← Chapters

မြူခိုးဒေသမှ စွမ်းအားရှင်များနှင့် ညှိနှိုင်းဆွေးနွေးခြင်း

Vol. 64 Ch. 946

မြူခိုးဒေသမှ စွမ်းအားရှင်များနှင့် ညှိနှိုင်းဆွေးနွေးခြင်း

Vol. 64 Ch. 946

မြူခိုးမှော်ဂိုဏ်းကို သိမ်းသွင်းပြီး တန်ခိုးရှင် တစ်သောင်းဂိုဏ်းကို အတူတကွ ပစ်မှတ်ထားရန် အစက ကူချီကျိန့် စဉ်းစားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လင်ဟူဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းမှ ပထမအသုတ် တပည့်များအားလုံး ပျောက်ဆုံးနေချိန်တွင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များမှာမူ မပျောက်မပျက် ရှိနေသေးသောကြောင့် ဖြစ်၏။

ဒါက တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ၏ လက်ချက်ဖြစ်ရမည်ဟု သူယူဆခဲ့သည်။

တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ လက်ချက်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် လင်ဟူဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းတို့သည် တစ်စည်းတစ်လုံးတည်း ရပ်တည်ကြမည် ဖြစ်သည်။ သို့သော်လည်း မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းမှ တပည့်များသည် အချင်းချင်း သတ်ဖြတ်ခဲ့ကြပြီး နောက်ဆုံးတွင် ရှနိုင်ငံတော်၏ လက်ချက်ဖြင့် အတူတကွ ချေမှုန်းခံခဲ့ရသည်ဟု ယခု ပိုင်ကွမ်းယုက ပြောနေ၏။

ဒါက အလွန်ယုံချင်စရာ မကောင်းသော်လည်းသော်လည်း ပိုင်လီချန်က အခု သူ၏စကားကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ လုပ်ရပ်ကို ဆက်လက်ဖော်ထုတ်ရန် မကြိုးစားတော့ပဲ ပိုင်ကွမ်းယု ပြောသည်ကို အမှန်တကယ် ယုံကြည်သည့်ပုံစံ ပေါက်နေလေသည်။

လက်ရှိအခြေအနေအရ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို ကူချီကျိန့် မရိပ်မိစရာ အကြောင်းမရှိတော့ပေ။

မြူခိုးမှော်ဂိုဏ်းမှ တပည့်များသည် သူတို့၏ ဂိုဏ်းမှ တာဝန်တစ်ခုကို လက်ခံရရှိခဲ့ပြီး ထျန်းချန်သို့ ဝင်ရောက်လာသောအခါ လင်ဟူဂိုဏ်းမှ တပည့်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ခြေများ၏။ သူတို့သည် လင်ဟူဂိုဏ်း၏ အင်အားကို လျှော့တွက်ခဲ့သောကြောင့် နောက်ဆုံးတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် ပျက်စီးခြင်းသို့ ဦးတည်သွားပြီးနောက် ရှနိုင်ငံတော်၏ လက်ချက်ဖြင့် အားလုံး ချေမှုန်းခံခဲ့ရခြင်း ဖြစ်သည်။

အခြေအနေက ခရုနှင့် စနိုက်ငှက်တို့ ရန်ဖြစ်နေစဉ် တံငါသည်က အကျိုးအမြတ် ရရှိသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

ကူချီကျိန့် ပြန်စဉ်းစားလိုက်သည်။ ယခု သူတို့၏ အဓိက အင်အားစုသုံးခု မဟာမိတ်ဖွဲ့ပြီးဖြစ်သဖြင့် ယခင်က မကျေနပ်စရာများ ဖြစ်ခဲ့သော်လည်း မဟာမိတ်ဖွဲ့ပြီးနောက်တွင်မူ ဘေးဖယ်ထားရုံသာ ရှိတော့သည်ဟု သဘောပေါက်သွား၏။

