ဝယ်ထားတဲ့လူတွေရောက်ပြီ
Vol. 12 Ch. 281
"ကိစ္စမရှိပါဘူး၊ ငရုတ်သီးမှုန့်ကို အလုပ်သမားတွေကို ပြင်ဆင်ခိုင်းလို့ရတယ်။ အနှစ်လုပ်တဲ့အချိန်ကျရင်တော့ သမီးတို့ကိုယ်တိုင် စပ်ကြတာပေါ့။"
လျိုရှီ အံ့အားသင့်သွားသည်။
"အိုး၊ သမီး အစ်မကို လူဝယ်ခိုင်းထားတယ်။ ကျွန်စာချုပ်လက်ထဲမှာရှိတော့ ဝယ်လာတဲ့လူတွေက မကောင်းတဲ့စိတ်တွေ မွေးမှာ မစိုးရိမ်ရဘူး။" ဟု လင်းရှောင်ယွဲ့က ရှင်းပြသည်။
လျိုရှီ၏ မျက်လုံးများ ပြူးကျယ်သွားပြန်သည်။
"မင်းလူထပ်ဝယ်ပြန်ပြီလား။"
လင်းရှောင်ယွဲ့၏ မျက်နှာသည် အနည်းငယ် ရှက်ရွံ့သွားသည်။ အမ်... သူမအမေသုံးသော 'ထပ်' ဆိုတဲ့ စကားလုံးကြီးက...
"အဲ... အမေ၊ ဒီတစ်ခါ လူဝယ်တာက အရင်ကနဲ့ မတူဘူး။ ဒီတစ်ခါ ဝယ်တာက တကယ့်အစေခံတွေပါ။ အမေ့ကို ပြုစုဖို့နဲ့ အိမ်ကစီးပွားရေးကို ကူညီဖို့ ဝယ်တာ။"
လျိုရှီ၏ မျက်နှာသည် အနည်းငယ်လှုပ်ရှားသွားသည်။
"ဘယ်မှာ အစေခံတွေ လိုလို့လဲ။" ဟု တီးတိုးရေရွတ်သည်။
လင်းရှောင်ယွဲ့သည် ပြုံး၍ လျိုရှီ၏ လက်မောင်းကိုဆွဲလိုက်ကာ၊
"ဘယ်မှာ မလိုလို့လဲ။ အရင်က သမီးတို့အိမ်က အခြေအနေမကောင်းလို့၊ အခု အမေ့သမီးလက်ထဲမှာ ပိုက်ဆံရှိလာပြီ၊ အမေ့ကိုလည်း ချမ်းသာသုခ ခံစားစေသင့်ပြီလေ။
နောက်ပြီး အိမ်မှာစီးပွားရေး လုပ်ရင် သမီးအတွက်လည်း ယုံကြည်ရပြီး အားကိုးရတဲ့ အကူအညီလိုတယ် မဟုတ်လား။"
လျိုရှီက ထပ်မံမငြင်းဆန်ဖို့ဟန်ပြင်နေသည်ကို မြင်သည်နှင့် လင်းရှောင်ယွဲ့က အမြန်ပိတ်ပြောလိုကသ်ည်၊ "အမေ၊ စိတ်ချပါ။ သမီး အစ်မကို ရှာခိုင်းလိုက်တဲ့ အစေခံမိသားစုမျိုးက မိသားစုဝင် ခြောက်၊ ခုနစ်ယောက်လောက် ရှိတာမျိုးပါ။
အဲ့ဒီအခါကျရင် အဘွားကြီးက အမေ့နောက်လိုက်မယ်၊ အဘိုးကြီးက သမီးတို့အိမ်က အိမ်တော်ထိန်းလုပ်မယ်၊ အသက်အရွယ်သင့်တော်တဲ့ ယောက်ျားလေးရှိရင် ရှောင်ချင်နဲ့ ရှောင်ကျစ်အတွက် စာသင်ဖော်လုပ်ပေးမယ်၊ အရွယ်ရောက်တဲ့သူကိုတော့ အိမ်မှာ ကူညီဖို့ ထားခဲ့မယ်။"
ဒီတော့မှ လျိုရှီ ခေါင်းညိတ်လိုက်သည်။ လင်းရှောင်ယွဲ့စီစဉ်သမျှသည် အလွန်ကျိုးကြောင်းဆီလျော်ပေသည်။
"သမီးစဉ်းစားနေတာက အိမ်မှာ လူများလာရင် အိမ်နောက်ဘက်ခြံဘေးမှာ ခြံငယ်တစ်ခု ထပ်ချဲ့ပြီး အသစ်ရောက်လာတဲ့ အစေခံတွေအတွက် နေဖို့လုပ်ပေးမလားလို့။"
အိမ်တွင် အခန်းလွတ်သုံးခန်း ရှိသေးသည်၊ တကယ်တမ်းတွင် ကျပ်ကျပ်တည်းတည်း နေလျှင် နေနိုင်သော်လည်း လင်းရှောင်ယွဲ့သည် ဤသို့မစီစဉ်လိုပေ။
သူမလက်ထဲတွင် ယခု ပိုက်ဆံရှိလာပြီဖြစ်ပြီး အလုပ်ရုံတည်ဆောက်ရန်လည်း ပြင်ဆင်နေသောကြောင့် တစ်ခါတည်း ဆောက်လိုက်လျှင် ကောင်းမည်။
လျိုရှီသည် လင်းရှောင်ယွဲ့ကို တစ်ချက်ကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ မတားဆီးပေ။
သူမသမီးဆုံးဖြတ်ပြီးသော ကိစ္စကို သူမတားနေလျှင်လည်း အသုံးမဝင်ပေ။
ထို့အပြင် အိမ်တွင် ရုတ်တရက် လူခြောက်၊ ခုနစ်ယောက် တိုးလာလျှင် နေထိုင်ရန် အခက်အခဲရှိပေမည်။ အိမ်ရှိ အခန်းလွတ်အားလုံးကို အစေခံများအား ပေးလိုက်လျှင် နောင်တစ်ချိန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ဘယ်လိုလုပ်ကြမလဲ။
သမီးနှင့် သားမက်သည် တနေ့တခြားလူဝင်ဆံ့လာသောကြောင့် သူတို့အိမ်သို့ နောင်တွင် ဧည့်သည်လာရောက်နိုင်ချေ အလွန်များသည်။
လင်းရှောင်ယွဲ့သည် လျိုရှီနှင့် ခဏမျှ စကားပြောပြီးနောက်မှ ထမင်းချက်ရန် ထွက်သွားခဲ့သည်။
.....
