← Chapters

သူရဲကောင်းဆန်ဆန် အမြစ်ဖြတ်ပစ်

Vol. 135 Ch. 1745

သူရဲကောင်းဆန်ဆန် အမြစ်ဖြတ်ပစ်

Vol. 135 Ch. 1745

ဟွမ်ရှီခန်းမသခင်မသည် ကျန်ရှိခဲ့သည့် အပေါ်ပိုင်းခန္ဓာကိုယ်ဖြင့် အရှိန်တင် ပျံသန်းနေ၏။ ရှန့်ကျွင်းက ကောက်ကာငင်ကာ ရောက်လာခဲ့ပြီး ပန်းချီကားထဲသို့ ဝင်၍ တိုက်ခိုက်ခဲ့ရာ သူမအနေဖြင့် တာအိုသစ်ပင်နှင့် တာအိုသစ်သီးကို ယူ၍ ထွက်ပြေးရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ချေ။ ရှန့်ကျွင်း၏ လက်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရခဲ့သည်သာမက ခြေထောက်နှစ်ချောင်းလည်း ဖြတ်တောက်ခံခဲ့ရသည်။

အစက အနီးဆုံးရှိ ချူကောခန်းမသခင်ကို သွားရောက်ရှာဖွေရန် ကြံစည်ခဲ့သော်လည်း သူမ မရောက်ခင်မှာပင် ချူကောခန်းမသခင်မှာ သေဆုံးသွားခဲ့ရသည်။ ထို့ကြောင့် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ချန်ဖုန်းခန်းမသခင်ကို သွားတွေ့ရန် ပြင်ခဲ့လေသည်။

ပျံသန်းနေစဉ် ကမ္ဘာဦးဖရိုဖရဲတာအိုအလင်းတန်းတစ်တန်း ပျံသန်းလာရာ ဟွမ်ရှီခန်းမသခင်မ အံ့ဩထိတ်လန့်သွားမိသည်။ ရှန့်ကျွင်း၏ လက်ချက်ဖြင့် ဒဏ်ရာရထားသည့်အလျောက် ခဲမှန်ဖူးသော စာသူငယ်ပမာ ရင်တထိတ်ထိတ် ဖြစ်နေရသည်။ အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း ကမ္ဘာဦးဖရိုဖရဲ တာအိုအလင်းတန်းက လေထဲတွင် ပြန်လှည့်၍ သူမအနောက်သို့ လိုက်လာချေပြီ။

“သခင်လေးခုနစ်”

ဟွမ်ရှီခန်းမသခင် ကြက်သီးမွေးညင်းများ ထသွားသည်။ ချင်မူ ချူကောခန်းမသခင်အား သတ်ဖြတ်ခဲ့သည်ကို သူမ သိထားသည်။ လက်ရှိအချိန်တွင် သူမအနေဖြင့် ၁၇ စင်းမြောက် စကြဝဠာသို့ အပြည့်အဝ မဆင်းသက်ရသေးချေ။ တစ်စိတ်တစ်ပိုင်းသည် ၁၆ စင်းမြောက် စကြဝဠာ၏ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် ကျန်ရှိနေသေး၏။ ထို့ကြောင့် ချူကောခန်းမသခင် သခင်လေးခုနစ်ချင်မူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိထားခြင်း ဖြစ်သည်။

ချင်မူ၏ ကမ္ဘာဦးဖရိုဖရဲ တာအိုအလင်းတန်းတွင် စွမ်းအားသိပ်မပါသယောင် ထင်ရသော်လည်း သူမမှာ ထိပ်တိုက်မရင်ဆိုင်ရဲ‌ချေ။ ချန်ဖုန်းခန်းမသခင်အား သွားတွေ့မည့် အကြံကို စွန့်လွှတ်ကာ ချက်ချင်းပင် ဘိုးဘေးနန်းတော်သို့ သုတ်ချေတင်တော့သည်။

