← Chapters

အခုကစပြီး ငါက မင်းတို့ရဲ့ ဝဋ်ကြွေးပဲ

Vol. 48 Ch. 716

အခုကစပြီး ငါက မင်းတို့ရဲ့ ဝဋ်ကြွေးပဲ

Vol. 48 Ch. 716

ချန်လျန်ယွီသည် ကြောက်လန့်နေမိသောကြောင့် အလိုအလျောက်ဆိုသလိူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။

အဘယ်ကြောင့်ဆို ဤလူ၏အကြည့်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်သည်။

သူ ငွေရောင်မြို့တော်တွင်ရှိစဉ်က ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် အင်အားကြီးသူများစွာနှင့် ကြုံတွေ့ဖူးသည်။

ထို့အပြင် ငွေရောင်မြို့တော်၏ မြို့တော်သခင်သည် တုနှိုင်းမရသော အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ချန်လျန်ယွီသည် နဂါးအရိပ်အစောင့်တပ်၏ တပ်မှူးဖြစ်သောကြောင့် ငွေရောင်မြို့တော်သခင်နှင့် ဆက်ဆံရေးကောင်းရှိခဲ့ပြီး သူ၏စွမ်းအားကို အလွန်အမင်းယုံကြည်ကာ သူ့ကိုယ်ကို ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးလူဟု ယုံကြည်ခဲ့သည်။

သို့သော် ဤလူသည် မြို့တော်သခင်၏ ကြမ်းတမ်းလှကာ ကြောက်မက်ဖွယ်ကောင်းသောပုံတော့ မဟုတ်ချေ။

ဤလူ၏အင်အားသည် ၎င်း၏ တည်ကြည်သော အသွင်အပြင်အောက်တွင် ပုန်းအောင်းနေပြီး ပင်လယ်မျက်နှာပြင်အောက်တွင် နစ်မြုပ်နေသော ဧရာမရေခဲတောင်ကြီးတစ်ခုနှင့် တူလှသည်။

၎င်းသည် တိတ်ဆိတ်ငြိမ်သက်သော်လည်း ကြောက်ရွံ့လေးစားမှုကို ဖြစ်စေသည်။

ဤထူးဆန်းသောခံစားချက်သည် ချန်လျန်ယွီကို သွေးအန်ချင်လောက်အောင် မသက်မသာဖြစ်စေပြီး သူ၏နှလုံးသားတွင် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ဤနေရာမှ တတ်နိုင်သမျှ အဝေးဆုံးနှင့် အမြန်ဆုံး ထွက်ပြေးချင်စိတ်သာရှိဖြစ်မိသည်။

သို့သော် ဤအတွေးပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး သူသတိပြုမိချိန် လေထဲတွင် ပျံဝဲနေပြီဖြစ်သည်။

"မင်း... "

ချန်လျန်ယွီသည် အံ့ဩတကြီးဖြစ်သွားသော်လည်း သူ၏ အစွမ်း အကုန်သုံးကာ လွတ်မြောက်ရန် ကြိုးစားလာသည်။

သို့သော် ဤအချိန်မှာပင် သူ့တစ်ကိုယ်လုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း သိရှိလိုက်ရသည်။ ရုန်းကန်ခြင်းကို အသာထားဦး သူ့ လက်ချောင်းတစ်ချောင်းလှုပ်ရှားခြင်းသည်ပင် ခက်ခဲသောအရာတစ်ခုဖြစ်နေသည်။

ထိုမျှသာမက ချန်လျန်ယွီသည် သူ၏ပင်ကိုစွမ်းရည်များကို အသက်သွင်းရန်ကြိုးစားသော်လည်း သူ၏ပါရမီများပင် အသုံးမဝင်တော့ကြောင်း တွေ့ရှိလိုက်သည်။

ဤအချိန်တွင် ရွှယ်အန်းက ခေါင်းခါလာသည်။

"မရုန်းကန်နဲ့တော့၊ အသုံးမဝင်ဘူး"

ချန်လျန်ယွီ၏မျက်နှာရောင်သည် တစ်ခဏအတွင်း သေမတက် ဖြူဖျော့သွားသည်။

အဘယ်ကြောင့်ဆို သူနှင့်ဤလူကြားရှိ စွမ်းအားကွာဟချက်သည် မည်မျှကြီးမားသည်ကို သူ နားလည်သွားသောကြောင့်ဖြစ်သည်။

"သခင်... စောစောက ကျွန်တော့်ရဲ့အမှားကို ခွင့်လွှတ်ပေးပါ"

