ရှန့်ကျွင်း၏ ဓားကျမ်း
Vol. 135 Ch. 1744
မီလော့နန်းတော်ထဲတွင် အားလုံး ကျွက်ကျွက်စီညံကုန်ကာ တုန်လှုပ်ချောက်ချားနေကြသည်။ ချူကောခန်းမသခင်သည် ပလ္လင်ခန်းမ ၇၂ ခုတို့၏ အရှင်သခင်များအနက် ထိပ်ဆုံးဆယ်ယောက်ထဲ၌ ပါဝင်သည့်အပြင် ရှေးအကျဆုံး တာအိုလမ်းစဉ်ကို ရရှိပြီးသူ ဖြစ်သည်။
ဤတစ်ကြိမ် မီလော့နန်းတော်မှ စေလွှတ်လိုက်သော ခန်းမသခင်သုံးဦးထဲတွင် အသန်မာဆုံးလည်း ဖြစ်၏။ ခန်းမသခင်သုံးဦးအတွင်း ခေါင်းဆောင်ဖြစ်သည့်အလျောက် မီလော့နန်းတော် ဆင်းသက်လာနိုင်ရေးအတွက် တာဝန်ယူထားလေသည်။
သို့သော် အင်အားအကြီးမားဆုံးသော ခေါင်းဆောင်သည် အပြည့်အဝ မဆင်းသက်ရသေးခင်မှာပင် သခင်လေးခုနစ်၏ လက်ချက်ဖြင့် သေဆုံးသွားချေပြီ။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ အားလုံး၏ အကြည့်များက သခင်လေးသုံးလင်းရှောင်အပေါ်သို့ ကျရောက်နေပြီး မည်သူမျှ စကားမပြောရဲကြပေ။ မီလော့နန်းတော်၏ ခန်းမသခင်တို့သည် အတိတ်စကြဝဠာခေတ်များ၌ တာအို ရရှိပြီးသူများအနက် ထိပ်သီးများဖြစ်ကြပြီး ချူကောခန်းမသခင်ကား သူတို့ထဲမှ ထူးချွန်ပြောင်မြောက်သူ ဖြစ်သည်။ သခင်လေးတစ်ဦး ဖြစ်လာရန် အရည်အချင်းမပြည့်မီခဲ့သော်လည်း တမူထူးခြားသော အစွမ်းအစများ ပိုင်ဆိုင်ထားလေသည်။
သူ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာထဲ၌ ကျဆုံးသွားခြင်းက လူတိုင်းကို ယုံကြည်ချက် ပျောက်ဆုံးစေခဲ့သည်။
မီလော့နန်းတော်မှ ခန်းမသခင် သုံးဦး ဆုံးရှုံးလိုက်ရချေပြီ။
ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၌ တာအိုအယူအဆများ ဖြန့်ဝေရန် တာဝန်ယူခဲ့သော ပိရှန်းခန်းမသခင် (ကမ္ဘာခေတ်ဦးသိုင်းပညာရှင်) သည် အကျိုးများစွာ သယ်ပိုးခဲ့၏။ သူက ကျောက်စိမ်းမြို့တော်၏ ကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခဲ့ပြီး ဆယ့်ခုနစ်စင်းမြောက် စကြဝဠာထဲတွင် ကျောက်စိမ်းမြို့တော်ထောင်ချောက်နှင့် နတ်ကောင်းကင်ခန်းမထောင်ချောက်တို့ကို တည်ထောင်ခဲ့သည်။ မဟာဧကရာဇ်နှင့် ထိုက်ချူတို့ကို လမ်းမှားသို့ ပို့ဆောင်ခဲ့ပြီး ကျင့်ကြံခြင်းစနစ်သစ် တည်ထောင်သူ ကောင်းကင်ဘုံအရှင်ယွီကိုပင် လမ်းလွဲစေခဲ့သည်။
ကျောက်စိမ်းမြို့တော်ထောင်ချောက်နှင့် နတ်ကောင်းကင်ခန်းမထောင်ချောက်တို့က မီလော့နန်းတော်အား ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ အာဏာပိုင်များအပေါ် ထိန်းချုပ်နိုင်မည့်လမ်းအား ဖွင့်ပေးခဲ့သည်။
သို့သော် ပိရှန်းခန်းမသခင်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