ထမင်းစားပြီးနောက် လင်းရှောင်ယွဲ့သည် ရွာသူကြီးအိမ်သို့ သွားခဲ့သည်။
ရွာသူကြီးသည် လင်းရှောင်ယွဲ့က ယခုတစ်ကြိမ် အိမ်ဆောက်၊ အလုပ်ရုံဆောက်ရုံသာမက အလုပ်သမားများပါ ရှာဖွေမည်ကို သိရှိသောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။
"မင်းဒီအလုပ်ရုံ ဆောက်ပြီးရင် နောင်တစ်ချိန်မှာ အမြဲတမ်း အလုပ်သမားလိုမယ်ဆိုရင် ငါတို့ရွာကလူတွေလည်း အနီးအနားမှာ အလုပ်ရှာလို့ရပြီ။"
လင်းရှောင်ယွဲ့သည် ပြုံးလိုက်သည်။
"လာမယ့်နှစ်မှာ အလုပ်တွေ ပိုများနိုင်လောက်တယ်၊ ဒီနှစ်တော့ ကင်မ်ချီလုပ်တာက ဒီတစ်လခွဲလောက်ပဲ ရှိတော့တယ်။"
"ဟားဟား၊ ပိုကောင်းလာမှာပါ။" ဟု ရွာသူကြီးက ရယ်မောလိုက်သည်။
"မင်းအိမ်က မုန်ညှင်းဖြူဝယ်တဲ့ကိစ္စကိုလည်း ငါကြားပြီးပြီ။ မင်းဒီမုန်ညှင်းဖြူတွေကို ဝယ်လို့သာ လယ်ထဲက ပိုလျှံတဲ့ မုန်ညှင်းဖြူတွေကို ခုတ်ပြီး ဝက်စာကျွေးရမယ့်အဖြစ်ကနေ လွတ်သွားတာ။ တကယ်တော့ အခုဈေးကွက်မှာ မုန်ညှင်းဖြူတွေ များနေတယ်၊ မြို့ပေါ်ပို့ရင် တစ်ပေါင်ကို တစ်ပြားတောင် ရောင်းရခက်တယ်၊ မင်းလို လူတိုင်းကို ဈေးကောင်းပေးတာမျိုး ရှာမရှားပဲ။"
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ရွာသူကြီးသည် လင်းရှောင်ယွဲ့ကို ထပ်မံကြည့်လိုက်သည်။
"ဒါနဲ့... မင်းတကယ် ဒီလောက်များတဲ့ မုန်ညှင်းဖြူတွေ လိုရောလိုလို့လား။"
လင်းရှောင်ယွဲ့သည် ခေါင်းညိတ်လိုက်သည်။
"ဦးလေးကို မလိမ်ပါဘူး၊ ရူယီစားသောက်ဆိုင်က ကျွန်မဒီနှစ်လုပ်မယ့် ကင်မ်ချီအားလုံးကို လက်ခံပြီးပြီ။ ပြီးတော့ ကျွန်မဒီစီးပွားရေးမှာ ရူယီစားသောက်ဆိုင်က စပ်တူဝင်ထားတယ်၊ လာမယ့်နှစ်မှာဆို လိုအပ်ချက်က ပိုများလာဦးမှာ။"
လင်းရှောင်ယွဲ့၏ မျက်လုံးများတွင် တွေဝေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ရွာသူကြီးကို ထပ်မံကြည့်လိုက်သည်။
"ကိစ္စတစ်ခုရှိတယ်၊ ကျွန်မအရင်ကတော့ ဒီလောက်စောစော ဦးလေးကို ပြောဖို့မတွေးထားပေမယ့် ဒီနေ့စကားစပ်မိမှတော့ တခါတည်းပဲပြောလိုက်တော့မယ်။"
"ပြော။" ရွာသူကြီးသည် လင်းရှောင်ယွဲ့ကို ကြည့်ရင်း မျက်လုံးများသည် လေးနက်သွားသည်။
လင်းရှောင်ယွဲ့သည် ပြုံးလိုက်ပြီး ရွာသူကြီးကို စိတ်မပူရန် အချက်ပြလိုက်သည်။
ထို့နောက်မှ "ဒီလိုပါ၊ နောင်တစ်ချိန်မှာ ကျွန်မဒီကင်မ်ချီလုပ်ငန်း လုပ်မယ်ဆိုရင် ကျွန်မတို့အိမ်တစ်အိမ်တည်း စိုက်ပျိုးတာနဲ့တော့ မလောက်ဘူး။ ကျွန်မတို့ရွာမှာ အိမ်ထောင်စု ရာဂဏန်းရှိတယ်၊ မြေရှိတဲ့အိမ်ထောင်စုတွေလည်း မနည်းဘူး။ ကျွန်မက လူတိုင်းကို ကျွန်မအတွက် မုန်ညှင်းဖြူစိုက်ပျိုးပေးဖို့ ဆန္ဒရှိလားလို့ မေးချင်တာပါ။