ချန်လျန်ယွီသည် တံတွေးကို ခက်ခက်ခဲခဲမျိုချကာ စကားလုံးများကို အားယူပြောလိုက်သည်။

သူသည် မာနကြီးသောလူတစ်ယောက်ဖြစ်ကာ သူ၏ဘဝတွင် မည်သူ့ကိုမျှ အသနားမခံဖူးပေ။

သို့သော် ဤအခြေအနေတွင် အသတ်ခံရမည့် သိုးတစ်ကောင်ပမာ လုံးဝမလှုပ်ရှားနိုင်တော့သဖြင့် ချန်လျန်ယွီ၏စိတ်ထဲတွင် ကြီးမားသောကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။

သေခြင်းကိုမကြောက်ဟု ထင်ခဲ့သောသူပင်လျှင် အသနားခံနေမိသည်။

ရွှယ်အန်းက ပြုံးလိုက်သော်လည်း လေသံခပ်အေးအေးဖြင့် ပြောလိုက်သည်။

"ချန်ရှီယာက မင်းနဲ့ဘာတော်လဲ"

"သခင်ကြီးကို ပြန်ဖြေပါတယ်၊ သူက ကျွန်တော့်ညီမပါ"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သော်လည်း ဘာမှပြန်မပြောချေ။

ချန်လျန်ယွီ၏ဦးနှောက်သည် အရူးအမူး အလုပ်လုပ်နေပြီး မှန်ကန်သောစကားလုံးများကို အသည်းအသန်စဉ်းစားနေသည်။

"သခင်ကြီးက ဒီလောက်အင်အားကြီးတဲ့ ဆာမူရိုင်းတစ်ယောက်ဖြစ်မှန်း ကျွန်တော်တကယ်မသိခဲ့ပါဘူး၊ စောစောက ကျွန်တော့်ရဲ့ရိုင်းစိုင်းမှုအတွက် တောင်းပန်ခွင့်ပြုပါ"

ချန်လျန်ယွီ စကားဆုံးပြီးနောက် ရွှယ်အန်းကိုကြည့်လိုက်ရာ သူ့တွင် မည်သည့်အမူအရာမှ မရှိသည်ကိုမြင်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူနားထောင်ချင်နေသောကြောင့် အခြေအနေကောင် ပေသည်။

ထို့ကြောင့် သူဆက်ပြောလိုက်သည်။

"သခင်ကြီး၊ ကျွန်တော့်ညီမ ချန်ရှီယာက ကပေါက်တိကပေါက်ချမို့လို့ သခင်ကြီးတို့ကို ပြစ်မှားမိသွားတာပါ၊ ဒါကြောင့် သူမသေသွားတာက ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး၊ သခင်ကြီးသာ ကျွန်တော့်ကိုလွှတ်ပေးဖို့ ဆန္ဒရှိရင် ကျွန်တော့်မိသားစုကို ပြန်သတင်းပို့ပြီး ချန်မိသားစုက သခင်ကြီးကို သင့်တော်တဲ့ ရှင်းပြချက်တစ်ခု သေချာပေါက်ပေးပါလိမ့်မယ်"

ဟုတ်ပေသည်။

ချန်လျန်ယွီစကားများ၏ ဆိုလိုရင်းမှာ ချန်ရှီယာ၏ သေဆုံးမှုဖြစ်စဉ်ကို မျိုသိပ်လိုက်ရုံသာမက ချန်မိသားစုသည်လည်း ၎င်းအတွက် လုံလောက်သော ရှင်းပြချက်တစ်ခုကို ပြသရမည်ဖြစ်သည်။

၎င်းသည် သူရောက်ရှိလာစဉ်တွင်ရှိခဲ့သော ရန်လိုသည့်ဟန်ပန်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

ဤသို့သော တစ်ရာ့ရှစ်ဆယ်ဒီဂရီ ပြောင်းလဲသွားခြင်း အကြောင်းရင်းမှာ ရွှယ်အန်း၏ စွမ်းအားကြောင့်ဖြစ်သည်။

ဤရက်စက်သော စွန့်ပစ်မြေကမ္ဘာကြီးတွင် အရာအားလုံးသည် စွမ်းအားပေါ်တွင်သာ မူတည်သည်။

စွမ်းအားမရှိလျှင် အားတုတို့ မောင်နှမများကဲ့သို့ အဆုံးသတ်သွားနိုင်ပြီး အင်အားကြီးသူများ၏ ညှဉ်းပန်းခံရမည့် ကစားစရာများဖြစ်လာနိုင်သည်။

သို့သော် စွမ်းအားသာ လုံလောက်စွာ ကြီးမားနေပါက ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို သတ်ဖြတ်ခဲ့လျှင်ပင် ကျန်ရှိသော လူများသည် ချီးကျူးစကားသာပြောကြလိမ့်မည်။