‘ချန်ဖုန်းလည်း သခင်လေးခုနစ် ချူကောခန်းမသခင်ကို သတ်ဖြတ်ခဲ့တဲ့ သတင်းကို ရပြီးလောက်ပြီ… သူ ဆက်နေမှာမဟုတ်ဘူး… ငါ သူနဲ့ ပူးပေါင်းစရာ မလိုတော့ဘူး… ဘိုးဘေးနန်းတော်ကိုပဲ တန်းပြန်တော့မယ် … အဲ့ဒီကိုရောက်ရင် ဘေးကင်းသွားပြီ”

သူမသည် အလွန်မြန်ဆန်သည့်အပြင် မှော်စွမ်းအင်အား အသက်သွင်းလိုက်သေး၏။ ထိုအခါ နေရာဟင်းလင်းပြင်မှာ အလွှာလိုက်ခေါက်သွားပြီး သူမအား ကောင်းကင်အား ခွင်းလျက် ထွက်သွားစေနိုင်သည်။

ချင်မူ၏ ကမ္ဘာဦးဖရိုဖရဲ တာအိုအလင်းတန်းမှာလည်း သူမနှင့်အတူ ပျောက်ကွယ်သွားသည်။

ဟွမ်ရှီခန်းမသခင်သည် ကြယ်တာရာကောင်းကင်ကို ခေါက်၍ ပြေးနေသောကြောင့် မြန်သထက် မြန်လာသည်။

ခန်းမသခင် ၇၂ ပါးအနက် တစ်ဦးချင်းစီတွင် ထူးခြားသော ကောင်းကင်နတ်သိုင်းများ ပိုင်ဆိုင်ကြသည်။ ဟွမ်ရှီခန်းမသခင်သည် နေရာဟင်းလင်းပြင်တာအို ကျင့်ကြံထားသောကြောင့် စကြဝဠာအနှံ့သို့ အလွယ်တကူ ရောက်ရှိနိုင်၏။ သို့သော် ဘိုးဘေးနန်းတော်မှာ အင်မတန် ဝေးကွာလွန်းသည်။ သူမ၏ စွမ်းဆောင်ရည်တို့က အံ့မခန်းဖြစ်သည့်တိုင် ရက်အနည်းငယ်ကြာမှသာ ရောက်နိုင်ပေလိမ့်မည်။

တာအိုအလင်းတန်းကလည်း အနောက်မှ အမြဲကပ်လိုက်လာသောကြောင့် သူမမှာ အံ့အားသင့်‌နေမိသည်။ မည်မျှပင်မြန်ဆန်သည် ဖြစ်စေ မျက်ခြေမဖြတ်နိုင်ချေ။

ဟွမ်ရှီခန်းမသခင်မှာ ထိတ်ပျာလာတော့သည်။ “သခင်လေးခုနစ်ရဲ့ ကောင်းကင်နတ်သိုင်းတွေက တော်တော်မြန်တာပဲ…. ငါ ဘိုးဘေးနန်းတော်ကို မရောက်ခင် သူ့ကောင်းကင်နတ်သိုင်းက မှီလာလိမ့်မယ်… ပိုအရေးကြီးတာက သူ ကောင်းကင်နတ်သိုင်း ဘယ်နှကွက် ထုတ်လွှတ်ထားလဲ ငါမသိဘူး.. ရပ်ပြီး သူ့ရဲ့ ဒီတိုက်ကွက်ကို ရင်ဆိုင်လိုက်လို့ အနောက်မှာ ကောင်းကင်နတ်သိုင်း ရာနဲ့ချီ ရှိနေရင် ငါ သေရမှာ မဟုတ်လား”

သူမ၏ အမြန်နှုန်းမှာ တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းပေသည်။ ထိုသို့မဟုတ်လျှင် ရှန့်ကျွင်းက သူမကို လိုက်လံတိုက်ခိုက်ရန် လက်လျှော့မည် မဟုတ်ပေ။

ရှန့်ကျွင်းက သူမ၏ အမြန်နှုန်းကို သတိထားမိပြီး သူ ဘယ်တော့မှ လိုက်မှီနိုင်မည်မဟုတ်ကြောင်း သိခဲ့သည်။ ထို့ကြောင့် အလုပ်ဆက်လုပ်၍ ငွေရှာရန် စက်ရုံသို့သာ ပြန်သွားခြင်းပင်။