လင်းကွမ်ခန်းမသခင်သည်လည်း ကြီးလေးသော တာဝန်ကို ထမ်းဆောင်ကာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာသို့ ဆင်းသက်ခဲ့သည်။ မီလော့နန်းတော် ဆင်းသက်လာနိုင်ရေးအတွက် အသက်ကိုပင် ပဓာနမထားဘဲ အနက်ရောင်တောင်တန်းမှ ခိုးဝင်လာသူများ၏ တိုက်ပွဲကို ဦးဆောင်ခဲ့သည်။ နောက်ဆုံးတွင် ထိုနေရာ၌ ရှုရှန်းဟွာနှင့် သခင်လေးခုနစ် ချင်မူတို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
သို့သော် သူ၏ဦးဆောင်ပေးဆပ်မှုကြောင့် အနက်ရောင်တောင်တန်းမှ ခိုးဝင်သူများသည် နောက်ဆုံးတွင် ခိုးဝင်ဖြတ်ကျော်နိုင်ခဲ့ပြီး ဆယ့်ခုနစ်စင်းမြောက် စကြဝဠာထဲသို့ ရောက်လာခဲ့ကြသည်။ ထို့နောက် မီလော့နန်းတော် ဆင်းသက်နိုင်ရေးအတွက် လမ်းခင်းပေးနိုင်ခဲ့သည်။
ချူကောခန်းမသခင်ကမူ ဆင်းသက်နိုင်ရေး တိုက်ပွဲကို ဦးစီးခဲ့သည်။ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာထဲသို့ ဝင်ရောက်ပြီးနောက် သူက ဟွမ်ရှီခန်းမသခင်၊ ချန်ဖုန်းခန်းမသခင်တို့နှင့် ပူးပေါင်းကာ သွေးယဇ်ပူဇော်ခြင်းကို အသက်သွင်းကာ မီလော့နန်းတော်မှ သခင်လေးများနှင့် ကျန်တာအိုသိုင်းပညာရှင်များအား ဆင်းသက်စေခဲ့သည်။
ဟွမ်ရှီနှင့် ချန်ဖုန်းတို့ သေဆုံးသွားသော်လည်း သူတို့၏ ရည်မှန်းချက်များ အောင်မြင်ခဲ့သည်။ ချူကောခန်းမသခင်တစ်ဦးတည်းသာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာထဲသို့ အပြည့်အဝ မရောက်ရှိသေးခင်မှာပင် သခင်လေးခုနစ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
သခင်လေးသုံးလင်းရှောင် ရှေ့သို့တက်ကာ ချင်မူ၏ တိုက်ကွက်ကြောင့် ချူကောခန်းမသခင်၏ ကိုယ်ပေါ်၌ ဖြစ်ပေါ်လာသော ဒဏ်ရာများကို တိတ်တဆိတ် စစ်ဆေးလိုက်သည်။
ချင်မူက ချူကောခန်းမသခင်ကို မီလော့နန်းတော်သို့ စကားပါးခိုင်းခဲ့သည်။ စကားလုံးများပင် မလိုအပ်ချေ။ ချူကောခန်းမသခင်၏ ဒဏ်ရာမှာ အကောင်းဆုံးသော ဘာသာစကားပင် ဖြစ်၏။
သခင်လေးသုံးအနေဖြင့် ချင်မူနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ချင်မူက အနီရောင်ကြိုးထုံးဖြင့် သူ၏စွမ်းအားနှင့် အသိစိတ်အလျဥ် တစ်စိတ်တစ်ပိုင်းကို လင်းရှောင်ခန်းမတွင် ချိပ်ပိတ်ထားခဲ့သည်။ ထိုအနီရောင်ကြိုးထုံးကို ဖြေရှင်းနိုင်ခဲ့သည်မှာ မကြာသေးပေ။
လွန်ခဲ့သောခုနစ်နှစ်က ချင်မူ၏စွမ်းအားကိုလည်း အပြည့်အဝ နားလည်ထားခဲ့သည်။
ယခုအခါတွင် ခုနစ်နှစ် ထပ်မံ၍ ကြာမြင့်ခဲ့ ပြီဖြစ်သည်။
ချူကောခန်းမသခင်၏ ဒဏ်ရာမှတစ်ဆင့် ခုနစ်နှစ်အတွင်း ချင်မူ၏ အံ့မခန်းတိုးတက်လာမှုကို မြင်တွေ့နေရပြန်သည်။
