အကောင်းဆုံး တိုက်စစ်သည် အကောင်းဆုံးခံစစ်
Vol. 64 Ch. 947
မြူခိုးဒေသမှ အင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးရန် ဆုံးဖြတ်ပြီးနောက် ထိုအရေးကြီး တာဝန် အပ်နှင်းခံရသော ဝန်ကြီးများသည် မြူခိုးဒေသမှ အင်အားစုအသီးသီးနှင့် ဆွေးနွေးရန် နဂါးနက်မြို့သို့ ခရီးထွက်ရန် စတင်ပြင်ဆင်ကြ၏။
ဘဏ္ဍာရေးဝန်ကြီး ဟောင်မင်ဟွေလည်း ပြင်ဆင်နေခဲ့၏။ မြူခိုးဒေသရှိ တတိယအကြီးဆုံး အင်အားစုဖြစ်သော လင်ဟူဂိုဏ်းနှင့် ဆက်သွယ်ရန် တာဝန်ပေးခဲ့ရာ
ဟောင်မင်ဟွေကို အလွန်ကျေနပ်စေခဲ့သည်။
အကယ်၍ သူသာ လင်ဟူဂိုဏ်းနှင့် လျှို့ဝှက်ပူးပေါင်းနိုင်ခဲ့ပါက မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားပြီး နောက်တွင်ပင် သူ့အတွက် စိုးရိမ်စရာ မရှိတော့ပေ။
…….
ရန်ခရိုင်။
ဟောင်စံအိမ်။
ဟောင်မင်ဟွေ သူ၏စာကြည့်ခန်းထဲတွင် တစ်စုံတစ်ခုကို ရေးသားနေစဉ် အစေခံတစ်ဦးက စာကြည့်ခန်းတံခါးဝတွင်
“သခင်ကြီး။ သခင်လေးဝမ် ရောက်လာပါတယ်”
ဟောင်မင်ဟွေက
“သူ့ကို ဝင်ခိုင်းလိုက်”
နောက်တစ်ခဏတွင် ခမ်းနားသောဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဟောင်မင်ဟွေ၏ စာကြည့်ခန်းထဲသို့ ဝင်ရောက်လာသည်။
စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် ထိုအမျိုးသားက ပြုံးကာ
“ဝန်ကြီးဟောင်က ရက်နည်းနည်းလောက် မတွေ့ရတာနဲ့ အဆင့်တွေ တိုးတက်လာပါလား။”
ဟောင်မင်ဟွေက ပြုံးလျက်
“ဒါက သခင်လေးဝမ်ရဲ့ လမ်းညွှန်မှုကြောင့်ပဲ မဟုတ်ဘူးလား။”
သူပြောနေစဉ်မှာပင် ဟောင်မင်ဟွေက စက္ကူဖြူတစ်ရွက်နှင့် စုတ်တံတစ်ချောင်းကို ထုတ်ယူပြီး လေဝမ်တထံသို့ ကမ်းပေးလိုက်သည်။
ဟောင်မင်ဟွေနှင့် တွေ့ဆုံနေသော သခင်လေးဝမ်မှာ သိုင်းပညာ စွမ်းအားများ ပျက်စီးသွားခဲ့သည့် လေဝမ်တမှလွဲ၍ အခြားမည်သူမှ မဟုတ်ပေ။
လွတ်မြောက်လာပြီးနောက် လေဝမ်တသည် အစပိုင်းတွင် လုံးဝ စိတ်ဓာတ်ကျနေခဲ့ပြီး တိရစ္ဆာန်တစ်ကောင်ကဲ့သို့ တန်ဖိုးမရှိသော ဘဝဖြင့်သာ သူ နေထိုင်ရတော့မည်ဟု ယုံကြည်ခဲ့သည်။
သို့သော် သူ၏စိတ်ဓာတ်ကို လျင်မြန်စွာ ပြန်လည်မြှင့်တင်ခဲ့၏။ ရှနိုင်ငံတော်သည် တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် ဆက်စပ်နေသည်ဆိုသည့် သတင်းကို လင်ဟူဂိုဏ်းထံသို့ သူ ပေးပို့လိုပြီး မြူခိုးဒေသမှ အင်အားစုအားလုံးကိုလည်း သိရှိစေလိုသည်။