သို့သော် ချင်မူ၏ ကမ္ဘာဦးဖရိုဖရဲ တာအိုအလင်းတန်းက‌တော့ သူမ၏ အမြန်နှုန်းအောက် မနိမ့်ကျရုံသာမက ကျော်လွန်နေသေးရာ ဟွမ်ရှီခန်းမသခင်ကို ထိတ်လန့်အံ့ဩနေစေသည်။

“ငါက နေရာဟင်းလင်းပြင်နဲ့ တာအို ရခဲ့တာ…. ထွက်သွားချင်ရင် ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး… သခင်လေးခုနစ်ရဲ့ ကောင်းကင်နတ်သိုင်းတွေကလည်း ငါ့ကို မမီနိုင်ဘူး… ဧကန္တ… ”

အတွေးတစ်ချက်ဖြင့် တာအိုသစ်ပင် ထွက်ပေါ်လာကာ သစ်ရွက်တစ်ရွက် ကြွေကျပျံသန်းသွားသည်။ ထိုသစ်ရွက်သည် ကြယ်တာရာကောင်းကင်ထဲတွင် လွင့်မျောနေပြီး‌နောက် ရုတ်တရက် ဟွမ်ရှီခန်းမသခင်အသွင် ဖွဲ့တည်ကာ ကမ္ဘာဦးဖရိုဖရဲ တာအိုအလင်းတန်းကို ရင်ဆိုင်လိုက်သည်။

ရှပ်

ကမ္ဘာဦးဖရိုဖရဲ တာအိုအလင်းတန်းက သစ်ရွက်မှ ပြောင်းလဲလာသော ဟွမ်ရှီခန်းမသခင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

“အသိစိတ်အလျဉ်ပဲ”

ဟွမ်ရှီခန်းမသခင်မ ကြောင်အသွားပြီး တုံ့ခနဲ ရပ်လိုက်သည်။

သူမ ဖန်ဆင်းထားသော ခန္ဓာကိုယ်အတုသည် ဤတိုက်ခိုက်မှုကြောင့် စိစိညက်ညက် ကြေသွားပြီး မူလဝိညာဉ် ဖျက်ဆီးခံလိုက်ရသည်ကို တွေ့လိုက်ရ၏။ တာအိုသစ်ပင်လည်း ခုတ်ပိုင်းခံရကာ အရာအားလုံး ပျောက်ကွယ်သွားလေသည်။

သို့သော် သူမမှာ အကောင်းပကတိအတိုင်း အသက်ရှင်နေသေးကြောင်း ခံစားလိုက်ရသည်။

ဤသည်မှာ အသိစိတ်အလျဉ်၏ လှည့်ကွက်ပင်ဖြစ်သည်။

အမှန်တွင် ချင်မူ၏ ကမ္ဘာဦးဖရိုဖရဲ တာအိုအလင်းတန်းက မီလော့နန်းတော်၏ ကမ္ဘာဦးဖရိုဖရဲ ကောင်းကင်နတ်သိုင်း မဟုတ်ချေ။ ကမ္ဘာဦးဖရိုဖရဲ ကောင်းကင်နတ်သိုင်းဟု ဆိုနိုင်သော်လည်း အသိစိတ်အလျဉ်ဖြင့် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ ဖွဲ့စည်းကာ တည်ဆောက်ထားသော အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းပင် ဖြစ်သည်။

ဟွမ်ရှီခန်းမသခင်မှာ ကမ္ဘာဦးဖရို ဖရဲတာအိုအလင်းတန်းကို မြင်သည့်အချိန်မှာပင် ထောင်ချောက်မိသွားခဲ့ရ၏။

