ငရုတ်သီးခူးခြင်း
Vol. 12 Ch. 276
"အမေ၊ အမေ့မှာ... ဒီလောက်တောင် အကြွေတွေ များနေတာလား။" ဟု လင်းရှောင်ယွဲ့က အလွန်အံ့အားသင့်စွာ မေးသည်။
"ဘာလို့ ငွေစက္ကူ ဒါမှမဟုတ် ငွေတုံးတွေနဲ့ မလဲထားတာလဲ။"
လျိုရှီသည် လက်ကို ပွတ်သပ်လိုက်သည်။
"ဒီမှာ စုစုပေါင်း ငွေစ၂၀၀ ရှိတယ်၊ သမီးယူသွားလိုက်။"
ထို့နောက် သမီးဖြစ်သူကို ကြည့်လိုက်သည်။
"အမေကလည်း မြို့ပေါ်ကို သိပ်မသွားဖြစ်ဘူး၊ ပြီးတော့ ဒီလောက်များတဲ့ ကြေးပြားတွေကို ဘဏ်ကို ပို့ရင် လူတွေမြင်ရင်လည်း ထူးဆန်းနေမှာ။
မင်းပေးတဲ့ လက်စွပ်ရှိနေတော့ ထည့်ထားလို့ရတာပဲ။" ဟု လျိုရှီက ပြောရင်း လည်ပင်းပေါ်ရှိ နေရာလွတ်လက်စွပ်ကို ပွတ်သပ်လိုက်သည်။
ဤပစ္စည်းသည် အမှန်ပင် အဖိုးတန်ပစ္စည်းဖြစ်သည်။ သူမလက်ထဲရှိ တန်ဖိုးရှိသော ပစ္စည်းအားလုံးကို ထည့်ထားသည်။
အတွင်းတွင် ထားလျှင် သူမစိတ်အေးချမ်းသည်၊ ပျောက်သွားမည် သို့မဟုတ် အခိုးခံရမည်ကို မစိုးရိမ်ရပေ။
လင်းရှောင်ယွဲ့သည် အမေဖြစ်သူ၏ စိတ်အေးချမ်းသော အပြုံးကို ကြည့်ရင်း အစပိုင်းတွင် နေရာလွတ်လက်စွပ်ကို အမေအား ပေးခဲ့သော ဆုံးဖြတ်ချက်ကို ဝမ်းမြောက်မိသည်။
စားပွဲပေါ်နှင့် မြေကြီးပေါ်ရှိ ငွေများကို ကြည့်ရင်း လင်းရှောင်ယွဲ့သည် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် မနက်ဖြန် သမီးဘဏ်ကို တစ်ခေါက်သွားပြီး ဒါတွေကို ငွေစက္ကူနဲ့ လဲလိုက်မယ်။
နောင်တစ်ချိန်မှာ အမေ့လက်ထဲမှာ အကြွေတွေ များလာရင် သမီးကို ပြော၊ သမီးက အမေ့အတွက် ငွေတုံး ဒါမှမဟုတ် ငွေစက္ကူနဲ့ လဲပေးပါ့မယ်။" ဟု လင်းရှောင်ယွဲ့က ထပ်ပြောသည်။
"ကောင်းပြီ။" ဟု လျိုရှီက ပြန်ဖြေသည်။
သမီးဖြစ်သူက ငွေတုံးများ၊ ငွေစများနှင့် ကြေးပြားများအားလုံးကို သိမ်းဆည်းသွားသည်ကို ကြည့်နေသည်။
တစ်ခဏအတွင်း မျက်လုံးများတွင် အနည်းငယ် စိတ်ပျက်သော အရိပ်အယောင်များ ပေါ်လာသည်။
ဤငွေများကို သူမသည် အချိန်အတော်ကြာ စုဆောင်းရေတွက်ခဲ့ရသည်။
အများစုမှာ ညဘက်အခန်းပြန်ရောက်ပြီးနောက် သူမဆီမီးထွန်း၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
လင်းရှောင်ယွဲ့သည် လျိုရှီ၏ မျက်နှာအမူအရာကို မြင်သောအခါ ရှေ့တိုး၍ ပခုံးကို ပုတ်လိုက်သည်။
"ဆိုင်ကနေ ငွေပြန်ဝင်ရင် အမေ့ကို ပြန်ဆပ်ပါ့မယ်။ အဲ့ဒီအခါကျရင် အမေ့ကို ငွေစ ၂၀၀ တန်တဲ့ ငွေစက္ကူ ပေးပါ့မယ်။"
လျိုရှီ၏ မျက်နှာသည် လှုပ်ရှားသွားကာ စဉ်းစားလိုက်သည်။
"ငွေစက္ကူအစား ငွေတုံးနဲ့ လဲပေးလို့ရမလား။ အဲ့ဒီ ငွေစ၅၀တန်တဲ့ ငွေတုံးမျိုး၊ ဒါမှမဟုတ် ရွှေနဲ့လည်း ဖြစ်တယ်။" ဟု ရုတ်တရက် ဆိုသည်။
ငွေစက္ကူသည် ဘဏ်က အသိအမှတ်ပြုမှ ဖြစ်သည်၊ ရွှေစင်ငွေစင်သည်သာ အမှန်တကယ် တန်ဖိုးရှိသော အရာဖြစ်သည်။
လင်းရှောင်ယွဲ့သည် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်သည်။
"အဲ့လိုလည်း ရပါတယ်။"
ကောင်းပြီ၊ သူမ အတွေးများမိသွားတာပဲ။ အမေက မလိုချင်ဘူးလို့ ထပ်ပြောဦးမယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့...
