← Chapters

ပြိတ္တာဧကရာဇ်၏ အစီအစဉ်

Vol. 6 Ch. 71

ပြိတ္တာဧကရာဇ်၏ အစီအစဉ်

Vol. 6 Ch. 71

“ရှင်းပြစမ်း … နင်တို့ ထောင်ချောက်ဆင်ပြီး စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေကို ဖျားယောင်းဖို့ ဘာအတွက်ကြောင့် စီစဉ်ရတာလဲ …” ရှောင်းဟုန်က ဖြည်းညင်းစွာ မေးသည်။

သူမစကား ပြောသည့်အခါတွင် သူမ၏ စကားလုံးများသည် ဩဇာအပြည့်နှင့် ဖြစ်သည်။ ထိုစကားလုံး များသည် လွှမ်းမိုးနိုင်စွမ်းရှိပြီး သူမ၏ တောင်းဆိုချက် အားလုံးကို လိုက်လျော ပေးနိုင်လောက်အောင် ညှို့ယူအား ကောင်းသည့် စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသလိုပင်။

ပြိတ္တာဘုရင်သည် အသိစိတ် ကင်းမဲ့သည့် အခြေအနေတွင် ရောက်ရှိနေသည်။ သူ့မျက်လုံးများက ငေးငိုင်နေကာ အမူအရာက အသက်မဲ့လျက် ရှိသည်။

သူ့ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီးနောက် “စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေကို ဒီနေရာကို သွေးဆောင်ရတဲ့ ရည်ရွယ်ချက်က ပြိတ္တာဧကရာဇ် အရှင်ရဲ့ သွေးတံဆိပ်တော်ကို အသက်သွင်းဖို့ပဲ … သွေးတံဆိပ်တော်ကို အပြည့်အဝ အသက်သွင်းနိုင်ဖို့ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် လူသား ကျင့်ကြံသူတွေကို ယစ်ပူဇော်ဖို့ လိုအပ်တယ် …”

ပြိတ္တာဘုရင် ပြောသည့်စကားကို ကြားလိုက်သည့်အခါတွင် သူတို့အားလုံး နားလည်သွားကြပြီ ဖြစ်သည်။ ပြိတ္တာဧကရာဇ်သည် ယခု ထောင်ချောက်ဆင်ရာတွင် ပြဿနာများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ အကြောင်းမှာ ပြိတ္တာဧကရာဇ်သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများကို ဖမ်းဆီးကာ သူ၏ မှော်လက်နက်အား သန့်စင်ရာတွင် ယစ်ပူဇော် လိုသည်ကြောင့်ပင်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် အလွန်နည်းပါးသည့် အတွက် သူတို့၏ တည်ရှိမှုအား ရှာဖွေရန် ခက်ခဲသည်။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများအား ရှာဖွေဖမ်းဆီးရန် ကြိုးစားခြင်းသည် အလွန်တရာ ခက်ခဲလွန်းလှသည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများအား တစ္ဆေဘုရင်နှင့် ထောင်ဖမ်းရန် ကြိုးစားခြင်းမှာ ပြိတ္တာဧကရာဇ်၏ အကြံအစည် ဖြစ်သည်။

ထို့ကြောင့် အပြစ်တင်ရမည်ဆိုလျှင် ပညာရှိပြိတ္တာဘုရင်၏ လွန်ကဲသည့် သရုပ်ဆောင်မှုကိုသာ ပြစ်တင် ပြောဆိုရမည် ဖြစ်သည်။ ယင်းအချက်က အန်လင်းတို့အား သတိပေး လိုက်သလို ဖြစ်ပြီး အခြေအနေကို ပြောင်းလဲပစ်နိုင်သည့် အခွင့်အရေးတစ်ခု ပေးလိုက်သလိုပင်။

“အဲတော့ ပြိတ္တာဧကရာဇ်က သွေးတံဆိပ်တော်ကို အသက်သွင်းပြီး ဘာလုပ်ဖို့ မျှော်လင့်နေတာလဲ…” ဓားအင်မော်တယ်မြစ်စိမ်းက မေးသည်။