ထို့ပြင် ယခု မြူခိုးမှော်ဂိုဏ်းက သစ္စာဖောက်သွားပြီဖြစ်သောကြောင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် ရင်ဆိုင်ရန် မြူခိုးမှော်ဂိုဏ်း၏ တပည့်များကို ဆွဲသွင်း၍မရနိုင်တော့ပေ။ ထို့ကြောင့် ဒီကိစ္စကို ဒီအတိုင်းသာ ထားလိုက်ရတော့မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မြူခိုးမှော်ဂိုဏ်းမှ ပထမအသုတ် တပည့်များကတော့ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားမှာသာ သူတို့၏ အကြီးအကဲများ အချင်းချင်း ရှင်းရုံသာ ရှိတော့သည်။ သူတို့အနေနှင့် ဤကိစ္စနှင့် ပတ်သက်၍ ပူပန်နေရန်မလိုတော့ချေ။

ယခု သူတို့၏ အင်အားစုကြီးသုံးစု၏ အဓိကတာဝန်မှာ မြူခိုးဒေသရှိ အခြားဂိုဏ်းအင်အားစုများ၏ တပည့်များကို ရှင်းလင်းရန် ဖြစ်သည်။

ထိုသို့တွေးရင်း ကူချီကျိန့်က ပိုင်ကွမ်းယုကို ကြည့်ကာ

“ကန့်သတ်ချက်တွေ ပျောက်သွားတာနဲ့ ခင်ဗျားပြောတဲ့စကားကို ကျွန်တော်တို့ဂိုဏ်းချုပ်ဆီ တစ်လုံးမကျန် ပြောပြပေးမယ်။ သူယုံတာ မယုံတာကတော့ သူ့အပိုင်းပဲ။”

ပိုင်ကွမ်းယုက လုံးဝဂရုမစိုက်ဟန်ဖြင့် ခပ်ရေးရေး ပြုံးလိုက်သည်။

……..

လဝက်အကြာတွင်…

ရန်ခရိုင်။

နိုင်ငံရေးရာ ခန်းမ။

ယနေ့သည် နောက်ထပ် နန်းတွင်းအစည်းအ‌ ဝေကြီးတစ်ခု၏ နေ့ဖြစ်၏။ ယနေ့ အဓိကဆွေးနွေးရမည့် ကိစ္စမှာ မြူခိုးဒေသမှ ကျူးကျော်သူများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လိယုရီက ခန်းမကြီး၏ အလယ်ဗဟိုတွင် ရပ်လိုက်ကာ

“မြူခိုးဒေသက ကျူးကျော်သူတွေဟာ ကျွန်တော်တို့ ရှနိုင်ငံတော်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေပြီး ကျွန်တော်တို့ရဲ့ နယ်မြေတွေကို သိမ်းပိုက်နေပါတယ်။ အထူးသဖြင့် မြူခိုးဒေသအနီးက အရပ်သားတွေဟာ အမြဲတမ်း ကြောက်လန့်နေရပြီး စိတ်အေးချမ်းမှု မရနိုင်ကြပါဘူး။ ဒီကျူးကျော်သူတွေကို ဆက်ပြီးတော့ ထင်တိုင်းကြဲခွင့်ပေးလို့ မဖြစ်တော့ဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။”

လိယုရီ၏ စကားသံဆုံးသည်နှင့် ဝန်ကြီးတစ်ဦးက

“ ဒီကျူးကျော်သူတွေကို ရှနိုင်ငံတော်က ပြည်သူတွေကို ဆက်ပြီး ညှဉ်းပန်းနှိပ်စက်ခွင့် မပေးသင့်တော့ဘူးလို့ ကျွန်တော်လည်းထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအင်အားနဲ့ဆိုရင် မြူခိုးဒေသက ကျူးကျော်သူတွေကို ရင်ဆိုင်ဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်လို့ စိုးရိမ်မိပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း၏ အကြည့်က ထိုဝန်ကြီးထံသို့ ချက်ချင်း ကျရောက်သွားသည်။

နောက်တစ်ခဏတွင် ထိုဝန်ကြီး၏ ကိုယ်ရေးအချက်အလက်များသည် လုချန်း၏ ရှေ့မှောက်တွင် ပေါ်လာ၏။

[အမည်: ဟောင်မင်ဟွေ]