လျိုရှီသည်မူ သမီးဖြစ်သူ၏ မျက်နှာအမူအရာကြောင့် ရယ်မောလိုက်ပြီး ဘာမှမရှင်းပြဘဲ တံခါးဖွင့်ရန် ထွက်သွားသည်။
လင်းရှောင်ယွဲ့က သူမကို ပြန်ပေးလျှင် သူမလက်ခံလိုက်မည်။
နောင်တစ်ချိန်တွင် အိမ်တွင် ငွေလိုအပ်လာလျှင် သူမထံမှ အချိန်မရွေး ကူညီနိုင်သည် မဟုတ်လား။
အဓိကအားဖြင့် သူမ၏ သမီးသည် ငွေရှာနိုင်သော်လည်း ငွေသုံးရာတွင် လက်ဖွာလွန်းသည်။
သားမက်ကမူ သမီး၏စကားကို အကုန်နားထောင်ပြီး ရှာဖွေရရှိသော ငွေအားလုံးကို သမီးအား ပေးသည်။
တစ်နေ့တွင် သမီးက အိမ်ကို ဖျက်ဆီးပစ်မည်ကိုပင် သူမ ကြောက်မိသည်။ ထို့ကြောင့် သူမက ကူညီထိန်းသိမ်းပေးရမည်။
.....
နေ့လယ်တွင် လင်းရှောင်ယွဲ့သည် မြို့ပေါ်သို့ ကောက်ညှင်းအေးတုံး ပို့ဆောင်ရင်း လျိုရှီပေးသော ငွေများကို ဘဏ်တွင် ငွေစက္ကူနှင့် လဲလှယ်ခဲ့သည်။
ကြေးပြားများ များလွန်းသောကြောင့် ဘဏ်က ကြေးပြားများကို ချိန်တွယ်စဉ် အချိန်အနည်းငယ် ကြာမြင့်ခဲ့သည်။
...
ညဘက်တွင် လီရှောင် ပြန်လာသောအခါ လင်းရှောင်ယွဲ့သည် ငွေစ၅၀၀တန်သော ငွေစက္ကူကို သူ့အား ပေးလိုက်သည်။
ထို့နောက် ယနေ့နေ့လယ်တွင် သူမလျိုရှီထံမှ ငွေချေးခဲ့သော ကိစ္စကို ပြောပြသည်။
လီရှောင်က ငွေစက္ကူများကို လက်မခံပေ။
"ဟိုင်ကောက ဒီနေ့သတင်းရတယ်၊ ဒီဆိုင်ခန်းတွေကို သုံးရက်ကြာရင် အတွင်းလူတွေ အရင်မှာလို့ရမယ်။ ပြီးတော့ အစိုးရရုံးက တရားဝင်ရောင်းချမှာက ငါးရက်ကြာမှ။ ပြီးတော့ နောက်ထပ်နှစ်ရက်ကြာမှ စာချုပ်စာတမ်းတွေရမယ်။"
လီရှောင်သည် လင်းရှောင်ယွဲ့ကို ကြည့်လိုက်သည်၊ "ငွေစက္ကူတွေကို မင်းအရင်သိမ်းထားလိုက်၊ လိုအပ်တဲ့အခါမှ ကိုယ်မင်းဆီက တောင်းမယ်။
အလှဆင်တဲ့ကိစ္စကို ကိုယ်တို့ဆိုင်ခန်းမှာပြီးမှ ကျန်းဦးလေးကို သွားရှာကြမယ်။"
သူတို့အိမ်သည် ကျန်းဦးလေးနှင့် နှစ်ကြိမ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်ဖက်စလုံး ဆက်ဆံရေးကောင်းမွန်သည်။
လင်းရှောင်ယွဲ့သည် ခေါင်းညိတ်၍ ငွေစက္ကူကို သိမ်းဆည်းလိုက်သည်။
"အမေ့ပိုက်ဆံကို ကိုယ်တို့ အမြန်ဆုံးပြန်ဆပ်နိုင်အောင် ကြိုးစားကြမယ်။"
လီရှောင်သည် စဉ်းစားလိုက်ပြီး ဆက်ပြောသည်၊ "ဟူဝေးကုန်စည်ပို့ဆောင်ရေးဘက်မှာ သခင်လေးထန်က အလုပ်တစ်ခု..."
သို့သော် စကားမဆုံးမီမှာပင် လင်းရှောင်ယွဲ့၏ မျက်စောင်းတစ်ချက်က လီရှောင်၏ နောက်ဆက်တွဲစကားများကို တားဆီးလိုက်သည်။
"ဆိုင်မှာက ပိုက်ဆံဝင်နေတုန်းပဲ၊ လမကုန်ခင် အမေ့ဆီက အကြွေးကို ကျွန်မတို့ကိုယ်တိုင် ပြန်ဆပ်နိုင်တယ်။ ရှင် အန္တရာယ်ရှိတဲ့ အလုပ်တွေကို သွားလုပ်ရဲလုပ်ကြည့်..."