ဤအရာနှင့်ပတ်သက်၍ မျိုးရိုးမြင့်များသည် အနည်းငယ်မျှပင် ရှက်ရွံ့မှုကို ခံစားရမည်မဟုတ်ပေ။

အဘယ်ကြောင့်ဆို ဤကမ္ဘာကြီးသည် အမြဲတမ်း ဤသို့သာဖြစ်ခဲ့သောကြောင့်ဖြစ်သည်။

ရွှယ်အန်းသည် တိတ်ဆိတ်နေဆဲဖြစ်သည်။

ချန်လျန်ယွီ၏နှလုံးသားသည် တဖြည်းဖြည်း ပိုမိုသက်သာရာရလာပြီး မျက်နှာချိုသွေးသောအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"သခင်ကြီး အကြောင်းကြောင့်ဖြစ်ဖြစ် ကျွန်တော်တို့ချန်မိသားစုက အလေးအနက်တောင်းပန်ပါတယ်၊ ကျွန်တော့်ကိုချမ်းသာပေးရင် သံမည်းမြို့တော်ကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့ ကြီးမြတ်တဲ့မိသားစုတစ်ခုရဲ့ ချစ်ကြည်ရေးနဲ့ လေးစားမှုကို ရရှိပါလိမ့်မယ်"

"သခင်ကြီး ဆန္ဒရှိရင်တ ချန်မိသားစုက ခင်ဗျားကို ဧည့်သည်အကြီးအကဲရာထူးကို ပေးအပ်ဖို့ဆန္ဒရှိပါတယ်"

ဧည့်သည်အကြီးအကဲဆိုသည်မှာ ချမ်းသာသောမိသားစုများထံတွင် ခိုလှုံသော ဆာမူရိုင်းများကို ရည်ညွှန်းခြင်းဖြစ်သည်။

ချန်လျန်ယွီ၏ တွက်ချက်မှုသည် အလွန်ပါးနပ်သည်။

ရွှယ်အန်းကဲ့သို့ စွမ်းအားကြီးသူတစ်ဦး၏ အင်အားကို စုဆောင်းနိုင်လျှင် ချန်မိသားစုမှာ ငွေရောင်ကောင်စီဝင်များကြားတွင် ရှေ့ဆုံးတန်းသို့ပင် ခုန်တက်နိုင်သည်။

သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် ရုတ်တရက်မော့ကြည့်ကာ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"မင်းတို့တွေ မြစ်ကမ်းဘေးမြို့ကို မရောက်ခင်က ငါ့ကိုမတွေ့ရင် မင်းတို့ရဲ့ဒေါသဖြေဖို့ ဒီမြို့ကလူအားလုံးကိုသတ်ပစ်မယ်လို့ စဉ်းစားခဲ့တာမလား"

ဤမေးခွန်းသည် ချန်လျန်ယွီကို မှင်တက်သွားစေပြီးနောက် အနည်းငယ်မထီမဲ့မြင်ပြုစွာဖြင့် ပြောလိုက်သည်။

"သခင်ကြီး... ဒီမြစ်ကမ်းဘေးမြို့က မျိုးဗီဇပြောင်းတဲ့ ပိုးမွှားတွေနဲ့ ပြည့်နေတာပါ၊ သူတို့ကိုသတ်လိုက်တာက ဘာမှဆုံးရှုံးစရာမရှိပါဘူး"

သူတို့ကဲ့သို့သော အားကြီးသောမိသားစုအတွက် အားတုနှင့်သူ၏မောင်နှမများမှာ လူဟုပင်မသတ်မှတ်နိုင်ပဲ စကားပြောတတ်သော တိရစ္ဆာန်များသာဖြစ်သည်။

ထို့ကြောင့် သူ၏အတွေးများတွင် ဘာမှမှားယွင်းသည်ဟု မထင်ပေ။

ရွှယ်အန်းက ခေါင်းညိတ်သည်။

"ကောင်းပြီ၊ ဒါပေမဲ့ မင်းညီမကို ငါဘာလို စမ်းသပ်ခံပစ္စည်းအဖြစ် ပြောင်းလိုက်လဲဆိုတာ သိလား"

"ဘာ... ဘာလို့လဲ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့ အဲ့ဒါက သူမ တခြားသူတွေကို လုပ်ခဲ့တဲ့အရာကြောင့်ပဲ၊ ငါက သူမ ကိုယ်တိုင် ပြန်ခံစားကြည့်စေချင်ရုံလေးပဲ၊ ဒါပေမဲ့ သူမက တစ်ဝက်တောင်မခံနိုင်ပဲ စိတ်၀ိဉာဥ် ပြိုကွဲသွားတာပဲ"