ထိုအချိန်ကျလျှင် တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် ရှနိုင်ငံတော် နှစ်ခုစလုံးသည် ပစ်မှတ်များ ဖြစ်လာကြပြီး မြူခိုးဒေသမှ အင်အားစုအားလုံး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။
ထိုသို့ဖြင့် ရှနိုင်ငံတော်မှ အရာရှိများကို ချဉ်းကပ်ရန် လေဝမ်တ နည်းလမ်းများရှာဖွေခဲ့သည်။ ထို့နောက် မြူခိုးဒေသ၏ အခြေအနေကို သူတို့အား အသိပေးခဲ့သည့်ခြင်း၊ သူတို့အတွက် ဆွဲဆောင်မှုရှိသော အလားအလာများစွာကို ပုံဖော်ပြခဲ့ခြင်း၊ သူတို့၏ သိုင်းပညာ အဆင့်များကို သိသိသာသာ တိုးတက်စေနိုင်သည့် ကျင့်စဉ်နည်းလမ်းများကို သင်ကြားပေးခြင်းကဲ့သို့သော လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးကျေးဇူးများဖြင့် စည်းရုံးခဲ့သည်။
ဥပမာအားဖြင့် ဟောင်မင်ဟွေ ဖြစ်သည်။ သူသည် အစက သာမန်လူတစ်ဦးသာဖြစ်သော်လည်း လေဝမ်တ သင်ကြားပေးသော ကျင့်စဉ်နည်းလမ်းများကြောင့် အလွန်တိုတောင်းသော အချိန်အတွင်း အဆင့်ရှစ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဟောင်မင်ဟွေ၏ ခန္ဓာကိုယ်သည် အချိန်တို အတွင်းမှာပင် များစွာ သန်မာလာခဲ့ပြီး ယနေ့လည်း ယခင်ကထက် ပိုမိုတက်ကြွလန်းဆန်းနေပုံ ပေါက်နေသည်။ ဒါက သူတစ်ခါမှ မခံစားဖူးသော ခံစားမှု ဖြစ်၏။
သိုင်းပညာ လျင်မြန်စွာ တိုးတက်လာခြင်းက ဟောင်မင်ဟွေ၏ ရည်မှန်းချက်များကိုလည်း ပိုမိုကြီးမားလာစေခဲ့ပြီး လုချန်းသည် အဆင့်နိမ့်ကမ္ဘာမှ နိမ့်ကျသော ဧကရာဇ်တစ်ပါးသာဖြစ်သည်ဟု တွေးတောကာ လုချန်းအပေါ်ရှိ သူ၏ရိုသေလေးစားမှုများ ပျောက်ဆုံးလာခဲ့သည်။
အကယ်၍ သူသာ လင်ဟူဂိုဏ်းနှင့် အနီးကပ် မဟာမိတ်ဖွဲ့နိုင်ပါက တစ်နေ့တွင် လုချန်းကဲ့သို့သော အာဏာကို ပိုင်ဆိုင်နိုင်မည် သို့မဟုတ် တန်ခိုးရှင်နတ်တစ်ပါးပင် ဖြစ်လာနိုင်သည်ဟု သူတွေးလာသည်။
ဟောင်မင်ဟွေ၏ သစ္စာဖောက်မှုက လေဝမ်တအား အခွင့်အရေးတစ်ခုကို ပေးအပ်ခဲ့သည်။ ထို့နောက် ရှနိုင်ငံတော်မှ ဝန်ကြီးများစွာကို သိမ်းသွင်းရန် အလားတူနည်းလမ်းကို သူ အသုံးပြုခဲ့သော်လည်း အချို့ကမူ
လေဝမ်တကို တိုက်ရိုက် ငြင်းပယ်ခဲ့ကြသည်။
သို့သော်လည်း ဝန်ကြီးများစွာသည် ရုတ်တရက် စွမ်းအားကြီးမားလာခြင်း၏ သွေးဆောင်မှုကို မတွန်းလှန်နိုင်ခဲ့ကြပေ။ အထူးသဖြင့် အရပ်ဘက်အရာရှိများဖြစ်ကြသည်။
