နတ်လှေဝိညာဉ်
Vol. 64 Ch. 959
ဖုန်းရင်ကျွန်း၏ အပေါ်မှ မြူခိုးများ ပျောက်ကွယ်သွားပြီးနောက် လုချန်း၏ စိတ်ထဲတွင် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။
“သခင်က ဖေးဟုန် နတ်လှေနားမှာ ရှိနေတာကို တွေ့ရှိပါတယ်။ ဆုလာဘ်ကို အခုပဲ ထုတ်ယူချင်လား။”
လုချန်းက တွေဝေခြင်းမရှိပဲ ရွေးချယ်လိုက်သည်။
“ ချက်ချင်း ထုတ်ယူမယ်။”
နောက်တစ်ခဏတွင် ဖုန်းယင်ကျွန်းတစ်ခုလုံး တုန်ခါလာပြီး ကျွန်းပေါ်ရှိ လူများလည်း ကိုယ့်ကိုယ်ကို အလျင်အမြန် ထိန်းလိုက်ကြရသည်။
ထို့နောက်တွင် နန်းတော်နှင့်တူသော အဆောက်အအုံများ ဖြည်းညင်းစွာ မြင့်တက်လာ၏။
မကြာမီတွင် ဖေးဟုန် နတ်လှေ၏ ပုံစံအမှန်သည် သူတို့၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ဖေးဟုန် နတ်လှေသည် အလွန်ခမ်းနားကြီးကျယ်သော ဧရာမလှေကြီးတစ်စင်းဖြစ်ပြီး ရေပေါ်နန်းတော်တစ်ခုအလား ပင်လယ်ပေါ်တွင် ပေါလောမျောနေသည်။ ၎င်းအပေါ်ရှိ အဆောက်အအုံများ၏ လက်ရာသည် မြင်ရသူတိုင်းကို စွဲမက်စေလောက်အောင် အံ့မခန်းရှိလှသည်။
ဦးပိုင်းတွင် ခမ်းနားထည်ဝါသော နဂါးဆောင်တစ်ခု တည်ရှိပြီး ၎င်း၏ နဂါးအကြေးခွံများမှာ တလက်လက်တောက်ပနေကာ နဂါးမျက်လုံးများသည် အလွန် အသက်ဝင်လျက်ရှိပြီး မည်သည့်အချိန်မဆို တိမ်များကြားမှ ကောင်းကင်သို့ ပျံတက်သွားတော့မည့်အလား ဖြစ်နေသည်။
နတ်လှေပေါ်တွင် အမျိုးမျိုးသော ကျောက်မျက်ရတနာများကို စီခြယ်ထားပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေ၏။
လှေ၏ ဘေးနှစ်ဖက်တွင် ကော့တက်နေသော ခေါင်မိုးများနှင့် လှပစွာ ထွင်းထုထားသော တိုင်လုံးများပါသည့် အဆောင်ငယ်များ ရှိသည်။ ပြတင်းပေါက် မှန်ကူကွက်များသည် အပင်နှင့် တိရစ္ဆာန်မျိုးစုံကို အသုံးပြု၍ ထွင်းထုထားပြီး အသက်ဝင်လွန်းလှသဖြင့် မည်သည့်အချိန်မဆို ခုန်ထွက်ပျံသန်းသွားနိုင်ပုံရသည်။
ပဲ့ပိုင်းတွင် ကျယ်ဝန်းသော ဥယျာဉ်တစ်ခုရှိပြီး အဆောင်ငယ်များ၊ စီးဆင်းနေသော စမ်းချောင်းငယ်များ၊ တံတားများ၊ ထူးဆန်းသော ပန်းများနှင့် ရှားပါးဆေးပင်များ ပေါများစွာ ပါရှိသည်။
မျက်စီရှေ့မှ ကြီးမားလှသော နတ်လှေကို မြင်သောအခါ မုယန်စီနှင့် လျှိုချင်းချို နှစ်ဦးစလုံး အံ့အားသင့်ကာ အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားကြသည်။
