ် ဖျက်ဆီးနေသောကြောင့် ပြန်မဆက်နိုင်သေးပေ။

“အရင်က ထိုက်ယီရဲ့ ဒီပုဆိန်သိုင်းကွက်က လောကသစ်ပင်ကို ခုတ်လှဲဖို့ သုံးခဲ့တာ… နောက်ပိုင်း သူ အစ်ကိုကြီး ဖမ်းတာခံရပြီး အခေါင်းထဲမှာ အကျဉ်းချခံရတဲ့အခါ ဒီပုဆိန်သိုင်းကွက်ကို ပြုပြင်ပြီး အစ်ကိုကြီးရဲ့ ကျင့်စဉ်ကို ချိုးဖျက်ခဲ့တယ်”

ချင်မူ ရှေ့သို့ လျှောက်သွားနေစဉ် သူ၏ လက်ထဲရှိ ထိုက်ယီ၏တာအိုမှာ ထိုက်ယီနတ်ပုဆိန်အဖြစ်သို့ တဖန် ပြောင်းလဲသွားသည်။ “ထိုက်ယီသာ လွတ်မြောက်ပြီး အစ်ကိုကြီးနဲ့ နောက်တစ်ကြိမ် တွေ့ရင် သူ့ရဲ့ ပုဆိန်တစ်ချက်နဲ့ ခုတ်လှဲခံရမှာပဲ”

ချူကောခန်းမသခင်သည် ယခင်ကဲ့သို့ ရိုင်းစိုင်းမောက်မာနေခြင်း မရှိတော့ပေ။ သူက အလျင်အမြန် တာအိုသစ်သီးကို အသက်သွင်း၍ တာအိုဒဏ်ရာတို့အား ဖယ်ထုတ်ရန် ကြိုးစားနေသည်။

“တစ်လောကလုံးမှာရှိတဲ့ တာအိုသစ်ပင်အားလုံးက လောကသစ်ပင်ကို တုပပြီး ဖြစ်ပေါ်လာတာ… ခင်ဗျားမှာ ဘယ်လောက်တောင် တာအိုသစ်သီးတွေ များများရှိနေပါစေ၊ ကျုပ်ရဲ့ဒီပုဆိန်တစ်ချက်အတွက် အဆုံးသတ်က အတူတူပဲ… ပုဆိန် ကျဆင်းသွားတာနဲ့ သစ်ပင် နှစ်ပိုင်း ပြတ်မယ်.... ခင်ဗျားလည်း သေပြီး တာအို ပျောက်ကွယ်သွားမယ်”

ချင်မူက ချူကောခန်းမသခင်၏ တာအိုသစ်ပင်ရှေ့သို့ ရောက်လာပြီး သူ့ကို မော့ကြည့်လိုက်သည်။ “စောစောတုန်းက ခင်ဗျားက ဓားမျက်နှာပြင်တွေထဲ ပုန်းအောင်းပြီး ခွန်အားအကုန် မထုတ်ဖော်ခဲ့ဘူး… အခု ခင်ဗျားမှာ တာအိုသစ်ပင် ရှိပေမယ့် ခင်ဗျားရဲ့ တာအိုသစ်ပင်က အပြည့်အဝ မဆင်းသက်လာနိုင်သေးဘူး…. တာအိုသစ်သီးက နှစ်လုံးပဲ ရှိသေးပြီး ကပျက်ကချော် တိုက်ခဲ့လို့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်… ခင်ဗျားက အခု ကျုပ်ရဲ့ပြိုင်ဘက် မဟုတ်တော့ဘူး”

ချင်မူ၏အကြည့်က သူ၏အနောက်ရှိ တာအိုသစ်သီးနှစ်လုံးပေါ်သို့ ကျရောက်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “ခင်ဗျား မီလော့နန်းတော်ဆီ ပြန်ရောက်ရင် ကျုပ်ကိုယ်စား စကားတစ်ခွန်း ပါးပေးပါ”