လီရှောင်၏ စိတ်အခြေအနေ ရုတ်တရက် ကောင်းမွန်သွားသည်။
"ဇနီးလေးက ဘယ်လိုလုပ်မှာလဲ။" ဟု စနောက်သလို မေးသည်။
လင်းရှောင်ယွဲ့၏ မျက်နှာသည် နီရဲသွားသည်၊ "ကျွန်မ ရှင့်ခြေထောက်ကို ရိုက်ချိုးပစ်မယ်။" ဟု ဒေါသတကြီး ဆိုသည်။
"ရက်စက်တဲ့မိန်းမလေးပဲ..." ဟု လီရှောင်က ရယ်မောလိုက်သည်။
ထို့နောက် လင်းရှောင်ယွဲ့ မကန့်ကွက်မီမှာပင် လင်းရှောင်ယွဲ့ကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။
....
သုံးရက်အကြာတွင် လီရှောင်သည် ညသန်းခေါင်ကျော်မှ မြင်းစီး၍ ပြန်လာသည်။
ဟုတ်သည်၊ လျိုအိမ်တွင် ယခု နွားသာမက မြင်းပါ ရှိနေပြီဖြစ်သည်။ သို့သော် မြင်းသည် လီရှောင်၏ စီးတော်ယာဉ်ဖြစ်ပြီး သူတစ်ယောက်တည်းသာ အသုံးပြုသည်။
အိမ်ပြန်ရောက်ပြီးနောက် လီရှောင်သည် စာချုပ်စာတမ်းကို လင်းရှောင်ယွဲ့အား ပေးပြီး ဆိုင်ခန်းဝယ်ယူမှု အတည်ပြုပြီးဖြစ်ကြောင်း အသိပေးသည်။
လျိုရှီသည် အသံကြားတာကြောင့် ရှေ့ခြံသို့ ရောက်လာခဲ့သည်။
အခြေအနေကို သိရှိပြီးနောက် အလွန်ဝမ်းသာသွားသည်။
မွေးစားသားလည်း ဆိုင်ခန်းဝယ်ယူမည့်ကိစ္စကို သတိရသွားပြီး လျိုရှီသည် ဟိုင်ကန်း၏ အခြေအနေကို မေးမြန်းသည်။
"ဟိုင်ကောက အများကြီးဝယ်တယ်၊ စုစုပေါင်း ရှစ်ခန်းမှာထားတယ်၊ ကျွန်တော်တို့အိမ်ကဆိုင်ခန်းနဲ့ ကပ်လျက်ပဲ။" ဟု လီရှောင်က ဆိုသည်။
ဟိုင်ကန်း၊ ဤလူနှင့် ပိုမိုထိတွေ့ဆက်ဆံလေ သူ၏ အရည်အချင်းအချို့ကို ပိုမိုတွေ့ရှိနိုင်လေဖြစ်သည်။
ဤလူသည် အစပိုင်းကတည်းက ဤမျှလောက် အဆက်အသွယ်ရှိပြီး အခွင့်အရေးကို ဆုပ်ကိုင်တတ်သူ မဟုတ်ပေ။
ဟိုင်ကန်းကိုယ်တိုင် ပြောသည့်အတိုင်း သူတကယ် ကံကောင်းလာသည်မှာ မကြာသေးမီနှစ်များကမှ ဖြစ်သည်။
ယခုရှိနေသော အဆက်အသွယ်များနှင့် အောင်မြင်မှုများမှာမူ နှစ်ပေါင်းများစွာ ကြိုးစားစုဆောင်းခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်အခါ ရောက်ရှိလာသောအခါမှ ပေါက်ကွဲထွက်လာခြင်းသာ ဖြစ်သည်။
လင်းရှောင်ယွဲ့နှင့် လျိုရှီတို့ အံ့အားသင့်သွားကြသည်။
"ငွေစ ၄...၄၀၀၀တောင်လား။ ဒီတစ်ခါ ပြန်ရောင်းရင် ၁၀၀၀ ကျော်လောက် အမြတ်ရမှာပဲ။" ဟု လင်းရှောင်ယွဲ့က သက်ပြင်းချလိုက်သည်။
သူမပင် မနာလိုဖြစ်မိသွားသည်....
ဤအချိန်အတွင်း သူမသည် ကောက်ညှင်းအေးတုံးလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး လူများစွာ ငှားရမ်း၍ နံနက်မှ ညအထိ အလုပ်လုပ်ခဲ့ပြီး ညဘက်တွင် အချိန်ပိုဆင်းခဲ့ရသည်။
တစ်လကျော်အကြာတွင် သူမနှင့် သူမ၏ အမေပေါင်းမှ လေးရာကျော်သာ ရရှိခဲ့သည်။
သူများက ဘာမှမလုပ်ဘဲ လက်လွှဲရောင်းချ၍ တစ်လ၊ နှစ်လ စောင့်ဆိုင်းရုံဖြင့် ၁၀၀၀ အမြတ်ရနိုင်သည်။
တကယ်ပဲ... ငွေဖြင့်သာ ငွေကို ပြန်ပွားနိုင်လေသည်...