ချင်မူက သူချန်ထားခဲ့သော တာအိုဒဏ်ရာများမှ မီလော့နန်းတော်၏ သဘောတရားများကို ကျွမ်းကျင်သွားရုံသာမက အသစ်အဆန်းများကိုပါ ဖန်တီးနိုင်ခဲ့ပြီး တျန်းတုမှ တာအိုဖီဆန်သူ၏ မှော်စွမ်းအင်များ၊ တာအိုပညာရပ်များနှင့် ပေါင်းစည်းကာ အံ့မခန်း တိုးတက်မှုများ ရရှိခဲ့သည်။
ချင်မူ၏ မီလော့နန်းတော် တာအိုပညာရပ်များအပေါ် သိမြင်နားလည်မှုမှာ သခင်လေးများ၏ အဆင့်သို နီးကပ်လာပြီဖြစ်ပြီး ခန်းမသခင်အများစုထက်ပင် သာလွန်သည်ဟု ဆိုနိုင်၏။
ပို၍အရေးကြီးသည်မှာ သူ၏ခန္ဓာကိုယ်တွင် တာအိုဖီဆန်သူများ၏ တာအိုပညာရပ်နှင့် မီလော့နန်းတော်၏ တာအိုပညာရပ်တို့မှာ စတင်ပေါင်းစပ်နေပြီဖြစ်သည့်အပြင် ချင်မူ၏ တာအိုလမ်းစဉ်မှာ အရေးကြီးသော အချိန်သို့ ရောက်နေပြီဖြစ်ကြောင်း သခင်လေးသုံး,လင်းရှောင် မြင်တွေ့လိုက်ရသည်။
ချင်မူ၏ ဖရိုဖရဲခန်းမကား ဖြစ်တည်နေခဲ့ချေပြီ။
ထိုမျှသာမက သူ၏မူလဝိညာဉ်မှာ ဖရိုဖရဲခန်းမသို့ ဝင်ရောက်သွားခဲ့သောကြောင့် တာအိုသိုင်းပညာရှင် ဖြစ်ရန် ချင်မူအတွက် ခြေတစ်လှမ်းသာလိုတော့သည်။
မီလော့နန်းတော်၏ သခင်လေးတစ်ပါး ဖြစ်လာရန်မှာ တာအိုရရှိရုံမျှဖြင့် မလုံလောက်ချေ။ အံ့မခန်းလိလိ အောင်မြင်မှုများ ပိုင်ဆိုင်ထားရန် လိုအပ်ပြီး နယ်ပယ်တစ်ခုတွင် အခြားသူများ မမှီနိုင်သည့် အမြင့်ဆုံးအဆင့်သို့ ရောက်နေရန် လိုအပ်သည်။ ထိုအဆင့်က မီလော့နန်းတော်သခင်ပင် မရောက်နိုင်သော အမြင့်ဆုံးအဆင့် ဖြစ်ရပေမည်။
ထိုအခါ ထိုသူ၏ တာအိုသည် မီလော့နန်းတော်ကို ထောက်ပံ့ပေးထားသည့် အဓိကခန်းမအဖြစ် ပေါ်လွင်လာမည်။ သခင်လေးတစ် မဟာဥသျှောင်၊ သခင်လေးနှစ် အနန္တနှင့် အခြားသခင်လေးများမှာလည်း ထိုသို့ပင် ဖြစ်၏။
မီလော့နန်းတော်၏ အဓိက ခန်းမခုနစ်ခု ဖြစ်သည့် မဟာဥသျှောင်ခန်းမ၊ အနန္တခန်းမ၊ နတ်ကောင်းကင်ခန်းမ၊ ခရမ်းရောင်ကောင်းကင်ဘုံခန်းမ၊ အနန္တဂိုဏ်းခွဲခန်းမ၊ ဆိတ်ငြိမ်ခန်းမ၊ ကမ္ဘာခေတ်ဦးဖရိုဖရဲခန်းမ တစ်ခုချင်းစီက မီလော့နန်းတော်သခင် မအောင်မြင်နိုင်သော အောင်မြင်မှုတစ်ခုကို ကိုယ်စားပြုသည်။
ချင်မူကား ထိုသို့အောင်မြင်မျိုးမှုနှင့် မဝေးတော့ပေ။
သခင်လေးသုံးလင်းရှောင်က ချူကောခန်းမသခင်၏ ဒဏ်ရာအားလုံးကို အသေးစိတ် ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်သည်။ ရန်သူကို အောင်နိုင်ရန် အကောင်းဆုံး နည်းလမ်းသည် ရန်သူကို တတ်နိုင်သမျှ နားလည်ရန်နှင့် ရန်သူ့အကြောင်း ကောင်းကောင်းသိထားရန် ဖြစ်၏။
သခင်လေးသုံးလည်း ထိုစကားအတိုင်း ကျင့်သုံးနေသည်။