သို့သော် ဤကောင်းကင်နတ်သိုင်းက သူမကို ဒဏ်ရာရစေရန်လည်း မဟုတ်၊ သတ်ဖြတ်ရန်လည်း မဟုတ်ချေ။ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်များ ဖန်တီး၍ သူမကို ခြောက်လှန့်ခြင်းဖြင့် ချန်ဖုန်းခန်းမသခင်နှင့် မပူးပေါင်းနိုင်စေရန် ရည်ရွယ်သည်။

‘သခင်လေးခုနစ်က ငါနဲ့ ချန်ဖုန်းကို တစ်ပြိုင်တည်း ရင်ဆိုင်ဖို့ လုံလောက်တဲ့ ယုံကြည်ချက် မရှိဘူး… ဒါကြောင့် အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းနဲ့ ငါ့ကို ခြောက်လှန့်ခဲ့တာ…. ဒါဆို ချန်ဖုန်းကို သတ်ဖြတ်နိုင်လိမ့်မယ်”

အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းမှာ သူမကဲ့သို ပုဂ္ဂိုလ်တစ်ဦးအတွက် ကလေးကစားစရာမျှသာ ဖြစ်သည်။ သူမသည် အလွန်ရှေးကျသည့်အတွက် အသိစိတ်အလျဉ် မဟာတာအိုမဆိုထားနှင့်၊ ပြီးပြည့်စုံသော ထိုက်ငါးပါးမဟာတာအိုကိုပင် မြင်တွေ့ခဲ့ဖူး၏။

သူမလို ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်အနေဖြင့် ဤမျှ အလွယ်တကူ ထောင်ချောက်မမိသင့်ချေ။ သို့သော် ရှန့်ကျွင်း၏ လက်ချက်ကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့သည့်အပြင် ချူကောခန်းမသခင်ကဲ့သို့ အင်အားကြီးမားသော ပုဂ္ဂိုလ်ပင်လျှင် ချင်မူ၏လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း ကြားသိခဲ့ရသဖြင့် ချင်မူ့တိုက်ကွက်ကို တွေးကြောက်မိခဲ့သည်။

ဟွမ်ရှီခန်းမသခင်မက ဤအချက်ကို နားလည်သွားသည်နှင့် ချက်ချင်းပင် သူမ၏ မဟာတာအိုကို အာရုံခံလိုက်၏။ ထို့နောက် မှော်စွမ်းအင်ကို အသက်သွင်းကာ ချင်မူ၏အသိစိတ်အလျဉ်ကို ဖျက်ဆီးလိုက်သည်။

ဝုန်း….

ကောင်းကင်နှင့် မြေကြီး ခွဲထွက်‌သွားစေနိုင်သကဲ့သို့ ကျယ်လောင်‌လှသော အသံကြီးက သူမ၏စိတ်ထဲတွင် မြည်ဟီးသွားသည်။ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်း ဖျက်ဆီးခံရလိုက်ရသည့်အချိန်တွင် သူမအရှေ့မှ ထူးဆန်းသော မြင်ကွင်းများ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူမ၏ ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ တာအိုသစ်ပင်နှင့် တာအိုသစ်သီးတို့မှာ မည်သည့်ထိခိုက်မှုမှမရှိဘဲ ရှိနေဆဲပင်။

‘ဒါဆို ချန်ဖုန်းနဲ့အတူ သခင်လေးခုနစ်ကို ရင်ဆိုင်ဖို့ ပြန်သွားသင့်လား’

ဟွမ်ရှီခန်းမသခင် တွေဝေ‌နေသည်။ သူမသည် ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်နေပြီဖြစ်သဖြင့် ကမ္ဘာဦးဘုံမှ ဝေးကွာနေချေပြီ။ ဤအချိန်မှ ပြန်သွားပါက နောက်ကျကောင်း နောက်ကျနေပေလိမ့်မည်။

ချန်ဖုန်းခန်းမသခင် မသေသေးလျှင် သူမ ပြန်သွားပါက ချန်ဖုန်းခန်းမသခင်နှင့် ပူးပေါင်း၍ ချင်မူကို တိုက်ထုတ်နိုင်သည့် အခွင့်အရေး မြင့်မားကြောင်း သိသော်လည်း အကယ်၍ ဆိုသည့် အတွေးများက ကြီးစိုးနေသည်။

