သွေးသတ်လက်ဖဝါးနှင့် ကျိယွမ်
Vol. 11 Ch. 151
လော့ချန်သည် စားသောက်ဆိုင်တွင် ထပ်မံ ဖြစ်ပျက်ခဲ့သည့်အရာများကို မသိရှိခဲ့ပေ။ စားသောက်ဆိုင်မှ ထွက်ခွာပြီးနောက် ချန်ရွှမ်မြို့၏ တည်နေရာကို စုံစမ်းသိရှိပြီး ချက်ချင်း ခရီးနှင်လာခဲ့သည်။
ချန်ရွှမ်မြို့သည် လင်ကွမ်မြို့၏ အနောက်မြောက်ဘက် မိုင်လေးရာအကွာတွင် တည်ရှိပြီး ချူမင်းဆက်၏ နယ်စပ်အနီးတွင် ရှိသည်။
အပြာရောင်ဝံပုလွေမြင်းကို စီးလျက် တစ်နာရီအကြာတွင် လော့ချန်သည် မြို့ငယ်လေးကို အဝေးမှ တွေ့မြင်လိုက်ရသည်။
“ဒီတစ်ခေါက် အလဟဿမဖြစ်ပါစေနဲ့…”
လော့ချန်က တီးတိုးရေရွတ်လျက် မြင်းဇက်ကို အနည်းငယ်ဆွဲတင်ကာ အပြာရောင်ဝံပုလွေမြင်းကို မြို့ငယ်ဆီသို့ အပြေးမောင်းနှင်လိုက်သည်။
မြို့ငယ်သည် ဧရိယာအားဖြင့် သိပ်မကျယ်ဝန်းသော်လည်း ပတ်ဝန်းကျင်မှာ သာယာလှသည်။ လမ်းများကို အပြာရောင်ကျောက်သားပြားများဖြင့် ခင်းထားပြီး လမ်းနှစ်ဖက်ရှိ အဆောက်အဦများမှာလည်း သပ်ရပ်စွာ ပြင်ဆင်တည်ဆောက်ထားသည်။ ယခင်က ဤမြို့သည် စည်ကားသာယာခဲ့ဖူးသည်မှာ သိသာထင်ရှားသည်။
သို့သော် ယနေ့အခါတွင်တော့ မြို့ငယ်လေးသည် အနည်းငယ် တိတ်ဆိတ်လျက်ရှိသည်။
ဆိုင်ခန်းအများစုမှာ တံခါးပြတင်းများ ပိတ်ထားပြီး လမ်းများပေါ်တွင်လည်း ဓားနှင့်လှံတန်းလန်းဆောင်ထားသော သိုင်းသမားအနည်းငယ်သာ လှည့်လည်သွားလာနေသည်ကို တွေ့ရသည်။
ဤအခြေအနေကို လော့ချန်က သိပ်အံ့သြမသွားပေ။
ချူဧကရီ ပျောက်ဆုံးနေသည့်အတွက် နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေသည့်အထဲ အင်အားကြီးမားသော ဓားပြများ ပေါ်ထွက်လာသည့်အခါ နယ်စပ်ဒေသရှိ ဤမြို့ငယ်တွင် လူများသည် စိုးရိမ်ထိတ်လန့်နေကြမှာ သေချာသည်။
စားသောက်ဆိုင်တစ်ခုကို ဖြတ်သွားရင်း လော့ချန်သည် အဆိုပါဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
“ဧည့်သည်တော်… ဘာစားချင်ပါသလဲ…”
ဆိုင်တံခါးဝတွင် စောင့်နေသည့် စားပွဲထိုးလေးက စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
လော့ချန်က ငွေတုံးတစ်တုံးကို စားပွဲထိုးလေးထံ ပစ်ပေးလိုက်သည်။
“ထမင်းစားဖို့တော့ မလိုပါဘူး… ငါ မင်းကို တစ်ခုခု မေးချင်တယ်…”
စားပွဲထိုးက လက်ထဲရှိ ငွေတုံးကို ကြည့်လိုက်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။
ဤငွေတုံးသည် သူ၏ နှစ်လစာ လုပ်ခနှင့် ညီမျှသည်။
“ဧည့်သည်တော်… ဘာမေးချင်ပါသလဲ… ကျွန်တော်သိသမျှ အကုန်ဖြေပေးပါ့မယ်…”
လော့ချန်က ဆိုသည်။