ချင်မူ၏ လက်ရှိခွန်းအားမှာ သူ့အား ယှဉ်ရန် မလုံလောက်သေးသော်လည်း သူသည် အလွန်သတိထား၍ အလေးအနက်ထား၏။
“တာအိုမိတ်ဆွေချူရှန်း သေဆုံးသွားပေမယ့် တာအိုသစ်သီးသုံးလုံးနဲ့ တာအိုပန်းပွင့်တစ်ပွင့်က ဒီမှာ ရှိနေသေးတယ်”
သခင်လေးသုံးလင်းရှောင်က လက်ဝါးမြှောက်လိုက်ရာ ချူရှန်း၏ တာအိုသစ်သီးသုံးလုံးနှင့် တာအိုပန်းပွင့်တစ်ပွင့်မှာ ပျံသန်းလာပြီး သူ၏လက်ဖဝါးထက်တွင် လွင့်မျောနေသည်။ သခင်လေးလင်းရှောင်၏ မျက်နှာက တည်ငြိမ်အေးဆေးနေသည်။ “တာအိုမိတ်ဆွေ၊ ခင်ဗျားရဲ့ ခန္ဓာကိုယ် သေဆုံးပြီး ဝိညာဉ်လွင့်ပြယ်သွားပေမယ့် အသိစိတ်အလျဥ်နဲ့ မဟာတာအိုက ကျန်နေသေးတယ်… ၁၇ စင်းမြောက် စကြဝဠာမှာ သင့်တော်တဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ရှာပြီး အဲ့ဒီခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ငှားယူပြီး ပြန်လည်မွေးဖွားနိုင်တယ်”
အခြားခန်းမသခင်များ၏ မျက်နှာများ မသာယာကြပေ။ ခန္ဓာကိုယ်မရှိ၊ ဝိညာဉ်မရှိဘဲ တာအိုသစ်သီး၊ တာအိုပန်းပွင့်ထဲမှ အသိစိတ်အလျဥ်ကို အသုံးပြု၍ ပြန်လည်မွေးဖွားလာလျှင် မူလ ချူရှန်း ဖြစ်ပါဦးမည်လော။
သို့သော် အခြေအနေမှာ ဤသို့ဖြစ်နေသည့်အတွက် သူတို့လည်း ဘာမှမပြောသာတော့ပေ။
“၁၇ စင်းမြောက် စကြဝဠာရဲ့ ဟောင်က ရောက်လာတော့မယ်... သူ ၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးရဲ့ ကောင်းကင်အပေါ် ရောက်တဲ့အခါ သခင်လေးလေးက သူ့နဲ့တွေ့ပြီး ဗျပ်စောင်းကြိုးတစ်ချောင်း ပေးလိမ့်မယ်”
သခင်လေးသုံး၏ မျက်နှာက တည်ငြိမ်နေပြီး ပြော၏။ “ခုနစ်နဲ့ တိုက်ပွဲက အခုမှ စတာပဲ... စိတ်ပူစရာ မလိုဘူး... ခုနစ်က သူတစ်ယောက်တည်း မီလော့နန်းတော်ကို တားဆီးပြီး မသက်ဆင်းနိုင်အောင် လုပ်ချင်နေတာ... ချေမှုန်းခံရမှာ သေချာတယ် ... မီလော့နန်းတော်သာ ၁၇ စင်းမြောက် စကြဝဠာဆီ မကျဆင်းနိုင်ခဲ့ရင် သေလမ်းပဲ ရှိလိမ့်မယ်”
သူ၏ နောက်ဆုံးစကားကို ကြားသောအခါ အားလုံး၏မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။
မီလော့နန်းတော်သည် အလွန်တရာအေးချမ်းနေသော်လည်း မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ပိတ်မိနေပါက အနှေးနှင့် အမြန် ပြိုလဲပျက်စီးသွားပေလိမ့်မည်။
၁၇ စင်းမြောက် စကြဝဠာဆီသို့ မဝင်ရောက်ပါက သူတို့ကဲ့သို့သော တာအိုသိုင်းပညာရှင်များလည်း မဟာပျက်စီးခြင်းကပ်ဘေးတွင် ကြေမွပျက်စီးသွားမည်သာဖြစ်သည်။ အားလုံးမှာ မီလော့နန်းတော်၏ သခင်လေးများ မဟုတ်သည့်အပြင် ကပ်ဘေးကို ရှောင်တိမ်းခုခံနိုင်သော နည်းလမ်းနှင့် ခွန်အားတို့ မရှိသည်မဟုတ်ပါလော။
.....