ဝန်ကြီးအများစုကတော့ လုချန်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ကောင်းစွာသိသောကြောင့် သူတို့ကို လှည့်ဖြားရန် လေဝမ်တအတွက် အလွန်ခက်ခဲခဲ့သည်။
သို့သော် အရပ်ဘက်အရာရှိများကတော့ ကွဲပြားကြ၏။ အထူးသဖြင့် နေပြည်တော်မှ လာသောသူများသည် စစ်မှန်သော အာဏာမရှိသည့် သာမန်လူများဖြစ်ကြပြီး ရုတ်တရက် ဤမျှကြီးမားသော အင်အားကို ရရှိလိုက်သောအခါ အတွေးအခေါ်အချို့ ပေါ်ပေါက်လာခြင်းက သဘာဝကျသည်။
ထိုအခိုက်အတန့်တွင် လေဝမ်တက စက္ကူပေါ်တွင်
“အခြေအနေ ဘယ်လိုရှိလဲ”
ဟု ရေးလိုက်သည်။
စကားပြောနေစဉ် ဟောင်မင်ဟွေက
“သခင်လေးဝမ်။ ကျွန်တော် အမြဲခံစားနေရတာက ကျွန်တော့်ရဲ့ အဆင့်တွေ တိုးတက်လာပေမဲ့ စွမ်းအားကတော့ သိပ်တိုးမလာသလိုပဲ။”
ထိုသို့ပြောနေရင်း ဟောင်မင်ဟွေက
“ဆွမ်ဧကရာဇ်က မြူခိုးဒေသက အင်အားစုတွေနဲ့ ညှိနှိုင်းဖို့ သဘောတူလိုက်ပြီ။ ပြီးတော့ မြူခိုးဒေသက အဓိက အင်အားကြီးတွေနဲ့ ဆက်သွယ်ဖို့ ဝန်ကြီးတချို့ကို စေလွှတ်ဖို့ စီစဉ်နေတယ်”
ဟု ရေးလိုက်သည်။
ဟောင်မင်ဟွေ ရေးသားထားသည်ကို မြင်သောအခါ လေဝမ်တ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွား၏။ ဆွမ်ဧကရာဇ်သည် ဖိအားကို ဆက်လက်မခံနိုင်တော့သည့်ပုံ ပေါက်နေသည်။
ရှနိုင်ငံတော်သည် တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ အစိတ်အပိုင်းဖြစ်လျှင်ပင် ၎င်းသည် ဂိုဏ်းတစ်ဂိုဏ်းတည်းသာ ဖြစ်၏။ ပိုအရေးကြီးသည်မှာ တန်ခိုးရှင် တစ်သောင်းဂိုဏ်းသည် မြူခိုးဒေသတွင် အင်အားအကြီးဆုံး အင်အားစု မဟုတ်ခြင်း ဖြစ်သည်။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းတစ်ခုတည်းဖြင့် မြူခိုးဒေသမှ အင်အားစုအားလုံးကို ယှဉ်ပြိုင်နိုင်စရာ မရှိပေ။ ရှောင်လွှဲမရသော ရလဒ်မှာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရခြင်း ဖြစ်ပေမည်။
ထိုအခိုက်အတန့်တွင် လေဝမ်တက
“ဖြစ်နိုင်တာက ခင်ဗျားက တကယ့်တိုက်ပွဲတွေမှာ မပါဝင်ဖူးဘူး။ သေချာ မတိုက်ခိုက်ဖူးလို့ ခင်ဗျားရဲ့စွမ်းအား ဘယ်အဆင့်ရောက်နေလဲဆိုတာ မခံစားမိတာ ဖြစ်လိမ့်မယ်။”
ထိုသို့ပြောပြီး လေဝမ်တက အခြားစက္ကူဖြူတစ်ရွက်ပေါ်တွင်
“ဆွမ်ဧကရာဇ်က မြူခိုးဒေသက အင်အားစုတွေနဲ့ ဆက်သွယ်ဖို့ ဘယ်ဝန်ကြီးတွေကို စေလွှတ်ခဲ့လဲ။ ပြီးတော့ လင်ဟူဂိုဏ်းက တပည့်တွေနဲ့ တွေ့ဖို့ ဝန်ကြီးတစ်ယောက်ယောက်ကို စေလွှတ်ခဲ့လား။”
