← Chapters

ယွမ်ရှန်ရှန်၏ စိုးရိမ်ပူပန်မှုများ

Vol. 64 Ch. 952

ယွမ်ရှန်ရှန်၏ စိုးရိမ်ပူပန်မှုများ

Vol. 64 Ch. 952

ရှနိုင်ငံက မြူခိုးဒေသမှ အင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးမည်ဟူသော သတင်းသည် ထျန်းချန်ကမ္ဘာတစ်ဝှမ်းလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ညှိနှိုင်းဆွေးနွေးသည့်ကိစ္စနှင့်ပတ်သက်၍ ရှနိုင်ငံတော်၏ သာမန်ပြည်သူများ အတော်လေး မကျေမနပ်ဖြစ်နေကြသည်။

မြူခိုးဒေသမှ ကျူးကျော်သူများသည် သူတို့၏ကမ္ဘာသို့ လွှမ်းမိုးကြီးစိုးရန် ရောက်ရှိလာခဲ့ပြီး ရှနိုင်ငံတော်၏ အရပ်သားများစွာကို သတ်ဖြတ်ခဲ့၏။ အကျိုးဆက်အနေဖြင့် ရှနိုင်ငံတော်သည် အဆုံးတွင် ညှိနှိုင်းဆွေးနွေးမှုကိုသာ အားကိုးခဲ့ရသည်။

သို့သော်လည်း လူထုကြားတွင် ညှိနှိုင်းဆွေးနွေးရန် တောင်းဆိုသံများလည်း သိသိသာသာ ထွက်ပေါ်လျက်ရှိ၏။ အကြောင်းမှာ လူအများစုက လုချန်းသည် ကမ္ဘာတစ်ခုလုံးကို စည်းလုံးညီညွတ်အောင် ပြုလုပ်နိုင်ခဲ့ပြီး ဧကရာဇ်တစ်ပါးအနေနှင့် အတိုင်းအတာတစ်ခုအထိ အရည်အချင်းရှိသော်လည်း မြူခိုးဒေသမှ ရန်သူများသည် ပို၍အင်အားကြီးမားသည်ဟု တွေးထင်ကြသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ အင်အားကြီးမားသော ရန်သူများကို ရင်ဆိုင်ရသည့်အတွက် ဧကရာဇ်လုချန်းလည်း အကျပ်ရိုက်နေခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ရှနိုင်ငံတော်သည်လည်း နတ်များနီးပါးအစွမ်းထက်သူများဖြင့် ဖွဲ့စည်းထားသော အင်အားစုများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိသေး‌ ပေ။ ရှမင်းဆက်သည် သာမန်လူသားမင်းဆက်တစ်ခုသာ ဖြစ်နေသေးသည်။

မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများ ပိုမိုများပြားစွာ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်လာသည်နှင့်အမျှ ရှနိုင်ငံတော်မှ ပြည်သူများလည်း မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများနှင့် ပို၍ ထိတွေ့ဆက်ဆံမှုရှိလာခဲ့သည်။ ယခုအခါ ရှနိုင်ငံတော်မှ ပြည်သူများသည် မြူခိုးဒေသကို ကျင့်စဉ်ကျင့်သူများဖြင့် ပြည့်နှက်နေသော နယ်မြေတစ်ခုအဖြစ် အသိအမှတ်ပြုကာ ပိုမိုကျယ်ပြန့်သော နားလည်မှုတစ်ခုကို ရရှိလာခဲ့ကြသည်။

သာမန်ပြည်သူအများစုက မြူခိုးဒေသတွင် နေထိုင်သူများအားလုံးသည် တန်ခိုးရှင်များဖြစ်သည်ဟု ယုံကြည်ကြ၏။ ထို့ကြောင့် ထိုတန်ခိုးရှင် အင်အားစုများကို ရင်ဆိုင်ပါက ရှနိုင်ငံတော်၌ အနိုင်ရရန် အခွင့်အရေးမရှိပေ။ ညှိနှိုင်းဆွေးနွေးခြင်းသည်သာ ရှနိုင်ငံတော်အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာခဲ့သည်။

“ညှိနှိုင်းဆွေးနွေးမယ် ဟုတ်လား။”

……..