ချင်မူ ဒဏ်ရာများကို ချုပ်နေသည်။ ချူကောခန်းမသခင်မှာ စွမ်းအားကြီးမားသည့်အတွက် နောက်ဆုံးတိုက်ကွက်က သူ့ကိုလည်း ဒဏ်ရာရစေခဲ့ကာ တာအိုအကြွင်းအကျန်များစွာ ချန်ထားခဲ့သည်။ သို့သော် သူ့အတွက် သေစေနိုင်လောက်အောင် မပြင်းထန်ပေ။ အနည်းငယ်သာ အနှောင့်အယှက်ဖြစ်စေသည်။
သူ့အနေဖြင့် ဤတာအိုအကြွင်းအကျန်များတွင် ကိန်းဝပ်နေသော မှော်စွမ်းအင်များနှင့် လမ်းစဉ််များကို ခွဲခြမ်းစိတ်ဖြာပြီးမှသာ တစ်ခုချင်းစီကို ဖြေရှင်း၍ သူ့ကိုယ်သူ ကုသနိုင်လိမ့်မည်။
သူ့အရှေ့တွင် ချူကောခန်းမသခင်၏ ခြေထောက်နှစ်ချောင်းက မြေပြင်တွင် မြဲမြဲမြံမြံ ရပ်နေဆဲပင်။ ချူကောခန်းမသခင်မှာ ချင်မူ၏လက်ချက်ဖြင့် ၁၆ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဤခြေထောက်နှစ်ချောင်းမှာ ကျန်နေခဲ့သည်။
ချင်မူ ဒဏ်ရာကို ဖိနှိပ်ထားရင်း ရှေ့သို့လျှောက်သွားကာ ချူကောခန်းမသခင်၏ ခြေထောက်နှစ်ချောင်းကို သိမ်းဆည်းလိုက်သည်။
သူ့တွင် ခြေပြတ်လက်ပြတ်ခေါင်းပြတ်များ စုဆောင်းတတ်သည့် အကျင့်မရှိပေ။ ဤအကျင့်ရှိသူမှာ ရှင်းအန်းဖြစ်သည်။
“ချူကောခန်းမသခင်က ရှေးကျတဲ့ တာအိုသိုင်းပညာရှင်ပဲ... သူ့ရဲ့ခန္ဓာကိုယ်က ထူးကဲတယ်... ငါ ရှင်းအန်းဆီက အကူအညီနဲ့ ထိုက်ယီရဲ့ အခေါင်းကို အဖြေဖော်ပြီး သူ့ကို ကယ်တင်ချင်တယ်... ချူကောခန်းမသခင်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ဒီအတွက် အသင့်တော်ဆုံးပဲ”
ချင်မူ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ ရှင်းအန်း၏ စိတ်နေစိတ်ထားမှာ ထူးဆန်းသည့်အတွက် သူ့ဆီမှ အကူအညီတောင်းပါက တန်ရာတန်ကြေး ပေးရပေလိမ့်မည်။
ရှင်းအန်းသည် ထူးဆန်း၍ နားလည်ရခက်သော အရာများကို စုဆောင်းရသည်ကို နှစ်သက်သောကြောင့် ချူကောခန်းမသခင်၏ ခန္ဓာကိုယ်အောက်ပိုင်းက သူ့ကို ဆွဲဆောင်နိုင်လိမ့်မည်။ ရှင်းအန်းမှာ မနှစ်မြို့ဖွယ် အရာများကို လုပ်တတ်သော်လည်း စည်းမျဉ်းစည်းကမ်းရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ စည်းမျဉ်းစည်းကမ်းအတွင်း ပြုမူပါက အန္တရာယ် မရှိပေ။
“ညီလေး အခြေအနေ ဘယ်လိုရှိလဲ မသိဘူး”
ရှန့်ကျွင်းကိုမူ လုံးဝ စိတ်မပူပေ။
