လေးစားအထင်ကြီးခြင်း
Vol. 12 Ch. 283
"ဒါကြောင့် ဒီမိသားစုက တတိယအစ်ကိုဝမ်းကွဲက မင်းကိုပေးတဲ့ လက်ဆောင်ပဲ။ ပိုက်ဆံတစ်ပြားမှ မကုန်ဘူး။" ကျိုးရှီက ပြုံး၍ ပြောလေသည်။
ဤသို့သော စာတတ်ပေတတ် တစ်ဝက်ကျော်ပါဝင်သော အစေခံမိသားစုတစ်စုကို အပြင်တွင် ရှာဖွေလျှင် ငွေစ၄၀၀မရှိဘဲ မရနိုင်ပေ။
လင်းရှောင်ယွဲ့၏ နှုတ်ခမ်းစွန်းများ ကွေးတက်သွားသည်။
"ဒါဆိုရင် နောက်တစ်ခါတွေ့ရင် သခင်လေးကျိုးကို ကျေးဇူးတင်ရမှာပေါ့။" ဟု ရယ်မောလိုက်သည်။
"အင်း။ ငါ့အထင် တတိယအစ်ကိုဝမ်းကွဲက မင်းရဲ့ ဒီကင်မ်ချီကို အရမ်းစိတ်ဝင်စားတယ်။ သူက ငါတို့နဲ့မတူဘူး၊ သူက ကျိုးမိသားစုရဲ့ အဓိကမျိုးဆက်က လူပဲ။ ချင်းရှီမြို့ကို လာတာက ရာထူးလျှော့ချခံရတဲ့ သဘောရှိပေမယ့် တစ်ခုခုလုပ်ပြနိုင်ရင် အချိန်မရွေး ပြန်ခေါ်ခံရနိုင်တယ်။
ဒီတစ်ခါ တတိယအစ်ကိုဝမ်းကွဲက မင်းရဲ့ ဒီကင်မ်ချီလုပ်ငန်းနဲ့ အောင်မြင်ပြီး မြို့တော်ကို ပြန်သွားချင်တဲ့ သဘောရှိတယ်။" ကျိုးရှီက အသံကိုနှိမ့်၍ လင်းရှောင်ယွဲ့အား ပြောလိုက်သည်။
လင်းရှောင်ယွဲ့၏ မျက်လုံးများ အရောင်တောက်လာသည်။
"အောင်မြင်သွားရင် ကျွန်မတို့နဲ့ သခင်လေးကျိုးက အပြန်အလှန် အောင်မြင်စေတာပေါ့။"
"ဒါပေါ့။"
ထို့နောက် ကျိုးရှီသည် အဓိပ္ပာယ်ပါသော အပြုံးဖြင့် လင်းရှောင်ယွဲ့အား ပြုံးပြလာခဲ့သည်။
လင်းရှောင်ယွဲ့ကို အနည်းငယ် နားမလည်ဖြစ်သွားစေသည်။
အစ်မကို နောက်ထပ်ဘာအခြေအနေရှိသေးလဲဟု မေးရန် ပြင်ဆင်နေစဉ် ကျိုးရှီသည် ဘေးမှ ခုနက သူမလက်ထဲတွင် ကိုင်ထားသော သစ်သားသေတ္တာငယ်ကို ယူလိုက်သည်ကို တွေ့လိုက်ရသည်။
"ဒါက ငါ့အဖေပေးတာ။ အတွင်းထဲမှာ ကျိုးမိသားစုခြံရဲ့ အိမ်ပိုင်ဆိုင်မှုစာချုပ်နဲ့ မြေပိုင်ဆိုင်မှုစာချုပ်၊ ပြီးတော့ ခြံထဲက အစေခံဆယ့်ရှစ်ယောက်ရဲ့ ကျွန်စာချုပ်တွေ ရှိတယ်။" ကျိုးရှီက ပြောရင်း သစ်သားသေတ္တာငယ်ကို လင်းရှောင်ယွဲ့အား ပေးလိုက်သည်။
လင်းရှောင်ယွဲ့သည် အံ့အားသင့်သွားကာ အလျင်စလိုပြန်မေးလိုက်သည်။
"ဒါ... ဦးလေးက ပိုက်ဆံဘယ်လောက်လိုချင်လဲ။"
ကျိုးရှီ ရယ်မောလိုက်သည်။
"ဘာကိစ္စ ပိုက်ဆံအကြောင်းပြောနေတာလဲ။ ဒါက လက်ဆောင်ပေးတာ။ ငါ့အဖေက စိတ်ရင်းအမှန်နဲ့ မင်းကို ပေးတာ။"
လင်းရှောင်ယွဲ့သည် ထပ်မံအံ့အားသင့်သွားသည်။
ကျိုးရှီသည် ထိုအခါမှ "တစ်ခုက မင်းသူ့သမီးကို ကူညီတဲ့အတွက် ကျေးဇူးတင်တာ။ ဒုတိယတစ်ချက်က ကျိုးမိသားစုကို ကူညီတဲ့အတွက် ကျေးဇူးတင်တာ။"
လင်းရှောင်ယွဲ့ အနည်းငယ် ကြောင်သွားသည်။