နတ်လှေများစွာကို သူတို့ မြင်ဖူးသော်လည်း ဤမျှကြီးမားသော နတ်လှေမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးချေ။ နတ်လှေ တည်ဆောက်ရန်အတွက် အဖိုးတန်ပစ္စည်း အမြောက်အမြား လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ စကြဝဠာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာရန် ဖြစ်သောကြောင့် ဖြစ်သည်။ ပါဝင်ပစ္စည်းများ အရည်အသွေးမကောင်းပါက မည်သည့်အချိန်မဆို ပြိုကွဲသွားနိုင်သည်။
ထို့ပြင် နတ်လှေတည်ဆောက်ရန်အတွက် အရည်အသွေးအမြင့်ဆုံး စိတ်ဝိညာဉ်ကျောက်တုံး အများအပြားလည်း လိုအပ်သည်။ ဤမျှကြီးမားသော လှေကြီးတည်ဆောက်ရန် အရည်အသွေးအမြင့်ဆုံး စိတ်ဝိညာဉ်ကျောက်တုံးများ မည်မျှ ကုန်ကျမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။
ထိုအချိန်တွင် အံ့အားအသင့်ဆုံးသူမှာ မုယန်စီ မဟုတ်ပေ။ လုချန်းက ဧကရာဇ်ကြီး၏ သားတော်ဖြစ်အကြောင်းကို သူမ သိရှိပြီးဖြစ်သည်။ ဧကရာဇ်ကြီး၏ သားတော်တစ်ဦး ဒီလိုနတ်လှေမျိုး ပိုင်ဆိုင်ခြင်းက အကျိုးကြောင်းဆီလျော်ပြီး လွန်ကဲသည်ဟု မထင်ရပေ။
ထိုအချိန်တွင် အထိတ်လန့်ဆုံးသူမှာ လျှိုချင်းချိုသာ ဖြစ်နေဆဲဖြစ်သည်။ လုချန်း၏ နောက်ခံ သာမန် မဟုတ်သည်ကို သူမ သိသည်။ နတ်လှေတစ်စင်းကို ပိုင်ဆိုင်ထားသူက သာမန်ကျင့်စဉ်မိသားစုမှ သားသမီးတစ်ဦး မဖြစ်နိုင်သည်မှာ သဘာဝကျသည်။ သို့သော် လုချန်း၏ နတ်လှေ ဤမျှကြီးမားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
မည်သို့သော လူစားမျိုးက ဤမျှကြီးမားသော နတ်လှေကို ပိုင်ဆိုင်နိုင်မည်နည်း။
သူမ၏ ပင်မခန္ဓာ၏ နတ်လှေပင် ဒီလောက် မကြီးချေ။ နတ်လှေကို ကြည့်ရုံဖြင့် လုချန်း၏ တကယ့်အဆင့်အတန်းက သူမ၏ မူလခန္ဓာထက်ပင် ပိုမြင့်တာ ထင်ရှားသည်။
အစပိုင်းတွင် အံ့အားသင့်ပြီးနောက် လျှိုချင်းချို ရုတ်တရက် သက်ပြင်းချလိုက်မိသည်။ သူမ ဤကမ္ဘာမှ ထွက်ခွာသွားပြီးနောက်ပိုင်း သူမ၏ ပင်မခန္ဓာက သူမကို ရှာတွေ့သောအခါ လုချန်းနှင့်အတူ သူမကိုပါ သုတ်သင်ရှင်းလင်းမည်ကို လျိုချင်းချို အမြဲစိုးရိမ်နေခဲ့သည်။