မီလော့နန်းတော်၏ ခန်းမသခင်မှာ အင်အားကြီးမားသော်လည်း အပြည့်အဝ မဆင်းသက်သေးသရွေ့ ရှန့်ကျွင်းအနေဖြင့် သူ့ကို ရင်ဆိုင်နိုင်သည်။ ထိုမျှသာမက ရှန့်ကျွင်းသည် ကြိုတင်ပြင်ဆင်တတ်သည့်အပြင် ရည်ရွယ်ချက် မရှိဘဲ မဆောင်ရွက်တတ်ချေ။ မျက်နှာချင်းဆိုင် တိုက်ခိုက်ပါက မီလော့နန်းတော်မှ ခန်းမသခင်တစ်ဦးအတွက် ပြိုင်ဘက်မဟုတ်သော်လည်း ချုံခိုတိုက်ခိုက်ရာတွင်တော့ ရှန့်ကျွင်းကား တစ်လောကလုံး၌ အမြန်ဆုံးသော ဓားသမားပင်ဖြစ်သည်။
ရှန့်ကျွင်းသာ ချင်မူ့ကို ချုံခိုတိုက်ခိုက်လာပါက ချင်မူပင်လျှင် ရင်ဆိုင်နိုင်မည်မဟုတ်ချေ။ ချက်ချင်းပင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။
ချင်မူ အပြင်သို့ လျှောက်ထွက်သွားသည်။ သူ၏ အနောက်တွင် အမှုန့်ကြေသွားခဲ့သော ဓားတာအိုတောအုပ်မှာ မူလအတိုင်း ပြန်လည်ဖွဲ့တည်လာသည်။ အမှုန့်များက ပြန်လည်စုစည်းကာ ကျိုးပဲ့နေသော ဓားများအဖြစ်သို့ ပြောင်းလဲပြီး မူလနေရာတို့၌ ပြန်စိုက်ဝင်နေကြသည်။
ချင်မူ ဓားတာအိုတောအုပ်မှ ထွက်ခွာသွားသောအခါ ဤဓားသင်္ချိုင်းကုန်းသည် ယခင်အတိုင်း တည်ရှိနေပြီး မည်သည်မှ မပြောင်းလဲသည့်အလား ထင်ရ၏။
မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း။
ဤအမှတ်တရဖြစ်သော စစ်မြေပြင်ကို မထိခိုက်စေချင်သဖြင့် ချင်မူသည် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်ပြီး မှော်စွမ်းအင်တချို့ လိုလိုလားလား ဖြုန်းတီးခဲ့ခြင်း ဖြစ်၏။
ထိုစဉ် ဓားမအလင်းတန်းတစ်ချက် ရုတ်တရက် ထွက်ပေါ်လာပြီး ချင်မူ့အနောက်သို့ ပျံသန်းရောက်ရှိလာသည်။
ချင်မူ လက်မြှောက်လိုက်ရာ ဓားမအလင်းတန်းက သူ၏လက်ထဲသို့ ကျဆင်းလာပြီး ဓားကျမ်းစာအုပ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်မူ ဓားကျမ်းကို ဖွင့်လိုက်သည်။ ဤဓားကျမ်းမှာ ရှန့်ကျွင်း၏ ကောင်းကင်နတ်သိုင်းမှ အသွင်ပြောင်းလဲထားခြင်း ဖြစ်သည်။ ဓားကျမ်းကို ဖွင့်လိုက်သည့်အခါ မျက်နှာပြင်သည် မှန်ကဲ့သို့ တောက်ပနေပြီး ရှန့်ကျွင်းနှင့် မီလော့နန်းတော်မှ ခန်းမသခင်တစ်ဦးတို့၏ တိုက်ပွဲဖြစ်စဉ်ကို မှတ်တမ်းတင်ထား၏။
ရှန့်ကျွင်း ပန်းချီကားထဲသို့ ဝင်ရောက်သည့် အချိန်မှစ၍ ထိုအမျိုးသမီး၏ ခြေထောက်နှစ်ချောင်း ဖြတ်တောက်ခံရပြီး ပန်းချီကားထဲမှ ထွက်ပြေးလွတ်မြောက်သွားသည်အထိ ဖြစ်စဉ်တစ်ခုလုံးကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်သည်။
ရှန့်ကျွင်း၏ ဓားမသိုင်းကွက်များနှင့် ထိုအမျိုးသမီး တိုက်ခိုက်ခံရစဉ် ထုတ်ဖော်ခဲ့သော လမ်းစဉ်၊ ကျင့်စဥ်များနှင့် ကောင်းကင်နတ်သိုင်းများမှာ ပြိုင်ဘက်ကင်းအောင် ရှင်းလင်းပြတ်သားနေသည်။