သူမသည် ဤနည်းလမ်းဖြင့် အစ်မကို အစုရှယ်ယာဝင်ငွေ သက်သာအောင် ကူညီခဲ့သည်ကို အစ်မကို 'ကူညီ' သည်ဟု ခက်ခက်ခဲခဲ ဆိုနိုင်သော်လည်း ကျိုးမိသားစုကို ကူညီသည်ဆိုသည်က ဘာကိုပြောတာလဲ။
ကျိုးရှီသည် လင်းရှောင်ယွဲ့၏ နားမလည်မှုကို မြင်သောအခါ ပြုံးလိုက်ပြီး လင်းရှောင်ယွဲ့အား ရှင်းပြသည်၊ "ဒီငရုတ်သီးလုပ်ငန်းကို တတိယအစ်ကိုဝမ်းကွဲက လောလောဆယ် ပင်မမိသားစုဘက်ကို အကြောင်းမကြားဘဲ သူကိုယ်တိုင် တာဝန်ယူမယ်တဲ့။ အောင်မြင်လာပြီးတဲ့နောက် ပင်မမိသားစုဘက်က သိသွားရင်တောင် အဲ့ဒီအခါကျရင် ဒီစီးပွားရေးကို တတိယအစ်ကိုဝမ်းကွဲကို ခွဲပေးမှာပဲ။
ငါ့အဖေက ချင်းရှီမြို့မှာ မျက်နှာအနည်းငယ်ရှိတယ်၊ ဒီကိစ္စက ငါ့ဆီက တဆင့်သွားတာဆိုတော့ တတိယအစ်ကိုဝမ်းကွဲက ဒီကိစ္စကို ပင်မမိသားစုဘက်ကို အကြောင်းမကြားရင် ငါ့အဖေက အကျိုးအမြတ်နည်းနည်း ခံစားရနိုင်တယ်။ နောင်တစ်ချိန်မှာ ပင်မမိသားစုဘက်က သိသွားပြီး စီးပွားရေးကို ငါ့တတိယအစ်ကိုဝမ်းကွဲကို လုံးဝစီမံခန့်ခွဲခိုင်းရင် ငါ့အဖေကလည်း တတိယအစ်ကိုဝမ်းကွဲနဲ့အတူ ဆက်လုပ်နိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငါ့အဖေက ပြောတယ်၊ အခု ငါတို့ကျိုးမိသားစုက တတိယအစ်ကိုဝမ်းကွဲနဲ့ ဆက်သွယ်မိသွားပြီ။ တတိယအစ်ကိုဝမ်းကွဲက ပင်မမိသားစုက လူပဲ၊ ငရုတ်သီးလုပ်ငန်းနဲ့ အောင်မြင်နိုင်ရင် နောင်တစ်ချိန်မှာ အနာဂတ်က အကန့်အသတ်မရှိဘူး။ ငါတို့ကျိုးမိသားစုကလည်း ပိုကောင်းတဲ့ အနာဂတ်ရှိနိုင်တယ်။"
ကျိုးရှီသည် လင်းရှောင်ယွဲ့၏ လက်ထဲမှ သစ်သားသေတ္တာငယ်ကို ကြည့်လိုက်သည်။
"ဒီပစ္စည်းတွေက ငါငါ့အဖေကို ခြံအကြောင်းပြောလိုက်တော့ ပေးလာတာ။ အဲ့ဒီတုန်းက ငါ့အစ်ကိုလေးယောက်နဲ့ ယောင်းမတွေအားလုံး ရှိနေတယ်၊ အဖေက ခြံကို မင်းကို လက်ဆောင်ပေးမယ်လို့ ပြောတော့ သူတို့အားလုံး ဘာမှမပြောဘူး။"
အစ်ကိုနဲ့ယောင်းမတွေက ဘာမှပြောမှာ မဟုတ်ဘူး၊ ကျိုးမိသားစုက တတိယအစ်ကိုဝမ်းကွဲနဲ့ ဆက်သွယ်မိရင် အကျိုးအမြတ်အများဆုံးက သူတို့ပဲ။ တတိယအစ်ကိုဝမ်းကွဲ ကောင်းမွန်လာရင် အဲ့ဒီအခါကျရင် သူတို့လည်း အတူတိုးတက်မှာ မဟုတ်လား။
"ပြီးခဲ့တဲ့နှစ်က ငါ့အဖေက လူလွှတ်ပြီး ကျိုးမိသားစုခြံကို ထပ်ပြီးချဲ့ခဲ့တယ်၊ အခု ကျိုးမိသားစုခြံရဲ့ မြေက စုစုပေါင်း သုံးရာခြောက်ဧက ရှိတယ်။ ခြံနဲ့ လယ်စာချုပ်ချုပ်ဆိုထားတဲ့ အိမ်ထောင်စုပေါင်း သုံးဆယ့်နှစ်အိမ် ရှိတယ်။ အခု ကျိုးမိသားစုခြံက သခင်ပြောင်းသွားပြီ၊ မင်းအချိန်ရရင် အဲ့ဒီလယ်သမားတွေကို သွားတွေ့ပြီး လယ်စာချုပ် ဘယ်လိုပြင်ဆင်မလဲဆိုတာ ကြည့်လို့ရတယ်။"
လင်းရှောင်ယွဲ့၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။