“လွန်ခဲ့တဲ့ နှစ်ရက်က ဒီအနီးနားမှာ ဂိုဏ်းတပည့်တချို့ မြင်းဓားပြတွေလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ ကြားတယ်… ဒီရက်ပိုင်းအတွင်း အဲ့ဒီမြင်းဓားပြတွေအကြောင်း သတင်းတစ်ခုခုရှိလား…”
စားပွဲထိုးလေးက ခဏမျှ အံ့အားသင့်သွားပြီး လော့ချန်၏ ရွှမ်ယွမ်ဂိုဏ်းတပည့်ဝတ်စုံကို သတိထားမိသွားကာ အံ့အားသင့်စွာ ပြောလိုက်သည်။
“ဧည့်သည်တော်… သင်လည်း မြင်းဓားပြတွေကို တိုက်ထုတ်ဖို့ တာဝန်ယူထားတာလား…”
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်… သူတို့အကြောင်း သတင်းရှိလား…”
စားပွဲထိုးလေးက အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
“သတင်းတော့ ရှိပါတယ်… မနေ့က သူတို့ဟာ မြို့ငယ်ရဲ့ အနောက်မြောက်ဘက် မိုင်တစ်ရာအကွာက ရှေးဟောင်းတောင်ကြားနားမှာ ပေါ်ထွက်ခဲ့တယ်လို့ ကြားတယ်…”
စားပွဲထိုးလေး၏ စကားမဆုံးခင်မှာပင် ဘေးမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ကောင်လေး… မင်းက အဲ့ဒီမြင်းဓားပြတွေကို တိုက်ထုတ်ဖို့ စဉ်းစားနေတယ်ဆိုရင် အဲ့ဒီအတွေးကို မြန်မြန်စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ…”
လော့ချန်က နောက်သို့ လှည့်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေးများ ထူထပ်စွာ ပေါက်နေသော ကြံ့ခိုင်သောလူသန်းကြီးတစ်ဦးကို တွေ့လိုက်ရသည်။
လော့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“တာဝန်တစ်ခုကို လက်ခံလိုက်ပြီဆိုရင် ကြိုးစားကြည့်ရမှာပေါ့…”
မုတ်ဆိတ်မွှေးထူထပ်သည့် လူသန်းကြီးက အေးစက်စွာ ရယ်လိုက်သည်။
“ငါက မင်းကို သတိပေးနေတာ… ဒီမြင်းဓားပြတွေက ရိုးရိုးရှင်းရှင်း မဟုတ်ဘူး… ငါသိရသလောက်ဆို သူတို့လက်ချက်နဲ့ သေဆုံးသွားတဲ့ ဂိုဏ်းသုံးခုရဲ့တပည့်တွေဟာ ဆယ်ယောက်ကျော်သွားပြီ… အထဲမှာ လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိတဲ့ ထူးချွန်သူတွေလည်း ပါတယ်… ဒီလူတွေဟာ ရက်စက်ပြီး မင်းရဲ့အဆင့်နဲ့ဆို သွားရင် သေရာလမ်းပဲ ဖြစ်မယ်…”
“ကျေးဇူးပဲ… ငါ့မှာ ငါ့ဆုံးဖြတ်ချက်နဲ့ငါ ရှိပါတယ်…”
စကားတစ်ခွန်းသာ ထားရစ်ခဲ့ပြီး လော့ချန်သည် စားသောက်ဆိုင်မှ ထွက်ခွာလာခဲ့သည်။
မိုင်ပေါင်းများစွာ ခရီးဝေးကြီး လာခဲ့ရသည့်အတွက် စကားတစ်ခွန်းကြောင့် တာဝန်ကို စွန့်လွှတ်မည်မဟုတ်ပေ။
“ဒီကောင်လေးက မာနကြီးလှချည်လား… လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးနဲ့ ဒီလိုတာဝန်မျိုးကို လက်ခံရဲတယ်တဲ့လား…”