ရှောင်းဟုန်သည် ထိုမေးခွန်းကို ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်ထံသို့ တစ်ဆင့်ပြန်လည် မေးမြန်းလိုက်သည်။ “သွေးတံဆိပ်တော်ဆိုတာက အထူးမှော်လက်နက် တစ်မျိုးပဲ … အနောက်ဘက် သွေးမျိုးနွယ်စုရဲ့ သွေးနတ်ဘုရားက ပြိတ္တာဧကရာဇ် အရှင်ကို လက်ဆောင် ပေးထားတာလေ … သူ့ရဲ့ကျင့်ကြံခြင်း အခြေခံကို ပြန်ကောင်းဖို့ ကူညီတဲ့အနေနဲ့ … မှော်လက်နက်မှာ ပြိတ္တာဦးခေါင်း နှစ်ခု ပါတယ် … အဲဒီဦးခေါင်း နှစ်ခုကနေ ဧကရာဇ်အရှင်က ကျင့်ကြံသူတွေရဲ့ သွေးအဆီအနှစ် တွေကို စုပ်ယူနိုင်ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို ပြန်လည်သက်သာ လာစေနိုင်ပြီး ကျင့်ကြံခြင်း အခြေခံကိုလည်း တိုးလာစေနိုင်တယ် …”

“ဟမ့် … အဲဒီ သွေးမျိုးနွယ်စုက ပြိတ္တာမျိုးနွယ်စုနဲ့ ပူးပေါင်း နေတယ်တဲ့လား … သူတို့တွေက အမြဲတမ်း ဆန့်ကျင်ဘက်တွေ ဖြစ်နေကြတာ မဟုတ်ဘူးလား …”

ယခုကိစ္စတွင် သွေးမျိုးနွယ်စု သည်လည်း ပါဝင် ပတ်သက်နေကြောင်း ကြားလိုက်သည့်အခါ တာအိုသခင် တိမ်တိုက်စူးစမ်း၏ မျက်နှာသည် မည်းမှောင် လာတော့သည်။

“လွန်ခဲ့တဲ့ ငါးနှစ်က လုံဟူတောင်က ကောင်းကင်ရှီးဖော့ ကျန်းနဲ့ တိုက်ပွဲကြောင့် ပြိတ္တာဧကရာဇ်က ဒဏ်ရာအပြင်းအထန် ရခဲ့တယ် … ပြီးတော့ ခွန်းလွန် တောင်တန်းတွေဆီ ထွက်ပြေးလာပြီး တိမ်မြုပ် သွားတော့တယ် …”

“အဲဒီတိုက်ပွဲမှာ ကောင်းကင်ရှီးဖော့ ကျန်းရဲ့ ဝိညာဉ်ဖြိုခွဲ မိုးကြိုးနည်းစနစ်က ပြိတ္တာဧကရာဇ်ရဲ့ တာအိုအခြေခံကို ပျက်စီး သွားစေခဲ့တယ် … သွေးတံဆိပ်တော်က အဲဒီဒဏ်ရာကိုတောင် ပြန်ကောင်း စေနိုင်တာလား …” ဓားအင်မော်တယ်မြစ်စိမ်း၏ မျက်ခုံးများက တွန့်ကွေး သွားသည်။

ကောင်းကင်ရှီးဖော့ ကျန်းသည် တရုတ်ပြည်ရှိ အသန်မာဆုံးသော ကျင့်ကြံသူဖြစ်ပြီး သူ၏ ဝိညာဉ်ဖြိုခွဲ မိုးကြိုးနည်း စနစ်မှာလည်း အလွန်အံ့ဩဖွယ်ရာ ဖြစ်သည်။

မိုးကြိုးသည် ပြိတ္တာဧကရာဇ်၏ တာအိုအခြေခံအား ဖျက်ဆီး ပစ်လိုက်သဖြင့် ပြိတ္တာဧကရာဇ်၏ ကျင့်ကြံခြင်း အခြေခံသည် သိသိသာသာပင် အားနည်းသွားပြီး ပြန်လည် သက်သာဖို့ရန် မဖြစ်နိုင်ချေ၊၊

သွေးတံဆိပ်တော်သည် ထိုမျှလောက်အထိ စွမ်းအားကြီးမားကာ ပျက်စီးသွားသည့် တာအိုအခြေခံကိုပင် ပြန်လည် အားဖြည့်နိုင်သည်လား။