မုန်ညှင်းဖြူက ထွက်လာရင် အလုံးကြီးရင် တစ်လုံးကို နှစ်၊ သုံးပေါင်လောက် လေးတယ်။ အဲ့ဒီအခါကျရင် ကျွန်မတစ်ပေါင်ကို ကြေးနီတစ်ပြားနဲ့ လူတိုင်းဆီက ဝယ်ယူမယ်၊ တစ်လုံးကို ကြေးနီ ၂-၃ပြားလောက် ရနိုင်မယ်လေ။
ကျွန်မတို့ဒီဒေသမှာ နွေဦး၊ နွေ၊ ဆောင်းဦး သုံးရာသီလုံး မုန်ညှင်းဖြူစိုက်ပျိုးလို့ရတယ်၊ တွက်ကြည့်လိုက်ရင် တခြားသီးနှံတွေ စိုက်ပျိုးတာထက် အမြတ်မနည်းပါဘူး။"
ရွာသူကြီးသည် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် မျက်လုံးများအရောင်တောက်လာတော့သည်။
တခြားသီးနှံတွေ စိုက်ပျိုးတာထက် အမြတ်မနည်းရုံမတင်ကဘူး၊ အများကြီးတောင် ပိုသာသေးတယ်။ တစ်နှစ်ကို သုံးရာသီ ရိတ်သိမ်းရင် စပါးစိုက်တာထက်တောင် ပိုအကျိုးအမြတ်ရှိတယ်။
"ယွဲ့အာ၊ မင်း တကယ်ပြောနေတာလား။" ရွာသူကြီးက စိတ်လှုပ်ရှားစွာဖြင့် လင်းရှောင်ယွဲ့ကို ကြည့်လိုက်သည်။
ဒါက ရွာသူရွာသားအားလုံးအတွက် အကျိုးကျေးဇူးကြီးမားတဲ့ ကိစ္စကြီးပဲ။ ဒီကိစ္စသာ အောင်မြင်သွားရင် ငါတို့သာ့ရှီရွာက အိမ်တိုင်းအိမ်တိုင်း အကျိုးအမြတ်ရမှာပဲ။
လင်းရှောင်ယွဲ့ ပြုံးလိုက်ကာ၊ "တကယ်ပြောတာပါ။
သုံးရက်ကြာရင် ရူယီစားသောက်ဆိုင်ရဲ့သခင်ကြီးက ကျွန်မအိမ်ကို လာပြီး ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးမယ်။ ကျိုးကုန်သွယ်ရေးလုပ်ငန်းက လူတွေလည်း လာနိုင်လောက်တယ်။ ဦးလေးအားရင် အိမ်ကိုလာပြီး အတူတူနားထောင်လို့ရတယ်။"
"အဲ့ဒီနေ့ ကျွန်မတို့သဘောတူညီမှုရခဲ့ရင် ကျွန်မဦးလေးနဲ့ပါ တခါတည်း စာချုပ်ချုပ်ပြီး လာမယ့်နှစ်စိုက်မယ့် ကျွန်မတို့သာ့ရှီရွာလယ်ထဲက မုန်ညှင်းဖြူအားလုံးကို ကြိုမှာထားနိုင်ပြီလေ။ ပြီးတော့ နောက်နှစ်တွေမှာလဲ ဆောင်းမဝင်ခင်မှာ ကျွန်မတို့လာမယ့်နှစ်ရဲ့ အစီအစဉ်ကို ထပ်ပြီးဆွေးနွေးကြတာပေါ့။"
ရွာသူကြီး၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"ကောင်းပြီ။ ဒါဆိုရင် သုံးရက်ကြာရင် ငါမင်းနဲ့အတူ အဲ့ဒီသခင်ကြီးနဲ့ လာတွေ့မယ်။"
လင်းရှောင်ယွဲ့သည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ဧကတစ်ရာရှိသော ခြံတစ်ခြံသည် ပုံမှန်အားဖြင့် ငွေစ၂၀၀၀၊၃၀၀၀ လိုအပ်သည်။
ထို့အပြင် လူထွက်မှသာ လက်ဝယ်ပိုင်ဆိုင်နိုင်သည်။ခြံဝယ်ယူပြီးနောက် လူစောင့်ကြည့်ရန်၊ လယ်သမားငှားရမ်း၍ စိုက်ပျိုးရန် အစရှိသည်တို့သည် အလွန်စိတ်ပူပန်ရသည်။