လော့ချန်က တာဝန်ကို လုံးဝစွန့်လွှတ်ရန် ရည်ရွယ်ချက်မရှိကြောင်း မြင်လိုက်ရသည့်အခါ စားသောက်ဆိုင်ထဲရှိ သိုင်းလောကသားများက ချက်ချင်း ဆွေးနွေးစပြုလာကြသည်။
မုတ်ဆိတ်မွှေးထူသည့်သူကို သိသူတစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။
“အိုဖေ့… မင်းက စေတနာနဲ့ပြောပေးနေတာ သူက လက်မခံဘူးပဲ…”
မုတ်ဆိတ်မွှေးထူသည့်သူက လော့ချန်ထွက်သွားသည့်ဘက်သို့ ကြည့်ရင်း ပြင်းပြင်းထန်ထန် ဟွန်းကနဲ နှာမှုတ်လိုက်သည်။
“ကောင်းကောင်းပြောတာကို နားမထောင်တဲ့သူကို ဘယ်သူမှ မကယ်နိုင်ဘူး… ပြောစရာရှိတာ အကုန်ပြောပြီးပြီ… သူကိုယ်တိုင်က သေချင်နေတယ်ဆိုရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး…”
လော့ချန်သည် အပြာရောင်ဝံပုလွေမြင်းကို စီးလျက် ချန်ရွှမ်မြို့မှ ထွက်ခွာပြီး အနောက်မြောက်ဘက်သို့ အလျင်မလိုဘဲ အေးဆေးစွာ ခရီးဆက်လာခဲ့သည်။
“အခုငါ့ရဲ့ စွမ်းအားနဲ့ဆို ထုံရွှမ်နယ်ပယ်အဆင့်ရှိသူကို မတွေ့သရွေ့ တိုက်ခိုက်နိုင်စွမ်းရှိတယ်…”
လော့ချန်သည် ထုံရွှမ်နယ်ပယ်အဆင့်ရှိသူကို တွေ့မည်ကို သိပ်စိုးရိမ်မထားပေ။
ဂိုဏ်း၏တာဝန်များကို အဆင့်သတ်မှတ်ရာတွင် အလွန်တင်းကျပ်စွာ ဆောင်ရွက်ပြီး အနည်းငယ် အမှားအယွင်းဖြစ်ခဲ့သည့်တိုင် ကြယ်နှစ်ပွင့်တာဝန်တွင် ထုံရွှမ်နယ်ပယ်အဆင့်ရှိသူများ ပေါ်ထွက်လာဖွယ်မရှိပေ။
ဂိုဏ်း၏တာဝန်များသည် တပည့်များကို လေ့ကျင့်ရန်အတွက်ဖြစ်ပြီး သေဆုံးဖို့အတွက် ပို့ဆောင်ရန်မဟုတ်ပေ။
“ဘာပဲဖြစ်ဖြစ် အရင်သွားကြည့်လိုက်တာပေါ့…”
ခြေထောက်နှစ်ဖက်ကို အနည်းငယ် အားထည့်လိုက်ရင်း လော့ချန်သည် အရှိန်မြှင့်ကာ ရှေးဟောင်းတောင်ကြားဆီသို့ အပြေးမောင်းနှင်လာခဲ့သည်။
လော့ချန်ထွက်ခွာပြီး မကြာမီတွင် ချန်ရွှမ်မြို့အပြင်ဘက်သို့ မြင်းလေးကောင်ဖြင့် လူလေးဦး အလျင်အမြန် ရောက်ရှိလာသည်။
၎င်းတို့မှာ ချောင်ယွမ်တို့တစ်ဖွဲ့ပင်ဖြစ်သည်။
သူတို့မှာ မူလက လူခြောက်ဦးရှိခဲ့သော်လည်း လင်ကွမ်မြို့တွင် လူနှစ်ဦးမှာ လော့ချန်လက်ချက်ဖြင့် ဒဏ်ရာအလွန်ပြင်းထန်စွာ ရရှိခဲ့သဖြင့် ယခုအခါ လှုပ်ရှားနိုင်သူမှာ လူလေးဦးသာ ကျန်ရှိတော့သည်။
“ညီလေးထန်… မြို့ထဲဝင်ပြီး သတင်းသွားစုံစမ်းကြည့်ပါဦး…”
ချောင်ယွမ်က မြင်းအရှိန်ကို လျှော့ချလိုက်ရင်း ဘေးနားရှိ ထန်မန်ထံသို့ ပြောလိုက်သည်။
“ကောင်းပါပြီ…”
ထန်မန်က ခေါင်းညိတ်ပြပြီး မြို့ငယ်ထဲသို့ ဝင်သွားသည်။
ခဏကြာသောအခါ ထန်မန်သည် မြင်းစီးပြန်ထွက်လာပြီး လူလေးဦးသည် အနောက်မြောက်ဘက်သို့ အပြေးမောင်းနှင်လာကာ မြက်ပင်များကို လှိုင်းထလျက် ထွက်ခွာသွားကြသည်။
---
ရှေးဟောင်းတောင်ကြား...