ဓားအင်မော်တယ်မြစ်စိမ်း ပြောသည့်စကားကို ကြားလိုက်သည့်အခါတွင် ရွှမ်ယွမ်ချန်က ခေါင်းခါ လိုက်ပြီးနောက် “သွေးတံဆိပ်တော်က တာအိုအခြေခံကို ပြန်ကုစားပေးနိုင်တာ မဟုတ်ဘူး … ပြိတ္တာဘုရင် ပြောသွားတဲ့ အတိုင်းဆိုရင် တကယ်တမ်း သွေးတံဆိပ်တော် ဆိုတာက သွေးမျိုးနွယ်တွေရဲ့ သွေးသားနဲ့ သွေးဝိညာဉ် ဆေးလုံးတွေကို ပြောတာပဲ … အဲဒါက ဘာဖြစ်စေလဲဆိုရင် ပြိတ္တာဧကရာဇ်ကို သွေးမျိုးနွယ်စုဝင် တစ်ယောက်အဖြစ် ပြောင်းလဲ လိုက်တာမျိုးပဲ …”

“အစ်ကိုကြီးချန်က သွေးမျိုးနွယ်စုအကြောင်း သိနေတာလား …” အန်လင်းက အံ့ဩတကြီးဖြင့် မေးလိုက်သည်။

“သွေးမျိုးနွယ်စု ဆိုတာ ထိုက်ချူ ကုန်းမြေကြီးမှာရှိတဲ့ အရမ်းကို အင်အားကြီးတဲ့ မျိုးနွယ်စု တစ်ခုပဲလေ … အဲဒီမျိုးနွယ်စုက အနောက်တောင်ဘက် အနက်ရောင်စိမ့်တောမှာ တည်ရှိတယ် … အဲဒါကြောင့် သူတို့နဲ့ ပတ်သက်ပြီး တော်တော်များများ သိနေတယ်လို့ ပြောရမယ် … သေမျိုးကမ္ဘာမှာ ရှိနေတဲ့ သွေးမျိုးနွယ်စု ဆိုတာကလည်း သူတို့ဆီက အမှတ်တမဲ့နဲ့ ကျန်နေခဲ့တဲ့ မျိုးဆက် အကြွင်းအကျန်တွေပဲ …” ရွှမ်ယွမ်ချန်က ရယ်လိုက်သည်။

“ညီငယ် ရွှမ်ယွမ်ရေ … မင်းပြောသွားတယ်မလား ပြိတ္တာဧကရာဇ်က သွေးမျိုးနွယ်စုဝင် အဖြစ် ပြောင်းလဲနေတာ ဆိုပြီးတော့လေ …” တာအိုသခင် တိမ်တိုက်စူးစမ်းမှာ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများပင် ပြူးကျယ် လာကြသည်။

အခြားသော ကျင့်ကြံသူ များသည်လည်း အလွန်အံ့အား သင့်လျက် ရှိနေကြပြီး သူတို့အားလုံး၏ အကြည့်များသည် ရွှမ်ယွမ်ချန်ထံသို့ ရောက်ရှိလာကြသည်။

သွေးမျိုးနွယ်စုဝင် များသည် စိတ်ဝိညာဉ်အခြေခံ ဖြစ်တည်ရန် မလိုအပ်ပါ။ ယင်းမျိုးနွယ်စုဝင်များ အနေဖြင့် သူတော်စင် အဆင့်သို့ ရောက်ရှိနိုင်ရန် ခန္ဓာကိုယ်ကြံ့ခိုင်မှု အပေါ်တွင်သာ မှီတည်နေသည်။

ထိုကဲ့သို့ ကျင့်ကြံမှုမျိုးသည် ပြိတ္တာမျိုးနွယ်စုနှင့် လုံးလုံးကြီး ကွဲပြားနေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပြိတ္တာမျိုးနွယ်စုဝင်များ အနေဖြင့် သွေးမျိုးနွယ်စုဝင်များ အဖြစ်သို့ ပြောင်းလဲနိုင်ပေသည်။ ထိုသတင်းသည် တာအိုအခြေခံအား ကုစားပေးနိုင်သည် ဆိုသည်ထက်ပင် ပို၍ အံ့ဩစရာ ကောင်းလွန်းနေသည်။