ယခုကြည့်ရသလောက် လုချန်းက သူမ၏ ပင်မခန္ဓာကို ကြောက်ရွံ့စရာ ရှိပုံမပေါ်ချေ။ ဤမျှကြီးမားသော နတ်လှေကို ပိုင်ဆိုင်သူသည် အဆင့်မြင့်ကမ္ဘာတစ်ခုမှ အဆင့်မြင့်အရှင်သခင်တစ်ဦး၏ သားဖြစ်ရမည် သို့မဟုတ် စကြဝဠာအတွင်းရှိ အင်ပါယာတစ်ခု၏ မင်းသားပင် ဖြစ်နိုင်သည်။
ထိုသို့သော အဆင့်အတန်းက အကာအကွယ်ပေးထားသဖြင့် သူမ၏ ပင်မခန္ဓာမှ ခွဲထွက်ပြီး ယခုချိန်မှစ၍ သီးခြားတည်ရှိနေနိုင်ရန်က မဖြစ်နိုင်သည့်အရာ မဟုတ်တော့ချေ။
လျှိုချင်းချို စိတ်ထဲတွင် တွက်ချက်နေစဉ်မှာပင် လုချန်းက စကားစလိုက်သည်။
“သခင်မလေးတို့။ ဒါက ကျွန်တော်ရဲ့ နတ်လှေပါပဲ။ ဘယ်လိုထင်လဲ။ ကျွန်တော့်ရဲ့ နတ်လှေက လုံလောက်အောင် ကြီးရဲ့လား။”
ထိုမေးခွန်းကို ကြားသောအခါ အမျိုးသမီးနှစ်ဦး သတိပြန်ဝင်လာကြသည်။ ထို့နောက် မုယန်စီက
“ကြီးတယ်။ အရမ်းကြီးတယ်။ မင်းကြီးက တကယ်ပဲ…”
သို့သော် သူမ ထိုနေရာတွင် ရပ်တန့်သွားပြီး ဆက်မပြောတော့ပေ။ အကြောင်းမှာ လုချန်းက သူ၏ အဆင့်အတန်းကို လူအနည်းငယ်သာ သိကြောင်းနှင့် အခြားသူများကို မပြောရန် သူမအား သတိပေးခဲ့သောကြောင့် ဖြစ်သည်။
လုချန်း၏ ရည်ရွယ်ချက်အမှန်က သူ၏ တကယ့်အဆင့်အတန်း ပေါ်သွားမည်ကို ကြောက်ရွံ့ခြင်းတစ်ခုတည်းကြောင့် မဟုတ်ပါ။ သူ၏ ဇနီးမယားများ သူ့အပေါ် ပို၍ ကြောက်ရွံ့စိတ်များ ကြီးထွားလာမည်ကို မလိုလားသောကြောင့် ဖြစ်သည်။
သူ၏ အဆင့်အတန်းကို သိရှိသွားသည့် အချိန်မှစ၍ မုယန်စီ သူ့ကို လုံးဝနာခံခဲ့သည်။ တစ်ခါတစ်ရံ နှုတ်ဖြင့် ခေါင်းမာသော်လည်း သူမ၏ ခန္ဓာကိုယ်ကမူ လုံးဝ နာခံသည်။
မုယန်စီ တစ်ယောက်တည်း ထိုသို့ဖြစ်နေခြင်းက ပြဿနာ မရှိသော်လည်း သူ၏ ဇနီးမယားများအားလုံး ထိုသို့ဖြစ်သွားပါက အတော်လေး အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
မုယန်စီ စကားဆက်ရန် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ လျှိုချင်းချို၏ သိလိုစိတ်များ ချက်ချင်း ထက်သန်လာသည်။ သူမက လုချန်းကို ကြည့်ကာ
“မင်းကြီးက ဒီလောက်ကြီးမားတဲ့ နတ်လှေကို ပိုင်ဆိုင်ထားတာဆိုတော့ ဘယ်အင်အားစုက လာတယ်ဆိုတာ သိခွင့်ရှိမလား။”
လျှိုချင်းချိုက ဤမေးခွန်းကို မေးသည်ကို မြင်သောအခါ မုယန်စီ၏ နှုတ်ခမ်းများ အနည်းငယ် ကော့တက်သွားသည်။ လျှိုချင်းချိုသည် လုချန်း၏ ဇစ်မြစ်အစစ်ကို သိပုံမပေါ်ချေ။