ဤသည်မှာ လူသူကင်းမဲ့သော တောင်ကြားတစ်ခုဖြစ်သည်။
တောင်ပေါ်တွင် အပင်များမှာ အင်မတန်ရှားပါးပြီး နေရာအနှံ့တွင် ကျောက်သားများသာ ပြည့်နှက်လျက် မိုင်ပေါင်းရာချီထိ ဆက်လက်တည်ရှိနေသည်။
တောင်ကြားထဲရှိ ကျောက်သားလမ်းတစ်ခုပေါ်တွင် လူဆယ်ဦးကျော်မျှ တပ်စွဲထားသည်။
ဤလူများသည် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး တစ်ဦးစီတိုင်းမှာ နဂါးကဲ့သို့ စွမ်းအင်ပြည့်ဝလျက် နဖူးတွင် သွေးကြောများ ထောင်ထနေကာ လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိ သိုင်းသမားများဖြစ်သည်။ သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ထိုင်နေရင်း ဖြစ်စေ၊ မတ်တပ်ရပ်နေရင်း ဖြစ်စေ စည်းကမ်းတင်းကျပ်စွာ ပြုမူနေကြသည်ကို တွေ့ရသည်။
ကျောက်သားလမ်းဘေးရှိ ဧရာမကျောက်နံရံတစ်ခုပေါ်တွင် အရပ်ရှည်ရှည်နှင့် မျက်နှာထားအေးစက်နေသည့် လူငယ်တစ်ဦး ရပ်တည်နေသည်။
ထိုလူငယ်မှာ အသက် ၁၄ နှစ်မှ ၁၅ နှစ်အတွင်း ရှိပုံရပြီး မျက်လုံးများက လျှပ်စီးကဲ့သို့ ထက်မြက်လျက် အနည်းငယ် သွေးရောင်လဲ့လဲ့အလင်းများ ပြည့်နှက်နေသည်။ အနည်းငယ် ပိန်လှီသော ခန္ဓာကိုယ်မှ နတ်ဆိုးသားရဲထက်ပင် ပိုမိုကြောက်မက်ဖွယ်ရာ အရိပ်အခြေတစ်ခုကို ဖွံ့ဖြိုးထုတ်လွှတ်လျက်ရှိသည်။
“ဖျက်…”
ရုတ်တရက် လူငယ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ရှိ ကျောက်နံရံကို လက်ဖဝါးဖြင့် ဖိချလိုက်သည်။
ဘုန်း…
ဖြူဖွေးသော လက်ဖဝါးပေါ်တွင် သွေးရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
ထို့နောက် မာကျောလှသော ကျောက်နံရံသည် ပဲပြားကဲ့သို့ ဖိချခံလိုက်ရပြီး ကျောက်မှုန့်များအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် လွင့်စင်ပျံသန်းသွားသည်။
ဘေးနားရှိ အနက်ရောင်ဝတ်ရုံဝတ်ထားသော လူငယ်တစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“စီနီယာလီ… ခင်ဗျားရဲ့ သတ်ယွမ်သွေးလက်ကျင့်စဉ်က ထပ်ပြီး တိုးတက်လာပြန်ပြီ…”