နဂါးနက်မြို့။

ပန်းတစ်ရာ မျှော်စင်၏ အပေါ်ထပ်။

တိမ်တိုက်ဝတ်ရုံအဖြူရောင် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သူမ၏လက်ထဲမှ သတင်းစာကိုကြည့်ကာ ရယ်မောလိုက်သည်။

နဂါးနက်မြို့သို့ ရောက်ရှိလာကတည်းက ရှနိုင်ငံတော်က မြူခိုးဒေသမှ အင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ထားသည်ဟူသော သတင်းများကို ယွမ်ရှန်ရှန် ကြားသိခဲ့ရ၏။ အစပိုင်းတွင် ထိုသတင်းများကို ကောလာဟလများဟု သူမ ထင်မှတ်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် ယခုအခါ သတင်းစာများ၌ပင် တိကျသော သတင်းဖော်ပြချက်များ ပါဝင်လာခဲ့သည်။

၎င်းက ရှနန်းတွင်းသည် ညှိနှိုင်းဆွေးနွေးရန် အမှန်တကယ် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။

သို့သော် ဤညှိနှိုင်းဆွေးနွေးမှုများသည် ရှနန်းတွင်း၏ ကိစ္စများသာဖြစ်၏။ ၎င်းတို့က လုချန်းနှင့် မည်သို့သက်ဆိုင်မည်နည်း။

လုချန်းက မြူခိုးဒေသမှ ထိုအင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးမည်ဟု ယွမ်ရှန်ရှန် မယုံကြည်ခဲ့ပေ။

လုချန်း ထုတ်ပြန်ခဲ့သော ညှိနှိုင်းဆွေးနွေးလိုသည်ဟူသော သတင်းစကားသည် မြူခိုးဒေသမှ အင်အားစုများကို တည်ငြိမ်အောင်ပြုလုပ်ရန် သို့မဟုတ် သူတို့ကို ရှုပ်ထွေးသွားစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်။

တန်ပြန်ဆောင်ရွက်မှုအချို့ကို လုချန်း ပြင်ဆင်ထားပြီးဖြစ်ရမည်။

ဤသို့တွေးတောရင်း ယွမ်ရှန်ရှန် သတင်းစာကို စားပွဲပေါ်သို့ ချလိုက်ပြီး သူမ၏အကြည့်က မြူခိုးဒေသ တည်ရှိရာဘက်သို့ ရောက်ရှိသွားခဲ့သည်။

မြူခိုးဒေသ၏ တားမြစ်ချက်များသည် ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။ တားမြစ်ချက်များ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ထျန်းချန်ကမ္ဘာမှ ထွက်ခွာဖို့ နည်းလမ်းရှာဖွေရန်အတွက် သူမ မြူခိုးဒေသသို့ ချက်ချင်းထွက်ခွာမည်ဖြစ်သည်။

လုချန်း၏နောက်တွင် အလွန်အမင်း အင်အားကြီးမားသော ကျင့်စဉ်မိသားစုတစ်စု ရှိနိုင်ပြီး လုချန်းကို အားကိုးခြင်းဖြင့် သူမ ဤကမ္ဘာမှ ထွက်ခွာနိုင်မည်ဖြစ်ကြောင်း သိသော်လည်း သူမ လုချန်း၏ မိန်းမဖြစ်လာခဲ့သည့်အချိန်မှစ၍ သူမ၏အတွင်းစိတ်ထဲတွင် လုချန်းကို အသုံးချရန် အတွေးကို မတွေးချင်တော့ပေ။

သူမ အဘယ်ကြောင့် ထိုသို့ခံစားရသည်ကို သူမ မသိခဲ့ပေ။ ကျေးဇူးကန်းသော ထိုလူကို အနှောင့်အယှက်မပေးလိုဟုသာ သူမ၏ပင်ကိုယ်အသိစိတ်က သိနေခဲ့သည်။

လုချန်းနှင့် ရင်းနှီးစွာ ကုန်ဆုံးခဲ့ရသော နေ့ရက်များကို ပြန်တွေးလိုက်တိုင်း ယွမ်ရှန်ရှန် အလွန်အမင်း နှမြောတသဖြစ်မိသော်လည်း သူမတွင် ရွေးချယ်စရာမရှိပေ။ ဤကမ္ဘာမှ ထွက်ခွာရမည်သာဖြစ်သည်။

သူမ၏ရန်သူသည် အလွန်အင်အားကြီးမားပြီး လုချန်း၏နောက်၌ ကျင့်စဉ်မိသားစုတစ်ခု ရှိနေလျှင်ပင် သူတို့ သူမ၏ပြိုင်ဘက်ကို ယှဉ်နိုင်မည်မဟုတ်ပေ။

သူမ နဂါးနက်မြို့သို့ ရောက်လာပြီးနောက် ထိုနေရာရှိ ပေါများသော စိတ်ဝိညာဉ်စွမ်းအားများကြောင့် ဤကမ္ဘာသို့ ကျရောက်စဉ်က သူမ ဆုံးရှုံးခဲ့ရသော မှတ်ဉာဏ်အချို့ တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့သည်။