ဘာ။ ဧကသုံးရာကျော်လား။ အိုး၊ ဒီအတိုင်းအတာဆို ခြံကြီးတစ်ခြံပဲ။
"အစ်မ..." လင်းရှောင်ယွဲ့သည် ဒီလက်ဆောင်မျိုးရလိုက်ခြင်းက သူမ အလွန်အမင်း မျက်နှာသာပေးခံရသည်ဟု ခံစားလိုက်ရသည်။
သို့သော် စကားလုံးနှစ်လုံးသာ ပြောထွက်ပြီး ကျိုးရှီက သူမ၏ လက်ကိုဆုပ်ကိုင်လိုက်သည်။
"အားနာစရာစကားတွေ မပြောနဲ့တော့။ ကျိုးမိသားစု နောင်တစ်ချိန်မှာ ရရှိနိုင်မယ့် အရာတွေနဲ့ နှိုင်းယှဉ်ရင် ငါ့အဖေပေးတဲ့ ဒါတွေက ဘာမှမဟုတ်ဘူး။"
လင်းရှောင်ယွဲ့၏ မျက်လုံးများသည် လှုပ်ရှားသွားသည်။ ထို့နောက် ကျိုးရှီအား ခေါင်းညိတ်ပြလိုက်သည်။
"အင်း။ ကျေးဇူးတင်ပါတယ် အစ်မ။"
ကျိုးရှီသည် ပြုံး၍ လင်းရှောင်ယွဲ့၏ လက်ကို ပုတ်လိုက်သည်။
"ဘာကျေးဇူးတင်စရာလိုလို့လဲ။ ကျေးဇူးတင်ရမယ်ဆို အစ်မကမှ မင်းကို ကျေးဇူးတင်ရမှာ။ ငွေစ၅၀၀၀ အစုငွေကို တတိယအစ်ကိုဝမ်းကွဲက ငါ့အတွက် ထုတ်ပေးမယ်လို့ ကတိပေးတယ်။ နောင်တစ်ချိန်မှာ အလုပ်ရုံက ငရုတ်သီးလုပ်ငန်းရဲ့ အကျိုးအမြတ်ထဲက ကျိုးကုန်သွယ်ရေးလုပ်ငန်းရဲ့ အစိတ်အပိုင်းကို ငါနဲ့ပဲဆိုင်တော့မှာ။
နောက်ပြီး ဒီတစ်ခါ မိဘအိမ်ပြန်တော့ ငါ့ယောင်းမလေးယောက်က ငါ့ကို မျက်နှာမသာမယာ မပြရဲတော့ဘူး။ တစ်ယောက်ချင်းစီကလေ၊ ဟားဟားဟား ငါ့ကို မြှောက်ပင့်ပြီး စကားပြောနေကြတာ။" ကျိုးရှီသည် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။
ဒီတစ်ခါ သူမသည်လည်း မျက်နှာပွင့်သွား၍ စိတ်ထဲကျေနပ်နေမိသည်။
လင်းရှောင်ယွဲ့လည်း ရယ်လိုက်သည်။
"ကောင်းတာပေါ့၊ ကျွန်မတို့နှစ်ယောက် ပူးပေါင်းရင် သေချာပေါက် ပိုက်ဆံအများကြီး ရှာနိုင်မှာပဲ။"
"ဒါပေါ့..."
သမီးယောင်းမနှစ်ယောက် ခဏလောက်စကားဆက်ပြောပြီးနောက် ကျိုးရှီသည် လင်းရှောင်ယွဲ့အား ကျောက်ရှန်းရှန်း၏ကိစ္စကို မေးမြန်းသည်။
"မင်းအဲ့ဒီကောင်မလေးကို အရမ်းတန်ဖိုးထားတာပဲ၊ ပေးတဲ့ လစဉ်သုံးစရိတ်က လောင်ဖူထက်တောင် မြင့်တယ်။"
လင်းရှောင်ယွဲ့သည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ရှန်းရှန်းရဲ့ အတွေးအခေါ်က ဒီခေတ်က အမျိုးသမီးတော်တော်များများနဲ့ မတူဘူး၊ ကျွန်မအရမ်းလေးစားတယ်။"
ကျိုးရှီသည် အံ့အားသင့်မိသွားပြီးနောက် ခေါင်းအသာညိတ်လိုက်သည်။
တကယ်ပဲ ဒီခေတ်က အမျိုးသမီးတော်တော်များများနဲ့ မတူဘူး။
သာမန်အစေခံမတစ်ယောက်သာဆိုရင် သခင်က သဘောကျရင် အခွင့်အရေးကို အသုံးချပြီး မယားငယ်ဖြစ်အောင် ကြိုးစားမှာပဲ၊ မိသားစုဝင်တွေကိုပါ ကူညီနိုင်သေးတယ်။
တချို့ဆိုရင် ကိုယ်တိုင် သခင်ကို ဖျားယောင်းပြီး သခင်ရဲ့ ခုတင်ပေါ်တက်ဖို့ အခွင့်အရေးရှာကြတယ်။
ဒီလိုကိစ္စမျိုးက အိမ်တော်ကြီးတွေမှာ မနည်းလှဘူး။