လျှိုချင်းချို လုချန်းနှင့် အတူရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏ ဇစ်မြစ်အစစ်ကို မသိသေးပေ။ သူမ ကမူ လုချန်း၏ မိန်းမ ဖြစ်လာပြီး မကြာခင်မှာပင် သူ မည်သူဖြစ်သည်ကို သိရှိခွင့်ရကြောင်း တွေးမိသောအခါ မုယန်စီ ကျေနပ်မှု အနည်းငယ် ခံစားလိုက်ရသည်။ လုချန်းနှင့် သူမ၏ ဆက်ဆံရေးသည် လျှိုချင်းချိုနှင့် လုချန်းကြားက ဆက်ဆံရေးထက် ပိုမိုခိုင်မြဲသည်ဟု ခံစားလိုက်ရသည်။
မုယန်စီ ထိုသို့ တွေးနေစဉ်မှာပင် သူမ၏ အပြုံး ရုတ်တရက် တောင့်တင်းသွားသည်။
နေပါဦး။ သူမ ဘာကြောင့် ဒီလိုအတွေးတွေ ဝင်နေရတာလဲ။
ဒီလိုကိစ္စလေးအတွက် ပျော်ရွှင်နေတယ်ဆိုရင် ဒါက သူမရဲ့ နှလုံးသားကို လုချန်းက သိမ်းပိုက်သွားခဲ့ပြီး သူမမှာ အခု အစေခံစိတ်ဓာတ် ဝင်လာပြီဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။
ပြီးသွားပြီ။
သူမ တကယ်ပဲ လုချန်းရဲ့ အစေခံ ဖြစ်လာတော့မည်ဖြစ်သည်။
ထိုသို့သော ဘဝနှင့် နေသားကျအောင် လေ့ကျင့်ခံနေရသည့် လမ်းကြောင်းပေါ်တွင် သူမ ရှိနေပြီဟု မုယန်စီ ခံစားလိုက်ရသည်။
လျှိုချင်းချို၏ မေးခွန်းကို ကြားပြီးနောက် လုချန်းက လျှိုချင်းချို၏ သွယ်လျသော ခါးကို ဖက်လိုက်ပြီး
“မင်း အများကြီး သိစရာ မလိုပါဘူး။ မင်း သိထားရမှာက ကိုယ်ရဲ့ တကယ့်အဆင့်အတန်းအရ မင်းရဲ့ ပင်မခန္ဓာကိုယ်ကို လုံးဝမကြောက်ဘူး ဆိုတာပဲ။ မင်းရဲ့ ပင်မခန္ဓာ ရောက်လာရင်တောင် ကိုယ့်ရဲ့ ဇနီးဖြစ်သွားမှာ။”
ဒါက…
လုချန်း၏ ရဲတင်းသော လေသံကို ကြားသောအခါ လျှိုချင်းချို၏ စိတ်ထဲမှ သံသယ ပိုမိုခိုင်မာသွားသည်။ လုချန်းသည် အင်ပါယာတစ်ခု၏ မင်းသားတစ်ပါး အမှန်တကယ် ဖြစ်နိုင်ပေသည်။
ထိုသို့သာဆိုလျှင် သူမ၏ ပင်မခန္ဓာက သူမအား ရှာတွေ့မှာကို အမှန်တကယ် ကြောက်စရာ မလိုတော့ပေ။
သို့သော်…
လုချန်းက သူမ၏ ပင်မခန္ဓာကို သူ၏ ဇနီး အဖြစ် ထားမည်ဟု ပြောဆိုခြင်းက…
အနည်းငယ် ပြဿနာရှိနိုင်သည်။
သူမသည် သူမ၏ ပင်မခန္ဓာနှင့် တစ်ပုံစံတည်း ဖြစ်သည်။ ဤကိုယ်ပွားရှိနေလျှင် လုံလောက်သင့်ပြီ။
သူမ၏ ပင်မခန္ဓာကို အဘယ်ကြောင့် လိုအပ်ဦးမည်နည်း။