“ရှန့်ကျွင်းရဲ့ အရှိန်နဲ့ဆိုရင် ဒီပုဂ္ဂိုလ်ကို လိုက်မမှီလောက်ဘူး”
ချင်မူ ဓားကျမ်းကို လိပ်လိုက်ရာ အလင်းစက်များအဖြစ်သို့ ပြောင်းလဲ၍ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ “ဒီအမျိုးသမီး ခန်းမသခင်ရဲ့ စွမ်းဆောင်ရည်တွေက သိပ်ကို မြင့်မားတယ်... သူသာ အပြည့်အဝ ဆင်းသက်လာပြီး ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရင် ရှန့်ကျွင်းက သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး... သူ ထွက်သွားချင်ရင် ရှန့်ကျွင်းလည်း သူ့ကို တားနိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် ငါ့ဆီကို ကျမ်းစာအုပ် ပို့ပြီး ဒီအမျိုးသမီးရဲ့ ကျင့်စဥ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ကြိုအသိပေးထားတာ... ပြီးတော့ သူက ဒီအမျိုးသမီးကို တာအိုဒဏ်ရာ ရစေခဲ့တဲ့ တိုက်ကွက် ထုတ်ပြခဲ့တယ်... ငါ အဲဒီတာအိုဒဏ်ရာကနေ ထွက်ပေါ်လာတဲ့ သတ်ဖြတ်ခြင်းတာအို တုန်ခါမှုတွေကို အခြေခံပြီး သူ့ကို ရှာလို့ရအောင်ပဲ”
ချင်မူသည် ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုနှင့် အလွန်တရာ ရင်းနှီး၏။ ထိုအမျိုးသမီး၏ တာအိုဒဏ်ရာမှာ အလွန်ပြင်းထန်သဖြင့် တာအိုဒဏ်ရာမှ ထွက်ပေါ်လာသည့် အသတ်အဖြတ်စိတ်ဆန္ဒမှာ ချင်မူ့အတွက် ညအမှောင်ထဲမှ ကြယ်တာရာပမာ ဖြစ်သည်။
“ဒီအမျိုးသမီးက မီလော့နန်းတော် ပလ္လင်ခန်းမ ၇၂ ခုထဲက ဟွမ်ရှီခန်းမသခင်မ ဖြစ်ရမယ်... သူ့ကို လွတ်သွားတာက နည်းနည်း ဒုက္ခများတယ်... သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ တာအိုဒဏ်ရာကို ပယ်ဖျောက်ဖို့ မလုံလောက်ပါစေ မျှော်လင့်ရမှာပဲ”
ချင်မူ၏ မျက်နှာသည် ပိုပို၍လေးနက်လာပြီး သူ၏အရှိန်ကလည်း ပိုမိုမြန်ဆန်လာသည်။ သူက လန်ယွီတျန်းရှိရာနေရာသို့ တိုက်ရိုက်ဦးတည်နေ၏။ “ငါ တွေ့ခဲ့တာက ချူကောခန်းမသခင်၊ ရှန့်ကျွင်းတွေ့တာက ဟွမ်ရှီခန်းမသခင်၊ ဒါဆိုရင် လန်ယွီတျန်း ရင်ဆိုင်နေရတဲ့သူကလည်း မီလော့နန်းတော်က ခန်းမသခင်ပဲ ဖြစ်ရမယ်... ဒီတစ်ခါ ညီလေး အန္တရာယ်ရှိနေပြီ”
မီလော့နန်းတော် တာအိုသိုင်းပညာရှင်သုံးဦးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရာတွင် အားအနည်းဆုံးမှာ လန်ယွီတျန်း ဖြစ်သည်။