ချန်လျန်ယွီသည် ရွှယ်အန်း ပြောသည်ကို နားမလည်သော်လည်း လိုက်ပါရယ်လိုကါသည်။

"သခင်ကြီးက တကယ့်ကို စွမ်းအားကြီးတာပဲ"

သူ၏စကားများတွင် သူ့ညီမသေဆုံးမှုအပေါ် ဒေါသအရိပ်အယောင် လုံးဝမရှိပေ။

ရွှယ်အန်းသည် ချန်လျန်ယွီကို လေးနက်စွာဖြင့် ကြည့်လိုက်သည်။

"ပြီးတော့ သူမရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူတွေက မင်းပြောတဲ့ 'မျိုးဗီဇပြောင်းသွားတဲ့ ပိုးမွှား'တွေပဲ"

ချန်လျန်ယွီသည် အံ့အားသင့်သွားပြီး သူ၏နားများကိုပင် မယုံနိုင်လောက်အောင်ဖြစ်သွားသည်။

မူလအရင်းအမြစ်မှာ ထိုအောက်တန်းကျသော ပိုးမွှားများကြောင့် အစပြုခဲ့သည်ဟု သူ တွေးတောင်မတွေးမိခဲ့ပေ။

"မင်းတို့မျက်လုံးထဲမှာ ဒီလူတွေက လူလို့မသတ်မှတ်နိုင်ဘူးဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းတို့က အတူတူပဲ"

ရွှယ်အန်းက လေသံခပ်အေးအေးဖြင့်ဆိုလိုက်သော်လည်း သူ၏အကြည့်တွင် အေးစက်မှုများ ဖြတ်ပြေးသွားသည်။

"မ... မဟုတ်ဘူး... သခင်ကြီး၊ ကျွန်တော်မှားမှန်းသိပါပြီ၊ သခင်ကြီးက အဲ့မျိုးဗီဇပြောင်းတဲ့... အဲ့မျိုးဗီဇပြောင်းတွေကို ဒီလောက်တန်ဖိုးထားမှန်း ကျွန်တော်တကယ်မသိခဲ့လို့ပါ"

ချန်လျန်ယွီသည် သူ့ကို ဆွဲဖြဲပစ်တော့မည့်အလား အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားလိုက်ရပြီး ထိတ်လန့်တကြားပြောလာသည်။

"ငါဒီကမ္ဘာကြီးကို တကယ်မုန်းတယ်၊ ဒါကြောင့် ဒါတွေအားလုံးကို ဖြစ်စေခဲ့တဲ့ တရားခံပေါ်လာမှာကို ငါစောင့်နေတာ၊ မင်းတို့လို သူတွေအတွက်တော့...."

ရွှယ်အန်း တည်ငြိမ်စွာ စကားပြောနေစဉ် ချန်လျန်ယွီသည် သူ၏သွေးများ ရုတ်တရက် ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။

သူ တစ်ခုခုကို စဉ်းစားမိပြီး အရူးအမူးအော်ဟစ်လိုက်သည်။

"မင်းငါ့ကိုသတ်လို့မရဘူး၊ ငါက ငွေရောင်မြို့တော်ရဲ့ နဂါးအရိပ်အစောင့်တပ်ရဲ့ တပ်မှူးပဲ... မင်းငါ့ကိုသတ်ရင် ငွေရောင်ကောင်စီက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး"

သူ၏စကားများသည် တစ်၀က်နှင့်သာ ပြတ်တောက်သွားပြီး ချန်လျန်ယွီ၏ပါးစပ်မှ သွေးများအန်ကျလာသည်။

သူ၏ခန္ဓာကိုယ်ထဲရှိ သွေးအားလုံး အန်ထုတ်လိုက်သည့်ပမာ တစ်ခဏအတွင်းပင် ချန်လျန်ယွီ၏ ခန္ဓာကိုယ်သည် သိသိသာသာ လျင်မြန်စွာ ကျုံ့သွားပြီး သူညီမကဲ့သို့ စမ်းသပ်ခံပစ္စည်းတစ်ခုဖြစ်သွားသည်။

ရွှယ်အန်းသည် ချန်လျန်ယွီ၏ မျက်လုံးထဲတွင် ကျန်ရှိနေသော မကျေနပ်မှုကို ကြည့်လျက် အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"မင်းက ဝဋ်လည်တာကို မယုံကြည်ဘူးဆိုတာ ငါသိတယ်၊ ဒါပေမဲ့ အခုကစပြီး ငါ... က မင်းတို့ရဲ့ ဝဋ်ကြွေးပဲ”

All Chapters