ဟောင်မင်ဟွေလည်း လေဝမ်တ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားပြီး
“ဆွမ်ဧကရာဇ် စေလွှတ်လိုက်တဲ့ ဝန်ကြီးတွေအားလုံးက ညှိနှိုင်းမှုကို ထောက်ခံတဲ့သူတွေချည်းပါပဲ။ ကျွန်တော်လည်း အပါအဝင်ပေါ့။ ပြီးတော့ ကျွန်တော်က လင်ဟူဂိုဏ်းနဲ့ ဆက်သွယ်ဖို့ တာဝန်ကျတဲ့ ဝန်ကြီးပဲ”
ဟု လျင်မြန်စွာ ရေးလိုက်သည်။
ဟောင်မင်ဟွေ ရေးသားထားသည်ကို မြင်သောအခါ လေဝမ်တသည် အလွန်စိတ်လှုပ်ရှားသွား၏။
ဒါက သူ အခု ဟောင်မင်ဟွေမှတစ်ဆင့် လင်ဟူဂိုဏ်းမှ တပည့်များနှင့် ဆက်သွယ်နိုင်ပြီဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
လေဝမ်တက ချက်ချင်းပင်
“ခင်ဗျား နဂါးနက်မြို့ကို သွားတဲ့အခါ လင်ဟူဂိုဏ်းက တပည့်တွေကို ကျွန်တော့်အခြေအနေအကြောင်း သေချာပြောပြရမယ်။ ခင်ဗျားက လင်ဟူဂိုဏ်းဘက်က ရပ်တည်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြလိုက်တာနဲ့ သူတို့က ခင်ဗျားကို အကျိုးကျေးဇူးတွေ အများကြီး ပေးလိမ့်မယ်။”
လေဝမ်တ ရေးထားသည်ကို မြင်သောအခါ ဟောင်မင်ဟွေ၏ အပြုံး ပိုမိုကျယ်ပြန့်လာပြီး အလွန်ကျေနပ်နေပုံ ပေါက်နေသည်။
လင်ဟူဂိုဏ်းနှင့် ဆက်သွယ်မှု ထူထောင်နိုင်ခြင်းသည် သူ၏ ထွန်းတောက်လာမည့် အနာဂါတ်၏ အစကို ပြသနေ၏။ လင်ဟူဂိုဏ်း၏ ကိုယ်စားလှယ် ဖြစ်လာရန် ပြီးတော့ ဧကရာဇ်တစ်ပါး ဖြစ်လာရန်ပင် သူစိတ်ကူးယဉ်နေသည်။
ထို့နောက် ဟောင်မင်ဟွေကလည်း
“ကောင်းပါပြီ။ လင်ဟူဂိုဏ်းက တပည့်တွေကို ခင်ဗျားရဲ့ ဒုက္ခအကြောင်း ကျွန်တော် အသေအချာ ပြောပြပါ့မယ်။”
စက္ကူပေါ်ရှိ စာများကို လေဝမ်တ ဖတ်ပြီးနောက် ဟောင်မင်ဟွေလည်း သူတို့ ဆက်သွယ်ရာတွင် အသုံးပြုခဲ့သော စက္ကူစများကို လုံးချေကာ စာကြည့်ခန်းရှိ မီးလင်းဖိုထဲသို့ ထည့်ပြီး အားလုံးကို မီးရှို့လိုက်သည်။
စာကြည့်ခန်းရှိ မီးလင်းဖိုသည် အထူးကိုယ်ရံတော်များ သဲလွန်စများ မရှာနိုင်စေရန်အတွက် သက်သေများ မီးရှို့ ဖျောက်ဖျက်ရန်အတွက် အထူးအသုံးပြုခြင်း ဖြစ်သည်။
လေဝမ်တနှင့် ဆက်ဆံရာတွင် ဟောင်မင်ဟွေ အမြဲတမ်း အလွန်သတိထားခဲ့ပြီး လင်ဟူဂိုဏ်းနှင့် ရှနိုင်ငံတော်အကြောင်း လေဝမ်တနှင့် နှုတ်ဖြင့် ဆွေးနွေးခြင်းကို ဘယ်သောအခါမှ မပြုလုပ်ခဲ့ပေ။ ထိုအစား သူတို့သည် ကျင့်စဉ်နည်းလမ်းများနှင့် သူတို့ ိသိုင်းပညာအဆင့်မည်သို့မြှင့်တင်ရမည်ကို ဆွေးနွေးဟန်ဆောင်ပြီးနောက် သူတို့ တကယ်ဆွေးနွေးလိုသည့် အကြောင်းအရာကို စက္ကူပေါ်တွင် ရေးမှတ်ကြသည်။