လျိုရှီသည်လည်း နှလုံးခုန်မြန်လာပြီး ရင်ဘတ်ကို လက်ဖြင့် ဖိထားရသည်။
လက်လွှဲရောင်းချရုံနဲ့ ၁၀၀၀ တောင် အမြတ်ပြန်ရနိုင်တယ်တဲ့လား။
"ဟုတ်တယ် ၄၀၀၀၊ အဲ့ဒီထဲက တစ်ဝက်နီးပါးက ဟိုင်ကောက သွားချေးတာ၊ အတိုးနှုန်းကလည်း မနည်းဘူး။ ဟဟ၊ သူကိုယ်တိုင်ပြောတာတော့ ၁၀၀၀ တော့ မပြောနိုင်ပေမယ့် ၈၀၀၊ ၉၀၀တော့ သေချာတယ်။" ဟု လီရှောင်က ဆိုသည်။ ပြောရင်း စိတ်ထဲတွင် အနည်းငယ် အားကျသလိုဖြစ်မိသည်။
"ဒါပေမဲ့ အမေတို့လည်း အများကြီးမတွေးနေပါနဲ့။ ဒီလိုအခွင့်အရေးက အမြဲတမ်းမရှိဘူး။ ဒီတစ်ခါက တိုက်ဆိုင်သွားတာပဲ။" ဟု လီရှောင်က ဇနီးနှင့် ယောက္ခမကို ကြည့်လိုက်သည်။
လင်းရှောင်ယွဲ့နှင့် လျိုရှီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။
စိတ်ထဲတွင် တွေးနေသည်မှာ သူတို့သည် အမြန်ဆုံး ငွေများများရှာရမည်။ နောင်တစ်ချိန်တွင် ဤသို့သော အခွင့်အရေးရှိလျှင် ဟိုင်ကောနောက်သို့ လိုက်၍ ငွေများများရှာမည်။
လီရှောင်သည် ပြုံးလိုက်သည်။
သားအမိနှစ်ယောက်နှင့် စကားအနည်းငယ်ပြောပြီးမှ ဆေးကြောရန် ထွက်သွားသည်။
.....
နောက်တစ်နေ့တွင် လင်းရှောင်ယွဲ့သည် နံနက်စောစော အဒေါ်စွန်းအိမ်သို့ သွား၍ အအဒေါ်စွန်းကို ကျန်းတာ့ဟယ်ကို ရှာဖွေပေးရန် တောင်းဆိုသည်။
ထို့အပြင် ဦးလေးစွန်းအား ဆိုင်ခန်းအတွက် သစ်သားအလုပ်များ လုပ်ကိုင်ပေးရန် ပြောသည်။
စွန်းမိသားစု ဇနီးမောင်နှံသည် ဝမ်းမြောက်စွာ သဘောတူပြီး လင်းရှောင်ယွဲ့ကို လိုက်ပို့စဉ် ခြံဝင်းတံခါးဝတွင် အချိန်အတော်ကြာ ရပ်နေကြသည်။
"ဒီလျိုအိမ်က တကယ်မတူတော့ဘူး။ ချင်းယွင်လမ်းက ဆိုင်ဖွင့်တာ ဘယ်လောက်ကြာသေးလို့လဲ၊ ဆိုင်ခွဲထပ်ဖွင့်တော့မယ်။" ဦးလေးစွန်းကပြောရင်း သက်ပြင်းချလိုက်သည်။
ဟုတ်သည်၊ လင်းရှောင်ယွဲ့သည် သူတို့အိမ်က ဆိုင်ခန်းဝယ်ယူကြောင်း မပြောခဲ့သလို ဆိုင်ခန်း၏ တည်နေရာကိုလည်း မပြောခဲ့ပေ။
ဤသည်မှာ သူတို့အိမ်က ဆိပ်ကမ်းဆိုင်ခန်းကို ကြိုတင်ဝယ်ယူသည့်ကိစ္စ ပေါက်ကြားမည်ကို ရှောင်ရှားရန် ဖြစ်သည်။
မည်သို့ပင်ဆိုစေ အတွင်းပိုင်းလုပ်ဆောင်မှု ဖြစ်သောကြောင့် အပြင်သို့ ပေါ်ကြားသွားလျှင် ပြဿနာတစ်စုံတစ်ခု ဖြစ်ပွားမည်ကို စိုးရိမ်သည်။
စာချုပ်စာတမ်းများ ရရှိပြီးနောက်မှ လူများသိရှိသွားလျှင်တော့ ကိစ္စမရှိပေ၊ သူတို့ဆိုင်ခန်းကို ကြိုတင်မှာယူထားသည်ကို ဘယ်သူသိတော့မှာလဲ။
"ဟုတ်တယ်လေ။ အရင်က ယွဲ့အာနဲ့ လီရှောင် လက်ထပ်တုန်းက အခမ်းအနားမျိုးက ငါတို့ရွာမှာ ပထမဆုံးပဲ။ အဲ့ဒီတုန်းက မြို့ပေါ်က လာတဲ့ မြင်းလှည်းတွေက လျိုအိမ်မှာတောင် မဆံ့ဘူး။ နောက်မှ ဘေးက မြေလွတ်မှာ သွားထားရတယ်။" အဒေါ်စွန်းက ပြောရင်း မျက်နှာတွင် မနာလိုသော အရိပ်အယောင်များ ရှိနေသည်။
ဦးလေးစွန်းက "ကံကောင်းတာက အဲ့ဒီတုန်းက လျိုအိမ်မှာ မင်္ဂလာဆောင်တော့ တာ့ဟယ်လည်း လာတယ်။ လီရှောင်နဲ့ ယွဲ့အာ၊ ဒီဇနီးမောင်နှံကို ငါတော်တော်သဘောကျတယ်။ သူတို့က လုပ်ငန်းကြီးလုပ်နိုင်တဲ့လူတွေပဲ။"
အဒေါ်စွန်းကလည်း သဘောတူသည်။
"ဒါဆိုရင် ရှင်အရင် ယွဲ့အာလိုချင်တဲ့ ပရိဘောဂတွေကို လုပ်ထားလိုက်၊ ကျွန်မလည်း မိဘအိမ်တစ်ခေါက်ပြန်ပြီး တာ့ဟယ်ကို သွားရှာလိုက်ဦးမယ်။"
"ကောင်းပြီလေ"
.....