မုန်ညှင်းဖြူသည် ဤခေတ်၏ သာမန်အကျဆုံး သီးနှံဖြစ်သောကြောင့် ရွာသူရွာသားများအား စိုက်ပျိုးခိုင်းပြီး ထွက်လာမှငွေဖြင့် တိုက်ရိုက်ဝယ်ယူလျှင် ကိစ္စများစွာ သက်သာနိုင်သည်။
သူတို့သာ့ရှီရွာသည် ရွာကြီးတစ်ရွာဖြစ်ပြီး အိမ်တိုင်းအိမ်တိုင်း ပေါင်းလိုက်လျှင် မြေဧက တစ်ထောင်နီးပါး ရှိပြီး သာမန်ခြံတစ်ခြံထက် များစွာကြီးမားသည်။
ထိုအခါ ရွာသူရွာသားများ၏ တစ်ဝက်သာ သူမအတွက် မုန်ညှင်းဖြူစိုက်ပျိုးပေးလျှင်ပင် လာမယ့်နှစ်တွင် သူမမုန်ညှင်းဖြူသုံးရာတွင် မပူရတော့ပေ။
စိတ်မချလျှင် သူမရှန်ယန်ရွာသို့ တစ်ခေါက်ထပ်သွားပြီး ရှန်ယန်ရွာ၏ ရွာသူကြီးနှင့် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးနိုင်သည်။
ရှန်ယန်ရွာဘက်ကလည်း သူမနှင့်ပူးပေါင်းဖို့ သေချာပေါက်ဆန္ဒရှိပေလိမ့်မည်။
သို့သော် ဤသို့သော အပြန်အလှန်အကျိုးရှိသော ကိစ္စကောင်းမျိုးအတွက် သူမဦးစားပေးစဉ်းစားသည်မှာ မိမိနေထိုင်ရာ သာ့ရှီရွာပင် ဖြစ်သည်။
လင်းရှောင်ယွဲ့သည် ရွာသူကြီးနှင့် အခြေအနေအချို့ကို ထပ်မံဆွေးနွေးပြီး နာရီဝက်ခန့် ကြာပြီးမှ ပြန်လာခဲ့လေသည်။
ရွာသူကြီးအိမ်မှ ထွက်လာပြီးနောက် လင်းရှောင်ယွဲ့သည် လက်သမားစွန်းအိမ်သို့ ထပ်သွားပြီး အလုပ်ကိစ္စထပ်ပြောခဲ့သည်။
ထို့နောက် ပြန်ထွက်လာပြီး လက်မှုပညာသည်လီအိမ်သို့ ထပ်သွားသည်။
လက်မှုပညာသည်လီအတွက် ဒီနှစ်တစ်နှစ်လုံးစာ အလုပ်ကိုပေးလိုက်သည်။
အဓိကအားဖြင့် လာမယ့်နှစ်ခြံအတွက် ငရုတ်သီးများ သိမ်းဆည်းရန် ပြင်ဆင်ခြင်းဖြစ်ပြီး လက်ရှိအိမ်တွင် ကင်မ်ချီပြုလုပ်ရာတွင် ကိရိယာများ သိပ်မလိုအပ်ပေ။
အကြောင်းကတော့ ယခုအိမ်တွင် ကောက်ညှင်းအေးတုံး သိပ်မလုပ်တော့သောကြောင့် သစ်သားဇလုံများ၊ ရေပုံးများ လွတ်ထွက်လာပြီး ကင်မ်ချီပြုလုပ်ရန် အသုံးပြုနိုင်သည်။
လက်မှုပညာသည်လီနှင့် လိုအပ်သော ပစ္စည်းများအကြောင်းတိုင်ပင်ကာ မှာယူပြီးနောက် လင်းရှောင်ယွဲ့သည် အိမ်သို့ ပြန်လာသည်။
......
အိမ်သို့ ရောက်ပြီးမကြာမီတွင် ကျိုးရှီ ရောက်လာသည်။
မြင်းလှည်းပေါ်တွင် မြင်းလှည်းမောင်းသူအပြင် ကျိုးရှီနောက်သို့ လိုက်ပါလာသူမှာ ခုနစ်ယောက်ပင် ရှိသည်။
လျိုအိမ်အတွက် ကျိုးရှီဝယ်ယူခဲ့သော အစေခံများပင် ဖြစ်သည်။
ကျိုးရှီက လင်းရှောင်ယွဲ့အား "မင်းတောင်းဆိုချက်အတိုင်း ဝယ်ခဲ့တယ်၊ မိသားစုတစ်စုတည်းပဲ။"
"ရှင်တို့ ကိုယ့်ကိုယ်ကို မိတ်ဆက်ကြပါဦး။" ဟု ပြောရင်း ရပ်နေသော လူအနည်းငယ်ကို ကြည့်လိုက်သည်။
အဘိုးကြီးသည် ရှေ့တိုးလာပြီး လျိုရှီနှင့် လင်းရှောင်ယွဲ့အား အရိုအသေပေးလိုက်သည်။