ဒါပေမဲ့ ဒီကျောက်ရှန်းရှန်းကတော့ သခင်အိမ်ကို ငြင်းပယ်ခဲ့တယ်။
လျိုအိမ်ကို ရောက်ပြီးနောက် ယွဲ့အာရဲ့ တန်ဖိုးထားမှုကို ခံရတော့ တောင်းဆိုတဲ့ အချက်က တစ်သက်လုံး လက်မထပ်ဖို့တဲ့။ ဒီလို စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးက တကယ်ရှားတယ်။
အမျိုးသမီးတစ်ယောက်က စိတ်ကို အိမ်ထောင်ရေးပေါ်မှာ မထားဘဲ စိတ်ပါဝင်စားမှုမရှိရင် တခြားကဏ္ဍတွေမှာ တကယ်ပဲ အောင်မြင်မှုအချို့ ရရှိနိုင်တယ်။
အဲ့ဒီကျောက်ရှန်းရှန်းက စာတတ်ပေတတ်ဖြစ်ပြီး သူမနဲ့ ယွဲ့အာလိုပဲ အမျိုးသမီးဖြစ်တဲ့အတွက် ယွဲ့အာက အသုံးချရတာ ပိုအဆင်ပြေနိုင်တယ်။ ယွဲ့အာမှာ ဒီလိုစိတ်ကူးမျိုး ရှိတာ အံ့ဩစရာမရှိဘူး။
"မြို့ပေါ်က စားသောက်ဆိုင်ငယ်၊ ကင်မ်ချီလုပ်ငန်း နောက်ပြီး ခြံနဲ့ ငရုတ်သီးလုပ်ငန်း လက်ထဲမှာ အလုပ်တွေ အရမ်းများတယ်။ ကျွန်မတစ်ယောက်တည်း မနိုင်ဘူး။"
ကျိုးရှီသည် ခေါင်းညိတ်လိုက်သည်။
"ဒါက တကယ်ကို နည်းနည်းတော့များတယ်။"
နှစ်ယောက်သား စကားပြောနေစဉ် တံခါးအပြင်ဘက်မှ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"သခင်မလေး..." ကျောက်ရှန်းရှန်းပင် ဖြစ်သည်။
လင်းရှောင်ယွဲ့နှင့် ကျိုးရှီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စကားရပ်လိုက်ကြသည်။
"ဝင်ခဲ့။" ဟု လင်းရှောင်ယွဲ့က တံခါးဝသို့ လှမ်းပြောသည်။
မကြာမီတွင် တံခါးပွင့်လာသည်။
ကျောက်ရှန်းရှန်းသည် အခန်းထဲသို့ ဝင်လာပြီး လင်းရှောင်ယွဲ့နှင့် ကျိုးရှီတို့အား ယဉ်ကျေးစွာ အရိုအသေပေးလိုက်သည်။
"သခင်မလေး၊ ကျွန်မ လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်ပြီးပါပြီ။ အဖေက သခင်မလေးကို လာမေးခိုင်းပါတယ်၊ တချို့နေရာတွေမှာ သခင်မလေးရဲ့ အမိန့်ကို တောင်းခံဖို့ လိုအပ်တယ်လို့ ပြောပါတယ်။"
လင်းရှောင်ယွဲ့သည် ကျောက်ရှန်းရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ကျောက်ရှန်းရှန်းသည် ခေါင်းကိုငုံ့ထားသည်ကို မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"လောင်ဖူကို ရှေ့ခြံမှာ ငါ့ကို စောင့်နေဖို့ ပြောလိုက်။"
"ဟုတ်ကဲ့။" ဟု ကျောက်ရှန်းရှန်းသည် ထပ်မံအရိုအသေပေးပြီးမှ နောက်ဆုတ်သွားသည်။
တံခါးအပြင်ဘက်သို့ ရောက်သောအခါ တံခါးကိုပါ ပိတ်သွားသည်။
လင်းရှောင်ယွဲ့သည် ပြုံးလိုက်ပြီး သစ်သားသေတ္တာငယ်ကို သိမ်းဆည်းပြီးမှ ကျိုးရှီနှင့်အတူ ထွက်ခွာသွားသည်။
ကျိုးရှီသည် လင်းရှောင်ယွဲ့ အလုပ်ရှိသည်ကို သိသောကြောင့် လင်းရှောင်ယွဲ့နှင့်အတူ မလိုက်တော့ဘဲ လျိုရှီကို သွားရှာလေသည်။
.....