“စွမ်းအားမြင့် ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီအနှစ်တွေ … အသားတွေနဲ့ သွေးဝိညာဉ်ဆေးလုံး တွေက ပြိတ္တာဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်တဲ့ နေရာမှာ ကူညီပေးနိုင်တယ် … နောက်ကျ သွေးမျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကို ပေးလိုက်တာနဲ့ မျိုးနွယ်စုပြောင်းလဲတဲ့ ဖြစ်ရပ်က အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်သွားပြီပဲ …”

“ပြီးတော့ ပြိတ္တာဧကရာဇ်ကို ထောက်ပံ့နေတဲ့ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ သွေးနတ်ဘုရားက နှစ်ပါးထက် မနည်းလောက်ဘူးလို့ ထင်နေမိတယ် …”

“ဘာလို့လဲဆိုရင် မျိုးနွယ်စုပြောင်းလဲတဲ့ ဖြစ်စဉ် ပြီးမြောက်ဖို့အတွက် မန္တန်ဝင်္ကဘာကို တည်ဆောက် ထားပေးပြီး ဆက်လည်ပတ်နေဖို့ သွေးနတ်ဘုရား နှစ်ပါးလောက် လိုအပ်တယ် …” ရွှမ်ယွမ်ချန်က ဆက်ပြောသည်။

“သွေးနတ်ဘုရားနှစ်ပါးတဲ့လား …” တာအိုသခင် တိမ်တိုက် စူးစမ်းက မျက်မှောင်ကြုတ် လိုက်ပြီး “ဒီအကြောင်း ကောင်းကင်ရှီးဖော့ ကျန်းကို ချက်ချင်း အကြောင်းကြားမှ ဖြစ်လိမ့်မယ် …”

သွေးနတ်ဘုရား နှစ်ပါးနဲ့ ပြိတ္တာဧကရာဇ် တစ်ကောင် …

နည်းနည်းလေးမှ ကောင်းတဲ့လမ်းကို မြင်မနေမိဘူး …

ထို့နောက်တွင် အန်လင်းနှင့် အခြားသူများသည် ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အား မေးခွန်းများ ဆက်မေးနေကြသည်။

သို့သော်လည်း ပြိတ္တာဧကရာဇ်သည် သွေးတံဆိပ်တော်အား သန့်စင်ရန် အတွက် ယစ်ပူဇော်မည် ဟူသည့် အကြောင်းမှအပ ပြိတ္တာဘုရင်သည် အခြားအရာများအား သိရှိခြင်း မရှိပေ။

ပြိတ္တာဘုရင် သည်ပင်လျှင် ပြိတ္တာဧကရာဇ်နှင့် သွေးနတ်ဘုရားတို့၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကြံအစည်များကို မသိရှိရကြောင်း မြင်တွေ့လိုက် ရသည့်အခါတွင် သူတို့အားလုံးတို့မှာ စိုးရိမ်ပူပန် လာကြတော့သည်။

ပြိတ္တာဘုရင်သည်ပင်လျှင် ထိုအကြံအစည်များကို မသိရှိချေ။ သူတို့အနေဖြင့် ဘာတတ်နိုင်ဦးမည်လဲ။ ပြိတ္တာဧကရာဇ်အား သွားမေးရမည်လား။

ထို့နောက်တွင် အန်လင်းတို့သည် ပြိတ္တာမျိုးနွယ်စု၏ မဟာမိတ်များနှင့် သူတို့၏ အာဏာစက် ဖြန့်ကျက်ပုံတို့ကို မေးမြန်းလိုက်သည်။ ထိုအချက်များအား မေးမြန်းပြီးသည့် အခါတွင် စစ်မေးခြင်းအား ရပ်တန့် လိုက်ကြတော့သည်။

ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်ထံမှ ရရှိသည့် သတင်း အချက်အလက်များမှာ အလွန်နည်းပါး လွန်းသည်။

ရှောင်းဟုန်သည် ညှို့ယူဖမ်းစားခြင်း နည်းစနစ်အား ရုတ်သိမ်း လိုက်ပြီးနောက် အန်လင်း၏ အိတ်ကပ် အတွင်းသို့ မောပန်းစွာဖြင့် ပြန်လည် ဝင်ရောက်သွားသည်။

“အင်း … ဒီပြိတ္တာဘုရင်ကို ဘယ်လိုလုပ်ကြမတုန်း …”

အန်လင်းသည် သူတို့၏ ညင်းပန်းမှုအား ခံစားထားရသည့် ပြိတ္တာဘုရင်အား ကြည့်ကာ တွေးတော နေမိသည်။