အကယ်၍ ချန်ဖုန်းခန်းမသခင်မှာ ချင်မူ့လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဆိုလျှင်‌ရော။ သူမ ပြန်သွားပါက ထောင်ချောက်ထဲ တည့်တည့်၀င် တိုးနေသည်နှင့် တူလိမ့်မည် မဟုတ်ပါလော။

‘ငါတို့ခန်းမသခင်သုံးပါးက ၁၇ စင်းမြောက် စကြဝဠာဆီ ဆင်းသက်ပြီး မီလော့နန်းတော် သခင်လေးနှစ်ပါးနဲ့ တခြားခန်းမသခင်တွေ ဆင်းသက်လာနိုင်အောင် အကောင်အထည်ဖော်ဖို့ အမိန့်ပေးခံထားရတာ… ဒီပန်းတိုင်က သိပ်အရေးကြီးတယ်’

ဟွမ်ရှီခန်းမသခင် ဖြတ်ခနဲ ထွက်ခွာသွားပြီး စိတ်ထဲမှ တွေးနေသည်။ ‘တာအိုမိတ်ဆွေချန်ဖုန်း၊ ငါက သေမှာ ကြောက်လို့ နင့်ကို မကယ်ချင်တာ မဟုတ်ပါဘူး… နင့်ကို ကယ်ဖို့က စွန့်စားရာကျတယ်…. မီလော့နန်းတော် ဆင်းသက်လာမယ့် မဟာအစီအစဉ်ကြီးအတွက် နင့်ကိုပဲ စတေးရတော့မယ်…”

ချင်မူ ဘီးပျံခံတပ်သို့ ရောက်လာသည့်အခါ ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ ရှုပ်ပွနေသည်။ လောကပေါင်းကူးရွှေသင်္ဘောသည် ယန်ယွင်ရှီနှင့် ပိုင်ယွီကျင့် ချန်ထားခဲ့သော အပျက်အစီးများကို ၀င်တိုက်လျက် တတိယမြောက် ခန်းမသခင်ကို နင်းခြေကာ ကမ္ဘာဦးဘုံမှ ထွက်ခွာပြီး ကြယ်တာရာကောင်းကင်သို့ ရောက်သွားခဲ့၏။

ချင်မူလည်း လောကပေါင်းကူးရွှေသင်္ဘော၏ အရှိန်အဝါကို အာရုံခံရင်း ကျန်ရစ်ခဲ့သော စွပ်ကြောင်းကြီးအတိုင်း ကြယ်တာရာကောင်းကင်ဆီ လျှောက်သွားသည်။ ‘’ခုနက ဟွမ်ရှီခန်းမသခင်ရဲ့ စွမ်းဆောင်‌ရည်တွေက သိပ်မြင့်မားတယ်…. သူ့အမြန်နှုန်းက ပြိုင်ဘက်ကင်းပဲ…. ငါ့ထက်တောင် မြန်သေးတယ်… သူက ကောင်းကင်နတ်အရှင်ယွဲ့လို နေရာဟင်းလင်းပြင်တာအိုကို ကျင့်ကြံတာ… ဒါပေမဲ့ အခြေခံမှာ ကောင်းကင်နတ်အရှင်ယွဲ့ထက် အများကြီး အားကောင်းတယ်…. ဒီလိုပုဂ္ဂိုလ်မျိုးက သိပ်အန္တရာယ်များတယ်…”

ကြယ်တာရာ‌ကောင်းကင်ထဲတွင် လောကပေါင်းကူးရွှေသင်္ဘောမှာ မရေမတွက်နိုင်သော အမြစ်များဖြင့် ရစ်ပတ်ချည်နှောင်ခံထားရသည်။ ထိုအမြစ်များက နဂါးများသဖွယ် ရွှေသင်္ဘောမျက်နှာပြင်ပေါ်သို့ တွယ်တက်နေကြ၏။ အချို့အမြစ်များဆိုလျှင် ရွှေသင်္ဘောပေါ်ရှိ နန်းတော်များကိုပင် ထိုးဖောက်ဝင်ရောက်နေပြီး အလွန်တရာ ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်နေစေတော့သည်။