"သခင်မကြီးနဲ့ သခင်မလေးကို ဂါရဝပြုပါတယ်။ ကျွန်တော်က ကျောက်ဖူပါ၊ ဒါက ကျွန်တော့်ရဲ့ ဇနီး ချန်ရှီ၊ သားကြီး ကျောက်ခမ်း၊ ချွေးမကြီး မာရှီ၊ မြေး ကျောက်တာ့ပေါင်၊ သားငယ် ကျောက်ချန်နဲ့ သမီး ကျောက်ရှန်းရှန်းတို့ပါ။"
လျိုရှီသည် အနည်းငယ် အံ့အားသင့်သွားပြီး မျက်စိရှေ့မှ ဤလူသည် ကျွန်ဖြစ်သော်လည်း အမူအရာသည် မရိုးရှင်းဟု ခံစားမိသည်။
လင်းရှောင်ယွဲ့ကတော့ ခေါင်းညိတ်လိုက်ကာ ကျောက်ဖူအား မေးလေသည်။ "ရှင်တို့ ဘာတွေတတ်ကျွမ်းကြလဲ။"
"ကျွန်တော့်ရဲ့ အရင်သခင်အတွက် အိမ်တော်ထိန်းလုပ်ခဲ့ဖူးပါတယ်၊ ချန်ရှီက မီးဖိုချောင်အလုပ် ကျွမ်းကျင်ပါတယ်၊ ကျောက်ခမ်းနဲ့ ကျောက်ချန်က အရင်က သခင့်နောက်လိုက် အစေခံနဲ့ မြင်းလှည်းမောင်းသမား လုပ်ခဲ့ဖူးပါတယ်။ မာရှီနဲ့ ကျောက်ရှန်းရှန်းက အချုပ်အလုပ် ကျွမ်းကျင်ပါတယ်။"
လင်းရှောင်ယွဲ့၏ မျက်လုံးများ အရောင်တောက်လာသည်။ "ဘယ်သူတွေ စာတတ်ကြလဲ။"
"ကျွန်တော်နဲ့ ကျောက်ခမ်း၊ ကျောက်ချန်နဲ့ ကျောက်ရှန်းရှန်းတို့အားလုံး စာတတ်ကြပါတယ်။ မြေး ကျောက်တာ့ပေါင်လည်း သုံးလုံးစပ်ကို သင်ထားပြီးပါပြီ။"
လင်းရှောင်ယွဲ့ အံ့အားသင့်သွားသည်။
ဤကျောက်မိသားစု၏ နောက်မျိုးဆက်အားလုံးစာတတ်ကြသည်ကို မထင်ခဲ့ပေ။
အသက်အငယ်ဆုံး ကျောက်တာ့ပေါင်ကို တစ်ချက်ကြည့်လိုက်ပြီး ကလေးငယ်သည် ခေါင်းငုံ့ထားပြီး မာရှီ၏ ဘေးတွင် ယဉ်ကျေးစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"မဆိုးဘူး။" ကျောက်တာ့ပေါင်၏အသက်အရွယ်သည် ရှောင်ချင်နှင့် အတူတူဖြစ်သောကြောင့် ရှောင်ချင်အတွက် စာသင်ဖော်အဖြစ် စီစဉ်ပေးလျှင် မြို့ပေါ်တွင် ရှောင်ချင်ကို စောင့်ရှောက်ရန် အဆင်ပြေသည်။
"အသက်ဘယ်လောက်ရှိပြီလဲ။" ဤသို့စဉ်းစားမိသောအခါ လင်းရှောင်ယွဲ့က ကျောက်တာ့ပေါင်အား မေးလိုက်သည်။
ကျောက်တာ့ပေါင်သည် ရိုသေစွာ ရှေ့တိုး၍ အရိုအသေပေးလိုက်သည်။
"သခင်မလေးကို ပြန်ဖြေပါတယ်၊ ကျွန်တော် ဆယ်နှစ်ရှိပါပြီ။"
လင်းရှောင်ယွဲ့သည် ခေါင်းညိတ်ပြီး အကြည့်သည် ကျောက်ဖူထံသို့ ထပ်မံရောက်ရှိသွားသည်။
"ရှင်တို့ကြည့်ရတာ ကိုယ့်ကိုယ်ကို ရောင်းစားတဲ့ပုံ မပေါ်ဘူး၊ ဘာကြောင့် သခင်က ပြန်ရောင်းတာလဲ။"
ဤမိသားစု ခုနစ်ယောက်သည် ဝတ်စားဆင်ယင်မှု သပ်ရပ်ပြီး ယဉ်ကျေးမှုရှိသည်။ အထူးသဖြင့် ကျောက်ဖူသည် အမူအရာကောင်းမွန်ပြီး ရာဇဝင်သည် ထိုမျှလောက် ရိုးရှင်းမည် မဟုတ်ပေ။
ကျောက်ဖူသည် အံ့အားသင့်သွားသည်။
ထို့နောက် လင်းရှောင်ယွဲ့အား ထပ်မံအရိုအသေပေးလိုက်သည်။
"ကျွန်တော်..."