[ရာထူး: ရှနိုင်ငံတော်၏ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ လင်ဟူဂိုဏ်းမှ တပည့် လေဝမ်တ၏ လိမ်လည်လှည့်ဖြားမှုကို ခံရပြီးနောက် ရှနိုင်ငံတော်သည် ကယ်တင်၍မရနိုင်တော့ဟု ယုံကြည်ကာ လင်ဟူဂိုဏ်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သူ။]

[စွမ်းအား: အဆင့်ရှစ်]

[သစ္စာစောင့်သိမှု: ၁၀]

ဟောင်မင်ဟွေ၏ အချက်အလက်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းများ အပေါ်သို့ အနည်းငယ်ကွေးတက်သွားပြီး လေဝမ်တကို လွှတ်ပေးခဲ့ခြင်းသည် အသုံးဝင်ခဲ့သည်ဟု သူ့ကိုယ်သူ ပြောလိုက်သည်။

လေဝမ်တ လွတ်မြောက်ပြီး မကြာမီပင် နန်းတွင်းရှိ အကျင့်ပျက်အရာရှိများသည် သူတို့၏ စိတ်ဓာတ်အမှန်များကို ဖော်ထုတ်လာကြသည်။

ဟောင်မင်ဟွေအကြောင်း လုချန်း အရင်ကတည်းက အနည်းငယ် နားလည်ထား၏။ သူသည် အရင်ကတည်းက ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

ဟောင်မင်ဟွေသည် ရှနိုင်ငံတော်၏ နေပြည်တော်ဟောင်းမှ လာသော ဝန်ကြီးတစ်ဦး ဖြစ်၏။ အစပိုင်းတွင် သူသည် လုချန်းအပေါ် တော်တော်လေး သစ္စာရှိခဲ့ပြီး သစ္စာစောင့်သိမှုမှာ ခြောက်ဆယ်ဝန်းကျင်ရှိခဲ့ကာ နောက်ပိုင်းတွင် သူ၏ သစ္စာစောင့်သိမှုသည် ခုနစ်ဆယ်မှ ရှစ်ဆယ်ဝန်းကျင်အထိပင် တိုးလာခဲ့သည်။ ထို့ကြောင့်ပင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးရာထူးအထိ သူ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

လုချန်းက ဟောင်မင်ဟွေကို တစ်ချက်ကြည့်ကာ ခပ်ပြတ်ပြတ် မေးလိုက်သည်။

“ဒါဆို ဝန်ကြီးဟောင်ရဲ့ အမြင်အရဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်သင့်သလဲ”

ဟောင်မင်ဟွေက

“ မြူခိုးဒေသက အင်အားစုအသီးသီးဆီ သံတမန်တွေ စေလွှတ်ပြီး အဲ့ဒီအင်အားစုတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်သင့်တယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။”

ထိုအချိန်တွင် လိယုရီက

“ဝန်ကြီးဟောင်ရဲ့ အတွေးအခေါ်တွေက နည်းနည်းတော့ ရိုးစင်းလွန်းတယ်လို့ ထင်မိတယ်။ မြူခိုးဒေသက ကျူးကျော်သူတွေ လိုချင်တာက ကျွန်တော်တို့ရဲ့ နယ်မြေပဲလေ။ သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်လိုက်ရင် သူတို့ကို နယ်မြေတွေ ခွဲပေးရမှာ မဟုတ်ဘူးလား။”

ဟောင်မင်ဟွေက

“ပြောရရင် မြူခိုးဒေသက အင်အားစုတွေဆိုတာ ဂိုဏ်းအင်အားစုတချို့ပဲလေ။ သူတို့ကို နယ်မြေနည်းနည်းလောက် ပေးလိုက်ရုံနဲ့ ရှနိုင်ငံတော်ကို ဘာမှ ထိခိုက်မှာ မဟုတ်ပါဘူး။”

“ နောက်ပြီး မြူခိုးဒေသက ဂိုဏ်းအင်အားစုတွေဟာ အလွန်အင်အားကြီးမားပါတယ်။ မင်းကြီးသာ သူတို့ကို သိမ်းသွင်းနိုင်မယ်ဆိုရင် ရှနိုင်ငံတော်ရဲ့ အင်အားဟာ အဆင့်အသစ်တစ်ခုကို တက်လှမ်းသွားနိုင်မှာပါ။”