ချန်ဖုန်းခန်းမသခင်၏ စွမ်းအားသည် အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ဧရာမဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ခြေထောက်အောက်ရှိ အမြစ်များက လေထဲတွင် ပျံဝဲနေသည်။ အမြစ်တချို့သည် ရွှေသင်္ဘောပေါ်တွင် ရစ်ပတ်ထားပြီး တချို့က ကြယ်တာရာများကို ရစ်ပတ်လျက် ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေ၏။ သူက ဧရာမခန္ဓာကိုယ်ကို သယ်ရင်း ဘိုးဘေးနန်းတော်သို့ ဦးတည်နေသည်။

လောကပေါင်းကူးရွှေသင်္ဘောက ပိုပို၍ သူ၏ခြေလှမ်းများကို နှေးကွေးနေစေသည်။

သို့သော် သူ့မှာ အမြစ်များကို သင်္ဘောပေါ်မှ ဆွဲမယူနိုင်ချေ။ သူနှင့် လန်ယွီတျန်းတို့၏ တိုက်ပွဲမှာ အတော်လေး ပြင်းထန်ဆိုးရွားသည်။ သနားကမားအသွင်ဖြင့် ထိုလူငယ်မှာ အားအကုန်သုံး၍ တိုက်ခိုက်နေသည်။ သူ လန်ယွီတျန်း တစ်ယောက်ကို သတ်လျှင် ဖန်ဆင်းခြင်း ကောင်းကင်လက်နက်ဖြင့် ပြုလုပ်ထားသော လူအသွင်ကောင်းကင်လက်နက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နောက်တစ်ယောက်ကို သတ်လိုက်သည့်အခါတွင်လည်း ကောင်းကင်လက်နက်ပင် ဖြစ်နေပြန်၏။

သင်္ဘောဦးရှိ လန်ယွီတျန်း ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပြီးသည့်တိုင် လန်ယွီတျန်း၏ ခန္ဓာကိုယ်အစစ်အမှန် မည်သည့်နေရာတွင် ရှိသည်လဲ ရှာမတွေ့ခဲ့ချေ။

ထိုအချိန်တွင် ချန်ဖုန်းခန်းမသခင်မှာ ချူကောခန်းမသခင် သေဆုံးသွားသည်ကို အာရုံခံလိုက်မိပြီး စိတ်အာရုံပျက်ပြားသွားသည်။ ထို့ကြောင့် သတ်ရခက်သော လန်ယွီတျန်းနှင့် မတိုက်ခိုက်တော့ဘဲ ထွက်ခွာလိုက်သည်။ မမျှော်လင့်ဖွယ်ကောင်းစွာနှင့် လောကပေါင်းကူးရွှေသင်္ဘောသည် နောက်တစ်ကြိမ် အရှိန်မြှင့်လာပြီး သူ၏အနောက်မှ ဝင်တိုက်၍ အပျက်အစီးများထဲ လဲကျသွားစေ၏။

ချန်ဖုန်းခန်းမသခင်မှာ လန်ယွီတျန်း ပုန်းအောင်းနေသည့်နေရာကို ရှာမတွေ့သဖြင့် ရွှေသင်္ဘောကို စွန့်ပစ်ကာ နောက်တစ်ကြိမ် ခရီးဆက်ရတော့သည်။

သို့သော် ရွှေသင်္ဘောသည် သူ၏နောက်မှ ထပ်မံဝင်တိုက်လာပြီး သင်္ဘောအောက်တွင် ဖိပြန်သည်။ တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် မပြောပလောက်သော်လည်း ဤရွှေသင်္ဘောကား ဇွဲမလျှော့ဘဲ လိုက်လံတိုက်ခိုက်‌နေ၏။ တိုက်ခိုက်မှုတိုင်းက အလွန်လေးလံသဖြင့် သူ့ကို ဒေါသထွက်စေသည်။ ထို့ကြောင့် မရေမတွက်နိုင်သော အမြစ်များ ပျံထွက်သွားပြီး ရွှေသင်္ဘောပေါ်မှ နန်းတော်များထဲသို့ ထိုးဖောက်ဝင်ရောက်ရင်း ပြုံးရွှင်နေသော ဖက်တီးပုတ်လေး၏ တည်နေရာကို ရှာဖွေနေခြင်းပင်။