ထိုအချိန်တွင် လုချန်းက အဝေးရှိ နတ်လှေကို ကြည့်လိုက်ပြီး
“ကဲ။ အချိန်မဖြုန်းကြနဲ့တော့။ မင်းတို့နှစ်ယောက်လုံး နတ်လှေမောင်းဖူးတယ်ဆိုတော့ အဲဒါကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကိုယ့်ကို သင်ပေးရလိမ့်မယ်။”
ထိုသို့ပြောပြီးနောက် လုချန်း ခုန်တက်ကာ နတ်လှေပေါ်သို့ ဆင်းသက်လိုက်သည်။
လုချန်းက သူတို့ကို နတ်လှေထိန်းချုပ်နည်း သင်ပေးရန် တောင်းဆိုသည်ကို ကြားသောအခါ နှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်သွားကြသည်။
လုချန်းကိုယ်တိုင် နတ်လှေတစ်စင်း ပိုင်ဆိုင်ထားပါလျက် သူက ထိန်းချုပ်နည်း မသိဘူးလား။
ဒါက…
သို့သော် သူတို့ မကြာမီ သဘောပေါက်သွားကြသည်။ သူ၏ မြင့်မားသော အဆင့်အတန်းကြောင့် နတ်လှေ ထိန်းချုပ်နည်း မသိခြင်းက သာမန်ပင်ဖြစ်သည်။ သူ မွေးဖွားလာကတည်းက အစားအသောက်၊ နေထိုင်မှု အပါအဝင် အရာအားလုံးကို အခြားသူများက စီစဉ်ပေးခဲ့ပုံရသည်။
နတ်လှေဖြင့် ခရီးသွားသည့်အခါတွင်ပင် အခြားသူများက မောင်းနှင်ပေးရသဖြင့် သူကိုယ်တိုင် သိရန်မလိုအပ်ပေ။
အမျိုးသမီးနှစ်ဦးလည်း ဆက်မတွေးတော့ပဲ နတ်လှေပေါ်သို့ ခုန်တက်လိုက်ကြသည်။
လုချန်း နတ်လှေပေါ်သို့ ရောက်သည်နှင့် သူ၏ စိတ်ထဲတွင် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။
“သခင်သည် နတ်လှေ၏ ထိန်းချုပ်ရေးပုံစံဆီသို့ လာရောက်ပြီး သွေးတစ်စက်ချကာ နတ်လှေကို အပြည့်အဝ အသက်သွင်းရန် လိုအပ်သည်။”
မည်သည့် တွေဝေမှုမှ မရှိပဲ လှေဦးပိုင်းသို့ လုချန်း တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ထိန်းချုပ်ရေး ပုံစံကို တွေ့ရှိလိုက်သည်။
ပုံစံသည် လူဆယ်ယောက်စာ စားပွဲတစ်လုံးခန့် ကြီးမားပြီး အထူးဝိညာဉ်ကျောက်တုံးတစ်မျိုးဟု ထင်ရသော မရေမတွက်နိုင်သည့် ကျောက်ဖြူများဖြင့် စီစဉ်ထားသည်။
လုချန်းလည်း များများစားစားမတွေးပဲ နတ်သတ်ဓားကို ထုတ်ယူကာ သူ၏ လက်ဖဝါးကို တိုက်ရိုက်လှီးဖြတ်ပြီးနောက် ပုံစံ၏ အလယ်ဗဟိုသို့ သွေးအချို့ကို ချလိုက်သည်။
နောက်တစ်ခဏတွင် ပုံစံ၏ ကျောက်ဖြူများမှ အနီရောင်အလင်းတန်းများ ထွက်လာ၏။ အနီရောင်အလင်းတန်းများ လင်းလက်သွားပြီးနောက် နတ်လှေတစ်ခုလုံး အလိုအလျောက် မြင့်တက်လာကာ လေထဲတွင် ရပ်တန့်နေသည်။