ဤနည်းအားဖြင့် အထူးကိုယ်ရံတော်များ အပြင်ဘက်တွင် ချောင်းနားထောင်နေလျှင်ပင် သူတို့ ကျင့်စဉ်နည်းလမ်းများကို ဆွေးနွေးနေသည်ကိုသာ ကြားနိုင်မည် ဖြစ်သည်။
လေဝမ်တနှင့် ဟောင်မင်ဟွေတို့သည် သူတို့၏ သိုင်းပညာ အဆင့်များ မည်သို့မြှင့်တင်ရမည်ကို နှုတ်ဖြင့် ဆက်လက်ဆွေးနွေးနေကြပြီး တစ်ချိန်တည်းမှာပင် ဟောင်မင်ဟွေသည် လင်ဟူဂိုဏ်းမှ တပည့်များနှင့် တွေ့ဆုံပြီးနောက် ပြောသင့်သည့်အရာများကို စက္ကူပေါ်တွင် ရေးမှတ်နေကြသည်။
နှစ်နာရီခန့်အကြာတွင် လေဝမ်တ ဟောင်မင်ဟွေ၏ အိမ်မှ ထွက်ခွာသွားသည်။
……..
တစ်ချိန်တည်းမှာပင်…
နေပြည်တော်။
နန်းတော်။
လုချန်းသည် နန်းတွင်းစာကြည့်ခန်းတွင် တိုင်းပြည်ရေးရာများကို ကိုင်တွယ်ဖြေရှင်းနေစဉ် ကျူးကဲ့ကျုံကောင်းနှင့် စစ်ဗိုလ်ချုပ်တစ်စု ရောက်ရှိလာပြီး နန်းတွင်းစာကြည့်ခန်း အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။
နောက်တစ်ခဏတွင် အစေခံတစ်ဦး၏ အသံထွက်ပေါ်လာသည်။
“မင်းကြီး။ ပညာရှိကြီးတို့ ရောက်လာကြပါတယ်။”
ထိုစကားကို ကြားသောအခါ သူ၏လက်ထဲရှိ စစ်ရေးစီမံကိန်း မြေပုံကို ကြည့်ရင်း
“အားလုံး ဝင်ခဲ့ကြပါ”
ထို့နောက် အရေးပါသော စစ်ဗိုလ်ချုပ်များ နန်းတွင်းစာကြည့်ခန်းထဲသို့ ဝင်ရောက်လာကြသည်။
လုချန်း ပြောဆိုခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် သူ၏ စိတ်ရင်းမှန် ဖြစ်နိုင်ဖွယ်မရှိဟု စစ်ဗိုလ်ချုပ်များ နားလည်ပြီးသား ဖြစ်၏။ အကြောင်းမှာ နန်းတွင်း အစည်းအဝေးကြီး ပြီးဆုံးပြီး မကြာမီမှာပင် စစ်ရေးအစည်းအဝေးကို ခေါ်ယူခဲ့ သောကြောင့် ဖြစ်သည်။ ယခုအစည်းအဝေးတွင် သူတို့ ဆွေးနွေးကြတော့မည့် အရာများကတော့ သူ၏ ရည်ရွယ်ချက် အမှန်များနှင့် သက်ဆိုင်နေပေမည်။
လုချန်းက ဗိုလ်ချုပ်များကို တစ်ချက်ကြည့်ပြီးနောက်
“ကျွန်တော်တို့ စစ်တပ်ရဲ့ လက်ရှိဖွဲ့စည်းပုံက ခောတ်နောက်ကျ ကျန်နေခဲ့ပြီ။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေး နောက်တစ်ကြိမ် လုပ်ဖို့ ကျွန်တော် စီစဉ်ထားတယ်။”
ထိုစကားကို ကြားသောအခါ ဗိုလ်ချုပ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
မုချန်တိန်က
“မင်းကြီးက စစ်တပ်ကို ဘယ်လို ပြောင်းလဲဖို့ စီစဉ်ထားလဲဆိုတာ ကျွန်တော်တို့ သိခွင့်ရှိမလား။”
လုချန်းက