ပြိတ္တာဘုရင်သည် ခေါင်းမော့ လာပြီးနောက် အန်လင်းအား ကြည့်လာသည်။ ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ မျက်လုံးများထဲတွင် ဖျော့တော့သည့် အလင်းတစ်ခု ပေါ်လာသည်။

ထိုအကြည့်ထဲတွင် ... စိတ်ဆန္ဒတစ်ခုလည်း ပါဝင်နေသေးသည်။

အန်လင်း၏ ရင်ဘတ်မှာ တင်းကျပ် လာပြီးနောက် “ဒီကောင့်ကို ဘယ်သူမှ မလိုချင်ဘူး ဟုတ်တယ်မလား … ငါ သတ်ပစ် လိုက်တော့မယ်နော် … အိုကေလား …”

ထျန်းလင်းလင်းနှင့် ဟောင်ရှန့်ရှန့်တို့သည့် သူမတို့၏ ပါးစပ်များကို လက်ဖြင့်အုပ်ကာ အသာရယ်မော လိုက်ကြသည်။ သူတို့သည်လည်း ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ အမူအရာကို သတိပြုမိ လိုက်ကြသည်မှာ သေချာပေါက်ပင်။

ထိုအချိန်မှာပင် ဓားအင်မော်တယ် မြစ်စိမ်းသည် လျှောက်လှမ်းလာခဲ့ပြီး “ညီငယ် အန်လင်းရေ … ဒီလို အပြုအမူမျိုး ငါပဲ လုပ်လိုက်ပါ့မယ် …”

ထိုသို့ပြောပြီးသည့် နောက်တွင် ဓားအင်မော်တယ် မြစ်စိမ်းက ဓားကို ဆွဲထုတ်လိုက်သည်။ တလက်လက် တောက်ပနေသည့် ခုတ်ချက်နှင့် ပြိတ္တာဘုရင်အား ပိုင်းဖြတ် လိုက်တော့သည်။

ဓားအင်မော်တယ် မြစ်စိမ်းသည် ရန်သူများအား အခွင့်ကောင်းယူကာ သတ်ဖြတ်ရာတွင် အလွန်အမင်း ထူးချွန်ပြောင်မြောက် လွန်းသည်။

ပြိတ္တာဘုရင်၏ ခန္ဓာကိုယ်အား ကြည့်ကာ ကျင့်ကြံသူများ၏ မျက်နှာတွင် သနားသည့် အမူအရာများ ပေါ်လာကြသည်။

သူသည် လူမဆန်သည့် နည်းလမ်းပေါင်းစုံဖြင့် ညင်းပန်းခံခဲ့ရသော်လည်း သူ့ရပ်တည်ချက်အား ခိုင်မြဲစွာ ဆုပ်ကိုင် ထားနိုင်ခဲ့သည်။ သူ၏မျိုးနွယ်စုကို သစ္စာဖောက်ခဲ့ခြင်းလည်း မရှိသလို စွန့်ပစ်ခဲ့ခြင်းမျိုးလည်း မရှိချေ။

မတူညီမှုများအား ဘေးဖယ် ထားမည်ဆိုပါက ပြိတ္တာဘုရင်၏ သစ္စာရှိမှု တို့သည် သူတို့အားလုံးတို့၏ နှလုံးသားကို သိမ်းပိုက် သွားခဲ့သည်။

***

ထို့နောက်တွင် ကျင့်ကြံသူ အားလုံးတို့သည် သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးထံသို့ အဖြစ်အပျက်များအား တင်ပြလိုက်ကြသည်။

ရွှမ်ယွမ်ချန်နှင့် စုရှောင်လန် တို့သည်လည်း နည်းပညာ၏ ဆွဲဆောင်မှုအား နောက်တစ်ဖန် ကြုံတွေ့လိုက် ကြရပြန်သည်။

မိုင်တစ်ထောင် သတင်းပို့ခြင်း ကဲ့သို့သော နည်းစနစ်သည် ကျင့်ကြံခြင်း အဆင့်မြင့်သူတိုင်း အသုံးပြုနိုင်ခြင်းမျိုး မဟုတ်ပေ။ သို့သော်လည်း WeChat မှာမူ လူတန်းစားမရွေး အသုံးပြုနိုင်ပေသည်။