လုချန်းက ပြုံးလျက်

“ဝန်ကြီးဟောင်ရဲ့ အတွေးက ကျွန်တော့်ရဲ့ အတွေးနဲ့ တော်တော်လေး နီးစပ်တာပဲ။ မြူခိုးဒေသက အင်အားစုတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထိန်းသိမ်းသင့်တယ်လို့ ကျွန်တော်လည်း ထင်တယ်။”

လုချန်းက ထိုသို့ ပြောလိုက်သည်ကို မြင်သောအခါ လိယုရီ ဆက်မပြောပဲ နေလိုက်ရသော်လည်း လုချန်း ထိုသို့ မတွေးတောလောက်ဟု သူခံစားနေရ၏။ ဧကရာဇ်က ကျူးကျော်သူများကို ရှင်းလင်းလိုစိတ် ဖြစ်ပေါ်နေကြောင်း သူအကဲခတ်မိသောကြောင့်သာ ကျူးကျော်သူများကို ဆန့်ကျင်ရန် သူက ဦးစွာ စတင်ပြောခဲ့ခြင်း ဖြစ်သည်။

ယခုမူ ဧကရာဇ်က မြူခိုးဒေသမှ ကျူးကျော်သူများနှင့် သဟဇာတဖြစ်စွာ နေထိုင်ပြီး ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းလိုသည်ဟု ဆိုနေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

သူတို့သည် ကမ္ဘာကို ကျူးကျော်နေပြီး လူများကို သတ်ဖြတ်နေပါလျက် ဧကရာဇ်က ထိုအင်အားစုများနှင့် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းလိုသည်ဟု ဆိုနေသည်။ လုချန်း ထိုသို့သော ဧကရာဇ်မျိုးဟု လိယုရီ မယုံကြည်ပေ။

မြောက်ပိုင်းနယ်စားမင်းသား ဘဝကတည်းက လုချန်းနောက်သို့ လိုက်ပါခဲ့သူဖြစ်သောကြောင့် သူ လုချန်းကို အလွန်နားလည်၏။ လုချန်းသည် ထိုကျူးကျော်သူများကို အသေအချာ အရေးယူလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက

“တခြားဝန်ကြီးတွေထဲမှာ ညှိနှိုင်းသင့်တယ်လို့ ထင်တဲ့သူ ရှိသေးသလား။”

ထို့နောက် အခြားဝန်ကြီးတစ်ဦး ထွက်လာပြီး

“မင်းကြီး။ မြူခိုးဒေသက အင်အားစုတွေနဲ့ ညှိနှိုင်းသင့်တယ်လို့ ကျွန်တော်လည်း ထင်ပါတယ်။ ဒါဟာ ရှနိုင်ငံတော်အတွက် အခွင့်အရေးတစ်ခုပါ။”

ဆက်တိုက်ပင် ဝန်ကြီးအများအပြား ရှေ့ထွက်လာကြသည်။ လုချန်းကိုယ်တိုင်က ညှိနှိုင်းမှုကို သဘောတူသောကြောင့် သူတို့လည်း သူတို့၏ စိတ်ရင်းမှန်များကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

မြူခိုးဒေသမှ အင်အားစုများနှင့် ပဋိပက္ခဖြစ်ခြင်းက ပညာမဲ့ရာရောက်သည်ဟု အစက တည်းက ဝန်ကြီးအများအပြား ထင်မြင်ခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် မြူခိုးဒေသအကြောင်း သိသောသူများ ဖြစ်၏။

ရှနိုင်ငံတော်အနေနှင့် မြူခိုးဒေသနှင့် ပြိုင်ဆိုင်ပါက ကောင်းသောရလဒ်များ ရရှိမည်မဟုတ်ဟု သုတို့ယုံကြည်ကြသည်။

သို့သော် လုချန်း၏ အနေအထားကို တွေးကြည့်သောအခါ သူသည် ဤကမ္ဘာတွင် အကြွင်းမဲ့အာဏာကို ကိုင်စွဲထားပြီး ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသော အခြားမည်သည့်ဧကရာဇ်ထက်မဆို အာဏာပိုကြီးသော ဧကရာဇ်ဖြစ်သည်။ ဧကရာဇ် လုချန်း၏ ရှေ့မှောက်တွင် ညှိနှိုင်းရေးစကားများကို မည်သူမှ မပြောရဲခဲ့ကြပေ။