“ဟား... ဟား… တူညီတဲ့အဆင့်ရှိတဲ့ သိုင်းသမားတွေရဲ့ သွေးစွမ်းအင်ကို နောက်ထပ်အနည်းငယ် ထုတ်ယူသန့်စင်လိုက်ရင် ငါ့ရဲ့ သတ်ယွမ်သွေးလက်ကျင့်စဉ်ဟာ သေးငယ်သောအောင်မြင်မှုအဆင့်ကို အပြည့်အဝရောက်ရှိသွားလိမ့်မယ်… အဲ့ဒီအခါ ထုံရွှမ်နယ်ပယ်ကို ဖြတ်ကျော်နိုင်ခဲ့ရင် တူညီတဲ့အဆင့်ရှိတဲ့ သိုင်းသမားတွေထဲမှာ ငါ့ကို လက်တစ်ဖဝါးနဲ့ ရင်ဆိုင်နိုင်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး…”
ကျောက်နံရံပေါ်ရှိ သွေးရောင်လက်ရာကို ကြည့်ရင်း အေးစက်နေသည့် လူငယ်က တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး မျက်လုံးများထဲတွင် ပြင်းပြသော မျှော်လင့်ချက်များ ပြည့်နှက်လာသည်။
ထိုအခါ ကြံ့ခိုင်သော အနက်ရောင်ဝတ်ရုံဝတ်ထားသည့် လူတစ်ဦးက ကျောက်နံရံပေါ်သို့ တက်လာပြီး အေးစက်နေသည့် လူငယ်ထံသို့ ပြောလိုက်သည်။
“လီယွမ်မင်းသား… ဒီနေရာကနေ မြန်မြန်ထွက်ခွာတာ အကောင်းဆုံးပါပဲ…”
လီယွမ်က သူ၏အဝတ်အစားများကို သပ်ရပ်စွာ ပြန်လည်ပြင်ဆင်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“ဒီနေ့ညတော့ ဒီနေရာမှာပဲ တပ်စွဲထားမယ်…”
ကြံ့ခိုင်သော အနက်ရောင်ဝတ်ရုံဝတ်ထားသူက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အကြံပေးလိုက်သည်။
“လီယွမ်မင်းသား… ခင်ဗျားက ရွာတစ်ရွာကို သတ်ဖြတ်ခဲ့ပြီး အခုလည်း တာယွဲ့မင်းဆက်ရဲ့ ဂိုဏ်းတပည့်တွေကို ဆက်တိုက် သတ်ဖြတ်ခဲ့တယ်… ဒီလို အုတ်အော်သောင်းတင်းကိစ္စတွေကို ဖြစ်ပေါ်စေခဲ့ပြီးပြီ… တာယွဲ့မင်းဆက်ရော ဂိုဏ်းသုံးခုရောက ဒါကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး… ဒီနေရာမှာ ဆက်နေရင် ပိုပြီးအန္တရာယ်များလာမှာပဲ…”
“ဘာကို အန္တရာယ်လဲ…”
လီယွမ်က ဂရုမစိုက်သလို ပြုံးလိုက်ပြီး ပြောသည်။
“ဧကရီ ပျောက်ဆုံးနေတာကြောင့် အင်အားစုအသီးသီးက အုံကြွနေကြပြီး တာယွဲ့မင်းဆက်ကလည်း ကိုယ့်ကိုယ်ကိုယ်တောင် ဂရုစိုက်ဖို့ မအားဘူး… ဂိုဏ်းသုံးခုရဲ့ တပည့်တွေဆိုတာကလည်း အသုံးမကျတဲ့သူတွေချည်းပဲ… ထုံရွှမ်နယ်ပယ်အဆင့်ရှိသူတွေ မလာမချင်း လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိသူတွေက ဘယ်နှယောက်လာလာ ငါသတ်နိုင်တယ်… အဲ့ဒါက ငါ့ရဲ့ သတ်ယွမ်သွေးလက်ကျင့်စဉ်ကို လေ့ကျင့်ဖို့အတွက် ကောင်းဆုံးပစ္စည်းတွေပဲ…”
ကြံ့ခိုင်သော အနက်ရောင်ဝတ်သူက မျက်မှောင်ကြုတ်သွားသည်။