မည်သည့် အဆင့်အတန်း၌ ရှိနေစေကာမူ သတင်း အချက်အလက်များအား အခြားသူများထံ နှောင့်နှေးခြင်းမရှိ ပို့ဆောင်ပေးနိုင်သည်။

ဂရုများ ပြုလုပ်ကာ ဆက်သွယ်နိုင်သလို တိုက်ရိုက် ထုတ်လွှင့်ခြင်းမျိုးလည်း ပြုလုပ်နိုင်သည်။ လူတိုင်းသည် အဝေးမှနေ၍ ဆက်သွယ် ပြောဆိုနိုင်ကြသည်။

ထိုသည်မှာ နည်းပညာ၏ ဆွဲဆောင်မှုပင် ဖြစ်သည်။

“ကိုးပြည်ထောင် နိုင်ငံတော်မှာလည်း အဲလိုမျိုး ရှိနေမယ်ဆိုရင် အရမ်းကောင်းမှာပဲ …” စုရှောင်လန်၏ မျက်နှာတွင် မနာလိုမှုများ ဖြစ်ပေါ်လာသည်။ သူမသည် ကားမောင်း ရခြင်းကို ကြိုက်နှစ်သက်သည်။ ထောင်ပေါင်းနှင့် ကျင်းတောင်တို့တွင် ပစ္စည်းများ ဟိုဟိုဒီဒီ လျှောက်ကြည့်ရခြင်းကို ကြိုက်နှစ်သက်သည်။

“ထိုက်ချူ ကုန်းမြေကြီးက ခရမ်းကြယ်စင်မျိုးနွယ်စု ဆိုရင် သေမျိုးကမ္ဘာ ထက်တောင် ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက် သေးတယ်လေ …” ရွှမ်ယွမ်ချန်က ရယ်လိုက်သည်။ “ဒါပေမဲ့လည်း သူတို့ရဲ့ အဆုံးသတ်က ဘယ်လောက်တောင်မှ ဝမ်းနည်းဖို့ ကောင်းတယ်ဆိုတာ နင်သိတယ်မလား …”

စုရှောင်လန်က ရွှမ်ယွမ်ချန်၏ စကားကို ကြားသည့်အခါတွင် ခေါင်းညိတ် လိုက်ပြီးနောက် သက်ပြင်းဖွဖွ ချလိုက်သည်။

***

သတင်းပို့ခြင်းများ ပြီးဆုံးသွားသည့် နောက်တွင် အန်လင်းတို့သည် တံဆိပ်တော် ခိုင်မြဲအောင် ပြုလုပ်ဖို့ရန် နတ်ဆိုးစေတီထံသို့ ဦးတည် လိုက်ကြသည်။

မတော်တဆမှုများအား ကာကွယ်သည့်အနေဖြင့် ကျန်ရှိနေသည့် ကျင့်ကြံသူများသည် နတ်ဆိုးစေတီ အပြင်ဘက်တွင် အစောင့်များသဖွယ် ရပ်နေကြသည်။

အန်လင်းသည် နီရဲနေသော တံခါးကြီး တစ်ခုရှေ့သို့ လျှောက်သွားလိုက်သည်။ တံခါးများ ကြားမှနေ ထွက်ပေါ်လာသည့် စေတီ၏ ကြောက်မက်ဖွယ် အငွေ့အသက်များသည် မွန်းကြပ်စေသည့် စိတ်အာရုံကို ပေးစွမ်းသည်။

မည်သည့် အကြောင်းကြောင့်မှန်းမသိ အန်လင်းသည် ရုတ်တရက် ဆိုသလို တံခါးကြီးများအား တွန်းဖွင့်လိုသည့် စိတ်ဆန္ဒများ ပြင်းပြလာသည်။

သို့သော်လည်း အလျင်အမြန်ပင် အသိစိတ် ဝင်လာပြီးနောက် သူ့ကိုယ်သူ ထိန်းချုပ် လိုက်နိုင်သည်။

တံဆိပ်တော်အား ခိုင်ခံ့လာစေရန် အတွက် သူတို့သည် စေတီ၏ အပြင်ဘက် တွင်သာ နေရန် လိုအပ်သည်။ သူတို့၏ ခွန်အားနှင့်ဆိုလျှင် ထိုတံခါးကြီးများအား မည်သည့် နည်းနှင့်မျှ ဖွင့်နိုင်လိမ့်မည် မဟုတ်ပေ။