သူမသည် သူမ၏ ဇစ်မြစ်ကို အမြဲတစေ သိရှိခဲ့သော်လည်း အချို့သော အသေးစိတ်အချက်အလက်များကိုတော့ မေ့လျော့နေခဲ့သည်။

ထျန်းချန်ကမ္ဘာသည် နိယာမများ မပြည့်စုံသော ကမ္ဘာတစ်ခုဖြစ်ပုံရသော်လည်း ၎င်းက သူမ၏ မှတ်ဉာဏ်အချို့ကို ချိပ်ပိတ်နိုင်ခဲ့သည်။ ထိုအချက်က ဤကမ္ဘာ၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယွမ်ရှန်ရှန်အား သဘောပေါက်စေခဲ့သည်။

ထို့ကြောင့် သူမ ယခု ဤကမ္ဘာမှ ပို၍ပင် ထွက်ခွာချင်နေခဲ့သည်။

ယွမ်ရှန်ရှန် မြူခိုးဒေသရှိရာဘက်သို့ ငေးမောကြည့်နေစဉ် ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအား လှိုင်းလုံးတစ်ခုသည် ထိုနေရာမှ ပျံ့နှံ့လာခဲ့ပြီး ထိုနေရာတွင် လေထုလှိုင်းများ ဖြစ်ပေါ်စေခဲ့သည်။

မြူခိုးဒေသမှ လှုပ်ခတ်မှုများသည် နဂါးနက်မြို့ကိုလည်း သက်ရောက်မှုရှိခဲ့သည်။ မြို့သည် အနည်းငယ် တုန်ခါသွားခဲ့သော်လည်း ကံကောင်းစွာဖြင့် တုန်ခါမှု အတိုင်းအတာက မကြီးမားခဲ့သောကြောင့် သိသာထင်ရှားသော ထိခိုက်သေဆုံးမှုများ မဖြစ်ပွားခဲ့ပေ။

ယွမ်ရှန်ရှန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ ချက်ချင်းထရပ်လိုက်ပြီး မြူခိုးဒေသရှိ တားမြစ်ချက်များ၏ အခြေအနေကို အကဲခတ်လိုက်၏။ တားမြစ်ချက်များသည် သိသိသာသာ လျော့မသွားသေးပေ။

ထိုစဉ် ယွမ်ရှန်ရှန်၏ မျက်နှာအမူအရာ အနည်းငယ်ပို၍ တင်းမာသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဂိုဏ်းဖော်များ၏ အငွေ့အသက်ကို ခံစားမိလိုက်သောကြောင့်ဖြစ်၏။ ယင်းက သူမ၏ဂိုဏ်းဖော်များ မြူခိုးဒေသသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဆိုလိုသည်။

ယွမ်ရှန်ရှန်၏ စိတ်ထဲ အနည်းငယ် စိုးရိမ်ပူပန်သွားသည်။ သူမ ဤကမ္ဘာသို့ ရောက်ရှိလာပြီးတာတောင် သူမ၏ဂိုဏ်းဖော်များက သူမကို လိုက်လံရှာဖွေနေဦးမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဒါက တကယ့် ပြဿနာတစ်ခု ဖြစ်သည်။ သူမသည် ယခု ထျန်းချန်ကမ္ဘာတွင် ပိတ်မိနေပြီး သူမ၏ကိုယ်ပိုင်အင်အားဖြင့် ထွက်ခွာနိုင်စွမ်းမရှိပေ။ သူမ၏ဂိုဏ်းဖော်များ မြူခိုးဒေသတွင် ရှိနေသဖြင့် မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏ဂိုဏ်းဖော်များက သူမကိုရှာဖွေရန် ထျန်းချန်ကမ္ဘာသို့ သေချာပေါက် ဝင်ရောက်လာကြပေလိမ့်မည်။

ယွမ်ရှန်ရှန်၏စိတ်များ မတည်မငြိမ်ဖြစ်လားပြီး သူမ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ အဖမ်းခံရပြီး ထိုလူ၏ ကျင့်စဉ်မီးဖို ဖြစ်သွားရန် လုံးဝသူမ မလိုလားခဲ့ပေ။ ပုန်ကန်သူ လုချန်းအတွက် ကျင့်စဉ်မီးဖိုအဖြစ် အသုံးချခံရသည်ကမှ တော်သေးမည်။

……..