ထို့နောက် လင်းရှောင်ယွဲ့ မြို့ပေါ်မှ ပြန်လာသောအခါ ကျန်းတာ့ဟယ်နှင့် အဒေါ်စွန်းတို့သည် သူမ၏ အိမ်ခြံဝင်းထဲတွင် စောင့်ဆိုင်းနေသည်ကို တွေ့ရှိရသည်။
အဒေါ်စွန်းသည် လင်းရှောင်ယွဲ့ ပြန်လာသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့နှင့် စကားအနည်းငယ်ပြောပြီးနောက် ထွက်ခွာသွားသည်။
လင်းရှောင်ယွဲ့သည် ကျန်းတာ့ဟယ်ကို ထမင်းစားရန် ခေါ်ထားခဲ့ပြီး ဆိုင်ခန်းအသစ်အကြောင်း ပြောပြသည်။
ကျန်းတာ့ဟယ်အား ရက်ကောင်းရက်မြတ် ကြည့်ရှုပေးရန်သာ တောင်းဆိုသည်။
သူမဘက်မှ နှစ်ရက်အကြာတွင်မှ ကျန်းတာ့ဟယ်ကို ဆိုင်နေရာသို့ ခေါ်ဆောင်၍ အလှဆင်ပုံစံ အစရှိသည်တို့ကို ဆွေးနွေးနိုင်မည်ဟု ဆိုသည်။
"ငါးရက်ကြာရင် ရက်ကောင်းပဲ။" ဟု ကျန်းတာ့ဟယ်က ခဏမျှ စဉ်းစားပြီး ဆိုသည်။
"ဒါဆို သုံးရက်ကြာရင်၊ နေ့လယ်ပိုင်းလောက် ကျွန်မတို့ဆိပ်ကမ်းအောက် လမ်းဆုံမှာ တွေ့ကြမယ်လေ၊ ဆိုင်ကို ကျွန်မ ခေါ်သွားပေးမယ်။" ဟု လင်းရှောင်ယွဲ့က ဆိုသည်။
ကျန်းတာ့ဟယ်၏ မျက်လုံးများသည် အရောင်တောက်လာသည်။
"ဆိပ်ကမ်းက ဆိုင်ခန်းလား။" လင်းရှောင်ယွဲ့ကို ကြည့်ကာမေးလိုက်သည်။
သူတို့ဆောက်လုပ်ရေးအဖွဲ့သည် ရံဖန်ရံခါ အတွင်းပိုင်းမွမ်းမံပြင်ဆင်သည့် အလုပ်များကိုလည်း လက်ခံသည်။
မြို့ပေါ်ဆိပ်ကမ်းမှ ဆိုင်ခန်းများအကြောင်း ချင်းရှီမြို့ရှိ ဆောက်လုပ်ရေးအဖွဲ့အများစု သိရှိကြသည်။
အရင်က သူသည် ကံစမ်း၍ အလုပ်အချို့ လက်ခံရန် ကြိုးစားခဲ့သော်လည်း မြို့ပေါ်မှ အကြီးဆုံး ဆောက်လုပ်ရေးအဖွဲ့က အကုန်လုံးကို ယူသွားခဲ့သည်။
ယခု ဆိုင်ခန်းများ တည်ဆောက်ပြီးဖြစ်ပြီး မကြာမီ ရောင်းချတော့မည်ဟု ကြားသိရသည်။ ထိုအခါ အလှဆင်ရန် လိုအပ်သော ဆိုင်ခန်းများ မနည်းလှပေ။
လျိုအိမ်မှ ဤအလုပ်ကို လက်ခံပြီးနောက် အနီးအနားမှ ဆိုင်ခန်းများ မြင်တွေ့လျှင် မေးမြန်းလာနိုင်သည်။ ဤသို့ဆိုလျှင် စီးပွားရေးခွင်များ ရောက်ရှိလာလိမ့်မည်။
သူတို့ဆောက်လုပ်ရေးအဖွဲ့တွင် လူမနည်းလှပေ။ ဆိုင်ခန်းအနည်းငယ် ထပ်မံလက်ခံလျှင်ပင် လုပ်ဆောင်နိုင်ပေသည်။
ဤသို့တွေးမိသောအခါ ကျန်းတာ့ဟယ်၏ မျက်လုံးများတွင် စိတ်ဝင်စားမှု ပြင်းထန်လာသည်။
လင်းရှောင်ယွဲ့ ပြုံးလိုက်ကာ
"ဟုတ်တယ်။ ဒါပေမဲ့ ဘယ်ဆိုင်ခန်းလဲဆိုတာ မသေချာသေးပါဘူး။ ဝယ်လို့ရမလား ကြည့်ရမယ်၊ မရရင် တစ်ခန်းငှားမယ်။"
ကျန်းတာ့ဟယ်သည် အံ့အားသင့်သွားသည်။
ဝယ်မှာတဲ့လား။
ချက်ချင်း လင်းရှောင်ယွဲ့ကို ကြည့်လိုက်သည်။
သူမသည် နွေးထွေးစွာ ပြုံးနေဆဲဖြစ်သည်ကို မြင်သောအခါ အကြည့်ကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်သည်။