"သခင်မလေးကို ပြန်ဖြေပါတယ်၊ ကျွန်မကြောင့်ပါ။ ကျွန်မက အရင်သခင်မကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး မိသားစုကို ဒုက္ခပေးခဲ့မိတာပါ။" ရုတ်တရက် ကျောက်ရှန်းရှန်းက ရှေ့တိုးလာသည်။
"ရိုင်းလိုက်တာ၊ နောက်ဆုတ်စမ်း။" လင်းရှောင်ယွဲ့ စကားမပြောမီမှာပင် ကျောက်ဖူသည် ကျောက်ရှန်းရှန်းအား ငေါက်လိုက်သည်။
ကျောက်ရှန်းရှန်း၏ ကိုယ်သည် တုန်လှုပ်သွားပြီး ကျောက်ဖူကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး နောက်ဆုတ်သွားသည်။
ဤအချိန်တွင်မှ လင်းရှောင်ယွဲ့သည် ကျောက်ရှန်းရှန်း၏ မျက်နှာကို မြင်လိုက်ရသည်။
ဤမိန်းကလေးသည် မျက်နှာအသွင်အပြင် လှပပြီး ရုပ်ရည်သည် အလွန်ပင်ကောင်းမွန်သည်။
"သခင်မလေး ခွင့်လွှတ်ပါ၊ ကျွန်တော် သေချာ မဆုံးမမိလို့ပါ။" ကျောက်ဖူက အလျင်အမြန် လင်းရှောင်ယွဲ့အား အရိုအသေပေးသည်။
လင်းရှောင်ယွဲ့သည် လက်ကိုယမ်းလိုက်ပြီး၊ "ပြောပါ၊ ဘာတွေဖြစ်ခဲ့တာလဲ။ အစ်မက ကျွန်မအတွက် ရှင်တို့ကို ဝယ်ပေးပြီးပြီဆိုပေမယ့် ကျွန်မဆီမှာ စိတ်ထားမမှန်တဲ့လူတွေ မထားဘူး။"
ကျောက်ဖူ တောင့်တင်းသွားကာ အလျင်အမြန် လင်းရှောင်ယွဲ့ကို ဦးညွှတ်လိုက်ကာ "သခင်မလေး နားထောင်ပေးပါဦး။ ကျွန်တော်တို့မိသားစုက နန်အန်းခရိုင်ရဲ့ ကျန်းကျွီရန်အိမ်တော်က အိမ်ကျွန်တွေပါ။ သခင်ကြီးက ကျွန်တော့်ရဲ့သမီးကိုသဘောကျသွားပြီး သမီးလေးဘက်က မလိုက်လျောတာကြောင့် သခင်ကြီးရဲ့အမုန်းတင်မက သခင်မကြီးရဲ့သံသယဝင်တာကိုပါ ခံခဲ့ရပါတယ်။ အဲ့ဒီနောက် သခင်ကြီးဆုံးပါးသွားတာနဲ့ သခင်မကြီး အိမ်ကိုအုပ်ချုပ်တဲ့အချိန် သမီးလေးကို ရောင်းပစ်ဖို့ ကြံခဲ့တာပါ။"
ကျောက်ဖူ၏ အသံတွင် ဝမ်းနည်းသော အရိပ်အယောင်များ ပါဝင်နေသည်၊ "ကျွန်တော်လည်း သမီးလေးကိုမရောင်းဖို့ ဝင်အသနားခံရာကနေ တစ်မိသားစုလုံးကို ဒုက္ခပေးခံခဲ့ရပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့တစ်မိသားစုလုံးကို သခင်မကြီးက ကျိုးကုန်သွယ်ရေးလုပ်ငန်းကို ရောင်းစားလိုက်တာပါ။
ကံကောင်းစွာနဲ့ပဲ ကျွန်တော်က နန်အန်းခရိုင်က ကျိုးကုန်သွယ်ရေးလုပ်ငန်းတာဝန်ခံနဲ့ နည်းနည်းသိကျွမ်းနေလို့ ကျွန်တော်တို့မိသားစုခုနှစ်ယောက် မခွဲမခွာကျန်နေခဲ့နိုင်တာပါ။"
ကျောက်ဖူသည် လင်းရှောင်ယွဲ့အား ထပ်မံအရိုအသေပေးလိုက်သည်။
"ဒီတစ်ကြိမ် ဟိုင်ကတော်က သခင်လေးကျိုးအိမ်မှာ လူသွားရွေးချိန် ကျွန်တော်ကလည်း သခင်လေးကျိုးရဲ့အိမ်တော်မှာရောက်နေတာနဲ့ တိုက်ဆိုင်ပြီး သခင်မလေးရဲ့အိမ်အခြေအနေအကြောင်း သိလိုက်ရတော့ နေရာကောင်းတစ်ခုဖြစ်မယ်လို့ တွေးလိုက်မိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဟိုင်ကတော်ဆီ ထောက်ခံပြီး သခင်လေးကျိုးကိုတောင်းဆိုလိုက်လို့ လျိုအိမ်ကိုရောက်လာနိုင်တာပါ။"
လျိုအိမ်၏အနေအထားသည် ရိုးရှင်းပြီး သခင်မလေးက အိမ်ကိုအုပ်ချုပ်သည်။
သားမက်တော်သည် ဇနီးအိမ်သို့ဝင်သူဖြစ်ကာ တူနှင့်အတူ သခင်မလေး၏ အသက်ကယ်တင်ခြင်းကို ခံခဲ့ရသောကြောင့် မတော်မတရား ပြုမူမည် မဟုတ်ပေ။