လင်းရှောင်ယွဲ့တစ်ယောက်တည်း ရှေ့ခြံသို့ ရောက်သောအခါ ကျောက်ဖူနှင့် ကျောက်ရှန်းရှန်းတို့သည် အမှန်ပင် စောင့်ဆိုင်းနေကြပြီ။
"သခင်မလေး။" ဟု လင်းရှောင်ယွဲ့ ရောက်ရှိလာသည်ကို မြင်သောအခါ နှစ်ယောက်သား အလျင်အမြန် အရိုအသေပေးကြသည်။
"အရိုအသေပေးဖို့မလိုပါဘူး။" လင်းရှောင်ယွဲ့က ဆိုသည်။ "ရှန်းရှန်းက ပြောတယ်၊ လောင်ဖူ၊ ကျွန်မကို မေးစရာရှိတယ်ဆို။"
လောင်ဖူသည် အလျင်အမြန် ရှေ့တိုး၍ မိမိရေးဆွဲထားသော စာရင်းကို လင်းရှောင်ယွဲ့အား ပေးလိုက်သည်။
"သခင်မလေး၊ ရှေ့မှာ ရေးထားတာက အိမ်ကအစေခံတွေ အရေးတကြီး လိုအပ်တဲ့ ပစ္စည်းတွေပါ၊ နောက်မှာက သိပ်အရေးမကြီးတဲ့ ပစ္စည်းတွေပါ၊ သခင်မလေးရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။"
လောင်ဖူသည် သတိကြီးစွာဖြင့် လင်းရှောင်ယွဲ့ကို တစ်ချက်ကြည့်လိုက်သည်၊ "နောက်ပြီး အစေခံတွေရဲ့ လစဉ်သုံးစရိတ်ကို နောက်လကစပြီး ထုတ်ပေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် သခင်မလေးကို တောင်းဆိုချင်တာက လူတိုင်းကို နောက်လရဲ့ လစဉ်သုံးစရိတ်ကို ကြိုတင်ထုတ်ယူခွင့်ပြုဖို့ပါ။"
သူတို့မိသားစု ခုနစ်ယောက်သည် ကိုယ်ပေါ်တွင် ကြေးပြားတစ်ပြားပင် မရှိပေ။ ဤသို့ဆိုလျှင် အလုပ်လုပ်ရာတွင် အလွန်အဆင်မပြေပေ။
ရောက်ရှိခါစတွင် သခင်မလေး၏ စိတ်နေစိတ်ထားကို မသိသောကြောင့် သူသည် ကိုယ်ထင်ရာမလုပ်ရဲပေ။ ပစ္စည်းအနည်းငယ် လျှော့ဝယ်ပြီး သူတို့ကိုယ်တိုင် ငွေအနည်းငယ် ထည့်ဝင်လျှင်ပင် သခင်အိမ်ကို စိတ်အနှောင့်အယှက်မဖြစ်စေလိုပေ။
လင်းရှောင်ယွဲ့သည် လောင်ဖူရေးထားသော စာရင်းကို ကြည့်လိုက်သည်။
သူသည် အလွန်လိုအပ်သော ပစ္စည်းများကိုသာ ရှေ့တွင် ရေးထားသည်ကို တွေ့ရှိရသည်။ ဆီမီး၊ ဆီ၊ စောင်၊ ဖိနပ်၊ ခြေအိတ် အစရှိသည်တို့ကိုပင် နောက်တွင် ရေးထားသည်။
လင်းရှောင်ယွဲ့သည် လောင်ဖူနှင့် ကျောက်ရှန်းရှန်းကို တစ်ချက်ကြည့်လိုက်ပြီး လောင်ဖူသည် ကိုယ်ကိုကိုင်း၍ စိုးရိမ်သောကများဖြင့် ပြည့်နှက်နေသည်ကို မြင်သောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။
"ဒါက ရှင်တို့ရေးထားတဲ့ စာရင်းလား။" ဟု ထပ်မေးလိုက်သည်။
လောင်ဖူ၏ ကိုယ်သည် တုန်လှုပ်သွားပြီး စိတ်ထဲတွင် ကြောက်ရွံ့သွားက အလျင်စလိုပြောလိုက်သည်။
"သခင်မလေး... ပြင်ဆင်လို့ရပါတယ်။"
သူသေချာစဉ်စားပြီးမှရေးထားတဲ့ စာရင်းကတောင် သခင်မလေးကို မကျေနပ်စေဘူးလား။
ဒါပေမဲ့ ဒါက တကယ်ကို မလျှော့နိုင်တော့ဘူး...
လင်းရှောင်ယွဲ့သည် စိုးရိမ်နေသော နှစ်ယောက်ကို ကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ နောက်ဆုံးတွင် "ကျွန်မပြောမယ်၊ ရှင်တခါတည်း ရေးမှတ်ထားလိုက်။"
ပြောရင်း မလှမ်းမကမ်းရှိ လောင်ဖူ၏ စုတ်တံ၊ မှင်ထားရာ ကျောက်စားပွဲသို့ လျှောက်လှမ်းသွားသည်။
ဒီမိသားစုက ကျန်းအိမ်တော်ကနေ ရောင်းစားခံလိုက်ရတဲ့ကိစ္စကြောင့် အကြောက်တရားဝင်နေတုန်းပဲ။ ဒါကြောင့် ဒီလောက် ဘာမဆိုလန့်နေတာ။
"ဟုတ်ကဲ့။" လောင်ဖူသည် အလျင်အမြန် လိုက်ပါသွားသည်။ ထို့နောက် ကျောက်စားပွဲဘေးသို့ သွား၍ အမွေးပွစုတ်တံကို ယူလိုက်သည်။
လင်းရှောင်ယွဲ့သည် လောင်ဖူသုံးသော စုတ်တံ၊ မှင်ကို ကြည့်ရာ လင်းရှောင်ကျစ်သုံးသော ပစ္စည်းများဖြစ်သည်ကို တွေ့လိုက်ရသည်။
ထို့နောက် ပထမဆုံးစကားကို ဆိုသည်၊ "အရင်ဆုံး စာရင်းကိုင်အတွက် စုတ်တံ၊ မှင်၊ စက္ကူတစ်ထုပ်၊ ပြီးတော့ ချုပ်ထားတဲ့ စာရင်းစာအုပ်အလွတ် အုပ်၂၀၊ ပြီးတော့ ပေသီးတစ်ခုံပါဝယ်ခဲ့။"