“စစ်တပ်သစ်တစ်ခု တည်ထောင်ဖို့ စီစဉ်နေတယ်။”
စစ်တပ်အသစ်လား။
ထိုစကားကို ကြားသောအခါ နန်းတွင်းစာကြည့်ခန်းထဲရှိ ဗိုလ်ချုပ်များ ခဏခန့် မှင်သက်သွားကြသည်။
ယခင် စစ်တပ်များသည် ယမ်းလက်နက်များကို အဓိကထားခဲ့သည်။ ဒါဆိုရင် စစ်တပ်အသစ်က မည်သည့်အရာကို အခြေခံမည်နည်း။
လုချန်းက
“ခင်ဗျားတို့ထဲက တချို့ ကြားပြီးသား ဖြစ်လောက်ပါတယ်။ ရှနိုင်ငံတော်က ပိုပြီး အစွမ်းထက်တဲ့ လက်နက်တစ်မျိုးကို တီထွင်ထုတ်လုပ်ထားတယ်။ အဲ့ဒါကို အင်းကွက်လက်နက်လို့ ခေါ်တယ်။”
“အဲ့ဒီလက်နက်မျိုးက အရိပ်အယောင် ကောင်းကင်လူသားတစ်ယောက်ကို အလွယ်တကူ သတ်နိုင်တယ်။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ကို သတ်ဖို့ဆိုရင်တောင် သိပ်မဖြစ်နိုင်တာတော့ မဟုတ်ဘူး။”
ထိုစကားကြောင့် နန်းတွင်းစာကြည့်ခန်းထဲရှိ လူများ အံ့အားသင့်သွားကြ၏။ လက်နက်စက်ရုံတွင် လက်နက်သစ်များ ရှိသည်ဟု သူတို့ ကြားသိခဲ့ရပြီး လက်နက်သစ်များကို စမ်းသပ်နေသည်ကိုပင် မျက်မြင်တွေ့ခဲ့ဖူးသူ အချို့လည်း ရှိသည်။ ထိုသူများသည် အင်းကွက်လက်နက်များကြောင့် ဖြစ်ပေါ်လာသော မှိုပွင့်တိမ်တိုက်များကိုလည်း မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း ထိုလက်နက်အသစ်များသည် အရိပ်အယောင် ကောင်းကင်လူသားများကို အလွယ်တကူ သတ်နိုင်ပြီး ကောင်းကင်လူသား စွမ်းအားရှင်များကိုပင် သတ်နိုင်လောက်အောင် အစွမ်းထက်သည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
သူတို့တွင် ထိုသို့သော လက်နက်များကို ပိုင်ဆိုင်ထားပါက ရှနိုင်ငံတော်သည် မြူခိုးဒေသမှ အင်အားစုများကို အဘယ်ကြောင့် စိုးရိမ်နေရမည်နည်း။
စိုးရိမ်ရန် မလိုအပ်ရုံသာမက သူတို့၏ စစ်တပ်ဖြင့် မြူခိုးဒေသကို တိုက်ရိုက် သွားရောက်တိုက်ခိုက်နိုင်သည်။
ဤစစ်တပ်အသစ်၏ တပ်မှူးများ ဖြစ်လာနိုင်ပါက သူတို့အတွက် မည်မျှ ဂုဏ်ယူဖွယ်ကောင်းမည်ကို တွေးတောမိကာ ဗိုလ်ချုပ်များ အလွန်တက်ကြွလာကြသည်။
ထိုအခိုက်အတန့်တွင် ဗိုလ်ချုပ်များအားလုံးသည် တာဝန်ထမ်းဆောင်ခွင့်ရရန် စိတ်ထဲအသင့်ပြင်ထားကြပြီဖြစ်သည်။ လုချန်းက ဗိုလ်ချုပ်များကို တစ်ချက်ကြည့်ကာ
“စစ်တပ်သစ်ကို အင်းကွက်လက်နက်တွေ တပ်ဆင်ပေးသွားမယ်။ ပြီးတော့ မကြာခင်မှာပဲ တကယ့်တိုက်ပွဲတွေမှာ စမ်းသပ်သွားမယ်။ စစ်တပ်သစ်ရဲ့ အနာဂတ် အဓိကတာဝန်က တိုက်ရဲ့အပြင်ဘက်ကို နယ်မြေချဲ့ထွင်ပြီး ရှနိုင်ငံတော်ကို ခြိမ်းခြောက်နိုင်တဲ့ အင်အားစုတွေ ဒါမှမဟုတ် ရန်သူတွေကို ကြိုတင်ရှင်းလင်းဖို့ပဲ။”