နဂါးနက်မြို့။

အရက်ဆိုင်တစ်ခု။

ယနေ့တွင် ရှမင်းဆက်က အဆိုပြုသော ငြိမ်းချမ်းရေးဆွေးနွေးပွဲကြောင့် အဓိကအင်အားကြီး သုံးစု၏ ကိုယ်စားလှယ်များ အရက်ဆိုင်၌ စုရုံးနေကြသည်။

ပိုင်လီချန်က သူ၏လက်ထဲမှ သတင်းစာကို တစ်ချက်ကြည့်လိုက်ပြီးနောက် စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ။”

“သာမန်လူသားမင်းဆက်လေးတစ်ခုက ကျုပ်တို့ ကျင့်စဉ်ဂိုဏ်းတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဘာအခွင့်အရေးရှိလို့လဲ။”

မြူခိုးမှော်ဂိုဏ်းမှ တပည့်များသည် အမြဲတစေ အထက်စီးမှ နေလိုသူများဖြစ်ကြသည်။ သူတို့၏အမြင်တွင် ရှမင်းဆက်က ရိုးရှင်းစွာ သူတို့ကို ဦးညွှတ်ရမည်ဖြစ်သည်။

သို့သော် ရှမင်းဆက်က အေးအေးဆေးဆေး မနေရုံသာမက မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းမှ တပည့်များကိုပင် သတ်ဖြတ်ခဲ့သေးသည်။ ယခုလည်း သူတို့က မြူခိုးဒေသမှ အဓိကအင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန် အဆိုပြုရဲသေးသည်။

မည်မျှရယ်စရာကောင်းလိုက်သနည်း။

သူတို့၏ မြူခိုးမှော်ဂိုဏ်းက သာမန်လူသားမင်းဆက်တစ်ခုနှင့် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်လို့လား။

သူတို့ဂိုဏ်း၏ တပည့်များ အသတ်ခံခဲ့ရပြီးပြီ ဖြစ်သည်။ ယခု ရှမင်းဆက်အတွက် တောင်းပန်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဆွမ်ဧကရာဇ် မိမိကိုယ်ကို အဆုံးစီရင်ပြီး မင်းဆက်ပြောင်းလဲခြင်းဖြစ်သည်။ မဟုတ်ပါက မြူခိုးမှော်ဂိုဏ်း၏ အမျက်ဒေါသကို ရင်ဆိုင်ရန်သာ သူတို့ စောင့်ဆိုင်းနေရပေလိမ့်မည်။

ပိုင်လီချန်၏စကားကိုကြားသောအခါ လင်ဟူဂိုဏ်း၏ ကိုယ်စားလှယ်ဖြစ်သူ ကူချီကျိန့်က

“ဆွမ်ဧကရာဇ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ချင်တယ်လို့ ပြောပေမဲ့ နောက်ကွယ်မှာတော့ သူက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တကယ်မလိုချင် လောက်ဘူး။ ဖြစ်နိုင်ခြေအများဆုံးကတော့ ကျုပ်တို့ အင်အားကြီးဂိုဏ်းနှစ်ခုရဲ့ တပည့်တွေ သတ်ဖြတ်ခံရပြီး ကျုပ်တို့က ဒီအတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူးဆိုတာ သူသိလို့ မြူခိုးဒေသက အင်အားစုအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆိုပြုလိုက်တာပဲ။”

“ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ ပြောနေပေမဲ့ တကယ်တမ်းမှာတော့ ကျုပ်တို့ လင်ဟူဂိုဏ်းနဲ့ မြူခိုးမှော်ဂိုဏ်းက မြူခိုးဒေသက တခြားအင်အားစုတွေကြားမှာ ရှမင်းဆက်ကို အရေးယူမယ့် အရေးကို ကန့်သတ်ဖို့ သုံးလိုက်တဲ့ နည်းလမ်းတစ်ခုပဲ။”

ရှနိုင်ငံက အဆိုပြုသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မြူခိုးဒေသမှ အင်အားစုတစ်ခုတည်းနှင့်သာမက အင်အားစုအားလုံးနှင့် ဖြစ်သည်။

ဆွမ်ဧကရာဇ်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ သူ့‌အနေနှင့် နယ်မြေကို စွန့်လွှတ်နိုင်သည်။ သို့‌သော် ထိုနယ်မြေကို မည်သို့ခွဲဝေမည်ဆိုသည်ကတော့ မြူခိုးဒေသမှ အင်အားစုများအပေါ် မူတည်သည်။

နယ်မြေစွန့်လွှတ်ခြင်းသည် လက်နက်ချခြင်းမဟုတ်ပဲ မြူခိုးဒေသတစ်ခုလုံးအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေရန် နည်းဗျူဟာတစ်ခုဖြစ်သည်။