ဟုတ်သည်၊ သူနားကြားမမှားပေ။ လျိုအိမ်က ဆိုင်ခန်းဝယ်တော့မယ်တဲ့။
အရင်က သူသည် လျိုအိမ်က ကောက်ညှင်းအေးတုံးလုပ်ငန်းဖြင့် ငွေများစွာ ရှာဖွေရရှိကြောင်း၊ လီရှောင်သည် ဆိပ်ကမ်းတွင် အလွန်အောင်မြင်ကြောင်း ကြားသိခဲ့သည်။
သို့သော် ဤမျှလောက် အချိန်တိုအတွင်း လျိုအိမ်က ဆိုင်ခန်းဝယ်နိုင်တော့မည်ကိုတော့ မထင်ထားခဲ့ပေ။
အစ်မကြီးက သူ့ကို ရှာဖွေပြီး လျိုအိမ်က ဆိုင်ခွဲဖွင့်ရန် အလှဆင်ရန် လိုအပ်သည်ဟု ပြောသောအခါ လျိုအိမ်က ဆိုင်ခန်းထပ်ငှားသည်ဟုသာ ထင်ခဲ့ကြသည်...
ဟားဟား၊ ဒီလျိုအိမ်က ငှားဖို့မဟုတ်ဘဲ ဝယ်ဖို့စောင့်နေတာပဲ။
"ကောင်းပြီ၊ ဒါဆို သုံးရက်ကြာရင် ငါအချိန်မီ ရောက်အောင်လာမယ်။" ဟု ကျန်းတာ့ဟယ်က ချက်ချင်း ဆိုသည်။
လျိုအိမ်တွင် ထမင်းစားရန် ငြင်းဆိုပြီး လီရှောင်အိမ်တွင် မရှိသောကြောင့် သူထမင်းစားရန် မသင့်တော်ဟု ဆိုကာ ထွက်ခွာသွားသည်။
.....
လျိုအိမ်မှ ထွက်ခွာပြီးနောက် ကျန်းတာ့ဟယ်သည် အလျင်စလို မပြန်ဘဲ စွန်းမိသားစုအိမ်သို့ သွား၍ ထမင်းစားသည်။
ထို့အပြင် လျိုအိမ်က ဆိုင်ခန်းဝယ်ယူရန် ပြင်ဆင်နေသည့်ကိစ္စကို အစ်မကြီးနှင့် ယောက်ဖအား ပြောပြသည်။
စွန်းမိသားစု ဇနီးမောင်နှံသည် ဤသတင်းကို ကြားသိသောအခါ အံ့အားသင့်လွန်း၍ မျက်လုံးများ ပြူးထွက်လုမတတ် ဖြစ်သွားသည်။
လျိုအိမ် အောင်မြင်သွားပြီပဲ။
ကျန်းတာ့ဟယ်သည် အစ်မကြီးနှင့် ယောက်ဖအား လျိုအိမ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် ထားရန် သတိပေးသည်။
ထို့အပြင် လျိုအိမ်မှ အရေးကြီးသော ကိစ္စများကိုလည်း သူ့အား သတင်းစကားပါးဖို့ မမေ့ရန်၊ ထိုအခါမှသာ သူလည်းပွဲတက်ရင်း လက်ဆောင်ပေးကာ ရင်းနှီးမှုကိုထိန်းသိမ်းနိုင်ပေမည်။
ပြောစရာရှိတာအားလုံးပြောပြီးနောက်မှ ကျန်းတာ့ဟယ် ပြန်သွားလေသည်။
လီရှောင်သည် မြို့ပေါ်တွင် အဆက်အသွယ်များပြားပြီး သူသာ ကူညီမိတ်ဆက်ပေးလျှင် သူသည်လည်း အလုပ်များစွာ ရရှိနိုင်သည်။
ထို့အပြင် မြို့ပေါ်မှ အလုပ်ကြီးများကိုလည်း သူထိတွေ့ခွင့် ရရှိနိုင်သည်။
အရင်က သူလျိုအိမ်တွင် ရှိနေစဉ် လီရှောင်၏ ဇနီးသည် တိုက်ရိုက်မပြောခဲ့သော်လည်း သူ၏ စိတ်ထဲတွင် အနည်းငယ် ခန့်မှန်းမိသည်။
အစိုးရရုံးသည် ဆိုင်ခန်းများကို တရားဝင်မရောင်းချသေးမီ လျိုအိမ်ကမူ ဆိုင်ခန်းအလှဆင်ရန် ပြင်ဆင်နေပြီ။
တကယ်အစိုးရရုံး တရားဝင်ရောင်းချမှ သွားဝယ်မယ်။ မဝယ်နိုင်ရင် ငှားမယ်တဲ့လား။
သူကတော့ မယုံပေ။
ဖြစ်နိုင်သည်မှာ ထိုဆိုင်ခန်းသည် အတည်ပြုပြီးဖြစ်လောက်သည်။ သာမာန်လူများတွင် ထိုသို့လုပ်နိုင်ရန် အဆက်အသွယ်လမ်းကြောင်းမရှိပေ။
ဒီလီရှောင် ရိုးတော့မရိုးဘူး...