“ ခုခံကာကွယ်တဲ့ဘက်ကချည်း အမြဲတမ်း နေလို့မဖြစ်ဘူး။ တခြားသူတွေ ကျွန်တော်တို့ကို လာတိုက်တာကို စောင့်နေလို့မရဘူး။ ကျွန်တော်တို့က စသင့်စရမယ်။ အကောင်းဆုံး ခံစစ်က အကောင်းဆုံးတိုက်စစ်ပဲ။”
လုချန်း၏ စကားကို ကြားသောအခါ နန်းတွင်း အစည်းအဝေးကြီးအတွင်း အရပ်ဘက်အရာရှိများကို မြူခိုးဒေသမှ အင်အားစုများနှင့် ဆက်သွယ်ရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုကို အဆိုပြုရန် အဘယ်ကြောင့် ညွှန်ကြားခဲ့သည်ကို ဗိုလ်ချုပ်များ ချက်ချင်း နားလည်သွားကြသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့်နေ့သည် ထိုမြူခိုးဒေသမှ အင်အားစုများ ချေမှုန်းခံရမည့်နေ့ ဖြစ်ကောင်းဖြစ်နိုင်သည်။
အကယ်၍ ထိုအင်အားစုများကို တစ်နေရာတည်းတွင် စုစည်းနိုင်ပါက အင်းကွက်လက်နက်များကို ထုတ်ယူပြီး တစ်ကြိမ်တည်းနှင့် သူတို့ကို ချေမှုန်းပစ်နိုင်ပေမည်။
လုချန်း၏ စကားကို ကြားသောအခါ ဗိုလ်ချုပ်များ စိတ်လှုပ်ရှားလာကြပြီး နောက်တစ်ခဏတွင် ဗိုလ်ချုပ်တစ်ဦးက
“မင်းကြီးပြောတာ မှန်ပါတယ်။ အကောင်းဆုံး ခံစစ်က အကောင်းဆုံးတိုက်စစ်ပဲ။”
“မင်းကြီး။ ကျွန်တော် စစ်တပ်သစ်ထဲ ဝင်ချင်ပါတယ်”
“မင်းကြီး။ ကျွန်တော်လည်း စစ်တပ်သစ်ထဲ ဝင်ချင်ပါတယ်”
…….
ရှနိုင်ငံတော်၏ လက်ရှိ စစ်မှုထမ်း ဘွဲ့ထူးစနစ်အရ စစ်ပွဲသည် ဗိုလ်ချုပ်များ မျှော်လင့်တောင့်တနေသည့်အရာ ဖြစ်သည်။ ရှနိုင်ငံတော်သည် ကမ္ဘာကြီးကို စုစည်းပြီးသည့်နောက်ပိုင်း သူတို့သည် နေ့စဉ် အလုပ်လက်မဲ့ ဖြစ်နေခဲ့ကြပြီး ဧကရာဇ်က သူတို့ကို မလိုအပ်တော့ဟုပင် အချို့ဗိုလ်ချုပ်များ တွေးတောနေခဲ့ကြသည်။
လက်ရှိတွင် ရှနိုင်ငံတော်၏ တည်ငြိမ်မှုကို ထိန်းသိမ်းနေသူများမှာ ဂိုဏ်းအသီးသီးမှ တပည့်များဖြစ်ကြပြီး စစ်တပ်၏ အခန်းကဏ္ဍမှာ လျော့ကျလာသောကြောင့် ဗိုလ်ချုပ်များ အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ကြသည်။
ယခု လုချန်းက စစ်တပ်သစ်တစ်ခု တည်ထောင်လိုပြီး တိုက်စစ်က အကောင်းဆုံး ခံစစ်ဖြစ်သည်ဟု အဆိုပြုလိုက်သောအခါ စစ်ဗိုလ်ချုပ်များ၏ အရေးပါမှုကို တစ်ဖန်ပြန်လည် အကောင်အထည်ဖော်ရန် မျှော်လင့်ချက်ကို ပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။