လုချန်း အမျက်ထွက်မည်ကို သူတို့စိုးရိမ်ခဲ့ကြသည်။

ယခု လုချန်းက ညှိနှိုင်းရန် သဘောတူညီလိုက်ပြီဖြစ်သောကြောင့် သူတို့ ဟန်ဆောင်နေရန် မလိုတော့ပေ။

ထိုအခိုက်အတန့်တွင် ခန်းမထဲရှိ ညှိနှိုင်းမှုကို သဘောတူသော ဝန်ကြီးများကို လုချန်း တစ်ချက်ကြည့်လိုက်သည်။ ထိုဝန်ကြီးများထဲတွင် သစ္စာရှိသူ အများအပြားရှိသော်လည်း အများစုမှာ ဆုံးဖြတ်ချက်မပြတ်သားသော အခွင့်အရေးသမားများ ဖြစ်ကြ၏။ ထိုဝန်ကြီးများစွာ၏ သစ္စာစောင့်သိမှုသည် သုံးဆယ်အောက်သို့ ကျဆင်းနေပြီ ဖြစ်သည်။

ရှနိုင်ငံတော်၏ အခြေအနေကို သူတို့၏ စိတ်ထဲ အကောင်းမမြင်နိုင်တော့ကြောင်း သိသာနေသည်။ အမှန်တကယ်‌တော့ မြူခိုးဒေသမှ အင်အားစုများထံ လက်နက်ချရန် သို့မဟုတ် ပူးပေါင်းရန် ဝန်ကြီးအများအပြားက စဉ်းစားနေကြပြီ ဖြစ်သည်။

ထို့နောက် လုချန်းက

“ဝန်ကြီးအားလုံးက ညှိနှိုင်းသင့်တယ်လို့ ထင်ကြရင် ကျွန်တော့်ကိုယ်စား ခရီးတစ်ခု သွားပေးကြရမယ်။”

“ကျွန်တော်တို့ကမ္ဘာထဲကို ဘယ်အင်အားစုတွေ ဝင်လာလဲဆိုတာကို ကျွန်တော်အကြမ်းဖျင်းတော့ နားလည်ထားတယ်။ ခင်ဗျားတို့က ကျွန်တော့်ကိုယ်စား အဲ့ဒီအင်အားစုတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ သွားတွေ့ပြီး ကျွန်တော့်ရဲ့ ညှိနှိုင်းဆွေးနွေးလိုတဲ့ ဆန္ဒကို ပြောပြရမယ်။ ဒါပေမဲ့ မြူခိုးဒေသမှာ အင်အားစုတွေ အများကြီးရှိတော့ သူတို့အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးဖို့တော့လိုတယ်။”

လုချန်း၏ စကားက တစ်ခုခု ထူးဆန်းနေသည်ဟု ဝန်ကြီးများအားလုံး ခံစားလိုက်ရသည်။

မြူခိုးဒေသမှ အင်အားစုအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှာလား။

ဒါက တကယ်ကော ညှိနှိုင်းဆွေးနွေးခြင်းလား။

အင်းအားစုအားလုံးနှင့် ညှိနှိုင်းရပါက မြူခိုးဒေသမှ အင်အားစုများသည် ထိုအခွင့်အရေးကို အသုံးချပြီး ရှနိုင်ငံတော်ကို ခွဲဝေယူကြမည် မဟုတ်ပါလား။

ဤသို့ စဉ်းစားမိသောအခါ ကျူးကဲ့ကျုံကောင်းထံသို့ ဝန်ကြီးများ လှမ်းကြည့်လိုက်ကြပြီး သူ ဝင်ပြောကာ လုချန်းကို အကြံဉာဏ်ပေးမည်ဟု မျှော်လင့်နေကြသည်။

သို့သော်လည်း ကျူးကဲ့ကျုံကောင်းကတော့ ထိုကိစ္စ သူနှင့် မည်သို့မှ မသက်ဆိုင်သကဲ့သို့ မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေလေသည်။

All Chapters