ဟွမ်ရှီခန်းမသခင်မှာ ဒဏ်ရာဖြင့် လွတ်သွားသည့်အပြင် ချူကောခန်းမသခင်သေဆုံးခြင်းက လန်ယွီတျန်းနှင့် တိုက်ခိုက်နေသော ထိုတာအိုသိုင်းပညာရှင်ကို မလွဲမသွေ ထိတ်လန့်စေလိမ့်မည်။
လန်ယွီတျန်းသာ ထိုသူကို အသက်ရှင်လျက် ဖမ်းလိုပါက သေချာပေါက် အသတ်ခံရပေလိမ့်မည်။
ဤတစ်ခေါက် ဆင်းသက်လာသူများ၌ အများဆုံးအနေဖြင့် ခန်းမသခင်အဆင့်တစ်ဦးသာ ပါ၀င်ပြီး အခြားနှစ်ဦးမှာ သာမန်တာအိုသိုင်းပညာရှင်များသာ ဖြစ်လိမ့်သည်ဟု ချင်မူ ထင်ခဲ့မိသည်။ သခင်လေးသုံးနှင့် သခင်လေးလေးတို့က ခန်းမသခင်သုံးပါးကို တစ်ပြိုင်နက် စေလွှတ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ခန်းမသခင်အဆင့်သည် လန်ယွီတျန်း ရင်ဆိုင်နိုင်မည့် အရာမဟုတ်ချေ။
ချင်မူ ကျောက်စိမ်းမြို့တော်ထောင်ချောက်မှ လွတ်မြောက်ခဲ့တုန်းက ပလ္လင်ခန်းမ ၇၂ ခုမှ ခန်းမသခင်များ၏ ဝိုင်းရံတိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ ဟွမ်ရှီခန်းမသခင်မနှင့် ချူကောခန်းမသခင်တို့ကိုလည်း သူ မြင်တွေ့ခဲ့ဖူးသည်။
“ညီလေးကို မနိုင်ရင် ထွက်ပြေးဖို့ ပြောဖို့ မေ့သွားတယ်”
ချင်မူမှာ ခန္ဓာကိုယ်ပေါ်မှ တာအိုဒဏ်ရာကို ကုသရန် အာရုံမစိုက်နိုင်ချေ။ သူ၏ အရှိန်က ပိုပို၍ မြန်ဆန်လာပြီး အားကုန်သုံး၍ ပြေးနေသည်။ အန္တိမဟင်းလင်းပြင်ဖြစ်စေ၊ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းဖြစ်စေ၊ ထော့ကျိုး၏ အပြေးသိုင်းဖြစ်စေ အားလုံးကို အမြင့်ဆုံးအထိ အသက်သွင်းထားရင်း ကမ္ဘာဦးဘုံနယ်စပ်ရှိ ဘီးပျံခံတပ်သို့ ဦးတည်သွားနေသည်။
သူ၏အရှိန်က ထိပ်ဆုံးအထိ မြင့်တက်သွားပြီ ဘီးပျံခံတပ်နှင့် ပိုပို၍ နီးကပ်လာ၏။ ရုတ်တရက် ရှန့်ကျွင်း၏ အန္တိမအသတ်အဖြတ်စိတ်ဆန္ဒ နေရာတစ်ခုမှ ထွက်ပေါ်လာသည်ကို အာရုံခံလိုက်မိသည်။ သူ၏ နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွား၏။ “ဟွမ်ရှီခန်းမသခင်”
ဟွမ်ရှီခန်းမသခင်မှာ ရှန့်ကျွင်း၏ ချုံခိုတိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ ဘီးပျံခံတပ်သို့ ဦးစွာသွားရောက်၍ လန်ယွီတျန်းကို ရင်ဆိုင်နေသော ထိုခန်းမသခင်နှင့် ပူးပေါင်းမည်မှာ အသေအချာပင်။
“သွား”
ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံး ပွင့်လာပြီး ကမ္ဘာဦးဖရိုဖရဲတာအိုအလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။