သူသည် အဆင့်မြင့်ဂိုဏ်းတပည့်များသည် မာနကြီးကြသည်ကို သိထားသော်လည်း ဤလောက်ထိ မာနကြီးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ပြီး ကြံ့ခိုင်သော အနက်ရောင်ဝတ်ရုံဝတ်ထားသူက အေးစက်စွာ ပြောလိုက်သည်။
“လီယွမ်မင်းသား… ဒီတစ်ခေါက် တာယွဲ့မင်းဆက်ထဲကို ဝင်လာရတဲ့ ရည်ရွယ်ချက်က ဧကရီရဲ့ သွေးမျိုးဆက်ကို ရှာဖွေဖို့ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့… ဒီအလုပ်မှာ အမှားတစ်ခုခုဖြစ်လာရင် ခင်ဗျားက အဆင့်မြင့်ဂိုဏ်းရဲ့ ထူးချွန်တဲ့တပည့်ဖြစ်နေရင်တောင် တာဝန်ယူနိုင်မှာ မဟုတ်ဘူး…”
လီယွမ်က မျက်မှောင်ကြုတ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား…”
ဘေးနားရှိ အနက်ရောင်ဝတ်ရုံဝတ်ထားသော လူငယ်က လီယွမ်ဒေါသထွက်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။
“လုမျိုးရိုးကလူ… မင်းကဘာဖြစ်လဲ… နယ်စပ်စစ်တပ်ရဲ့ တပ်မှူးတစ်ယောက်ပဲ… စီနီယာအစ်ကိုကြီးက ဒီနေရာမှာ တပ်စွဲထားဖို့ ပြောရင် ဒီနေရာမှာ တပ်စွဲထားရမှာ… ဒီလောက် စကားများစရာ ဘာလိုသေးလဲ…”
ကြံ့ခိုင်သော အနက်ရောင်ဝတ်လူက ဒေါသစိတ်ကို ဖိနှိပ်ထားရင်း အေးစက်စွာ ပြောလိုက်သည်။
“ငါက မင်းတို့ကို ဒီတစ်ခေါက် ခရီးရဲ့ တာဝန်ကို မမေ့ဖို့ပဲ သတိပေးတာပါ…”
“အင်း… ငါ ဘာလုပ်နေလဲဆိုတာ ငါသိတယ်… ငါ့ရဲ့ သတ်ယွမ်သွေးလက်ကျင့်စဉ်က သေးငယ်သောအောင်မြင်မှုအဆင့်ကို ရောက်သွားရင် ဒီနေရာကနေ ထွက်ခွာမယ်… အို… ငါးကလေးတစ်ကောင် အကင်ခံရအောင်ပြီထင်တယ်…”
လီယွမ်က စကားပြောနေရင်း ရုတ်တရက် မျက်နှာထားပြောင်းလဲသွားပြီး ပြုံးလျက် လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ သူ၏အကြည့်များသည် ကျောက်နံရံအောက်ရှိ ကျောက်ခဲပုံတစ်ခုဆီသို့ ရောက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ရောက်လာပြီဆိုတော့ ဘာလို့ ခိုးကြောင်ခိုးဝှက်နေသေးလဲ… ထွက်လာစမ်းပါ…”
---
ကျောက်ခဲကြီးတစ်လုံးနောက်တွင်...
လော့ချန်၏ နှလုံးသားသည် အနည်းငယ် တုန်ခါသွားသည်။
သူသည် ယွမ်ရှီးကျင့်စဉ်ကို အသုံးပြုပြီး ကိုယ်ပိုင်စွမ်းအင်ကို ဖုံးကွယ်ထားခဲ့သော်လည်း ထိုသူထံမှ ရှာဖွေတွေ့ရှိခံလိုက်ရပြီဖြစ်သည်။
---