ဖက်တီးပုတ်လေးကို ရှာမတွေ့သော်လည်း သူ၏ အမြစ်များ နန်းတော်တစ်ခုသို့ ဝင်ရောက်သွားတိုင်း ဤရွှေသင်္ဘောမှာ ပိုပိုကြီးလာပြီး ကုန်းပတ်ပေါ်တွင် ရွှေနန်းတော်တစ်ခု ထပ်တိုးလာသည်ကို ထိတ်လန့်စွာဖြင့် တွေ့လိုက်ရသည်။

သူ အမြစ်များ ပိုမိုခွဲထုတ်ပြီး နန်းတော်များထဲ ဝင်ရောက်လေလေ ရွှေနန်းတော်များ၏ အရေအတွက်မှာ အဆုံးမရှိသည့်အလား တိုးပွားလာပြီး ရွှေသင်္ဘောမှာလည်း ပိုပို၍ ကြီးမားလာသည်။

ပို၍ ဒေါသထွက်စရာကောင်းသည်မှာ ပြုံးရွှင်နေသော ဖက်တီးပုတ်လေးသည် နန်းတော်တစ်ခုပြီးတစ်ခုတွင် ပေါ်ထွက်လာပြီး ထူးဆန်းသော သင်္ကေတများဖြင့် သူ၏ အမြစ်များကို တစ်ခုပြီးတစ်ခု ချိတ်ပိတ်နေသည်။ ထို့ကြောင့် သူ့မှာ အမြစ်များကို ပြန်မရုတ်သိမ်းနိုင် ဖြစ်နေခြင်းပင်။

သူ ဤတစ်ကြိမ် ဆင်းသက်လာသည့်အခါ အမြစ်တချို့သာ ဆင်းသက်လာနိုင်ခဲ့သည်။ အမြစ်မရှိသော သစ်ပင်သည် သေဆုံးနိုင်သဖြင့် ဤအမြစ်များကို သူ စွန့်လွှတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထောင်ချောက်မိသွားကြောင်း သိသော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ လောကပေါင်းကူးရွှေသင်္ဘောကို ဆွဲယူခရီးဆက်ကာ ချင်မူ မရှာတွေ့နိုင်ခင် ဘိုးဘေးနန်းတော်သို့ ရောက်အောင် မျှော်လင့်နေရ၏။

သို့သော် ဤမျှကြီးမားသော ရွှေသင်္ဘောတစ်စင်းကို ဆွဲယူရင်း ကြယ်တာရာကောင်းကင်တွင် ခရီးဆက်ရန်မှာ အလွန်ပင်ပန်းလှသည်။ သူ့မှာ စိတ်ထဲတွင် ညည်းညူနေမိသည်။

သူသည် ကျောက်စိမ်းမြို့တော် ပလ္လင်ခန်းမ ၇၂ ခုမှ ခန်းမသခင် ဖြစ်ပြီး ဤရွှေသင်္ဘောကဲ့သို့သော နတ်ပစ္စည်းမျိုးကို မြင်ဖူးချေသည်။ လောကပေါင်းကူးရွှေသင်္ဘောနှင့် ပတ်သက်သော ကောလာဟလများကိုလည်း အခြားတာအိုသိုင်းပညာရှင်များထံမှ ကြားဖူးသည်။