လောင်ဖူသည် ခဏမျှ ကြောင်သွားပြီးနောက် အလျင်အမြန် မှတ်တမ်းတင်သည်။
"နောင်တစ်ချိန်မှာ အိမ်ကစာရင်းအားလုံးကို စာရင်းစာအုပ်ပေါ်မှာ မှတ်တမ်းတင်ပြီး လစဉ် ကျွန်မကိုလာပြပါ။" လင်းရှောင်ယွဲ့က ထပ်ပြောလိုက်သည်။
"ဟုတ်ကဲ့။" လောင်ဖူသည် မှတ်တမ်းတင်ပြီးနောက် အလျင်အမြန် ပြန်ဖြေသည်။
"နောက်ပြီးရင် မနက်ဖြန်ကစပြီး အိမ်မှာ အိမ်ချဲ့ဖို့နဲ့ အလုပ်ရုံဆောက်ဖို့ရှိမယ်။ ပစ္စည်း၊ လူအင်အား စတာတွေကို အဲ့ဒီအခါကျရင် စာရင်းစာအုပ်တစ်အုပ် သီးသန့်လုပ်ပါ။" လင်းရှောင်ယွဲ့ကပြောရင်း ကျောက်ဖူကို ကြည့်လိုက်သည်၊ "ဒီစာရင်းကိုလည်း ရှင့်ကိုပဲ လုပ်ခိုင်းမယ်။"
"ဟုတ်ကဲ့ပါ။" ကျောက်ဖူ၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာပြီး အလျင်အမြန် ပြန်ဖြေသည်။
သခင်မလေးက သူ့ကို ယုံကြည်တာပဲ။
"ပြီးတော့ အိမ်ကအစေခံတွေရဲ့ အတွင်းခံ၊ အပြင်ဝတ်၊ ဖိနပ်၊ ခြေအိတ်တွေကို အရင်ဆုံး တစ်ယောက်ကို နှစ်စုံနှုန်းနဲ့ အထည်စဝယ်ပြီး ချုပ်လိုက်။ အတွင်းခံကို ချည်ထည်၊ အပြင်ဝတ်ကို အထည်ကြမ်းသုံးပါ။ ဖိနပ်၊ ခြေအိတ်ကို သာမာန်အဆင့်ထဲကသုံး။"
"ဆောင်းရာသီဝတ် ဂွမ်းထိုးအင်္ကျီ... တစ် ထားလိုက်ပါ၊ တစ်ယောက်ကို နှစ်စုံနှုန်းနဲ့ပဲ စီစဉ်လိုက်တော့။ နောက်ပြီး စောင်ပါး၊ စောင်ထူ၊ မွေ့ရာ တွေကိုလည်း ငါးစုံ ပြင်ဆင်ပါ။"
ကျောက်ဖူနှင့် ကျောက်ရှန်းရှန်းတို့သည် အံ့အားသင့်သွားကြသည်။
စောင်ငါးစုံဆိုရင် သူတို့ကို အခန်းငါးခန်း ပေးမှာလား။
သူတို့နောင်တစ်ချိန်မှာ သီးခြားနေနိုင်မှာလား။ ပြီးတော့ တာ့ပေါင်တောင် သီးသန့်အခန်း ရှိမှာလား။
လင်းရှောင်ယွဲ့သည် နှစ်ယောက်ကို ဂရုမစိုက်ဘဲ ဆက်ပြောသည်၊ "နောက်ပိုင်း အိမ်ကအစေခံတွေအတွက် အဝတ်အစားချုပ်ပေးတဲ့ စံနှုန်းကို တစ်ယောက်ကို တစ်နှစ်ကို နွေရာသီဝတ်နှစ်စုံ၊ ဖိနပ်၊ ခြေအိတ်သုံးစုံနဲ့ ဆောင်းရာသီဝတ်တစ်စုံ။ စောင်တွေကို သုံးနှစ်တစ်ကြိမ် လဲပါ။"
"ကျွန်မတို့အတွက်အဝတ်အစားသစ်ထုတ်ပေးတာက... အင်း၊ တစ်လကို တစ်စုံနှုန်းနဲ့ လုပ်တာပေါ့။ စောင်တွေဘာတွေကိုတော့ တစ်နှစ်တစ်ကြိမ် လဲပါ။ အဲ့ဒီအခါကျရင် ရှင်ကလူလွှတ်ပြီး လစဉ် လူတိုင်းရဲ့ ကိုယ်တိုင်းကို တိုင်းပေးရမယ်။"
"ဟုတ်ကဲ့။" ကျောက်ဖူ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး အလျင်အမြန် ပြန်ဖြေသည်။
"နောက်ပြီးတော့ ဆီမီးငါးခွက်၊ ဆီဆယ်ပေါင်ဝယ်လိုက်။ နောင်ပိုင်းမှာ အစေခံအခန်းထဲမှာ လစဉ် ဆီမီးတစ်ခွက်ကို ဆီနှစ်ပေါင်နဲ့ပေး။ ကျွန်မတို့အခန်းတွေထဲကိုလည်း လစဉ် ဆီနှစ်ပေါင်နဲ့ဆီမီးတစ်ခွက်ပဲ။"
"ဟုတ်ကဲ့။" ဟု ကျောက်ဖူ၏ မျက်နှာတွင် ဝမ်းမြောက်သော အရိပ်အယောင်များ ပေါ်လာပြီး အလျင်အမြန် ထပ်မံပြန်ဖြေသည်။
"အိမ်ကအစားအသောက်အတွက်ကျတော့ အစေခံတစ်ယောက်ကို တစ်နေ့ကို အလတ်တန်းစား ဆန်နဲ့ ဂျုံတစ်ပေါင်ခွဲ၊ နေ့လယ်နဲ့ ညနေမှာ အသားဟင်းနှစ်မျိုး၊ အသီးအရွက်ဟင်းကတော့ အများဆုံး၆မျိုးရမယ်။"
"ကျွန်မတို့အတွက် ထမင်းဟင်းကို ဆန်ကောင်းနဲ့ ဂျုံနုသုံးပါ။ မနက်ပိုင်းမှာ ပေါ့ပေါ့ပါးပါးပဲ၊ နေ့လယ်နဲ့ ညနေမှာ တစ်နပ်ကို အနည်းဆုံး ဟင်းသုံးမျိုးနဲ့ အသီးအရွက်ဟင်းကိုလည်း အများဆုံး၆မျိုးထည့်ပေးပါ။"
"ဟုတ်ကဲ့။" ဟင်းစားစရာရှိသည်ကိုပင် ကျောက်ဖူသည် အလွန်ပင် ဝမ်းမြောက်မိသည်။
"လစဉ်သုံးစရိတ်ကိစ္စက..."