စကားဆုံးသည်နှင့် ချင်မူက ရဲတင်းစွာ တိုက်ခိုက်လိုက်၏။

ချူကောခန်းမသခင်၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ခြေထောက်နှစ်ချောင်းသည် ပျံတက်သွားပြီး ချင်မူကို ကန်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏အနောက်မှ တာအိုသစ်ပင်က အင်အားကို ထုတ်လွှတ်လိုက်ရာ အကိုင်းအခက်များစွာက လေထဲတွင် ကခုန်လာသည်။ ၎င်းတို့က မတူညီသော ကောင်းကင်နတ်သိုင်းများကို အသက်သွင်း၍ ချင်မူအား အရပ်လေးမျက်နှာမှ တိုက်ခိုက်လိုက်သည်။

သူ၏ တိုက်ခိုက်မှုတိုင်းက ဟာကွက်မရှိပေ။

သူ့တာအိုသစ်ပင်ပေါ်မှ သစ်ရွက်များမှာ ကြေးမုံကဲ့သို့ဖြစ်ပြီး တစ်ပြိုင်နက်တည်း ထောင်နေကြသည်။ ၎င်းတို့က ချူကောခန်းမသခင်၏ ပုံရိပ်ကို ထင်ဟပ်ပြသ‌နေလေသည်။

ချူကောခန်းမသခင်၏ တာအိုသစ်သီးနှစ်လုံးက သူ၏ ဦးခေါင်းဘေးနှစ်ဖက်တွင် လွင့်မျော၍ လျင်မြန်စွာ လှည့်ပတ်နေသည်။ တာအိုအမှတ်အသားများ၊ တာအိုသံကြိုးများနှင့် တာအိုအဆင့် ကောင်းကင်ဘုံတို့က တစ်ချိန်တည်းတွင် ပေါ်ထွက်လာပြီး တစ်ခုအပေါ် တစ်ခု ထပ်သွား၏။

တာအိုအမှတ်အသားများ၊ တာအိုသံကြိုးများနှင့် တာအိုအဆင့် ကောင်းကင်ဘုံတို့က မဟာကောင်းကင်နတ်သိုင်းများအဖြစ် ပြောင်းလဲသွားပြီး ချင်မူ့ကို တိုက်ခိုက်လိုက်သည်။

ချင်မူပြောသည့်အတိုင်း ချူကောခန်းမသခင်သည် အလွန်အားကောင်းသော ပုဂ္ဂိုလ်ဖြစ်၏။ တာအိုသစ်သီးငါးလုံးနှင့် တာအိုပန်းပွင့်တစ်ပွင့်သာ ရှိနေပါက တာအိုသစ်ပင်မှ ကြေးမုံသစ်ရွက်များသည် မည်သည့်တာအိုသိုင်းပညာရှင်ကိုအဆို အပြင်းအထန် ဒဏ်ရာရစေနိုင်သည်။

ချင်မူ၏ ပုံရိပ်က ရုတ်တရက် နှိုင်းယှဉ်မရနိုင်အောင် မြင့်မားလာသည်။ သူ ခြေတစ်ဖက် လှမ်းလိုက်သည့်အခါ ခြေဖဝါးအောက်တွင် ဧရာမယဇ်ပလ္လင်ကြီးတစ်ခု ပေါ်ထွက်လာသည်။

သူက ပုဆိန်ကို အားကုန်လွှဲ၍ ကောင်းကင်နတ်သိုင်းအားလုံးဆီသို့ ခုတ်ချလိုက်၏။

ပုဆိန်အလင်းရောင် ကျဆင်းလာသည့်အချိန်တွင် ကျန်ရှိနေသေးသော ကောင်းကင်နတ်သိုင်းများက နတ်ပုဆိန်ကို ဖြတ်သန်းကာ ချင်မူ၏ခန္ဓာကိုယ်အား တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ထိုက်ယီပုဆိန်က ချူကောခန်းမသခင်၏ နဖူးကို ခုတ်ပိုင်းသွားချေပြီ။ ပုဆိန်အသွားက တာအိုသစ်သီးနှစ်လုံးကို ခုတ်ပိုင်း၍ သူ၏အနောက်မှ တာအိုသစ်ပင်ကိုလည်း ခုတ်ချလိုက်သည်။