သို့သော် လောကပေါင်းကူးရွှေသင်္ဘောမှာ မီလော့နန်းတော်အရှင်သခင်၏ ရတနာဖြစ်ပြီး ပျက်စီးနေသဖြင့် မည်သူမျှ သင်္ဘောပေါ်သို့ တက်၍ မစူးစမ်းရဲပေ။ ထို့ကြောင့် လောကပေါင်းကူးရွှေသင်္ဘော၏ နက်နဲမှုများကို သူ သိပ်မသိ၍ လန်ယွီတျန်း၏ လက်ချက်ဖြင့် ပိတ်မိနေခြင်းပင်။

“ဒီကောင်လေးက ဘယ်က လာတာများလဲ… ဒီလောက်ရက်စက်တဲ့ နည်းလမ်းနဲ့ ငါ့ကို ပိတ်လှောင်ထားတယ်”

ချန်ဖုန်းခန်းမသခင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ “အရင်တုန်းက သူ သခင်လေးခုနစ်ကို အစ်ကိုကြီးလို့ ခေါ်ခဲ့တယ်… သခင်လေးခုနစ်ရဲ့ ညီများလား… ဒါကြောင့်ကိုး… မျိုးရိုးလိုက်တာပဲ”

သူ့မှာ ရွှေသင်္ဘောကို အားကုန်ဆွဲယူ‌နေရသောကြောင့် ခြေထောက်အောက်မှ အမြစ်များသည်ပင် ရှည်ထွက်နေချေပြီ။ အမြစ်များက ရှေ့မှ နေတစ်စင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ကျန်အမြစ်များမှာ ဟင်းလင်းပြင်တွင် အမြစ်စိုက်၍ ဟင်းလင်းပြင်အလွှာ ၃၆ လွှာကို ထိုးဖောက်သွားသည်။ ယင်းတို့က သူ့ခန္ဓာကိုယ်ကို ဆွဲယူပြီး ထိုနေလုံးဆီသို့ ချဉ်းကပ်သွားနေသည်။

တာအိုသိုင်းပညာရှင်တို့၏ စွမ်းအားမှာ အဆုံးမရှိပေ။ ချန်ဖုန်းခန်းမသခင်မှာ နတ်သစ်ပင်ဖြင့် တာအိုရရှိခဲ့သော်လည်း ဤမျှလောက် ဒုက္ခခံစရာ မလိုချေ။ သို့သော် လန်ယွီတျန်းမှာ ကောက်ကျစ်လွန်း၏။ သူ၏ပြိုင်ဘက် လုံးဝမဟုတ်သော်လည်း ဤကဲ့သို့သော ထူးဆန်းသည့် နည်းလမ်းဖြင့် သူ့ကို ပိတ်လှောင်‌ထားချေသည်။

“ခင်ဗျား သူရဲကောင်းဆန်ဆန် အမြစ်ကို ဖြတ်တောက်သင့်တယ်”

ရုတ်တရက် အသံတစ်သံသည် ချန်ဖုန်းခန်းမသခင်၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ဝင်ရောက်လာ၏။

ချန်ဖုန်းခန်းမသခင်မှာ ထိတ်လန့်သွားပြီး ကပျာကယာ မော့ကြည့်လိုက်သည်။ ဟင်းလင်းပြင် ၃၆ လွှာမှာ ပုံပျက်နေပြီး ကွင်းတစ်ကွင်းအဖြစ် ဖြစ်တည်နေသည်ကို တွေ့လိုက်ရ၏။ သူ့အရှေ့မှ နေလုံးပင်လျှင် ပျံတက်သွားပြီး ထိုကွင်းထဲသို့ ကျရောက်သွားသည်။

နေက တောက်ပနေပြီး ဟင်းလင်းပြင်ကွင်း ၃၆ ကွင်းကလည်း ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေသည်။ အလင်းတန်းတို့သည် တဖြည်းဖြည်း သေးငယ်မှေးမှိန်သွားကာ နားထင်တွင် ဆံပင်ဖြူနေသည့် လူငယ်တစ်ဦး၏ ဦးခေါင်းနောက်တွင် ရစ်ဝဲနေကြ၏။

“သူရဲကောင်းဆန်ဆန် အမြစ်ကို ဖြတ်တောက်လိုက်ရင် ခင်ဗျားမှာ အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ်”

All Chapters