သူသည် ဆောက်လုပ်ရေးအဖွဲ့ ဖွဲ့စည်း၍ လူများအတွက် အိမ်ဆောက်ပေးသည်မှာ နှစ်၊ သုံးနှစ်ရှိပြီဖြစ်သော်လည်း ကျေးလက်ဒေသမှ အလုပ်များ သို့မဟုတ် မြို့ပေါ်မှ အသေးအဖွဲအလုပ်များကိုသာ လက်ခံနိုင်သည်။
နာမည်ကြီးလာရန် မလွယ်ကူပေ။ အရေးပါသော လူများနှင့် ပိုမိုသိကျွမ်းမှ ကြီးပွားရန် အခွင့်အရေးရှိမည်။
ယခု သူသည် လီရှောင်ကို မိမိ၏ အခွင့်အရေးအဖြစ် ရှုမြင်သည်။
......
စွန်းမိသားစု ဇနီးမောင်နှံသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် နားလည်သွားကြပြီး လျိုအိမ်အပေါ် ထပ်မံ၍ သဘောထား ပြောင်းလဲသွားသည်။
တာ့ဟယ် အဆင်ပြေလာလျှင် သူတို့အိမ်ကို သေချာပေါက် စောင့်ရှောက်မည်ဖြစ်ကာ သူတို့လည်း အတူတူ အဆင်ပြေလာလိမ့်မည်။
.....
သုံးရက်အကြာတွင် လင်းရှောင်ယွဲ့သည် ကျန်းတာ့ဟယ်ကို ဆိုင်ခန်းသို့ ခေါ်ဆောင်သွားသည်။
ကျန်းတာ့ဟယ်နှင့် အလှဆင်မည့်ပုံစံ အစရှိသည်တို့ကို အတည်ပြုပြီးနောက် ဈေးနှုန်းကို တွက်ချက်ပြီး ကြီးကြပ်မှုနှင့် ပစ္စည်းများ ပြင်ဆင်သည့်ကိစ္စကို လီရှောင်အား အပ်လိုက်သည်။
ပုံမှန်အားဖြင့် လီရှောင်သည် ဆိပ်ကမ်းတွင်ရှိပြီး လက်အောက်တွင် လူများရှိသောကြောင့် ဤကိစ္စများကို လုပ်ဆောင်ရန် အလွန်အဆင်ပြေသည်။
....