ရှမင်းဆက်က ထျန်းချန်တိုက်ကို ထိန်းချုပ်မှု စွန့်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထျန်းချန်တိုက်ကို မည်သို့ ခွဲဝေကြမည်နည်း။

ထိုအချိန်တွင် အဓိကအင်အားစုများ နယ်မြေအတွက် မလွဲမသွေ တိုက်ခိုက်ကြမည်ဖြစ်ပြီး ရှမင်းဆက်က ထိုင်ကြည့်နေရုံသာဖြစ်ကာ အင်အားစုများ သိသိသာသာ အားနည်းသွားသည်အထိ စောင့်ဆိုင်းပြီးနောက်မှ ပြန်လည်ရယူနိုင်သည်။

ဟုတ်ပါသည်။ ဒါက ပိုင်လီချန်နှင့် ကူချီကျိန့်တို့၏ အမြင်သာဖြစ်သည်။ လုချန်း၏ တကယ့်ရည်ရွယ်ချက်ကတော့ ဘေးမှထိုင်ကြည့်ရန်မဟုတ်ပဲ သူ၏တပ်များကို လေ့ကျင့်ပေးဖို့ အချိန်ရရန်သာ ဖြစ်သည်။

ထိုအချိန်တွင် ပိုင်ကွမ်းယုက ကူချီကျိန့်နှင့် ပိုင်လီချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်

“ခင်ဗျားတို့နှစ်ယောက်လုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြံကို ပယ်ချနေမှတော့ ခင်ဗျားတို့ တကယ် ဘယ်လိုဆုံးဖြစ်မလဲ။ ကျုပ်တို့ အဓိကအင်အားကြီးသုံးဖွဲက ဒီဆွေးနွေးပွဲတွေကို တက်သင့်လား မတက်သင့်ဘူးလား။”

ပိုင်ကွမ်းယု၏ မေးခွန်းကို ကြားသောအခါ ထိုနှစ်ဦးက ချက်ချင်းမတုံ့ပြန်ပဲ ခဏခန့် တိတ်ဆိတ်သွားခဲ့သည်။

ခဏအကြာတွင် ပိုင်လီချန်က

“ဒါပေါ့။ ကျုပ်တို့ တက်ကိုတက်ရမှာပေါ့။ မတက်ဘူးဆိုရင် ရှမင်းဆက်က သဘောထားကွဲလွဲအောင် သွေးထိုးလှုံ့ဆော်တဲ့အခါ ကျုပ်တို့မှာ အားနည်းချက်တွေ ရှိသွားလိမ့်မယ်။”

အင်အားကြီးသုံးစုသည် မဟာမိတ်ဖွဲ့ပြီးဖြစ်ကာ အခြားအင်အားစုများကို အတူတကွ ရင်ဆိုင်ရန် စီစဉ်ထားသော်လည်း သူတို့၏အစီအစဉ်က တစ်ကြိမ်လျှင် အင်အားစုတစ်ခုစီကို တဖြည်းဖြည်းချင်း အရေးယူရန်ဖြစ်သည်။

အခြားအင်အားစုများ၏ တပည့်အားလုံးကို တပြိုင်တည်း ချက်ချင်းချေမှုန်းရန် မဟုတ်ပေ။ သူတို့တွင် ထိုသို့သော အင်အားမျိုး မရှိသေးပေ။

အကယ်၍ မြူခိုးဒေသမှ အခြားအင်အားစုအားလုံး စုစည်းသွားပါက ဤအင်အားကြီးသုံးစု၏ လူအင်အားက အမှန်တကယ်ပင် လုံလောက်လိမ့်မည် မဟုတ်ပေ။

သူတို့၏အမြင်တွင် ရှနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တောင်းဆိုမှုသည် မြူခိုးဒေသမှ အင်အားစုများကြား ဒေသတွင်း ရန်ပွဲများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်သည့် နည်းဗျူဟာတစ်ခုသာ ဖြစ်သည်။

အကယ်၍ အဓိကအင်အားကြီးသုံးစု မပါဝင်ပါက နောက်ပိုင်းတွင် ဆွမ်ဧကရာဇ်က အခြားအင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးပြီး သဘောထားကွဲလွဲအောင် သွေးထိုးသည့်အခါ သူပြောသမျှ အကြောင်းအရာများက ထိုအင်အားစုများ အချင်းချင်း မဟာမိတ်ဖွဲ့‌ စေရန် ဦးတည်သွားနိုင်သည်။ ထိုအခါ အင်အားကြီးသုံးစုမှ တပည့်များ ဒုက္ခရောက်ကြပေလိမ့်မည်။

All Chapters