ကျောက်ဖူနှင့် ကျောက်ရှန်းရှန်းတို့၏ ကိုယ်သည် တင်းမာသွားသည်။
"ဒီလစတာဘယ်လောက်မှမရှိသေးတော့ လူတိုင်းကို လပြည့်အတိုင်း ထုတ်ပေးလိုက်ပါ။ ရှင်တို့လက်ထဲမှာ ပိုက်ဆံမရှိဘူးမလား၊ ငွေထုတ်ပြီး လိုအပ်တဲ့ ပစ္စည်းအသေးအဖွဲတွေကို ကိုယ်တိုင်သွားဝယ်လိုက်ကြပါ။"
"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် သခင်မလေး။" ကျောက်ဖူက စိတ်လှုပ်ရှားစွာ ဆိုသည်။
လင်းရှောင်ယွဲ့သည် လက်ကိုယမ်းလိုက်သည်။
စဉ်းစားလိုက်ပြီး အိတ်ထဲမှ ငွေစ၁၀၀တန် ငွေစက္ကူတစ်ရွက်ကို ထပ်မံထုတ်ယူလိုက်သည်။
"မနက်ဖြန်ကစပြီး အိမ်မှာ အိမ်ဆောက်၊ ပစ္စည်းဝယ်တာတွေ ကုန်ကျစရိတ်မနည်းဘူး။ နောက်ပြီး ဆောက်လုပ်ရေးစတဲ့အခါ အိမ်မှာ ထမင်းစားတဲ့လူတွေ များလာရင် အဲ့ဒီအခါကျရင် ကုန်ကျစရိတ်တွေ ထပ်တိုးလာဦးမယ်။"
ကျောက်ဖူသည် ရှေ့တိုး၍ ငွေစက္ကူကို လက်ခံလိုက်ပြီး စိတ်ထဲတွင် ထပ်မံလှုပ်ရှားသွားသည်။
သခင်မလေးက သူ့ကို ငွေစ၂၀၀တန်ဖိုးရှိတဲ့ ငွေစက္ကူ နှစ်ရွက်ပေးထားတာဆိုတော့၊ သူ့ကို တကယ်ယုံကြည်တာပဲ။
လင်းရှောင်ယွဲ့သည် စဉ်းစားလိုက်ပြီး ကျောက်ရှန်းရှန်းကို ထပ်မံကြည့်လိုက်သည်။
"ရှန်းရှန်း၊ မင်းအစ်ကိုကြီးနဲ့ဒုတိယအစ်ကိုကို သွားခေါ်လိုက်၊ ငါသူတို့နဲ့ ပြောစရာရှိတယ်။"
"ဟုတ်ကဲ့။" ကျောက်ရှန်းရှန်းသည် အလျင်အမြန် ထွက်သွားသည်။
လင်းရှောင်ယွဲ့သည် ကျောက်ဖူနှင့် အိမ်အတွက်စီစဉ်မှုအချို့ကို ထပ်ပြောပြီးနောက် ကျောက်ရှန်းရှန်းသည် ကျောက်ခမ်းနှင့် ကျောက်ချန်ကို ခေါ်ဆောင်လာသည်။
"သခင်မလေး။" သုံးယောက်သား လင်းရှောင်ယွဲ့အား အရိုအသေပေးကြသည်။
လင်းရှောင်ယွဲ့သည် ခေါင်းညိတ်လိုက်သည်။
"ရှင်တို့နှစ်ယောက် နောက်မှ ကျွန်မရယ် ရှန်းရှန်းရယ်နဲ့အတူ မြို့ပေါ်တက်ပြီး ဈေးဝယ်စာရင်းနဲ့ ပိုက်ဆံယူပြီး ပစ္စည်းအချို့ သွားဝယ်ကြ။"
"ဟုတ်ကဲ့။"
လင်းရှောင်ယွဲ့သည် ခေါင်းညိတ်ပြီးမှ ကျောက်ခမ်းကို နွားလှည်းတပ်ဆင်၍ ကောက်ညှင်းအေးတုံးတင်ခိုင်းသည်။
ကျောက်ဖူသည် ဝယ်ယူရေးကိစ္စကို ကျောက်ချန်အား အပ်လိုက်သည်။
မကြာမီတွင် လင်းရှောင်ယွဲ့သည် ကျောက်ရှန်းရှန်းကို ခေါ်ဆောင်၍ နွားလှည်းပေါ်သို့ တက်သည်။
ကျောက်ခမ်းနှင့် ကျောက်ချန်တို့သည် လှည်းမောင်း၍ လေးယောက်သား အတူတူ မြို့ပေါ်သို့ သွားကြသည်။
....