ဤမြင်ကွင်းကို မြင်သောအခါ လျှိုချင်းချိုနှင့် မုယန်စီတို့ အနည်းငယ် ကြောင်သွားကြသည်။ လုချန်းက သူတို့ကို နတ်လှေ ထိန်းချုပ်မောင်းနှင်နည်း သင်ပေးခိုင်းခဲ့သည် မဟုတ်လား။ ယခု သူကိုယ်တိုင် မည်သို့ စီမံနေသနည်း။
အမျိုးသမီးနှစ်ဦး ထိုသို့ တွေးနေစဉ်မှာပင် အစောက ဖော်ပြခဲ့သော ပုံစံ၏ အလယ်ဗဟိုမှ အနီရောင်အလင်းတန်းအစုအဝေးတစ်ခု ထပ်မံ ထုတ်လွှတ်လိုက်ပြီးနောက်တွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ်ယောင်တစ်ခု သူတို့ သုံးဦးရှေ့တွင် ပေါ်ထွက်လာသည်။
ဤအနီရောင်ဝတ်စုံနှင့် မိန်းကလေးသည် မီးနတ်သမီးတစ်ပါးနှင့်တူ၏။ သူမ၏ အနီရောင်အဝတ်အစားများသည် နေဝင်ဆည်းဆာ တိမ်များကဲ့သို့ တောက်ပ၍ သက်ဝင်လှပနေပြီး အကြည့်မခွာနိုင် လောက်အောင် စွဲဆောင်မှုရှိသည်။ သူမ၏ ဝတ်စုံသည် သူမ၏ ခြေလှမ်းများနှင့်အတူ လေပြင်းတစ်ခုကို နှိုးဆွလိုက်သကဲ့သို့ လှုပ်ခတ်နေသည်။
သူမ၏ မျက်နှာသွင်ပြင်သည် ပန်းချီကားတစ်ချပ်ကဲ့သို့ သိမ်မွေ့ပြီး သူမ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေသည်။ သူမ၏ ချွန်သောနှာတံနှင့် ချယ်ရီရောင်နှုတ်ခမ်းများသည် ဆွဲဆောင်မှုအနည်းငယ်ကို ပေါင်းထည့်ပေးထားသည်။
သူမ၏ ရှည်လျားသော ဆံပင်သည် ရေတံခွန်တစ်ခုကဲ့သို့ စီးကျနေပြီး လေနှင့်အတူ လှုပ်ရှားကာ သူမ၏ အနီရောင်ဝတ်စုံနှင့် လိုက်ဖက်ညီစွာ စွဲမက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုကို ဖန်တီးထားသည်။
သူမ၏ ကိုယ်ဟန်ကလည်း အလွန် ကျော့ရှင်းသည်။ သူမသည် မိုးမခပင်ကဲ့သို့ တစ်ကိုယ်လုံး လေထဲတွင် မျောနေသလို ဖြစ်နေသည်။ သူမ၏ လှုပ်ရှားမှုများသည် အသက်ဓာတ်စွမ်းအား၊ နတ်အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေပြီး ဆွဲဆောင်မှု ရှိနေသော်လည်း သူမကို နှောင့်ယှက်၍ ရမည့်ပုံ မရှိပေ။
သူမ၏ ခန္ဓာကိုယ်က မည်သည့်အချိန်မဆို ပျောက်ကွယ်သွားနိုင်ပုံရသောကြောင့် သူမလူအစစ်မဟုတ်ကြောင်း လုချန်း ချက်ချင်း သိလိုက်သည်။
ထိုအချိန်တွင် လုချန်း၏ နောက်မှ အမျိုးသမီးနှစ်ဦးလည်း အနီရောင်ဝတ်စုံနှင့် မိန်းကလေးကို သိရှိသွားကြပြီဖြစ်သည်။ မုယန်စီက မထိန်းနိုင်ပဲ ပြောလိုက်သည်။