ထို့အပြင် သခင်လေးနှင့် တူတော်တို့သည် အသက်မကြီးသေးဘဲ ကျောင်းတော်တွင် စာသင်ကြားနေသောကြောင့် သူ့မြေးသည် စာသင်ဖော်အဖြစ် လိုက်ပါသွားနိုင်ပြီး နောင်တစ်ချိန်တွင် အမှန်တကယ် စာတတ်မြောက်နိုင်မည်။
ကျိုးရှီသည် လင်းရှောင်ယွဲ့အား ခေါင်းညိတ်ပြပြီး ကျောက်ဖူပြောသော စကားများအားလုံး အမှန်ဖြစ်ကြောင်း အသိပေးသည်။
ဤမိသားစု ခုနစ်ယောက်သည် မူလက သူမ၏ တတိယအစ်ကိုဝမ်းကွဲက ခေါ်ဆောင်လာပြီး ကိုယ်တိုင် သုံးဖို့ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် လူများရောက်ရှိလာပြီး သူ၏ တတိယအစ်ကိုဝမ်းကွဲက သူတို့ကို ထားရှိရန် မပြောမီမှာပင် သူမနှင့် တွေ့ဆုံခဲ့သည်။
ကျောက်ဖူသည်လည်း ထက်မြက်ပြီး အခြေအနေကို ကြားသိပြီးနောက် တတိယအစ်ကိုဝမ်းကွဲအား လျိုအိမ်သို့ သွားလိုကြောင်း တက်ကြွစွာ တောင်းဆိုခဲ့သည်။
တတိယအစ်ကိုဝမ်းကွဲသည်လည်း ကင်မ်ချီကိစ္စကြောင့် လျိုအိမ်အား မျက်နှာသာပေးလို၍ သဘောတူခဲ့ပေသည်။
လင်းရှောင်ယွဲ့၏ နှုတ်ခမ်းထောင့်သည် ကွေးတက်သွားသည်။
"ကောင်းပြီ၊ ဒီလိုဆိုမှတော့ ရှင်တို့နေလို့ရတယ်။"
"ကျေးဇူးတင်ပါတယ် သခင်မလေး။" ကျောက်ဖူက အလျင်အမြန် အရိုအသေပေးလိုက်သည်။
ကျောက်မိသားစုဝင်များလည်း အလျင်အမြန် လိုက်၍ အရိုအသေပေးကြသည်။
လင်းရှောင်ယွဲ့သည် ပြုံးလိုက်ကာ၊ "ကျွန်မတို့အိမ်မှာ စည်းကမ်းတွေအရမ်းမများဘူး၊ ရှင်တို့ကောင်းကောင်းလုပ်သ၍ ရှင်တို့ကို မနစ်နာစေရဘူး။"
လင်းရှောင်ယွဲ့သည် ကျောက်ဖူကို ကြည့်လိုက်ပြီး၊
"လောင်ဖူ၊ ရှင်အရင်က ကျန်းကျွီရန်အိမ်တော်မှာ အိမ်တော်ထိန်းလုပ်ခဲ့တယ်ဆိုတော့ အတွေ့အကြုံမနည်းဘူး။ ကျွန်မတို့လျိုအိမ်က လူနည်းပေမယ့် အိမ်မှာ စီးပွားရေးတချို့ကို စီမံခန့်ခွဲဖို့ လိုအပ်တယ်။ လက်ရှိမှာလည်း လူလိုနေတဲ့အချိန်ပဲ။
ရှင်တို့လျိုအိမ်ကို ဝင်လာမှတော့ ကိုယ့်လူအချင်းချင်းဖြစ်သွားပြီ။ နောက်ဆိုရင် ရှင့်ကို ကျွန်မတို့လျိုအိမ်က အိမ်တော်ထိန်းလုပ်ခိုင်းရင် ဘယ်လိုလဲ။"
ကျောက်ဖူ၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် သခင်မလေး၊ ကျွန်တော်ကျောက်ဖူ အသက်စွန့်ပြီး သခင်မလေးကို ကျေးဇူးဆပ်ပါ့မယ်။"
လင်းရှောင်ယွဲ့သည် နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး အကြည့်သည် ကျောက်ခမ်းနှင့် ကျောက်ချန်ထံသို့ ထပ်မံရောက်ရှိသွားသည်။
"ကျောက်ခမ်း၊ ကျောက်ချန်၊ ရှင်တို့နှစ်ယောက် အရင်ဆုံး ကျွန်မနောက်လိုက်ပြီး ကျွန်မအတွက် အလုပ်နည်းနည်းလုပ်ပေးရင်း အိမ်ကစီးပွားရေးကို စီမံခန့်ခွဲပေးပါ။ ကောင်းကောင်းလုပ်ရင် နောင်တစ်ချိန်မှာ တစ်ယောက်ချင်းစီကို တန်ဖိုးထားမယ်။"
ကျောက်ခမ်းနှင့် ကျောက်ချန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မျက်လုံးများတွင် ဝမ်းသာသော အရိပ်အယောင်များ ပါဝင်နေသည်။
"ကျေးဇူးတင်ပါတယ် သခင်မလေး။" အလျင်အမြန် အရိုအသေပေးသည်။
လင်းရှောင်ယွဲ့သည် ချန်ရှီနှင့် မာရှီကို ထပ်မံကြည့်လိုက်သည်။
"ချန်ရှီ၊ နောင်တစ်ချိန်မှာ ရှင်က ကျွန်မအမေဘေးမှာ နေပြီး မာရှီနဲ့အတူ မီးဖိုချောင်နဲ့ အိမ်ကအခြားအလုပ်တွေကို လုပ်ပါ။"