ရဲရဲနီနေသည့် စေတီမှနေ ရွှေရောင် သင်္ကေတများ ပေါ်ထွက်လာသည်။ ထိုသင်္ကေတ များသည် ရက်စက် ကြမ်းကြုတ်ကာ ခံ့ညား ထည်ဝါလှသည်။

ရွှမ်ယွမ်ချန်သည် တံဆိပ်တော်အား ခိုင်ခံ့စေရန် အတွက် အင်မော်တယ် မန္တန်တစ်ခုကို အသုံးပြုလိုက်သည်။ ထိုအချိန်မှာပင် အန်လင်းနှင့် စုရှောင်လန် တို့သည် သူ့ဘေးတစ်ဖက် တစ်ချက်စီတွင် ရပ်နေကြပြီး ပတ်ဝန်းကျင်အား သတိအနေအထားဖြင့် စောင့်ကြည့်လျက် ရှိကြသည်။

***

ခွန်းလွန်တောင်တန်းများ အတွင်းတွင် နက်ရှိုင်းသည့် လျှို့ဝှက် နယ်မြေတစ်ခု ရှိနေသည်။ ထိုနယ်မြေ တစ်ခုလုံးအား သက်တန့်ရောင် မြူခိုးများက ရစ်ပတ် လွှမ်းခြုံထားသည်။ ထိုနယ်မြေအား ပြိတ္တာဘုံဟု ခေါ်လေသည်။

မြင့်မြတ် ရွှေပုလ္လင်ထက်တွင် ထိုင်နေသည့် ဧရာမပုံရိပ်ကြီးသည် ရုတ်တရက် ဆိုသလို အဖျက်အဆီး စွမ်းအားများ ထုတ်လွှတ် လိုက်သည်။ ထိုစွမ်းအားသည် ဘုရင့်ပုလ္လင်များ အပါအဝင် ဆယ်ပေ ပတ်လည်တွင် ရှိနေသည့် အရာအားလုံးအား အစိတ်စိတ်အမြွှာမြွှာ အဖြစ်သို့ ရောက်ရှိသွားစေသည်။

ပြိတ္တာဘုရင် တစ်ကောင်သည် ပျက်စီးသွားသည့် ပုလ္လင်များအား ကြည့်ကာ နှလုံးသားကို ဆုပ်ညှစ်ထားသလို ခံစားနေရသည်။

ဒီ … အဲဒါတွေက အလယ်အလတ် အဆင့်ရှိတဲ့ မှော်ပစ္စည်းတွေဗျ … ခင်ဗျား မလိုချင်ဘူးဆိုရင် ကျုပ်ကို ပေးလိုက်လို့ ရပါတယ်ဗျာ …။ ပြိတ္တာဧကရာဇ်သည် အသက်ပြင်းပြင်းရှူလျက် ရှိပြီး အလွန်အမင်း ဒေါသထွက် နေလေသည်။

နေရာတစ်ခုတွင် အဖြူရောင် အရိုးခေါင်းလေးခုမှာ အက်ကွဲ သွားလေသည်။ ထိုအရိုးခေါင်း များသည် ပြိတ္တာဘုရင်များ၏ စိတ်စွမ်းအင်များနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။

အက်ကွဲသွားသည့် အရိုးခေါင်းလေးခု၏ ဆိုလိုရင်းမှာ တာဝန်ထမ်းဆောင်ရန် ပို့လွှတ်လိုက်သည့် ပြိတ္တာဘုရင် လေးဦးတို့သည် သူတို့၏ တာဝန်များ ကျရှုံးကာ သေဆုံးသွားပြီဟူ၍ ဖြစ်သည်။

“အမှိုက်ကောင်တွေ … သူတို့တွေက လူသားကျင့်ကြံ သူတွေကြောင့် တကယ်ကို သေသွားကြတယ်ပေါ့ …”

ပြိတ္တာဧကရာဇ်၏ အသံမှာ ဟိန်းထွက် လာပြီးနောက် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ မြင့်တက်လာသည်။

“ကြည့်ရတာ ငါ့မှာ ရွေးစရာ မရှိတာ့ဘူးနဲ့ တူတယ် … အဲတော့လည်း ကိုယ်တိုင်ပဲ လှုပ်ရှားရတော့မှာပေါ့ …”

***

All Chapters