“ဒါက နတ်လှေရဲ့ ဝိညာဉ်ပဲ။”
အမျိုးသမီးနှစ်ဦး တိတ်ဆိတ်သွားကြသည်။
လုချန်း၏ နတ်လှေတွင် ကိုယ်ပိုင် ဝိညာဉ်လည်း ရှိနေသည်။ လှေဝိညာဉ် ရှိနေပါက လူကိုယ်တိုင် ထိန်းချုပ်ရန် မလိုအပ်တော့ပေ။ သခင်က လှေဝိညာဉ်ကို မည်သည့်နေရာသို့ သွားရမည်ကို ပြောလိုက်ရုံဖြင့် ၎င်းက နတ်လှေကို ထိုနေရာသို့ သူ့အလိုလို မောင်းနှင်သွားနိုင်သည်။
ထိုစဉ် လှေဝိညာဉ်၏ မျက်လုံးဝိုင်းကြီးများက လုချန်းကို စိုက်ကြည့်နေပြီး လုချန်းကလည်း အနီရောင်ဝတ်စုံနှင့် လှေဝိညာဉ်ကို ကြည့်နေသည်။ ထိုသို့ လှပသော လှေဝိညာဉ်ကို လုချန်း မြင်သောအခါ သူမ၏ အချက်အလက်များအား စစ်ဆေးရန် စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်ချင်စိတ် မထိန်းနိုင်ဖြစ်သွားသည်။
သို့သော် စနစ်က သူမသည် လှေဝိညာဉ် ဖြစ်ကြောင်းသာ ပြသပြီး အခြား မည်သည့် ရမှတ် သို့မဟုတ် နှစ်သက်မှုမှ မပါဝင်ချေ။
လုချန်းသည် ရုတ်တရက် အနည်းငယ် အနေရခက်သွားသည်။ ဤအကြောင်းကို အခြားသူများ မသိနိုင်ခြင်းအား ကျေးဇူးတင်မိသည်။ မဟုတ်ပါက သူတို့က သူ့တွင် စိတ်ရောဂါတစ်မျိုး ရှိသည်ဟု ထင်သွားနိုင်သည်။ သူသည် လှေတစ်စင်းနှင့် မဟုတ်တာ လုပ်ချင်နေသည်ဟု ထင်သွားနိုင်သည်။
ထို့နောက် လုချန်းက စနစ်ကို ပြောလိုက်သည်။
“စနစ်။ နတ်လှေဝိညာဉ်မှာ သစ္စာစောင့်သိမှု ရှိလား။”
စနစ်က
“သခင်ပိုင်ဆိုင်သောပစ္စည်းများ၊ အထူးသဖြင့် ဝိညာဉ်ပစ္စည်းများသည် သခင့်အပေါ်တွင် သစ္စာစောင့်သိမှု ရာနှုန်းပြည့်ရှိပါတယ်။”
လုချန်းက
“သြော် ဒီလိုကိုး။”
လုချန်းက ဖေးဟုန် နတ်လှေအကြောင်း ဆက်လက်မေးမြန်းရန် ပြင်ဆင်နေစဉ်မှာပင် အနီရောင် ဝိညာဉ်က လုချန်းကို လေးစားစွာ ဖြင့်
“သခင်ကြီးကို ဂါရဝပြုပါတယ်”
အနီရောင်ဝတ်စုံနှင့် ဝိညာဉ်၏ အသံသည် ကြည်လင်သာယာပြီး လူတစ်ဦးကို လန်းဆန်းစေသော ခံစားမှုပေးစွမ်းနိုင်သည်။ သူမသည် တကယ့်လူတစ်ဦးနှင့် တူလှသည်။
လုချန်း သတိပြန်ဝင်လာပြီး
“ထပါ။”
“စကားမစပ်။ မင်းမှာ နာမည်ရှိသလား။”
နတ်လှေဝိညာဉ်က
“ကျွန်မမှာ နာမည်မရှိပါဘူး။”
လုချန်း ခဏစဉ်းစားပြီး ရေရွတ်လိုက်သည်။ “ဖေးဟုန် နတ်လှေ.. ဖေးဟုန် နတ်လှေ.. ဒါဆို အခုကစပြီး မင်းကို ဟုန်ဟုန်လို့ ခေါ်မယ်။”