ထို့နောက် လယ်ထဲမှ ငရုတ်သီးနီနီရဲရဲလေးများ များပြားလာသည်။
လင်းရှောင်ယွဲ့သည် နောက်ဆုံးတွင် အဒေါ်ကျန်းနှင့် ကျန်းကျွီဟွာတို့ကို လယ်ထဲသို့ ငရုတ်သီးခူးရန် စေလွှတ်လိုက်သည်။
"ခူးတဲ့အချိန်သတိထားရမယ်။ ငရုတ်သီးနီတွေကိုပဲ ခူးပါ။ နီမနေရင် အပင်မှာပဲ ရက်နည်းနည်းလောက်ဆက်ထားပြီး နီလာမှ ခူးပါ။" ဟု လင်းရှောင်ယွဲ့က ကျန်းသားအမိနှစ်ယောက်အား ပြောလိုက်သည်။
"လုပ်ခကို အဒေါ်တို့ခူးတဲ့ ငရုတ်သီးအလေးချိန်အတိုင်း တွက်မယ်၊ ၁ပေါင်ကို ကြေးပြား၂စ။"
သူမစိုက်ပျိုးသော ငရုတ်သီးသည် မိုးမျှော်ငရုတ်သီးဖြစ်ပြီး ကမ္ဘာပျက်မတိုင်မီက တရုတ်နိုင်ငံတွင် အကျယ်ပြန့်ဆုံး ဖြန့်ဝေသော ငရုတ်သီးအမျိုးအစားဖြစ်သည်။
ဤငရုတ်သီးသည် အရွယ်အစား မကြီးသော်လည်း အစပ်ပြင်းပြီး အထွက်နှုန်းမြင့်သည်။ တစ်ဧကလျှင် ကီလိုဂရမ် ၁၅၀၀မှ ၂၀၀၀အထိ ထွက်ရှိနိုင်သည်။
သူမအိမ်၏လယ်ထဲမှ ငရုတ်သီးများသည် ကောင်းမွန်စွာ ပြုစုထားသောကြောင့် သီးအားအလွန်ကောင်းမွန်သည်။
သူမခန့်မှန်းရသလောက် အားလုံးပြန်သိမ်းလျှင် ပေါင်၁၀၀၀ကျော် ရှိပေမည်။
ငရုတ်သီးပင်ပေါ်မှ မိုးမျှော်ငရုတ်သီးများသည် တစ်ကြိမ်တည်း အားလုံးနီရဲလာသည် မဟုတ်ပေ၊ သူမသည် ကျန်းမိသားစု သားအမိနှစ်ယောက်အား သုံးကြိမ် ခူးခိုင်းလျှင် အားလုံးပြန်သိမ်းနိုင်မည်။
"ကောင်းပြီ။" ဟု အဒေါ်ကျန်းက အလျင်အမြန် ပြန်ဖြေသည်။
လျိုအိမ်၏ ငရုတ်သီးများကို သူတို့မြင်တွေ့ခဲ့သည်၊ တစ်ကွင်းလုံးအပြည့်ဖြစ်ပြီး ကြီးထွားမှု ကောင်းမွန်သည်။
သူတို့နည်းနည်းပင်ပန်းလျှင် တစ်နေ့ကို ပေါင်ငါးဆယ်ခန့် ခူးဖို့ကတော့ ပြဿနာမရှိပေ။ တွက်ကြည့်လိုက်လျှင် ကြေးပြား ၁၀၀ ဖြစ်ပြီး အလုပ်ရုံတွင် အလုပ်လုပ်ခြင်းထက် ပို၍များသည်။
လင်းရှောင်ယွဲ့သည် ကျန်းသားအမိနှစ်ယောက်ကို လယ်ထဲသို့ ခေါ်ဆောင်သွားပြီး ညွှန်ကြားပြီးနောက်မှ သူမအလုပ်သို့ ပြန်သွားသည်။
တစ်နေ့တာလုံး ကျန်းသားအမိနှစ်ယောက်ပေါင်း၍ စုစုပေါင်း ငရုတ်သီး ပေါင် ၁၄၀ ခူးခဲ့ကြသည်။
လင်းရှောင်ယွဲ့နှင့် လျိုရှီတို့သည်မူ ကျန်းသားအမိနှစ်ယောက် ခူးယူလာသော ငရုတ်သီးအများစုကို ရွေးချယ်ဆေးကြောပြီးနောက် ဝါးကပ်များတွင် နေလှန်းထားကြသည်။
ထို့ကြောင့် မကြာမီတွင် လျိုအိမ်ခြံဝင်းသည် နီရဲနေသော ငရုတ်သီးများ ထည့်ထားသည့် ဝါးကပ်များဖြင့် ပြည့်နှက်သွားတော့သည်။
....
သုံးရက်အကြာတွင် အဒေါ်ကျန်းနှင့် ကျန်းကျွီဟွာတို့သည် ပထမအသုတ် ငရုတ်သီးများကို ခူးယူပြီးစီးသွားသည်။
ဤအချိန်တွင် ယခင်က ချန်သော မမှည့်သေးသည့်ငရုတ်သီးများအချို့ ထပ်မံနီရဲလာသည်။
သားအမိနှစ်ယောက်သည် ဒုတိယအကြိမ် ခူးယူရန် ပြင်ဆင်နေစဉ် လင်းရှောင်ယွဲ့က တားဆီးလိုက်သည်။
"နောက်နှစ်ရက်လောက် ထပ်စောင့်ပါဦး။ လာမယ့်နှစ်ရက်တော့ အိမ်မှာ ကျွန်မကို မုန်ညှင်းချဉ်၊ အသီးအရွက်ချဉ်နဲ့ ကင်မ်ချီတွေ လုပ်တာကူညီပေးပါ။" ဟု လင်းရှောင်ယွဲ့က ဆိုသည်။
သူမသည် ကျင်းမိသားစု ကုန်စုံဆိုင်မှ မှာယူထားသော အချဉ်စိမ်အိုးများ အားလုံးရောက်ရှိလာပြီဖြစ်သည်။
ဤနှစ်ရက်အတွင်း မုန်ညှင်းချဉ်၊ အသီးအရွက်ချဉ်၊ ကင်မ်ချီ အစရှိသည်တို့ကို များများပြုလုပ်၍ သိုလှောင်ထားရန် ပြင်ဆင်နေသည်။
"လုပ်ခကို တစ်နေ့ ပြား၇၀နဲ့ တွက်ပေးပါမယ်။" ဟု လင်းရှောင်ယွဲ့က ထပ်လောင်းပြောသည်။
ကျန်းမိသားစု သားအမိနှစ်ယောက်လုံး သဘောတူကြလေသည်။