မြို့ပေါ်သို့ ရောက်သောအခါ လင်းရှောင်ယွဲ့သည် 'လျိုရှီရဲ့စားသောက်ဆိုင်'ငယ်သို့ အရင်သွား၍ ကောက်ညှင်းအေးတုံးပို့ပြီးနောက် နှစ်ယောက်ကို နွား၊ မြင်းဈေးသို့ လှည်းမောင်းခိုင်းသည်။
ဟုတ်သည်၊ ယခုအိမ်တွင် လူများလာသောကြောင့်၊ သူမလက်ထဲတွင် ပျိုးခြံရှိလာသောကြောင့် အိမ်တွင် နွားလှည်းတစ်စီးတည်းဖြင့် မလုံလောက်တော့ပေ။
လီရှောင်၏ ထိုမြင်းသည် သူကိုယ်တိုင်အသုံးပြုနေပြီး သူမသည်လည်း မြင်းမစီးတတ်သောကြောင့် မြင်းလှည်းတစ်စီး ထပ်ဝယ်ခြင်းက ပိုကောင်းသည်။
အတော်ပဲ၊ အိမ်ကလည်းထပ်ဆောက်တော့မည်ဖြစ်သောကြောင့် မြင်းလှည်းဝယ်ယူပြီးနောက် သူတို့ကိုယ်တိုင် အုတ်များ သယ်ယူနိုင်သည်။
လက်ထဲတွင် ငွေရှိလျှင် အဆင်ပြေသည်၊ မြင်းရွေးချယ်ပြီး ဆိုင်ရှင်နှင့် ဈေးဆစ်ပြီးနောက် မြင်းလှည်းအမိုးနှင့် ဘီးတပ်ဆင်ပြီးသည်နှင့် မြင်းလှည်းကို တခါတည်းတန်းမောင်းသွားနိုင်သည်။
ထို့နောက် လေးယောက်သားသည် လှည်းနှစ်စီးခွဲ၍ ထိုင်လိုက်ကြသည်။
ကျောက်ချန်သည် တစ်ယောက်တည်း နွားလှည်းမောင်း၍ နောက်မှလိုက်ပါပြီး ကျောက်ခမ်းသည် မြင်းလှည်းမောင်း၍ လင်းရှောင်ယွဲ့နှင့် ကျောက်ရှန်းရှန်းကို တင်ဆောင်ကာ မြို့ပေါ်ရှိ ဆိုင်များတွင် ပစ္စည်းများ ဝယ်ယူသည်။
လင်းရှောင်ယွဲ့သည် မြင်းလှည်းပေါ်တွင် ထိုင်ရင်း ကျောက်ခမ်းအား လမ်းညွှန်ပြပြီး တစ်ချိန်တည်းမှာပင် ကျောက်ခမ်းနှင့် ကျောက်ရှန်းရှန်းတို့အား မြို့ပေါ်မှ လမ်းအခြေအနေအချို့ကို အသိပေးသည်။
ထို့နောက် ဆိုင်အသီးသီးသို့ ရောက်သောအခါ ကျောက်ချန်နှင့် ကျောက်ခမ်းတို့အား သူမနှင့် ရင်းနှီးသော ဆိုင်ရှင်များနှင့် မိတ်ဆက်ပေးသည်။
သူမသည် ဤတစ်ကြိမ်သာ ခေါ်ဆောင်လာမည်ဖြစ်ပြီး နောင်ပိုင်းတွင် အိမ်အတွက် ဈေးဝယ်ခြင်းကို ဤနှစ်ယောက်အား စီစဉ်ပေးမည်။
ဤတစ်ကြိမ် ခေါ်ဆောင်လာသည်မှာ တစ်ခုက လမ်းမှတ်မိသွားစေရန်ဖြစ်ကာ၊ နောက်တစ်ချက်ကတော့ အလုပ်လွှဲပေးရန်အတွက်ဖြစ်သည်။
ကျောက်ခမ်းနှင့် ကျောက်ချန်တို့သည် အလွန်ဝမ်းသာသွားကြပြီး သူတို့၏ သခင်မလေးသည် သူတို့အပေါ် အလွန်ကောင်းမွန်သည်ဟု ယူဆကြသည်။
ပစ္စည်းများ ဝယ်ယူပြီးသောအခါ အချိန်မစောတော့ပေ။
လင်းရှောင်ယွဲ့သည် စားသောက်ဆိုင်ငယ်သို့ ပြန်လည်ရောက်ရှိပြီး လင်းရှောင်ကျစ်ကို ခေါ်ဆောင်၍ လူတစ်စုကို သာ့ရှီရွာသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
လင်းရှောင်ယွဲ့အိမ်သို့ ပြန်ရောက်သောအခါ လီရှောင်နှင့် ဟိုင်ကန်းတို့လည်း ပြန်ရောက်နေကြလေပြီ။