ဘုန်း ဘုန်း

ချူကောခန်းမသခင်၏ ခြေထောက်နှစ်ချောင်းက ချင်မူ၏ရင်ဘတ်ကို ဆက်တိုက်ကန်လိုက်သောကြောင့် ချင်မူ့အား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရစေ၏။

“သခင်လေးခုနစ်၊ မင်း ငါ့ကို ဘာစကားပါး‌စေချင်တာလဲ” ချူကောခန်းမသခင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ သစ်ပင်ပေါ်တွင် ရပ်နေပြီး မလှုပ်ရှားချေ။ သူက သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် မေးသည်။

ချင်မူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ သူက ပုဆိန် ဖယ်၍ မှင်သေသေ ပြောသည်။ “ခင်ဗျား ကျုပ်ရဲ့ စကားကို သယ်သွားပြီးပြီ”

ချူကောခန်းမသခင်က ခေါင်းညိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်နှင့် တာအိုသစ်ပင်မှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့၏။

၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးတွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သည် ကပ်ဘေးအပေါ်တွင် လွင့်မျောနေ၏။ ရုတ်တရက် ချူကောခန်းမသခင်၏ တာအိုသစ်ပင် ပေါ်ထွက်လာရာ တအံ့တဩ ရေရွတ်သံများ ဆူညံသွားသည်။

မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များစွာ အပြေးအလွှား ရောက်လာကြသည်။ ချူကောခန်းမသခင်သည် ဟွမ်ရှီခန်းမသခင်နှင့် ချန်ဖုန်းခန်းမသခင်တို့နှင့်အတူ ၁၇ စင်းဆမြာက် စကြဝဠာသို့ ဆင်းသက်ခဲ့၏။ ထိုစကြဝဠာသို့ အပြည့်အဝ ဝင်ရောက်တော့မည့်အချိန်တွင် မမျှော်လင့်ဘဲ ပြန်ရောက်လာသဖြင့် အံ့အားသင့်နေကြသည်။

“သခင်လေးသုံး…. သခင်လေးလေး”

ချူကောခန်းမသခင်၏ မျက်နှာမှာ တည်ကြည်၍ ခံစားချက် ကင်းမဲ့နေသည်။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းက သစ်ပင်ထိပ်တွင် ရပ်ကာ ခပ်ဩဩအသံဖြင့် လျှောက်တင်သည်။ “သခင်လေးခုနစ်က ကျုပ်ကို မီလော့နန်းတော်ဆီ စကားပါးခိုင်းလိုက်တယ်”

သခင်လေးသုံးလင်းရှောင်က မျက်မှောင်ကြုတ်လိုက်၏။ “ဘာစကားလဲ”

ခွမ်း

ချူကောခန်းမသခင်၏ ဦးခေါင်းခွံ ကွဲအက်သွားကာ ဦးခေါင်းကြီး မြောက်တက်သွားသည်။ တာအိုသစ်သီးနှစ်လုံး ကွဲအက်သွားပြီး မဟာတာအိုလည်း ပျက်စီးသွား၏။

သူ့အောက်ရှိ တာအိုသစ်ပင်သည်လည်း လွင့်ထွက်သွားသည်။ ၎င်းက မီလော့နန်းတော်မှ ပျံထွက်ကာ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ကျရောက်သွားချေပြီ။

ချူကောခန်းမသခင်၏ အလောင်းက ဒယိမ်းဒယိုင်ဖြင့် ဘိုင်းခနဲ လဲကျသွားသည်။

ဤသည်မှာ ချင်မူ သူ့ကို ပြန်ပါးခိုင်းသော စကားပင်ဖြစ်သည်။

‘၁၇ စင်းမြောက် စကြဝဠာသို့ ကျူးကျော်လာသူမှန်သမျှ သေရမည်’

All Chapters