"ဟုတ်ကဲ့။" နှစ်ယောက်သား အလျင်အမြန် အရိုအသေပေးသည်။
"ကျောက်တာ့ပေါင်၊ မင်းနောင်တစ်ချိန်မှာ ရှောင်ချင်အတွက် စာသင်ဖော်လုပ်ပါ။ နောက်နှစ်ရက်ကြာရင် ရှောင်ချင် ကျောင်းပိတ်ရက်ရရင် မင်းသူနဲ့အတူ ချင်းယွင်ကျောင်းတော်ကို လိုက်သွားပြီး ရှောင်ချင်ရဲ့ နေထိုင်စားသောက်မှုကို စောင့်ရှောက်ပါ။"
ကျောင်းတော်တွင် စာသင်ဖော်ခေါ်ဆောင်ခွင့်ရှိသည်၊ ထိုအခါ သူမအဆောင်ခအနည်းငယ် ပေးလျှင် ကျောက်တာ့ပေါင်ကို ဝင်ခိုင်းလို့ရပေပြီ။
"ကျေးဇူးတင်ပါတယ် သခင်မလေး။" ကျောက်တာ့ပေါင်က အလျင်အမြန် ရှေ့တိုး၍ အရိုအသေပေးသည်။
မိမိကျောင်းတော်သို့ သွားနိုင်မည်ကို ကြားသောအခါ မျက်နှာလေးတွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။
သူလက်ရှိတတ်မြောက်သမျှကို ဖခင်က သင်ပေးခဲ့ပြီး အားလုံးသင်ယူပြီးဖြစ်သည်။ ပိုမိုသင်ယူလိုသော်လည်း ဖခင်တွင် သူ့အား သင်ကြားပေးရန် အချိန်များများမရှိပေ။
ကျောင်းတော်သို့ သွားလျှင် တူတော်ကဲ့သို့ စာသင်ခန်းထဲဝင်၍ ဆရာ့သင်ကြားမှုကို နားထောင်ခွင့်မရသော်လည်း စာသင်ခန်းအပြင်ဘက်တွင် အနည်းငယ် ခိုးနားထောင်နိုင်သည်။
ကျောင်းတော်တွင် အလုပ်များများမရှိသောကြောင့် ထိုအခါ သူလေ့လာရန် အချိန်များစွာ ရရှိမည်။
လာရောက်စဉ်က သူဟိုင်ကတော်ပြောသည်ကို ကြားခဲ့သည်၊ တူတော်သည် ဆယ့်နှစ်နှစ်ရှိပြီဖြစ်ပြီး ချင်းယွင်ကျောင်းတော် အတန်း '၃/က' တွင် စာသင်ကြားနေပြီး နောက်နှစ်တွင် ခရိုင်စာမေးပွဲ ဖြေဆိုနိုင်မည့် အလားအလာ အလွန်ကြီးမားသည်။ တူတော်သည် လျိုမျိုးရိုးမဟုတ်သော်လည်း အဆင့်အတန်းသည် သခင်လေးထက် မနိမ့်ကျပေ။
နောက်နှစ်တွင် ကျောင်းသားဖြစ်သွားလျှင် လျိုအိမ်တွင် အဆင့်အတန်း ပိုမိုမြင့်မားလာမည်မှာ သေချာသည်။ သူသာတူတော်ကို ကောင်းမွန်စွာ ပြုစုလျှင် နောင်တစ်ချိန်တွင် သူ့ဘဝလည်းဆိုးမည်မဟုတ်ပေ။
ကျောက်မိသားစုဝင်များလည်း ကျောက်တာ့ပေါင်အတွက် အလွန်ဝမ်းမြောက်ကြသည်။
လင်းရှောင်ယွဲ့၏ အကြည့်သည် လူတိုင်း၏ မျက်နှာများပေါ်သို့ ဖြတ်သန်းသွားပြီးနောက် နောက်ဆုံးတွင် ကျောက်ရှန်းရှန်းထံသို့ ရောက်ရှိသွားသည်။
"ကျောက်ရှန်းရှန်း..."
ကျောက်ရှန်းရှန်း၏ မျက်နှာတွင် အနည်းငယ် ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာပြီး အလျင်အမြန် ရှေ့တိုး၍ အရိုအသေပေးသည်။
"ဟုတ်ကဲ့၊ သခင်မလေး။"
"ခေါင်းမော့ပါဦး။" လင်းရှောင်ယွဲ့သည် ကျောက်ရှန်းရှန်းကို အထက်အောက် ကြည့်လိုက်သည်။
ကျောက်မိသားစုဝင်များ၏ မျက်နှာများ တောင့်တင်းသွားကြသည်။
ကျောက်ရှန်းရှန်းသည် အနည်းငယ် တုန်လှုပ်သွားပြီးနောက် ခေါင်းကိုမော့လိုက်သည်။
လင်းရှောင်ယွဲ့သည် ဤတစ်ကြိမ်တွင် ကျောက်ရှန်းရှန်း၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
မိုးမခကိုင်းလို ကွေးညွတ်နေသည့်မျက်ခုံးကွေးကွေး၊ ဗာဒံမျက်ဝန်းများရှိကာ ဘယ်ဘက်မျက်လုံးအောက်တွင် မျက်ရည်ခံမှဲ့တစ်လုံး ရှိနေခြင်းက တစ်ကိုယ်လုံးကို ပိုမိုလှပပြီး ဆွဲဆောင်မှုရှိစေသည်။